spot_img
Saturday, April 20, 2024
More
    spot_img
    Homeသတင်းနိုင်ငံသားစိစစ်ပြီးသူများအား နိုင်ငံသားခံစားခွင့်များကို ချက်ခြင်းခွင့်ပြုသင့်ဟု ကိုဖီအာနန်ဆို

    နိုင်ငံသားစိစစ်ပြီးသူများအား နိုင်ငံသားခံစားခွင့်များကို ချက်ခြင်းခွင့်ပြုသင့်ဟု ကိုဖီအာနန်ဆို

    -

    နိုင်ငံသားစိစစ်ပြီးခံရသူများကို နိုင်ငံသားများ ရရှိထိုက်သော ခံစားခွင့်၊ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ချက်ချင်းခွင့်ပြုသင့်သည်ဟု ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ မစ္စတာ ကိုဖီအာနန်က သတင်းမီဒီယာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

    ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာ သတင်းမီဒီယာရှင်းလင်းပွဲကို ရန်ကုန်မြို့ရှိ ဆူးလေရှန်ဂရီလာဟိုတယ်၌ ဩဂုတ် ၂၄ ရက်နေ့က ကျင်းပရာတွင် မစ္စတာကိုဖီအာနန် ပြောကြားခြင်းဖြစ်သည်။

    ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာ သတင်းမီဒီယာရှင်းလင်းပွဲ(MNA)
    “ရေတိုအခြေအနေမှာ ၁၉၈၂ ခုနှစ်၊ နိုင်ငံသားဖြစ်မှု ဥပဒေအရ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်ကို အရှိန်မြှင့်လုပ်ဆောင်ရန် ကော်မရှင်က တိုက်တွန်းပါတယ်။ ဒီလုပ်ငန်းအတွက် အစိုးရအနေနဲ့ ရှင်းလင်းသော ဗျူဟာနဲ့ အချိန်ဇယားရှိသင့်ပြီးတော့ ကျယ်ပြန့်သော ကွင်းဆင်း လုပ်ဆာင်မှုများနဲ့ ဆက်သွယ်လုပ်ဆောင်သင့်ပါတယ်။ နိုင်ငံသားတို့ ရရှိထိုက်တဲ့ ခံစားခွင့်၊ အခွင့်အရေးနဲ့ လွတ်လပ်ခွင့်များကို ချက်ချင်းခွင့်ပြုသင့်ပါတယ်” ဟု မစ္စတာ ကိုဖီအာနန်က ပြောသည်။

    ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာ ထုတ်ပြန်ခဲ့ရာတွင် နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ကန့်ကွက်တိုင်တန်း အရေးဆိုမှုများကို စိစစ်ရေးလုပ်ငန်းစဉ်တွင် တာဝန်ရှိသော ဌာနများ မဟုတ်သည့် လွတ်လပ်သော အစိုးရအာဏာပိုင်အဖွဲ့ တစ်ခုက ချက်ချင်းအလေးပေး ကိုင်တွယ်ရန် ကော်မရှင်က အကြံပြုထားပြီး နိုင်ငံသားလျှောက်ထားမှု ပယ်ချခံရသူများ၏ အခွင့်အရေးကိုလည်း ထုတ်ဖော်ရှင်းလင်းပေးရန် တောင်းဆိုထားသည်။

    ၄င်း နိုင်ငံသားဖြစ်မှု ဥပဒေကို ပြန်လည်သုံးသပ်ရန်နှင့် ပြန်လည်သုံးသပ်ရေး စတင်ရန် အစိုးရကို တောင်းဆိုထားသည်။ ပြန်လည်သုံးသပ်ရာတွင်လည်း နိုင်ငံတကာစံချိန် စံညွှန်းနှင့်ညီရေး၊ နိုင်ငံသားဖြစ်မှုနှင့် တိုင်းရင်းသား လူမျိုးတို့အကြား လက်ရှိအချိတ်အဆက်ကို ပြန်လည် ဆန်းစစ်ရန်၊ နိုင်ငံမဲ့များအတွက် နိုင်ငံသားဖြစ်ရေးဖြစ်နိုင်ဖွယ်များကို အစိုးရက စဉ်းစားဆောင်ရွက်ရန်လည်း ပါဝင်သင့်ကြောင်းနှင့် မြန်မာနိုင်ငံအတွင်း နေထိုင်သော နိုင်ငံသားမဟုတ်သူများ၏ အခွင့်အရေးအတွက် ဥပဒေစည်းမျဉ်းများ ထုတ်ပြန်ရန်နှင့် နေထိုင်ခွင့်အတွက် ရှင်လင်းထုတ်ပြန်ရန် ကော်မရှင်က တောင်းဆိုခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။

    ထို့အပြင် အစီရင်ခံစာတွင် အစိုးရအနေဖြင့် ရယူထားသော မြေယာများကို လုံလောက်သော လျော်ကြေးပေးရေး လုပ်ဆောင်ရန်၊ လမ်း၊ ဆိပ်ကမ်း၊ လျှပ်စစ်၊ သောက်သုံးရေးနှင့် အင်တာနက်သုံးစွဲခွင့်ရရှိရေးတို့အပါအဝင် အခြေခံအဆောက်အဦတွင် ကြီးမားစွာ ရင်းနှီးမြုပ်နှံရန် တောင်းဆိုကြောင်း ဖော်ပြထားသည်။

    အပြီးသတ် အစီရင်ခံစာတွင် လူမှုစီးပွားဖွံ့ဖြိုးရေးကိစ္စရပ်များ၊ နိုင်ငံသားဖြစ်မှု ကိစ္စရပ်များ၊ လွတ်လပ်စွာ သွားလာခွင့် ကိစ္စရပ်များ၊ နိုင်ငံရေးကဏ္ဍနှင့် လူ့အဖွဲ့အစည်းများများတွင် ကိုယ်တိုင်ပါဝင်မှုနှင့် ကိုယ်စားပြုမှုကိစ္စရပ်များ၊ IDP ကိစ္စရပ်များ၊ လူ့အဖွဲ့အစည်းများအကြား ပေါင်းစည်းရေးက်စ္စရပ်များ၊ လူ့အစည်းအားလုံး၏ လုံခြုံရေးကိစ္စရပ်များ၊ ဘင်္ဂလားဒေ့ရ်နှင့် နှစ်နိုင်ငံဆက်ဆံရေး ကိစ္စရပ်များနှင့် ကော်မရှင်၏ အကြံပြုချက်များအား အကောင်အထည်ဖော်ခြင်းဆိုင်ရာ ကိစ္စရပ်များ ပါဝင်သည်။

    “လွတ်လပ်စွာ သွားလာခွင့်အတွက် ရခိုင်တိုင်းရင်းသားတွေကပဲ တောင်းဆိုနေကြတာပါ။ ထိန်းချုပ်မှု ပိတ်ပင်ထားမှုမရှိပဲ ရခိုင်မှာချည်းပဲ မရှိဘဲ လွတ်လပ်စွာ သွားလာခွင့်ကို ကျွန်မတို့ ပေးပြီးသားပါ။ ဒါပေမဲ့ ဒီ ၁၉၈၂ ဥပဒေကို ပြင်မယ်ဆိုတာက ကျွန်မတို့အနေနဲ့ လက်မခံပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒီဥပဒေက အင်မတန်မှ ပြည့်စုံတဲ့ ဥပဒေပါ။ ဒီဥပဒေကို ပြင်ဖို့ သူပြောလာတာကိုတော့ ကျွန်မတို့အနေနဲ့ ကန့်ကွက်ရပါလိမ့်မယ်။ ဒါကိုတော့ ကျွန်မတို့ ဘယ်လိုမှ ပြင်လို့မရဘူး။ ပြင်ရင် အခု ရခိုငိပြည်နယ်မှာ ရှိနေတဲ့ ဒီဘင်္ဂလီအားလုံးဟာ နိုင်ငံသားဖြစ်သွားပါလိမ့်မယ်။ အဲဒီအတွက် ကျွန်မတို့ ပါတီအနေနဲ့ရော၊ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ရော၊ တိုင်းရင်းသားတစ်ဦးအနေနဲ့ပါ အဲဒီအချက်ကိုတော့ ကန့်ကွက်ပါတယ်။ သူကဒီလို ကော်မရှင်အနေနဲ့ ရေးတာဖြစ်တဲ့အတွက် ဒါကို ထိထိရောက်ရောက် အကောင်အထည်ဖော်လာမယ်ဆိုရင်တော့ ကျွန်မတို့နဲ့ ထိပ်တိုက်တွေ့မှာ ဖြစ်ပါတယ်။ သူ့အနေနဲ့ အကြံပြုတာကို ကျွန်မတို့က လက်ခံတယ်။ လက်တွေ့အကောင်အထည်ဖော်ဖို့ကတော့ လက်မခံပါဘူး” ဟု ရသေ့တောင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တာ်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက မွန်သတင်းအေဂျင်စီကို ပြောသည်။

    ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို နိုင်ငံတော်၏ အတိုင်ပင်ခံရုံးမှ မေတ္တာရပ်ခံချက်အရ ကြားနေဘက်မလိုက်အဖွဲ့အစည်းအဖြစ် ၂၀၁၆ ခုနှစ် စက်တင်ဘာတွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ကော်မရှင်၏ တာဝန်မှာ ရခိုင်ပြည်နယ်တွင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများဖြစ်သော စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးရေး နိမ့်ပါးခြင်း၊ လူ့အဖွဲ့အစည်းအကြား ဆက်ဆံရေးတင်းမာမှုများက ခြိမ်းခြောက်နေသည့် အန္တရာယ်များ၊ နိုင်ငံသား ဖြစ်မှုဆိုင်ရာ ကိစ္စရပ်များနှင့် လွတ်လပ်စွာ သွားလာနိုင်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် နိုင်ငံရေးကဏ္ဍနှင့် လူ့အဖွဲ့အစည်းများတွင် ကိုယ်တိုင်ပါဝင်မှု ကိုယ်စားပြုမှုကိစ္စရပ်များနှင့် ပတ်သက်၍ အကြံပြုချက်များ ပေးရန် ဖြစ်သည်။

    ကော်မရှင်ကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ကို ဥက္ကဋ္ဌအဖြစ် တာဝန်ယူစေပြီး ပြည်တွင်းပညာရှင် ၆ ဦး၊ နိုင်ငံတကာပညာရှင် ၃ ဦး ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ကော်မရှင်၏ သက်တမ်းမှာ တစ်နှစ်ဖြစ်သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts