မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / ဆောင်းပါး / နိုင်ငံရေးနယ်ပယ်မှာ လူငယ်တွေနေရာပေးရေးနဲ့ ဆက်စပ်တဲ့ပြဿနာတချို့

နိုင်ငံရေးနယ်ပယ်မှာ လူငယ်တွေနေရာပေးရေးနဲ့ ဆက်စပ်တဲ့ပြဿနာတချို့

ရေးသားသူ:

ပြည်သူ့ခေတ်ဂျာနယ်အတွဲ ၂ အမှတ် ၅၃ ပါ ဆရာဝင်းထွဋ်ဇော်ရဲ့အတွေးဆောင်းပါးကိုဖတ်ပြီး တော်တော် ကျေ နပ်အားရမိတယ်။ ကာလတာရှည် ကတည်းက လိုအပ်တာဖြစ်ပေမယ့် ပြန်ဖော်လိုက်တဲ့ အချိန်က တကယ့် ချိန် ကိုက်ကာလဖြစ်နေတာမို့ အရမ်းစိတ်ဝင်စား မိတယ်။ ဒါကြောင့် နိုင်ငံရေးနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေမှာ လူ ငယ်ဘဝကို အနှစ် ၃၀ ကျော် မြှုပ်နှံဖြစ်သန်းလာခဲ့သူ တစ်ယောက်အနေနဲ့ ကိုယ့်အတွေ့အကြုံကို မမျှဝေဘူးဆို ရင် တာဝန်မဲ့ရာ ကျမလားဆိုတဲ့ အတွေးနဲ့ ဒီဆောင်းပါး ရေးဖြစ်တာပါ။ တွေးပုံခံယူပုံလွဲချော် နေခဲ့ရင်လည်းခွင့် လွှတ်ပေးပါ။

ဆရာဝင်းထွဋ်ဇော် ရေးထားသလိုပဲ။ သမိုင်းမှာ လူငယ်တွေ နေရာရပုံနှစ်မျိုးရှိခဲ့တယ်။ တစ်မျိုးက လူကြီးတွေမ လုပ်နိုင်တဲ့အလုပ်မှာ သမိုင်းလိုအပ်ချက်အရ လူငယ်တွေ ခေါင်းဆောင်ပြီး ထလုပ်တာ အောင်မြင်သွားရင် လူ ကြီးခေါင်းဆောင်အဖြစ် သမိုင်းမှာ နေရာရတာမျိုး ဖြစ်တယ်။ နောက်တစ်မျိုးက လက်ရှိ ခေါင်းဆောင်လူကြီးက တော်ကောက်လို့ ခေါင်းဆောင်မှု စည်းဝိုင်းထဲ ပါခွင့်ရတာမျိုး ဖြစ်တယ်။ ဒါကိုပဲ ထပ်ချဲ့လိုက်ရင် သမိုင်းက တောင်းဆိုနေပေမယ့် လူငယ်တွေက အောင်ပွဲရအောင်မတိုက်နိုင်တဲ့အခါ လူငယ်ခေါင်းဆောင်ဟာ လူကြီး ခေါင်းဆောင် ဖြစ်မလာတော့ဘူး။ နောက်တစ်မျိုးဖြစ်တဲ့ လူကြီးကတော်ကောက်တယ် ဆိုရာမှာလည်း အဲဒီလူ ကြီးက အရင်အသွေး အခြေခံနဲ့ ကောက်တာလား၊ ‘ဗောင်းတော်ညိတ် စိတ်တော်သိ’ ‘ဖိတ်ချင်းစိတ် ကိုယ့်အိတ် ထဲဖိတ်’ ဆိုတဲ့ အခြေခံနဲ့ ကောက်တာလား ခွဲခြားရပါမယ်။ များသောအားဖြင့် ဒုတိယအမျိုးအစားက များတာမို့ ကိုယ့်ကို မိုးကာပေးထားတဲ့ ရွှေထီးမရှိတာနဲ့ မရှင်သန်နိုင်တော့ဘဲ ပထမတန်းစား ခေါင်းဆောင်ဘဝကို မရောက်တော့ပြန်ဘူး။ ဒီနည်းနဲ့ ဦးဆောင်နိုင်သူ လူငယ်နိုင်ငံရေးမျိုးဆက် ပြတ်ခဲ့ကြတာပဲ။ မိမိ ကြုံတွေ့ခဲ့ဖူးတဲ့ အခက်အခဲ တချို့ကို အနည်းငယ် အသေးစိတ်ရေးပါ့မယ်။

Youth Leadership(Internet)

၁။ လူငယ်တွေကို နိုင်ငံရေးအရ မြေတောင်မြှောက်ပေးရာမှာ လူကြီးတွေနဲ့ပတ်သက်တဲ့ ပြဿနာ

နိုင်ငံရေး ခေါင်းဆောင်လူကြီးတွေအနေနဲ့ လက်တွေ့ပြဿနာ နေ့စဉ်လုပ်ငန်း စီမံခန့်ခွဲမှုတွေနဲ့ လုံးလားထွေး လားဖြစ်နေရတဲ့ အချိန်က များတာမို့ လူငယ်တွေကို ရေရှည်မြှပ်နှံမွေးမြူဖို့ မေ့လျော့နေတတ်တယ်။ အောက် ခြေသိမ်းလက်တွေ့ဘဝကို ဖြတ်သန်းပြီး ခေါင်ဆောင်ဖြစ်လာတဲ့ လူကြီးတွေအတွက် လူငယ်တွေကိုကာလရှည် အစမ်းသပ်ခံဘဝတစ်ခု ဖြတ်သန်းပြီးမှ ခေါင်းဆောင်အဖြစ် လက်ခံချင်ကြတယ်။ (အဲဒီအချိန်မှာ လူငယ်လေး ဟာ နှိုင်းယှဉ်ချက်အရ အသက်အပိုင်းအခြားမှာ လူကြီးစာရင်းဝင်လာပြီဖြစ်တယ်) ဒါကလည်း အဲဒီလူကြီးရဲ့ ခေါင်းဆောင်မှုကို စိန်မခေါ်နိုင်ဘူးလို့ စိတ်ချ ယုံမှတ်မှသာ ဖြစ်တယ်။

အခု ဥရောပနိုင်ငံတွေအတွင်းမှာ အဖွဲ့အစည်း တစ်ခုဖွဲ့ရင် ခေါင်းဆောင်စု အတွင်းမှာ လူငယ်ရာခိုင်နှုန်းဘယ် လောက်၊ အမျိုးသမီး ရာခိုင်နှုန်းဘယ်လောက် ပါရမယ်ဆိုတာ သတ်မှတ်ချက်ထားရှိကြတယ်။ အဲဒီအဆင့် ရောက်ဖို့တော့ ကြာလိမ့်ဦးမယ်ထင်ပါတယ်။ ဒါက ‘အဖွဲ့အစည်း တည်ဆောက်ရေး’ ‘ခေါင်းဆောင်မှု အဆက်မ ပြတ်ရေး’ ဆိုတာ တွေကိုဘယ်လောက်အရည်အသွေးရှိရှိ နားလည်သဘောပေါက်သလဲ ဆိုတဲ့ အပေါ်မှာမူ တည်တယ်။ အဲဒီခေါင်းဆောင် လူကြီး အဆင့်မြင့်ပညာတတ်တာ မတတ်တာနဲ့ မဆိုင်ဘူး။ နိုင်ငံတော် အစိုးရအ ဖွဲ့မှာ အဆင်းမြင့် ဝန်ကြီးတာဝန်ယူခဲ့ဖူးပြီး နိုင်ငံရေးသမားဘဝ စုတေလျှောကျ လာခဲ့တဲ့ ခေါင်းဆောင် လူကြီးတစ်ယောက်ရဲ့ လူငယ်ခေါင်းဆောင်တွေအပေါ်သဘောထား ဆက်ဆံပုံကို ကိုယ်တွေ့မြင်ရမှ ဒါကို ပိုသဘောပေါက်လာတယ်။

ဒါကြောင့် လူကြီးတွေ အနေနဲ့ ကိုယ်သွေးကိုယ့်သား ကိုယ့်တပည့်ဆိုတဲ့ ခရိုနီ (crony) အမြင်တွေကို လက် ရှောင်နိုင်ဖို့က ပထမ ပြဿနာဖြစ်ပြီး ဒုတိယက ရေရှည်ဆင်နွှဲရမယ့် နိုင်ငံရေးတိုက်ပွဲမှာ လူငယ်တွေကို စနစ် တကျဘယ်လို ပျိုးထောင်မလဲဆိုတဲ့ ပြဿနာ ဖြစ်ပါတယ်။ စီမံချက်ရှိရှိ လုပ်ရပါမယ်။

သက်ရင့်ခေါင်းဆောင်တွေ များပြားခဲ့တဲ့ ကွန်မြူနစ်ဆိုဗီယက်နဲ့ တရုတ်နိုင်ငံတွေမှာတောင် ခေါင်းဆောင်မှုနုပျို တက်ကြွလန်းဆန်းစေဖို့ ကမ္ဘာကြီးနဲ့ အမီလိုက်နိုင်ဖို့ စီမံချက်ချလုပ်ခဲ့တယ်။ ဂိုဗာချော့ဗိ၊ ဟူကျင်တောင် တို့ဟာ အဲဒီ အစီအစဉ်နဲ့ တက်လာကြတာပါပဲ။ ဗဟိုကော်မတီ စည်းဝိုင်းကနေ ပေါ်လစ်ဗျူရိုထဲ ခေါ်သွင်းမယ်၊ ပြီးမှ ထိပ် သီးအဆင့် ဆွဲတင်မယ်။ အနည်းဆုံး ညီလာခံနှစ်ခုစာ အချိန်ယူပါတယ်။

၂။ မြေတောင်မြှောက်ရာတွင် ကြုံရတဲ့ လူငယ်တွေရဲ့ပြဿနာ

လူငယ်တွေကို နိုင်ငံရေးအရ မြေတောင် မြှောက်ရာမှာ နိုင်ငံရေး အရည်အသွေး မြှင်တင်ရေးကို ဦးစွာလုပ်ကြ ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ နိုင်ငံရေးမှာ မမျှော်လင့်တဲ့ အရေးအခင်း တွေကြောင့်နဲ့ လူကြီး ခေါင်းဆောင်တွေရဲ့စီမံချက် မရှိမှုကြောင့် လူငယ်အများအပြားဟာ နိုင်ငံရေးကို စနစ်တကျ အဆင့်ဆင့်ချဉ်းကပ် ဝင်ရောက်လာကြတာ မဟုတ်ဘဲ နိုင်ငံရေးက ကိုယ့်ဆီကို ဒရောသောပါး ရောက်လာပြီး ကမှုးရှူးထိုးလိုက်ပါသွားကြရတာ ဖြစ်တယ်။ ဒါကြောင့်သဘာဝကျစွာပဲ ပညာရေး အခြေခံနည်းပါးနိမ့်ကျတာ၊ အဖွဲ့အစည်းလုပ်ငန်း အတွေ့အကြုံနှုန်း နည်းတာတို့ ပါလာကြတယ်။ ဒါကြောင့် အများစုဟာ နိုင်ငံရေး အတွေးအခေါ် လုပ်ဟန်တို့မှာ လိုက်မမီတာတို့၊ အဖွဲ့အစည်း သဘာဝ စည်းမျဉ်းစည်းကမ်းတွေပေါ်မှာ စိတ်မရှည် သည်းမခံနိုင်တာတို့ဖြစ်ပြီး ပေါ်လစီ စီမံခန့်ခွဲတဲ့အဆင့်၊ ပေါ်လစီ ရေးဆွဲချမှတ်တဲ့ အဆင့်မရောက်ခင် လမ်းခုလတ်မှာ ပြုတ်ကျန်ခဲ့ကြရတယ်။

ရောဂါကို ပိုဆိုးစေတဲ့ အချက်က လူ့အဖွဲ့အစည်း ထဲမှာ နိုင်ငံရေးအတွေးအခေါ်တွေ အကွဲကွဲ အပြားပြား ဖြစ်နေ တာပါပဲ။ လက်ဝဲ လက်ယာ အတွေးအခေါ်တွေ လူမျိုးစု ခံစားမှုတွေနဲ့ နယ်စပ်မှာဆိုရင် နီးစပ်ရာ နိုင်ငံအပေါ် တစ်ဖက်သတ် အထင်ကြီး အတုယူမှုတွေကြောင့် လူငယ်တွေဟာ တစ်ခုလုံးရဲ့ ခေါင်းဆောင် အဖြစ်ကိုမရောက် ခင် လမ်းခုလတ်မှာပဲ နိုင်ငံရေးဘဝ သေသွားတတ်ကြတယ်။ အခုခေတ်မှာလို ဘဝတက်လမ်းကို တစ်ကမ္ဘာလုံး ဖြန့်ရှာနိုင်ခွင့်ရှိတဲ့ အချိန်မှာ နိုင်ငံရေး အရ စာနာစိတ်ရှိပေမယ်လို့ ဘဝကို ပုံအပ်ဖို့ဆိုတာ အတော်ရှားပါးတဲ့ ကိစ္စဖြစ်လာတယ်။ လက်ရှိ ဖြစ်နေတာက ခေါင်းဆောင်ပုဂ္ဂိုလ်များကို အသေအလဲ ကြည်ညိုလွန်းလို့ ဆုပ်ကိုင် ထားလို့သာ ဆက်ကျန်နေတတ်ကြတယ်။

ဒါကြောင့် လူငယ်တွေရဲ့ နိုင်ငံရေး အရည်အသွေးကို မြှင့်တင်ဖို့ နိုင်ငံရေးပါတီတွေက မိမိရဲ့ လူငယ်အင်အားတွေကို လူငယ်အဖွဲ့အစည်းဖွဲ့ပြီး စုစည်းတာမျိုးလုပ်ပြီး စတင်နိုင်ပါတယ်။ (ဆရာ ဝင်းထွဋ်ဇော်ရဲ့ ဆောင်းပါးပါတဲ့ ဂျာနယ် တစ်အုပ်တည်မှာပဲ ဒေါတ်တာမောင်သင်းရဲ့ တက္ကသိုလ်တွေမှာ နိုင်ငံရေးသိပ္ပံ သင်ကြား ရေးဆိုတဲ့ ဆောင်းပါးပါလာတယ်။ အကြံပြုချက်တွေ ဖြစ်လာနိုင်ရင် အကောင်းဆုံးပါပဲ)
နောက်တစ်ခုက လက်တွေ့နိုင်ငံရေး နယ်ပယ်မှာ အတွေ့အကြုံရယူရေးနဲ့ ဆိုင်ပါတယ်။ ‘ဒီလူငယ်နိုင်ငံရေး ဇ- ရှိတယ်’ ဆိုပြီး ဖူးဖူးမှုတ် အဆင့်ကျော်လုပ်ပိုင်ခွင့်ပေးအပ်ရာကနေ မမှားသင့်တဲ့ အမှားတွေမှားပြီး နိုင်ငံရေး ဇာတ်ခုံက စောစော ဆင်းသွားရတာလည်းရှိတယ်။ ဒါက လူကြီးခေါင်းဆောင်တွေရဲ့ လူ့အရင်းအမြစ် စီမံခန့်ခွဲမှု စွမ်းရည်နဲ့ဆိုင်တယ်။ ဖြစ်သင့်တာက သဘောတရားနယ်ပယ်ကနေ ပြည်သူလူထု ရင်ခွင်ကြားမှာ အဖွဲ့အစည်း (သို့) တိုင်းပြည်အကျိုးကို ရှေ့ရှုပြီးဘယ်လောက်သင်ယူနိုင်တယ်။ ဘယ်လောက်ပေးဆပ်နိုင်တယ်၊ ဘယ် လောက်ရည်မှန်းချက် ပေါက်မြောက်အောင်စွမ်းဆောင်နိုင်တယ်ဆိုတာတွေကို စစ်ဆေးရပါမယ်။ သုံးသပ်စိ စစ်တဲ့ လူကြီးခေါင်းဆောင်တွေမှာ စနစ်ကျ မှန်ကန်တဲ့ တိုင်းတာရေး စံ-ပေတံတွေ ရှိထားဖို့လိုပါတယ်။ လေ့လာ ပြီးလုပ်ငန်းခွင်ဝင်၊ ပြန်မွမ်းမံပြီး လုပ်ငန်းခွင် ပြန်သွားဆိုတဲ့ နည်းစနစ်နဲ့ တစ်ဆင့်ပြီး တစ်ဆင့် မြင့်တက်ရာက နိုင်ငံရေး ခေါင်းဆောင် အဖြစ် ရောက်သွားတာ အာမခံချက်အရှိဆုံးပါပဲ။

၂၀ဝ၉ ခုနစ်ထုတ် တိုင်းမ် မဂ္ဂဇင်း စာအုပ်မှာ ကာတာဘာရီလို့ ခေါ်တဲ့ဂျပန်လူငယ်တွေကို လူ့အဖွဲ့အစည်းတွင်း သူတို့ရဲ့အခန်းကဏ္ဍကို အလေးအနက် ရှိလာစေပြီး ကိုယ်ပိုင် နိုင်ငံရေးအသံ ဖော်ထုတ်ဖို့ အားပေးလှုံ့ဆော်နေ တဲ့ (NGO) တစ်ခုအကြောင်း ဖတ်လိုက်ရပါတယ်။ အဲဒီထဲမှာပဲ dot-Jp လို့ခေါ်တဲ့ ဂျပန် နိုင်ငံရေးသမားတွေရဲ့ရုံး မှာ အလုပ်သင်ဝင်ရောက်လိုသူ တက္ကသိုလ် ကျောင်းသား လူငယ်တွေအတွက် ကူညီနေတဲ့ NGO အကြောင်း လည်းပါတယ်။ ဒီလို အဖွဲ့အစည်းမျိုးတွေရှိရင် ပိုထိရောက်မှာ ဖြစ်ပါတယ်။

နောက်တစ်ခုက လူငယ်တွေကို လွတ်လပ်ခွင့် တစ်စုံတစ်ရာ ပေးတဲ့ ပြဿနာဖြစ်တယ်။ မိခင်အဖွဲ့အစည်း ကနေလူငယ်အဖွဲ့အစည်းကို ကိုယ်ထူ ကိုယ်ထ အလုပ်လုပ်တတ်ဖို့ လွတ်လပ် ခွင့်ပေးတဲ့ ပြဿနာလည်း အ ကျုံးဝင်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ နိုင်ငံရဲ့ နိုင်ငံရေး အထုံဓလေ့လို့ ဆိုရမလား မသိဘူး။ အစွန်းနှစ်ဖက် မှာသံသရာ လည်နေတတ်တယ်၊ တစ်ခုက လူကြီးခေါင်းဆောင်တွေရဲ့အစွန်း။ လူငယ်အဖွဲ့အစည်းတွေကို လမ်း ညွှန်ချက်နဲ့ ဖွဲ့စည်းမှု မူဘောင်တွေ ချမှတ်ပြီး ထိုးသွင်းကြံဆမှုရှိရှိ ကိုယ့်အင်အားကိုယ် တည်ဆောက်ဖို့ တစ်စုံ တစ်ရာ လွတ်လပ်ခွင့်ပေးထားပါတယ်။ တစ်ခါတစ်ခါ လူကြီး ခေါင်းဆောင်ဖြစ်နေတဲ့ နှိုင်းယှဉ်ချက် အရအသက် ငယ်တဲ့သူတွေ ပါဝင်ဝိုင်းဝန်း လုပ်ဆောင်ပေးပါတယ်။

ဒါကိုပဲ လက်တွေ့ပိုင်း အကောင်အထည် ဖော်တဲ့အခါ လူငယ်အဖွဲ့အစည်းကို လက်အောက်ခံ အဖွဲ့အစည်းလို သဘောထားပြီး အမိန့်ပေး အမိန့်ခံစနစ်နဲ့ ဆက်ဆံကြတယ်၊ ဒါဟာ ပြုစုပျိုးထောင်တာမဟုတ် တပည့်မွေးတာ သာဖြစ်တယ်။ ထိုးထွင်းကြံဆ လုပ်မိတဲ့ လူငယ်ခေါင်းဆောင်ပေါ်မှာလည်း တကယ့်နိုင်ငံရေး ပြစ်မှု ကျူးလွန် ထားတဲ့ ပုံစံမျိုး (ဗဟို ချုပ်ကိုင်မှုကို ချိုးဖောက်တဲ့ သဘောမျိုး) အဖြစ် ယူချင်ကြတယ်။

နောက်အစွန်းတစ်ခုက လူငယ် ခေါင်းဆောင်တွေရဲ့ အစွန်း။ နောက်ခံ မိခင်အဖွဲ့အစည်းကလည်း အားကောင်း (တစ်ခါတလေ အာဏာရလည်းဖြစ်ချင်ဖြစ်မယ်) တစ်စုံတစ်ရာလည်း လုပ်ပိုင်ခွင့် ပေးထားတော့ မိမိနဲ့ မဆိုင်တဲ့ နယ်ပယ်တွေမှာဝင်စွက်ဖက်ပြီး တစ်ထီးတစ်နန်း ထူထောင်တာမျိုး ဖြစ်တတ်တယ်။ မြင်မြင်ရာကို ကိုယ့်ပေတံနဲ့ ကိုယ်တိုင်းပြီး ဇွတ်ပြုပြင်ပြောင်းလဲချင်တဲ့ သူရဲကောင်း ပေါက်စလေးတွေရဲ့ အမှားဖြစ်တယ်။

၃။ မြန်မာ့နိုင်ငံရေးထူးခြားချက်နဲ့လူငယ်

နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံရေး အနာဂတ်အတွက် လူငယ်တွေကို အားကိုးရမယ်ဆိုရင် ဒီလူငယ်တွေရဲ့ နိုင်ငံရေးကို ပြုစုပျိုးထောင်ဖို့ အရေးတကြီး စဉ်းစားရမှာ ဖြစ်တယ်။ ဒါကိုအကောင်အထည် ဖော်တဲ့အခါ အရေးအကြီးဆုံးက ရင်းနှီးမြှုပ်နှံမှုပါပဲ။ သာမန် ဘဏ္ဍအရင်းအနှီးမြှုပ်နှံတာကို ပြောတာ မဟုတ်ဘူး။ လူအရင်းအမြစ်နဲ့ နိုင်ငံရေး အင်စတီကျူရှင်းတွေအတွက် ရင်းနှီးမြှုပ်နှံရပါမယ်။ ဒါဟာ ဖြစ်ခဲတဲ့ ကိစ္စဖြစ်ပါတယ်။

လူ့အရင်းအမြစ်ကို ရောက်ရာ အရပ်မှာ ရှိတဲ့အဆင့်နဲ့ လက်ကုန်သုံးပစ်လိုက်ကြတာများပါတယ်။ ရေရှည်မှာ အဆင့်မြင့် ခေါင်းဆောင်ဖြစ်နိုင်တဲ့ လူငယ်တစ်ယောက်ဟာ အလုပ်ခွင်ထဲမှာ နိုင်ငံရေးလုံးပါးပါးပြီး ခေါင်းဆောင် အညွှန့်တုံးသွားတယ်။ နိုင်ငံရေး အင်စတီကျူးရှင်းတွေနဲ့ ပတ်သက်ရင်လည်း ကိုယ်ထူကိုယ်ထသာ လုပ်ကြ ကြေးဆိုရင် အမြီးကျက် အမြီးစားရှိတဲ့ အင်အားရှိတဲ့ အဆင့်မှာ တန့်သွားရလိမ့်မယ်၊ ဒီမိုကရေစီ ပြန်နာလန်ထ နိုင်ဖို့အတွက်ပြင်ပ အကူအညီနဲ့ ကျားကန်ရပါမယ်။ ပြင်ပ အကူအညီဆိုရာမှာ ဝိသမ စီးပွားရေး လုပ်ငန်းရှင်တွေ ဝင်သွားရင်ပိုပြီး ကိုယ်ကျိုးနည်းလိမ့်မယ်။ ဒါကြောင့် နိုင်ငံတော်အဆင့်အနေ စိုက်ထုတ်မြှုပ်နှံဖို့ လိုပါလိမ့်မယ်။ ဖြစ်နိုင်တာနောက်တစ်ခုက ဒီမိုကရေစီ တိုးတက်ဖွံ့ဖြိုးရေး လုပ်ငန်းတွေလုပ်နေတဲ့ နိုင်ငံတကာ (INGO) တွေကို လမ်းဖွင့် ပေးရင်လည်း ဖြစ်နိုင်ပါတယ်။

ပြုစု ပျိုးထောင်ထားတဲ့ လူငယ်နိုင်ငံရေး ခေါင်းဆောင်တွေအတွက် ကစားကွင်းလည်း လိုပါတယ်။ မြန်မာနိုင်ငံ ရေးမှာ ပါလီမန် ဒီမိုကရေစီဟာ ဆယ်နှစ်တာ ကာလအတွင်း နိုင်ငံရေး သမားတွေ၊ နိုင်ငံရေးပါတီတွေရဲ့ အတွေ့ အကြုံ နုနယ်မှု၊ သဘောထား မရင့်ကျက်မှုနဲ့ ပြည်တွင်းစစ် ပယောဂတွေကြောင့် ပြတ်တောက်ခဲ့ရတယ်။ နောက်တော့ (စစ်တပ် လွှမ်းမိုးတဲ့) တစ်ပါတီစနစ် ကာလရှည်တစ်ခုနဲ့ စစ်တပ်က အာဏာ ရယူထားတဲ့ တခြားကာလရှည်တစ်ခု ထပ်ဖြတ်သန်းရပြန်တယ်။ ဒီလိုအနေအ ထားမှာ လူငယ်တွေရဲ့ နိုင်ငံရေး ကစားကွင်းဟာ ဘာဖြစ်မလဲ။ အာဏာရ နိုင်ငံရေး အသိုင်းအဝိုင်းနဲ့ ထိပ်တိုက် ရင်ဆိုင်ရေး အတိုက်အခံ နိုင်ငံရေးအသိုင်းအဝိုင်းကြားမှာ ကျင်လည်ရမှာပဲ။ ဒီလိုနိုင်ငံရေး အမျိုးအစားတွေမှာ လူငယ်ထုတွေရဲ့ အမှန်အကန် အကျယ်အပြန့် ပါဝင်မှုကို ရနိုင်မှာ မဟုတ်ဘူး။ ဆိုချင်တာက အစစ်အမှန် နိုင်ငံ ရေးလေ့ကျင့်ဖို့ လူငယ်တွေအတွက် ကွင်းပျောက်ခဲ့တယ်ဆိုတဲ့ သဘောပါ။

ချုပ်ပြီးပြောရရင် လူငယ်နိုင်ငံရေး ခေါင်းဆောင်တွေကို မွေးထုတ်နိုင်ပါမှ သူတို့ကို နေရာပေးလို့ရမှာ ဖြစ်တယ်။ ခုနေခါမှာ လူအရင်းအမြစ် ရှိပြီးသား ဖြစ်တယ်။ နိုင်ငံရေး အဖွဲ့အစည်းတွေ ပေါ်လာပြီ ဖြစ်တယ်။ လိုအပ်တာက လူငယ်တွေ ကစားနိုင်တဲ့ ကွင်း၊ နိုင်ငံရေး အခင်းအကျင်းကို အမြော်အမြင်ရှိရှိ ဖန်တီးပေးဖို့ပဲ။ ဒီအခင်းအကျင်း ဟာ လူကြီး ခေါင်းဆောင်တွေရဲ့ စိတ်ကူး အိပ်မက်ကို ဖြည့်ဆည်းနိုင်ချင်မှ နိုင်မယ်။ ဒါပေမဲ့ လူငယ်တွေအတွက် လှုပ်သာ ရှားသာ အနေအထားမျိုး ဖြစ်ရပါမယ်။ ဒါဆိုရင် လူငယ်ထု ထအုံတမဟာ နိုင်ငံရေးနုယ်ပယ်ထဲ ဝင် ရောက်လာမှာ ဖြစ်တယ်။

ကွင်းရသွားပြီးရင် လိုတာက လုံလောက်တဲ့အချိန်ဖြစ်တယ်။ ဒီမိုကရေစီ ကာလ၊ ငြိမ်းချမ်းတဲ့ ဘောင်အတွင်း လှုပ်ရှာနိုင်တဲ့ ကာလကို အဆက်မပြတ် စေဘဲ ဆယ်စုနှစ်ခု သုံးခုသာ ရခဲ့ရင် မြန်မာပြည် နိုင်ငံရေးရဲ့ အနာဂတ် ဟာအရည်အချင်း ပြည့်ဝ ကောင်းမွန်တဲ့ လူငယ် မျိုးဆက်သစ်တွေနဲ့ ကောင်းမွန်ထွန်းတောက်နေမှာ မလွဲလို့ ဆိုချင်ကြောင်းပါ။

About မွန်သတင်းအေဂျင်စီ

Check Also

ရေရှည်တည်တန့် ခိုင်မြဲသည့် ကုလသမဂ္ဂ၏ ဖွံ့ ဖြိုးရေးပန်းတိုင်များသတင်းရေးသားရန် မြန်မာသတင်းထောက်များအတွက်အမြင်

မြန်မာနိုင်ငံပြန်ကြာရေးဝန်ကြီးဌာနနှင့် အာရှ-ဥရောပ ဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသည့် နိုဝင်ဘာလ (၁၈) ရက်နှင့် (၁၉) ရက် (၁၁) ကြိမ်မြောက် အာရှ-ဥရောပသတင်းထောက်များအစည်းအဝေးတွင် ကုလသမဂ္ဂမှ ချမှတ်ထားသည့် ရေရှည်တည်တန့် …

Leave a Reply

%d bloggers like this: