spot_img
Tuesday, March 19, 2024
More
    spot_img
    Homeမေးမြန်းချက်ဦးလှမောင်ရွှေနှင့် တွေ့ဆုံမေးမြန်းချက်

    ဦးလှမောင်ရွှေနှင့် တွေ့ဆုံမေးမြန်းချက်

    -

    လက်ရှိ အစိုးရသစ် လက်ထက်တွင် မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်မှု၌ လက်မှတ် မထိုးရေးအဖွဲ့များ ပေါ်ပေါက်လာသကဲ့သို့ NCA ကို လက်ခံကြောင်း ပြောဆိုနေပြီး လက်မှတ်မထိုးနိုင်သေးပဲ ကျန်နေသည့် အဖွဲ့များက တစ်ဖက်ဖြစ်နေ၍ မြန်မာ့ငြိမ်းချမ်းရေး အကျပ်အတည်း ဖြစ်ပေါ်နေကြောင်း သိရသည်။

    အလားတူ သတင်းသမားများနှင့် NCA ထိုးထားသော လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့မှ အဖွဲ့ဝင်တစ်ဦးအား မတရားအသင်း ဆက်သွယ်မှုဖြင့် ဖမ်းဆီးခံနေရခြင်းများလည်း ပေါ်ပေါက်လာခြင်းကြောင့် ဝေဖန်မှုများ လည်း ရှိလာခဲ့သည်။

    ဦးလှမောင်ရွှေ(Facebook)
    ဦးလှမောင်ရွှေသည် ဦးသိန်းစိန် လက်ထက်က MPC (မြန်မာ့ငြိမ်းချမ်းရေးစင်တာ) အကြီးတန်း အကြံပေး၊ UPDJC အတွင်းရေးမှူး အဖြစ် ဆောင်ရွက်ခဲ့ပြီး ဦးထင်ကျော် လက်ထက်တွင် ငြိမ်းချမ်းရေး ကော်မရှင် အကြံပေး အဖွဲ့ဝင်၊ UPDJC အတွင်းရေးမှူးအဖွဲ့ဝင်အဖြစ် ဆောင်ရွက်လျက်ရှိပါသည်။

    အဆိုပါ ကိစ္စရပ်များနှင့်ပတ်သက်ပြီး ဦးသိန်းစိန် အစိုးရလက်နှင့် လက်ရှိ အစိုးရသစ် လက်ထက်မှာ မြန်မာ့ငြိမ်းချမ်းရေးကို ဖော်ဆောင်နေသူ တစ်ဦးဖြစ်သော ဦးလှမောင်ရွှေအား မွန်သတင်းအေဂျင်စီ အလွတ်တန်းသတင်းထောက် ချစ်မင်းထွန်း တွေ့ဆုံမေးမြန်းထားချက်ကို ဖော်ပြလိုက်ပါသည်။

    ချစ်မင်းထွန်း-မြောက်ပိုင်းခုနှစ်ဖွဲ့က NCA မထိုးဘူး။ NCA လမ်းကြောင်း အပြင်က သွားမယ်။တပ်မတော်၊ အစိုးရ၊ လွှတ် တော်က NCA ကပဲ သွားမယ်လို့ ဆိုထားတယ်။အခုလို ကွဲလွဲနေတဲ့အပေါ် စေ့စပ်ညှိနှိုင်းမှု ပုံစံအသစ်တစ်ခု ဖော်ဆောင်ဖို့ ရှိပါသလား။
    ဦးလှမောင်ရွှေ-ကျနော်တို့ကို ပေးထားတဲ့ ပေါ်လစီကတော့ NCA (တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်)လမ်းကြောင်းအတိုင်းက ညှိနှိုင်းသွားဖို့ပါပဲ။ဒါကတော့ လက်ရှိပေးထားတဲ့ လမ်းကြောင်း ပဲ။ ဒီအထဲကဆိုရင် သတ်မှတ်ပေးထားတဲ့ အဖွဲ့ ဘယ်အဖွဲ့နဲ့မဆို ညှိနှိုင်းသွားလို့ ရနိုင်ပါတယ်။

    ပေးထားတဲ့ လမ်းကြောင်းအတွင်း တစ်ဖွဲ့ချင်း တွေ့လည်း ရတယ်။ လေးဖွဲ့ တွေ့လည်း ရတယ်။ဒါပေမဲ့ NCA လမ်းကြောင်း အတိုင်းပဲ သွားဖို့ ဖြစ်ပါတယ်။ နောက်ထပ် အဖွဲ့သစ်တွေနဲ့ ထပ်တိုး ဆွေးနွေးဖို့ မရှိနိုင်ဘူး လို့ဘဲ နားလည်ပါတယ်။

    ချစ်မင်းထွန်း-ဆရာတို့က တစ်ဖွဲ့ချင်းလည်း တွေ့နိုင်တယ်။ လေးဖွဲ့နဲ့လည်း တွေ့နိုင်တယ်ဆိုတော့ တကယ်လို့ ဟိုဘက်က လေးဖွဲ့နဲ့တွေ့မယ်လို့ အဆိုပြုလာရင် ဆရာတို့ဘက်က အရင်တုန်းက ညှိနှိုင်းခဲ့တဲ့ အချက်တွေကို ပြန်ညှိမှာ လား၊ ပုံစံအသစ် ဖော်ပြီး ညှိမှာလား။
    ဦးလှမောင်ရွှေ-မဟုတ်ဘူး။ ကျနော် ဆိုလိုတာက သူတို့က “ဝ” တို့ ၊ မိုင်းလားတို့က နဂိုကတည်းက တွေ့နေကြပဲ။ တွေ့နေ တာ ဖြစ်တဲ့အတွက် အခုတွေ့လည်း ဘာမှ အခက်အခဲမဖြစ်ဘူး။ SSPP လည်း အရင်ကတည်းက တွေ့နေ တာ NCA သာ မထိုးရသေးတာ Bilateral ထိုးထားတာ ရှိပါတယ်။ဒါကြောင့် တွေ့တာဘာမှ အခက်အခဲ မရှိဘူး။ ဒီလိုဘဲ NCA လက်မှတ် ရေးထိုးဖို့လိုအပ်တဲ့ ပြင်ဆင်မှုတွေကိုတော့ ကျနော်တို့က သတ်မှတ် ပေးထားတဲ့ ဘယ်အဖွဲ့နဲ့မဆို တွေ့ရမယ်။ ဒီသဘောပဲ။ ဘယ်လိုနည်းနာနဲ့ ချဉ်းကပ်မှာလည်း ဆိုတာ ကိုတော့ ငြိမ်းချမ်းရေးကော်မရှင်က စဉ်းစား ရွေးချယ်ပါလိမ့်မယ်။

    ချစ်မင်းထွန်း-မြောက်ပိုင်း ခုနှစ်ကို အစိုးရဘက်က တစ်စုတစ်စည်းတည်း မတွေ့နိုင်ဘူး။ ဟိုဘက်ကလည်း တစ်စုတစ်စည်း တည်း မဟုတ်ရင် မတွေ့နိုင်ဘူးဆိုတော့ ငြိမ်းချမ်းရေး ဘယ်လိုစေ့စပ်မလဲ။ ဘယ်လိုပုံစံနဲ့ဖြစ်ဖြစ် တွေ့ဆုံနိုင် ရေး အရင်လုပ်ပြီးတော့ ကွဲလွဲနေတာတွေကို ဆွေးနွေး အဖြေရှာမယ်ဆိုရင် ပိုမကောင်းဘူးလား။
    ဦးလှမောင်ရွှေ-အဲဒါဆိုရင် ကျနော်တို့ဘက်က ပြန်ပြီးတော့ မေးခွန်းမေးပါရစေ။ NCA ဆိုတာကို တိုင်းရင်းသားလက်နက် ကိုင်တွေက ၉၀ ရာခိုင်နှုန်းသောအဆို သူတို့(EAOs)အဆိုကို တင်ထားတာ။ သူတို့ အဆိုတင်ထားတဲ့ ၉၀ ရာခိုင်နှုန်းပေါ်မှာ အခြေခံပြီးတော့ ဆွေးနွေးကြည့်ပါလားလို့ ကျနော်တို့က ပြန်ပြီးတော့ ကမ်းလှမ်းလိုပါ တယ်။

    အဲလို ဆွေးနွေးရင်နဲ့မှ ညှိနှိုင်းစရာတွေ ပေါ်လာရင်တော့ ကျနော်တို့က သက်ဆိုင်ရာ ခေါင်းဆောင်တွေကို တင်ပြရမှာပေါ့။ NCA လမ်းကြောင်း ပြင်ပကဆိုရင်တော့ ကျနော်တို့ အဆင်မပြေနိုင်ဘူး။

    ချစ်မင်းထွန်း-KIO နဲ့ ဆက်သွယ်တယ်ဆိုပြီးပုဒ်မ ၁၇(၁)နဲ့ ဒုက္ခသည်စခန်းက လူတစ်ဦးကို ဖမ်းဆီးခဲ့လို့ KIO ဟာ ဆွေးနွေး မှုတွေမှာ နောက်ဆုတ်သွားတယ်။ ဝန်ကြီးဦးအောင်မင်း စေ့စပ်ပေးလို့ KIO ဆွေးနွေးပွဲစကားဝိုင်းပေါ် ပြန် ရောက် လာတယ်။ အခုပုဒ်မ ၁၇(၁)နဲ့ သတင်းထောက်တွေကော၊ လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင် အဖွဲ့ တစ်ဦးကိုလည်း ဖမ်းဆီးထားတယ်။ ဒီအစိုးရက ဒီအပေါ်မှာ နောက်ဆုတ်နေတာ တွေ့ရတယ်။ ဒီဟာနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဟန့်အတား မဖြစ်စေဘူးလား။
    ဦးလှမောင်ရွှေ-ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အဓိက အလိုအပ်ဆုံးက ယုံကြည်မှု တည်ဆောက်ခြင်းပါပဲ။ယုံကြည်မှုတွေ နှစ်ဖက် စလုံးမှာ ရှိနေရင် ဒီအခက်အခဲတွေ လျှော့ချလို့ ရနိုင်မယ် ထင်ပါတယ်။ ဒီ၁၇(၁)-(၂)က ယုံကြည်မှု တည်ဆောက်နေစဉ်မှာ ဖြတ်သန်းရတဲ့ အခက်အခဲ တစ်ခုအနေနဲ့တော့ ကျနော်တို့ မြင်တယ်။

    ချစ်မင်းထွန်း-တချို့က NCA ကို ပြန် Review လုပ်ဖို့ ပြောကြတယ်။ ဆရာက သမ္မတဟောင်း ဦးသိန်းစိန် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်မှုမှာ ပါဝင်ခဲ့တော့ ဘယ်လို သဘောထားရှိလဲ။ NCA စာချုပ်ကို ဘယ်လိုပုံစံနဲ့ လိုအပ်ချက်တွေအပေါ် ဖြေရှင်းသင့်တယ်လို့ ဆရာအနေနဲ့မြင်လဲ။
    ဦးလှမောင်ရွှေ-NCA ကတော့ လွယ်လွယ်ကူကူ ဖြစ်ခဲ့တာ မဟုတ်ဘူး။တစ်ဖက်နဲ့ တစ်ဖက် တိုက်နေတဲ့ ကြားထဲကနေပြီး ယုံကြည်မှုကို မနည်းတည်ဆောက်ပြီးတော့ ညှိနှိုင်းခဲ့ရတာဖြစ်တဲ့အတွက် ဒါကို လက်လွတ်စပယ်တော့ ဘယ်ဘက်ကမှ မဆောင်ရွက်သင့်ဘူးလို့ ကျနော် မြင်မိပါတယ်။

    နောက်တစ်ခုက NCA က မူတွေပေးတာ ။ အသေးစိတ်တွေကိုတော့ ကျနော်တို့ အခုလုပ်နေတဲ့ မူဘောင် (နိုင်ငံရေးဆွေးနွေးပွဲမူဘောင်)တွေမှာ အခုလုပ်နေတဲ့ , framework တွေမှာ ToR (လုပ်ငန်း လမ်းညွန်) တွေမှာ ပြန်ညှိနှိုင်းနိုင်တဲ့ အခွင့်အရေး ရှိနေပါတယ်။ ဒါကြောင့်မလို့ ကျနော်အမြင်နဲ့ ပြောရရင်တော့ NCA ကို Review လုပ်ဖို့ မလိုဘူး။ဘာပဲ လိုအပ်လဲဆိုတော့ ဒီ Framework တွေ၊ ToRတွေက ကျနော်တို့ ပြန်ညှိ လို့ရတယ်။နှစ်ဖက် လိုအပ်တာတွေကို ပြန်တွေ့ဆုံပြီးတော့ ဆောင်ရွက်ရင် ရတယ်လို့တော့ ကျနော်ကတော့ ယုံကြည်တယ်။

    ချစ်မင်းထွန်း-NDAA နဲ့ UWSA အတွက် ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှု လမ်းကြောင်းအသစ် ရှိတယ်လို့ သိရတယ်။ သီးသန့် စာချုပ် တစ်ရပ်လား ဒါမှမဟုတ် NCA ဘောင်ထဲက သွားမယ့် စေ့စပ်ညှိနှိုင်းမှု တစ်ရပ်လား အဲဒါက ဘယ်လို လမ်းကြောင်းလဲ သိချင်ပါတယ်။
    ဦးလှမောင်ရွှေ-ကျနော် နားလည်တာက ဒီကမ္ဘာပေါ်မှာ အရှည်ကြာဆုံးသော ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားတဲ့ ဖြစ်စဉ်မျိုး ကို အစိုးရတပ်မတော်နဲ့ ခုနကပြောတဲ့ မိုင်းလားနဲ့ “ဝ” UWSA နဲ့ NDAA မှာ ရှိနေဆဲဖြစ်ပါတယ်။ဒါကြောင့် မလို့ တစ်ဖက်နဲ့တစ်ဖက် ပဋိပက္ခတွေ မရှိတဲ့အတွက် သူတို့နဲ့ NCA ညှိနှိုင်းရတာပိုပြီးတော့ လွယ်တယ်ဆို ပြီးတော့မှ ချဉ်းကပ်မှုမျိုးကို ဆိုလိုတယ်လို့တော့ ကျနော် နားလည်တယ်။

    ဒါပေမဲ့ အခုပေးထားတဲ့ ပေါ်လစီကတော့ NCA အတိုင်းသွားမှပဲ ဖြစ်တဲ့အတွက် သူတို့ (NDAA – UWSA) နှစ်ဖက်သည်လည်းပဲ NCA လမ်းကြောင်းထဲမှာပဲ အကျူံးဝင်တယ်။ဒါပေမဲ့ ချဉ်းကပ်တဲ့ဟာကတော့ ပဋိပက္ခ တွေ မရှိတဲ့အတွက် သူတို့နဲ့ ပြောရဆိုရတာ ပိုလွယ်တယ်လို့ အဓိပ္ပာယ် ဖော်ပြချက်လို့ ကျနော်က အဲလိုပဲ နားလည်တယ်။

    ချစ်မင်းထွန်း-နောက်တစ်ခုသိချင်တာက LDU၊ WNO၊ ANC ကိုဦးသိန်းစိန် လက်ထက်က NCA ထိုးဖို့ ခွင့်မပြုထားဘူး။ နိုင်ငံရေး ဆွေးနွေးပွဲကို တိုက်ရိုက်တက်ခွင့် ခွင့်ပြုထားတယ်။ဒီသုံးဖွဲ့ အဖွဲ့ဝင်အဖြစ် ဝင်ထားတဲ့ အဖွဲ့တွေက လက်မှတ်ထိုးလာတယ်ဆိုရင် သူတို့ကို လက်မှတ်ထိုးခွင့် ပေးမှာလား သို့မဟုတ် ဒီအစိုးရက ဘယ်လိုပုံစံနဲ့ သဘောထားရှိပါသလဲ။
    ဦးလှမောင်ရွှေ-အခုကျနော်တို့ DPN (နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့) နဲ့ ဆွေးနွေးနေတယ် ဆိုတော့ သူတို့လည်း DPN နဲ့ UNFC မှာပါတယ်။ DPN နဲ့ ဆွေးနွေးနေတာဖြစ်တဲ့အတွက် DPN နဲ့ ဆွေးနွေးပြီးလို့ အားလုံး အဆင်ပြေပြီးဆိုရင် သူတို့ NCA လက်မှတ်ထိုးကြမယ်။ NCA လက်မှတ်ထိုးတာက UNFC အနေနဲ့ လက်မှတ်ထိုးရမှာမဟုတ်ဘူး။ NCA လက်မှတ်ထိုးတာ တစ်ဖွဲ့ချင်းစီ လက်မှတ်ထိုးတာ တစ်ဖွဲ့ချင်းက ကိုယ့်တာဝန်နဲ့ ကိုယ်ထိုးတာ။အရင် ရှစ်ဖွဲ့စလုံးကလည်း တစ်ဖွဲ့ချင်းပဲထိုးတာ။ အခုလည်း ထိုးမယ်ဆိုရင် တစ်ဖွဲ့ချင်းပဲထိုးမယ်လို့ ကျနော် နားလည်တယ်။ဒါကြောင့်မလို့ ဒီထဲမှာပါဝင်မယ့် အဖွဲ့တွေ သဘောတူတဲ့ အဖွဲ့တွေကတော့ NCA ထိုးမယ်ဆိုရင်တော့ တစ်ဖွဲ့ချင်းပဲ ထိုးမှာ ဖြစ်တယ်။

    ချစ်မင်းထွန်း-ကျနော် နောက်ဆုံး သိချင်တာပေါ့နော်။မြောက်ပိုင်းအဖွဲ့လေးဖွဲ့(KIA၊ TNLA၊ MNDAA၊ AA)ပေါ့နော် ဥပမာ- KIA ထုတ်လိုက်ရင် သုံးဖွဲ့ ကျန်မှာပေါ့နော်။ သူတို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲထဲကို ပါဝင်လာနိုင်ဖို့ဆိုရင် ဆရာတို့ဖက်က ဘယ်လို လမ်းကြောင်းတွေ ဖွင့်ပေးနိုင်မလဲ။
    ဦးလှမောင်ရွှေ-ကျနော်တို့ကိုပေးထားတဲ့ လမ်းညွန်ချက်ကတော့ NCA လမ်းကြောင်းအထဲကညှိနှိုင်းဖို့ ဖြစ်တဲ့အတွက် ကျနော်တို့ ဘက်ကတော့ ဒီအတိုင်းလုပ်ရမယ်။ သူတို့ဘက်ကမရှင်းလင်းတဲ့ဟာတွေကိုကျနော်တို့ ဘက်က ပိုပြီးတော့ ဝိုင်းကူညီရမယ်။နောက်တစ်ခုက NCA လက်မှတ်ထိုးနိုင်တဲ့ နည်းလမ်းတွေပေါ့။ အခုကျနော်တို့ DPN နဲ့ သွားလို့ရှိရင်လည်း အခုလက်ရှိ ရှစ်ချက်ကို အမြန်ကျော်လွှားပြီး NCA ကိုလက်မှတ် ထိုးနိုင်ဖို့ နည်းလမ်း ရှာဖွေဖို့ပါ။ အဆုံးအဖြတ်ကတော့ သက်ဆိုင်ရာလူကြီးတွေ တွေ့ဆုံပြီးတော့ ဆုံးဖြတ်မှာပေါ့။ အဲတော့ အခုဘယ်အဖွဲ့ပဲဖြစ်ဖြစ် ကျနော်တို့ အခုသတ်မှတ်ထားတဲ့ အဖွဲ့အစည်းတွေ အနေနဲ့တော့ NCA ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲကနေတစ်ဆင့် အမျိုးသားသဘောတူညီချက်ရအောင် ကြိုးစားဖို့တော့ လိုမယ်လို့ ထင်တယ်။

    နိုင်ငံတကာ ဖြစ်စဉ်တွေကိုကျနော်တို့ ပြန်ကြည့်ရင် နောက်ထပ် အဖွဲ့အစည်းတွေကိုထပ်ထပ်ပြီးတော့ လက်ခံတော့ မအောင်မြင်တဲ့ ဖြစ်စဉ်တွေ ရှိတယ်။ဒါကြောင့်မလို့ အခုထိကတော့ အခုပေးထားတဲ့ အဖွဲ့ အစည်းတွေအနေနဲ့ သတ်မှတ်ထားတဲ့ NCA လက်မှတ်ရေးထိုးပြီးတော့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံကနေပြီးအမျိုးသားသဘောတူညီချက်တွေ မှာဝင်ပါပြီးတော့ ဒီသဘောတူညီချက်တွေ ရအောင်လုပ်။ဒါတွေကိုအကောင်အထည်ဖော်၊ ငြိမ်းချမ်းရေး ဖြစ်စဉ် ပြီးဆုံးအောင်လုပ်ပြီးတော့ ကျနော်တို့ ဖယ်ဒရယ်ဒီမိုကရေစီ နိုင်ငံဖြစ်အောင် လုပ်ဆိုတဲ့ အဲနည်းလမ်းပဲ ရှိတယ်။ ကျန်တဲ့ နည်းလမ်းတော့ မရှိပါဘူး။

    ချစ်မင်းထွန်း-ယခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    19,700SubscribersSubscribe
    spot_img

    Latest posts