spot_img
Friday, March 29, 2024
More
    spot_img
    Homeဆောင်းပါးNCA ကို ပြန်လည်သုံးသပ်ဖို့လိုပြီ

    NCA ကို ပြန်လည်သုံးသပ်ဖို့လိုပြီ

    -

    တိုင်းရင်းသားလက်နက်ကိုင်များအနေနှင့် ကနဦးကာလ၌ လက်နက်စွန့်ရန်မလိုဘဲ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် Nationwide Ceasefire Agreement- NCA ချုပ်ဆိုခြင်းနှင့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲရလဒ်များကို အခြေခံပြီး လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ကိစ္စရပ်များ အဆင့်ဆင့်ပြုလုပ်သွားခြင်းဖြင့် လက်နက်ကိုင်ပဋိပက္ခများကို ချုပ်ငြိမ်းသွားစေရန် ရည်ရွယ်၍ အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီ UPWC နှင့် တိုင်းရင်းသားလက်နက်ကိုင် ၁၆ ဖွဲ့ပါဝင်သော တနိုင်ငံလုံး အပစ်ရပ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ NCCT တို့ ၂၀၁၅ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် NCA မူကြမ်း ရေးဆွဲနိုင်ခဲ့သည်။

    ထိုမှတဆင့် NCA စာချုပ်၏အားနည်းချက်အချို့ကို ပြင်ဆင်ရန် ၂၀၁၅ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAOs တို့ KNU ဗဟိုဌာနချုပ်၌ လော်ခီးလာထိပ်သီးအစည်းဝေး ကျင်းပခဲ့သည်။ ထိုနောက် လက်မှတ်ထိုးမည့် ၈ ဖွဲ့တို့ဖွဲ့စည်းခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ Sinier Delegation-SD နှင့် အစိုးရကိုယ်စားလှယ်တို့ သြဂုတ်လ ၇ ရက်နေ့တွင် NCA စာချုပ်ကို အတည်ပြုလိုက်သည်။ တဘက်တွင်လည်း အဆိုပါမူကြမ်း ဆက်လက်ပြင်ဆင်ဖြည့်စွက်သွားမည့်ကိစ္စအား အစိုးရဘက်က လုံးဝလက်မခံသလို အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်ရေးကိုပါ ထပ်မံပယ်ချလိုက်သည့်အတွက် EAOs ၂၁ ဖွဲ့အနက် ၈ ဖွဲ့သာ NCA လက်မှတ်ရေးထိုးဖြစ်ခဲ့သည်ဟု အားလုံးပါဝင်ရေးမူကို စွဲကိုင်ထားသည့် UNFC က ထောက်ပြပါသည်။

    NCA မူကြမ်းရေးဆွဲပြီးစီးခြင်းဓါတ်ပုံမှတ်တမ်း(Hla Maung Shwe Facebook)
    ကရင် KNU,DKBA, KNU/KNLA PC, သျှမ်း RCSS/SSA, ချင်း CNF, ပအိုဝ်း PNLO, ရခိုင် ALP,
    ကျောင်းသားတပ်မတော် ABSDF စသည့် လက်နက်ကိုင် ၈ ဖွဲ့တို့ သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့တွင် NCA လက်မှတ်ရေးထိုးဖြစ်သော်လည်း ကျန်ရှိသောတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် လက်ရှိအချိန်ထိ NCA လက်မှတ် ဆက်လက်ရေးထိုးနိုင်ခြင်း မရှိသည့်အပြင် NCA လမ်းကြောင်းကို လက်မခံသည့်အဖွဲ့အစည်းများလည်း ထပ်မံပေါ်ပေါက်လာပြန်သည်။ အစိုးရကလည်း ယခု ၂၀၁၇ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်ဟု သတ်မှတ်ထားရာ နှစ်ဝက်တာအချိန်ကုန်လွန်နေပါပြီ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးဈေးဦးမပေါက်သေးဟု ပြောဆိုနေကြသည်။

    NCA ကိုလေ့လာပါက စာချုပ်ပါ အခန်း(၅) နိုင်ငံရေးလမ်းပြမြေပုံချမှတ်ခြင်း၌ အပိုဒ်၂၀။ NCA တွင်
    ပါဝင်လက်မှတ်ရေးထိုး ကြသူများသည် “နိုင်ငံရေးလမ်းပြမြေပုံ” အဖြစ် အောက်ပါအချက်များကို
    သဘောတူကြသည်။
    – NCA ကို လက်မှတ်ရေးထိုးခြင်း
    နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ရေးဆွဲသဘောတူခြင်း။ ထိုမူဘောင်ကို အခြေခံ၍ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကျင်းပခြင်း၊ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းကိစ္စရပ်များနှင့် လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခြင်းနှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်ကိစ္စရပ်များ ဆောင်ရွက်ခြင်း
    – ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပခြင်း။ ပြည်ထောင်စုသဘောတူစာချုပ်ချုပ်ဆိုခြင်း၊ ထိုနောက် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း၍ အတည်ပြုချက်ရယူခြင်း
    – ပြည်ထောင်စုသဘောတူစာချုပ်ပါ အချက်များကို အကောင်အထည်ဖော်ခြင်းနှင့် လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းခြင်း၊ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ခြင်း တို့ဖြစ်ပါသည်။

    သို့ရာတွင် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့လက်မှတ်ရေးထိုးပြီး ရက်ပေါင်း ၉၀ ရက်တွင် အထက်ပါ NCA စာချုပ်ပါလမ်းပြမြေပုံအတိုင်း နိုင်ငံရေးဆွေးနွေးပွဲများ အကောင်အထည်ဖော်နိုင်ခြင်း မရှိခဲ့ပေ။ လမ်းပြမြေပုံအတိုင်း နိုင်ငံရေးဆွေးနွေးပွဲများကို မကျင်းပဘဲ အဆင့်ကျော်လွန်၍ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို သမ္မတဦးသိန်းစိန်လက်ထက်တွင် တစ်ကြိမ်နှင့် သမ္မတဦးထင်ကျော် လက်ထက်တွင် (၂၁) ရာစုပင်လုံ ပထမအစည်းအဝေးကို နောက်ထပ်တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ် ကျင်းပခဲ့ရာတွင် နိုင်ငံရေးရာကိစ္စရပ်များဆွေးနွေးခြင်းမရှိသဖြင့် မိန့်ခွန်းနှင့်စာတမ်းများ တက်ရောက်ဖတ်ကြား ပြောဆိုယုံမျှလွဲပြီး မည်သည့်ဆုံးဖြတ်ချက်မှ ချမှတ်နိုင်ခြင်း မရှိခဲ့ပေ။

    ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ကျင်းပရန်လျာထားသည့် (၂၁) ရာစုပင်လုံ ဒုတိယအစည်းအဝေးကို မေလကုန်ပိုင်းအထိ အချိန်ယူပြောင်းလဲခဲ့ရသော်လည်း အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကို နေရာ ၆ ခုတွင် ၇ ပွဲသာ ကျင်းပနိုင်ခဲ့သည်။ ထိုသို့ အားလုံးလွှမ်းခြုံနိုင်ခြင်းမရှိသည့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမှသည် အချက် ၃၇ ပါ ပြည်ထောင်စုသဘောတူညီချက် Union Accord ရေးထိုးခဲ့သည်ကို ရာနှုန်းပြည့်အောင်မြင်မှုဆိုပြီး ပြောဆိုနေကြသူများလည်း မြင်တွေ့ခဲ့ရပါသည်။

    KNU ဒုက္ကဌဟောင်းနှင့် SD အဖွဲ့ခေါင်းဆောင်ဖြစ်ခဲ့သူ နော်စီဖိုးရာစိန်က “ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကျမတို့ ပြန်ကြည့်မယ်ဆိုရင် တဖက်မှာတော့ တိုးတက်မှုရှိတယ်။ ၂၁ ရာစု ပင်လုံကို ဒုတိယအကြိမ်အထိ သွားနိုင်ခဲ့ပြီ။ အခုလက်နက်ကိုင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ (၆)ဖွဲ့ ကိုယ်စားဘဲတင်ပြနိုင်ခဲ့တယ်။
    လက်နက်ကိုင်တော်လှန်ရေး (၆)ဖွဲ့ဆိုတာက တိုင်းရင်းသားအားလုံးကို မလွှမ်းခြုံနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ တိုင်းရင်းသားအားလုံး ဒီအစည်းအဝေးထဲမှာ မပါဝင်ဘူး” ဟု ဆိုသည်။

    လူမျိုးအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကို ရှမ်း RCSS/SSA နှင့် ရခိုင် ALP တို့တွင် မကျင်းပနိုင်သေးဘဲ ကရင်၊ ချင်း၊ ပအိုဝ်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းမျှသာ ဦးဆောင်ကျင်းပနိုင်သည်ကိုတွေ့ရှိရသလို ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို အစိုးရဦးဆောင်ပြီး တနင်္သာရီ၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်နှင့် အကြောင်းအရာ အလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကို လူမှုအခြေပြုအရပ်ဘက်အဖွဲ့အစည်း CSO တို့ ဦးဆောင်၍ နေပြည်တော်တို့မှာသာ ကျင်းပနိုင်ခဲ့သည့်အတွက် အားရကျေနပ်စရာ ရလဒ်ကောင်းများ မရရှိသေးဟု ဆိုနိုင်သည်။

    ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက “နိုင်ငံရေးဆွေးနွေးပွဲတွေကို လူမျိုးအလိုက်ဖြစ်စေ၊ နေရာအလိုက်ဖြစ်စေ၊ အကြောင်းအရာအလိုက်ဖြစ်စေ တစ်နိုင်ငံလုံးမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နိုင်ရန် လိုအပ်ပါတယ်၊ အကန့်အသတ်ဘောင်အတွင်းမှဖြစ်စေ၊ ပုံပြသဘောဖြင့်ဖြစ်စေ အလျင်စလိုပြုလုပ်တဲ့နိုင်ငံရေးဆွေးနွေးပွဲတွေဟာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို အထောက်အကူမပြုသလို ပြဿနာကို ဖြေရှင်းနိုင်မယ်လို့ မထင်ပါ” ဟု ကျင်းပပြီးခဲ့သည့် (၂၁) ရာစုပင်ပင်လုံညီလာခံ ဒုတိယအစည်းအဝေး ဖွင့်ပွဲမိန့်ခွန်းတွင် အသိပေးပြောကြားခဲ့ပါသည်။

    ထို့အပြင် အနာဂတ်ဖက်ဒရယ်နိုင်ငံတည်ဆောက်မှုတွင် အရေးကြီး Stakeholder များဖြစ်သည့် အခြားသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ကျန်ရှိနေသေးသည်ကို သတိပေးလိုကြောင်း၊ မိမိတို့ NCA လက်မှတ်ရေးထိုးသူများပါဝင်မှုလောက်ဖြင့် နိုင်ငံလွှမ်းခြုံပြဿနာကို ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် လက်ရှိညီလာခံမှထွက်ပေါ်လာမည့် သဘောတူညီချက်များသည် ဖြစ်စဉ်တွင်မပါဝင်နိုင်သေးသည့် ညီနောင်တိုင်းရင်းသားများပါဝင်မှုကို အထောက်အကူပြုရန်လိုအပ်ကြောင်း KNU ဥက္ကဌ ပြောကြားခဲ့သည်ကို ကြည့်ခြင်းအားဖြင့် အားလုံးပါဝင်မှုကိုမဖြစ်မနေ ဆက်လက်ကြိုးပမ်းကြရဦးမည် ဖြစ်သည်။

    တဖက်တွင်လည်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးနှင့် စပ်လျဉ်း၍ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ၏ သုံးသပ်ချက်နှင့် အမြင်သဘောထားများကို ၂၀၁၇ ခုနှစ် ဇွန်လ ၁၉ ရက်နေ့စွဲဖြင့်ထုတ်ပြန်ခဲ့ရာတွင် “ပြည်သူလူထုတစ်ရပ်လုံးနှင့် NCA တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသည့် အစုအဖွဲ့အသီးသီးတို့၏ ပြည့်စုံလုံလောက်သည့် ဆန္ဒနှင့် သဘောထားများမပါရှိခြင်းတို့ကြောင့် ပြည်ထောင်စု သဘောတူညီမှုအစိတ်အပိုင်းအဖြစ် ချမှတ်ရာတွင် တရားဝင်မှုအပြည့်အဝမရှိနိုင်ကြောင်း ဖော်ပြထားသည်။

    ပြီးခဲ့သည့် ၂၁ ရာစုပင်လုံ ညီလာခံနောက်ဆုံးနေ့၌ နိုင်ငံရေးပါတီများကိုယ်စား ပြည်ထောင်စုသဘောတူစာချုပ် Union Accord အစိတ်အပိုင်း(၁) အဖြစ် လက်မှတ်ရေးထိုးခဲ့သည်ကိုလည်း တိုင်းရင်းသားပါတီများက လက်မခံ၊ သူတို့ကို ကိုယ်စားမပြုဟု ဆိုသည်။ အကြောင်းမှာ ဆွေးနွေးဖို့အချိန်မလုံလောက်သဖြင့် ကဏ္ဍအလိုက်ဆွေးနွေးပွဲများမှ ထွက်ပေါ်လာသည့်ရလဒ်များကို မစုစည်းနိုင်သည့်အတွက် နိုင်ငံရေးပါတီအစုအဖွဲ့များက မည်သည့်ဆုံးဖြတ်ချက်မှ မချမှတ်နိုင်ဖြစ်ခဲ့သည်။ ထိုသို့ ဆုံးဖြတ်ချက်မချမှတ်နိုင်ခဲ့သည်ကို နိုင်ငံရေးပါတီအစုအဖွဲ့ကိုယ်စား လက်မှတ်ထိုးသူနှင့် လက်မခံသူများကြား နောင်တစ်ချိန်တွင် ရှင်းလင်းစရာဖြစ်လာပါလိမ့်မည်ဟု ပြောဆိုသံများကြားနေရသည်။

    ထို့အတူ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ခေါ် ၂၁ ရာစု ပင်လုံညီလာခံမှ ပြည်ထောင်စု အစိတ်အပိုင်းအဖြစ် အတည်ပြု လက်မှတ်ရေးထိုးခဲ့သည့် အချက် ၃၇ ချက်သည် တိုင်းရင်းသား အားလုံးကို ကိုယ်စားမပြုကြောင်း ဇွန်လ ၂၀ ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ စတင်ကျင်းပသော ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဒုတိယအကြိမ် ညီလာခံဖွင့်ပွဲ၌ ကချင်လွတ်လပ်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အင်ဘန်လမိန့်ခွန်းတွင် ထည့်သွင်းပြောကြားလိုက်သည်။

    ထို့အတူ UNFC ဒုတိယအကြိမ်ညီလာခံ သဘာပတိ ဥက္ကဌဗိုလ်ချုပ်ကြီးအင်ဘန်လက“UNFC အနေဖြင့် ဇွဲမလျှော့ဘဲ အသစ်တက်လာတဲ့ NLD အစိုးရလက်ထက်မှာ DPN (UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့) အနေဖြင့် ဆက်လက်ကြိုးပမ်းနေဆဲဖြစ်ကြောင်း၊ NLD အစိုးရရဲ့ NCA အခြေပြု နိုင်ငံရေး ဆွေးနွေးပွဲ လမ်းကြောင်းပေါ်ကို လိုက်ပါကာ စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ဆောင်လာခဲ့တဲ့ တစ်နှစ်ကျော်ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည် ခင်းကျင်းထားတဲ့ ၂၁ ရာစု ပင်လုံ အခင်းအကျင်းသည်လည်း မိမိတို့တိုင်းရင်းသားများအားလုံး မျှော်မှန်းတဲ့ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆီကို ရောက်မည်၊ မရောက်မည်ကို တပ်အပ်မပြောနိုင်ဘူး” ဟု ဆိုသည်။

    မဟာဗျူဟာနှင့်မူဝါဒဆိုင်ရာ လေ့လာရေးအင်စတီကျု (မြန်မာနိုင်ငံ)၏ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်က “ငြိမ်းချမ်းရေးဖြစ်စဉ်ရှုမြင်မှုမှာ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့လုပ်ပုံကိုင်ပုံ ဒီဇိုင်းတွေ မူဘောင်တွေကိုလည်း လက်မှတ်မရေးထိုးသေးတဲ့အဖွဲ့တွေ စောင့်ကြည့်နေတာဖြစ်တယ်၊ ဒီဖြစ်စဉ်မှာ သိပ်ပြီးတော့ Top-Down အပေါ်စီးကနေ ဖိစီးပြီးတော့လုပ်ကိုင်နေတာသိပ်များရင် လက်မှတ်မထိုးသေးတဲ့အဖွဲ့တွေကလည်း ဒီဖြစ်စဉ်မှာပါဝင်လာနိုင်ဖို့က အကန့်အသတ်တွေပိုများနေမယ်ဆိုတာ ခေါင်းဆောင်တွေ သိဖို့ လိုအပ်မယ်ထင်ပါတယ်” ဟု သုံးသပ်ထားသည်။

    ဦးမင်းဇင်က DVB နှင့်အင်တာဗျူးတစ်ရပ်တွင် တိုင်းရင်းသားလက်နက်ကိ်ုင်အင်အား ၂၀ ရာခိုင်နှုန်းခန့်သာ NCA လက်မှတ်ရေးထိုးထားပြီး လက်မှတ်မရေးထိုးသေးရသည့် လူအင်အား ၈၀ ရာနှုန်းနီးပါခန့်ရှိသော တိုင်းရင်းသားလက်နက်ကိုင် ၁၃ ဖွဲ့ကို မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ချန်လှပ်ထား၍မဖြစ်နိုင်ပေ။ MPC မှထုတ်ဝေသော ငြိမ်းချမ်းရေး Peace& NCA စာအုပ်တွင် မြန်မာနိုင်ငံတိုင်းရင်းသားလက်နက်ကိုင်အင်အား အရေအတွက်မှာ တစ်သိန်းအထက်ရှိနေသည်ဟု ဖော်ပြထားရာ လက်ရှိတိုင်းရင်းသားလက်နက်ကိုင် အင်အား ၂ သောင်းဝန်းကျင်မျှသာ NCA လက်မှတ်ရေးထိုးထားသည်ဟု တွက်ဆနိုင်ပါသည်။

    အထက်ပါ RCSS ထုတ်ပြန်ချက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဆောင်သည့် ကိုယ်စားပြုမှုပါဝင်ရေးအတွက် NCA ဖြစ်စဉ်တွင် မပါဝင်ရသေးသည့်အစုအဖွဲ့များ ပါဝင်လာနိုင်ရေးတွင် အစိုးရဘက်မှ တာဝန်ယူဆောင်ရွက်ပေးရန်။ နိုင်ငံရေးဆွေးနွေးမှုမူဘောင်ကို ငြိမ်းချမ်းရေးအတွက်ဦးတည်ပြီး ထိရောက်စွာဆွေးနွေးညှိနှိုင်းရန်နှင့် တရားမျှတသောမူဘောင် ဖြစ်စေရေးအတွက် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ပတ်သက်နေသူအားလုံးမှ တာဝန်ယူပြင်ဆင်ရေးဆွဲရန်နှင့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးပွဲများတွင် အကြေအလည်ဆွေးနွေးညှိနှိုင်းပြီး ပြည့်စုံလုံလောက်သည့် သဘောတူညီချက်များရရှိမှသာ ဆုံးဖြတ်ချက်ချမှတ်ကြရန် တိုက်တွန်းထားသည်ကို တွေ့ရသည်။

    Institute for Strategy and Policy – Myanmar အဖွဲ့မှ သုတေသီ ဒေါ်ဆုမွန်သဇင်အောင်ကလည်း “NCA က ဥပဒေမဟုတ်ပါဘူး၊ စာချုပ်တစ်ခုပါ။ NCA မှာ ပြင်ဆင်ချက် အခန်းမပါရှိပါဘူး။ ဒါပေမယ့် NCA ကနေ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးဆွေးနွေးမှုမူဘောင်ကိုတော့ ပြင်ဆင်မယ်ဆိုရင် အခန်း(၁ဝ) အပိုဒ် (၁၇)အရ ပြင်ဆင်နိုင်ပါတယ်။NCA လမ်းကြောင်းကိုပိုမိုထင်ရှားစေချင်လို့ NCA ပါနိုင်ငံရေး လမ်းပြမြေပုံပါအချက်တွေကို တစ်ဆင့်မပြီးခင် နောက်တစ်ဆင့် အစောတလျင် အကောင်အထည် ဖော်မယ်ဆိုရင် အားလုံးပါဝင်တဲ့ နိုင်ငံရေးအဖြေရဖို့ဆိုတာ လက်တွေ့မှာ မနီးစပ်နိုင်သေးပါဘူး” ဟု မဇ္ဇျိမသတင်းဌာန အင်တာဗျူးတစ်ခုတွင် သုံးသပ်ခဲ့သည်ကို အချုပ်အားဖြင့်တင်ပြလိုက်ပါကြောင်း။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts