မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / မေးမြန်းချက် / လူ/ကယ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသောင်းရွှေနှင့် တွေ့ဆုံမေးမြန်းခြင်း

လူ/ကယ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသောင်းရွှေနှင့် တွေ့ဆုံမေးမြန်းခြင်း

ရေးသားသူ:

မိုးရာသီ မိုးဦးကာလ ရောက်ရှိပြီဖြစ်လို့ ရေကြီးရေလျှံမှု၊ မြေပြိုမှု၊ မိုးကြိုးအန္တရာယ်နှင့် တခြားသဘာဝဘေးအန္တရာယ်တွေ ကျရာက်လာနိုင်တဲ့အတွက် သတိထားသင့်သည့် ဆောင်ရန် ၊ရှောင်ရန် အချက်များကို သိရှိနိုင်စေရန် မွန်ပြည်နယ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသောင်းရွှေနှင့် မွန်သတင်းအေဂျင်စီ အလွတ်တန်းသတင်းထောက် မင်းချမ်းညီတွေ့ဆုံမေးမြန်းချက် ဖြစ်ပါသည်။

မေး။ ။ မိုးဦးကာလလည်း ရောက်လာပြီဆိုတော့ လက်ရှိ မွန်ပြည်နယ်မှာ သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်ပြီး ဆောင်ရွက်နေတဲ့အခြေအနေလေးလည်း ပြောပြပေးပါဦးဆရာ။
ဖြေ။ ။လက်ရှိတော့ ပြည်သူတွေကို သဘာဝဘေး ကြိုတင်ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ ဗွီနိုင်းတွေစိုက်ထူပြီး အသိပညာပေးဟောပြောပွဲတွေ လိုက်လုပ်တာရှိပါတယ်။သဘာဝဘေးနဲ့ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်အချက်တွေကို ပြည်သူတွေကို ဟောပြောတာတွေလုပ်တယ်။သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်တွေကို နည်းပြသင်တန်းတွေပေးတာတွေလည်းရှိတယ်ပေါ့နော်။

လူ/ကယ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသောင်းရွှေ(MNA)

မေး။ ။ လက်ရှိဆရာတို့ ကွင်းဆင်းပြီးတော့ ပညာပေးလုပ်ငန်းတွေလုပ်နေတယ်ပေါ့နော်။
ဖြေ။ ။ဟုတ်ပါတယ်။ ကျွန်တော်တို့ကွင်းဆင်းပြီးတော့ ဆောင်ရွက်နေပါတယ်။ ဒီကနေ့ဆိုရင် ( ဇွန်လ(၅) ၇က်နေ့) မုဒုံမြို့နယ် တံခွန်တိုင်ကျေးရွာမှာ သွားပြီးဟောပြောတယ်။ပြီးခဲ့တဲ့ ဇွန်လ(၃) ရက်နေ့က ရေးမြို့နယ်၊အဘော်ကျေးရွာမှာဟောပြောတယ်။သထုံခရိုင်ရော၊ မော်လမြိုင်ခရိုင်ရော တစ်လကို အနည်းဆုံး (၆) ကြိမ်လောက်တော့ သွားဖြစ်ပါတယ်။

မေး။ ။ မွန်ပြည်နယ်မှာ ဘယ်ဒေသတွေက သဘာဝဘေးအန္တရာယ်ကို အများဆုံးခံစားရလဲဆရာ။
ဖြေ။ ။ မွန်ပြည်နယ်ကတော့ လက်ရှိအချိန်ထိ သိပ်ဆိုးဆိုးရွားရွားဖြစ်တာတွေ သိပ်မတွေ့ဘူး။ကျွန်တော့အမြင်တော့ဆိုးဆိုးရွားရွားခံစားရတာမရှိပါဘူး။

မေး။ ။သဘာဝဘေးအန္တရာယ်တွေနဲ့ ပတ်သက်ပြီး အသိပညာပေးတဲ့အခါ ဘယ်ဒေသတွေက အသိပညာပေးပိုင်း အားနည်းလဲဆရာ။သဘာဝဘေး အသိပညာအားနည်းတဲ့ဒေသတွေမှာ ဘယ်လိုတွေ ဆောင်ရွက်လဲဆရာ။
ဖြေ။ ။ ကျွန်တော်တို့ မွန်ပြည်နယ်မှာတော့ အားလုံးကတော့ အားနည်းတာတွေ မရှိပါဘူး။သဘာဝဘေး ဖြစ်ပေါ်မှုမပေါ် မူတည်ပြီးတော့ ပြည်သူလူထု စိတ်ဝင်စားမှု အားနည်းတာတွေတော့ နည်းနည်းရှိတယ်။လူဆိုတဲ့ သဘာဝကလည်း ကိုယ်ကြုံမှ သိကြတာကိုး။ဥပမာ ဧရာဝတီလို နေရာမျိုးမှာ နာဂစ်လို မုန်တိုင်းက ဖြစ်ခဲ့ဖူးတော့ ဧရာဝတီလိုဒေသ နဲ့ ရခိုင်လို ဒေသကတော့ သဘာဝဘေးနဲ့ ပတ်သက်ပြီး သူတို့(ပြည်သူလူထု) ကိုယ်တိုင် ပူးပေါင်းပါဝင်ဆောင်ရွက်တာတွေ၊ ဆွေးနွေးပွဲတွေကို တက်ရောက်တာမျိုးတွေ၊ အားသာချက်တွေရှိတာပေါ့။ ဒီ မွန်ပြည်နယ်မှာကျတော့ သဘာဝဘေး ထိခိုက်မှုကနည်းတဲ့ပခါကျတော့ သဘာဝဘေးနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှုက နည်းနည်း နည်းတာပေါ့။ အဲ့ဒါတွေတော့ တွေ့ရတာပေါ့။

မေး။ ။မုန်တိုင်းတိုက်တာတို့၊ ရေကြီးတာတို့ စတဲ့ သဘာဝဘေးတွေထဲမှာမှ ပြည်သူလူထုကို အသိပညာပေးရတာ ဘယ်ဟာတွေက ပိုခက်ခဲစေလဲ။
ဖြေ။ ။ရေကြီးရေလျှံမှုဖြစ်ရတဲ့အကြောင်းရင်းတွေ၊အဲ့လိုဖြစ်နေတဲ့အခါမှာ ဘယ်လိုလုပ်ရမယ်၊ဘယ်လိုနေရာတွေမှာနေရမယ်၊ဆက်စပ်တဲ့ ပြသနာတွေဘယ်လိုရှိလဲ၊ဒါတွေ ကျွန်တော်တို့ ပြောတာ သူတို့လက်ခံတယ်။မိုးကြိုးပစ်တာတွေနဲ့ပတ်သက်ပြီး ဒီကာလမှာတော့ လျှပ်စီးတွေလက်တယ်၊မိုးတွေခြိမ်းတယ်၊ အပြင်မထွက်နဲ့ဆိုလည်း မထွက်နဲ့ပေါ့။ အခုလည်း (၅)လပိုင်းထဲမှာပဲ မိုးကြိုးဘေးကြောင့် လူသေတာ နှစ်ကြိမ်ဖြစ်သွားတယ်။ဒီလိုမိုးခြိမ်းတဲ့အခါ လျှပ်စီးတွေလက်နေပြီဆိုရင် လယ်ကွင်းထဲမှာ တစ်ယောက်တည်း မနေဖို့၊ အမြန်ဆုံးလာဖို့၊ ကျွန်တော်တို့ပြောတာတွေရှိပါတယ်။ကျွန်တော်တို့ကတော့ တစ်ပြည်နယ်လုံးကို လွှမ်းခြုံဖို့မရနိုင်ဘူး။ တစ်ပြည်နယ်လုံးကို ကျွန်တော်တို့ အင်အားနဲ့ သွားပြီးတော့ မရနိုင်ပေမယ့် ရသလောက်တော့ပြောတယ်။တီဗွီတွေ၊ မြန်မာ့အသံကနေလည်း ကျွန်တော်တို့ ထုတ်လွှင့်နေတာတွေရှိပါတယ်။ပြီးခဲ့တဲ့ ဧပြီလကဆိုရင် ကျိုက်မရောမှာ လေတွေတိုက်သွားတယ်။လေတိုက်ပြီးတော့ အိမ် (၁၇) လုံးလောက် အမိုးလန်တာတွေ ရှိတယ်။အဲ့လိုဒေသတွေမှာလည်းနောက်ထပ်ဒီလိုမဖြစ်ရအောင် အသိပညာပေးတာတွေ လုပ်ခဲ့ပါတယ်။ဘယ်နေရာမှာ ဘယ်အချိန်ပစ်မလဲဆိုတာ ကျွန်တော်တို့က မပြောနိုင်ဘူးလေ။ကျွန်တော်တို့ လက်လှမ်းမှီသလောက်သွားတာတွေရှိပါတယ်။

မေး။ ။မိုးကြိုးပစ်လို့ သေဆုံးတာတွေလည်းရှိတယ်ဆိုတော့ အသက်အန္တရာယ် ဆုံးရှုံးမှုတွေ၊ ပစ္စည်း ပျက်ဆီး ဆုံးရှုံးမှုတွေအတွက် ဆရာတို့ဘက်က ထောက်ပံ့ပေးတဲ့ အပိုင်းလေးလည်း ပြောပြပေးပါဦး။
ဖြေ။ ။သဘာဝဘေးအန္တရာယ်ကြောင့် လူသေဆုံးတယ်ဆိုရင်တော့ တစ်ယောက်ကို (၃) သိန်း ကျွန်တော်တို့ ထောက်ပံ့ပေးပါတယ်။ပစ္စည်းဆုံးရှုံးမှုရှိခဲ့ရင် ဥပမာ အိမ်တွေ မီးလောင်တာတွေ၊ လေတိုက်လို့ ပြိုပျက်တာတွေဆိုရင်တော့ အိမ်အမျိုးအစားအပေါ်မူတည်ပြီးတော့ တိုက်၊ သွပ်မိုးတို့၊ ပျဉ်ထောင်သွပ်မိုးတို့ဆိုရင် (၂) သိန်း၊ ဓနိမိုးထရံကာတို့ဆိုရင် (၁) သိန်းထောက်ပံ့ပေးပါတယ်။ကယ်ဆယ်ရေးပစ္စည်းတွေကိုလည်း (၂၂) မျိုးအထိထောက်ပံ့ပါတယ်။ ဆန်ရိက္ခာ တစ်ပတ်စာပေးပါတယ်။ ကျန်တာကတော့ အဝတ်အထည်တွေနဲ့ အိမ်သုံးပစ္စည်းတွေပေါ့။

မေး။ ။ဆရာစောစောကပြောသလို တစ်ချို့ဒေသတွေ လက်လှမ်းမမှီတာတွေရှိတယ်ဆိုတော့ အဲ့လိုနေရာတွေမှာ သဘာဝဘေးခံစားရလို့ အထောက်အပံ့ပေးဖို့ လိုအပ်တယ်ဆိုရင် ဘယ်လိုဆောင်ရွက်ရမလဲဆရာ။
ဖြေ။ ။ကျွန်တော်တို့ မသိလိုက်တာမျိုးတွေတော့ မရှိပါဘူး။ မွန်ပြည်နယ်မှာ ဘယ်မှာဖြစ်ဖြစ် သိပါတယ်။ဒီညလို သဘာဝဘေးဖြစ်ရင်တော့ ညချင်းသွားလို့အဆင်မပြေဘူး။မနက်လိုတော့ သွားပါတယ်။ ကျွန်တော်တို့ဘက်က ထောက်ပံ့မှုတော့ မနှောင့်နှေးပါဘူး။အထူးသဖြင့် မြို့နယ်ထွေအုပ်၊ အုပ်ချုပ်ရေးမှူးရုံးတွေနဲ့ ဆက်သွယ်တယ်။မြို့နယ်အုပ်ချုပ်ရေးမှူးကလည်း ကျေးရွာတွေ အားလုံးကို ဆက်သွယ်ထားတယ်လေ။ကျွန်တော်တို့ သတင်းမသိလိုက်တာတော့ မရှိပါဘူး။

မေး။ ။လက်ရှိ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာနမှာ ထောက်ပံ့ကြေးတွေ ပေးဖို့အတွက်ဘတ်ဂျက်တွေ လုံလောက်မှုရှိရဲ့လား။ ဘာအခက်ခဲတွေ ရှိဦးမလဲ။
ဖြေ။ ။လုံလောက်ပါတယ်။ ဘာအခက်ခဲမှ မရှိပါဘူး။ချက်ချင်းထောက်ပံ့ပေးနိုင်ပါတယ်။

မေး။ ။အခုမိုးဦးလည်း ရောက်လာပြီဆိုတော့ ပြည်သူလူထုအတွက် သတိထားနေထိုင်ဖို့အတွက် စကားလက်ဆောင်အဖြစ် ဘာတွေ ဖြည့်စွက်မှာချင်ပါလဲဆရာ။
ဖြေ။ ။ အဓိကကတော့ မိုးဦးမှာ ဖြစ်တတ်တဲ့ ရေကြီးတာတွေ၊မြေပြိုနိုင်တာတွေ ဒီဘေးအန္တရာယ်တွေတော့ ရှိနိုင်ပါတယ်။ သတိဝီရိယ ရှိဖို့ ၊ လျှပ်စီး မိုးခြိမ်းနေတဲ့ အချိန်အပြင်မထွက်ဖို့၊လုံခြုံတဲ့နေရာမှာနေဖို့၊ အကယ်၍ ရေကြီးရေလျှံမှုတွေဖြစ်ရင် သက်ဆိုင်ရာ ကျေးရွာတွေမှာရှိပါတယ်။ သတ်မှတ်ထားတဲ့ ရွှေ့ပြောင်းစခန်းတွေမှာ အမြန်ဆုံးရွှေ့ပြောင်းနိုင်အောင် ဆောင်ရွက်ဖို့ အထူးလိုအပ်မှာဖြစ်ပါတယ်။

မေး။ ။ အခုလို အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဆရာ။
ဖြေ။ ။ ကျွန်တော်ကလည်း ကျေးဇူးတင်ပါတယ်။

About မွန်သတင်းအေဂျင်စီ

Check Also

မွန်ပြည်နယ်ရောက်ရွေ့ပြောင်းများအား အိမ်ထောင်စုစာရင်း ၄၀ဝ၀ နီးပါး တရားဝင်ထုတ်ပေးခဲ့

အစိုးရသစ်လက်ထက်တွင် မွန်ပြည်နယ်အတွင်းရှိ အိမ်ထောင်စုစာရင်း ၃၄၀ဝ ကျော် တရားဝင်ထုတ်ပေးခဲ့ရာတွင် လူဦးရေတစ်သောင်းကျော်ရှိကြောင်း မွန်ပြည်နယ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန(လဝက) မှသိရသည်။ Related

Leave a Reply

%d bloggers like this: