မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / မွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေး / ငွေကြေးအလွဲသုံးစားလုပ်သည့်မီးလင်းရေးကော်မတီများကို တိုင်ကြားလာပါကအရေးယူမည်

ငွေကြေးအလွဲသုံးစားလုပ်သည့်မီးလင်းရေးကော်မတီများကို တိုင်ကြားလာပါကအရေးယူမည်

ရေးသားသူ:

မွန်ပြည်နယ်၊ မြို့နယ်အသီးသီးမှ ဖွဲ့စည်းထားသော ကျေးရွာမီးလင်းရေးကော်မတီများမှ ငွေကြေး စာရင်းဇယားများ စနစ်တကျ လုပ်ဆောင်မှုမရှိခြင်း၊ အလွဲသုံးစားလုပ်ခြင်း တိုင်ကြားလာပါက အရေးယူသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရ လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးက ပြောသည်။

ကျေးရွာမီးလင်းရေးကော်မတီအနေဖြင့် ငွေရေးကြေးရေးကိစ္စများ အလွဲသုံးစားခြင်း၊ ရပ်ကွက်၊ ကျေးရွာများကို လစဉ်ဝင်ငွေထွက်ငွေ စာရင်းမရှင်းခြင်း၊ ပြည်သူလူထုမှ တိုင်ကြားလျှင် အစိုးရစာရင်းစစ်အဖွဲ့များက စစ်ဆေးသွားမည်ဖြစ်ပြီး စာရင်းမှန်ကန်မှုမရှိ စစ်ဆေးတွေ့ရှိပါက မီးလင်းရေးကော်မတီကို တရားစွဲဆိုခြင်း နှင့် ကော်မတီအသစ်ဖွဲ့စည်းခြင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးမင်းထင်အောင်ဟန်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

ငန်းတေးလျှပ်စစ်ဓါတ်အားပေးစက်ရုံ(Internet)

လျှပ်စစ်ဝန်ကြီးက “မီးလင်းရေးကော်မတီဖွဲ့စည်းတဲ့နေရာမှာလည်း ငွေရေးကြေး ရေးစနစ်တကျလုပ်ရမယ့်အပိုင်းတွေ၊ ဘယ်လိုဖွဲ့ရမယ်ဆို တာလည်း ညွှန်ကြားချက်တွေ ထုတ်ထားပြီးသား ဖြစ်ပါတယ်၊ စနစ်တကျမလုပ်ဘူး၊ ပြည်သူလူထုကို ပုံမှန်စာရင်းမရှင်းပေးဘူးဆိုရင် အရေးယူဖို့ အတွက်ဆောင်ရွက်မှာဖြစ်ပါတယ်၊ အဲဒါကို စာရင်းစစ်က စစ်ဆေးပြီးတော့ အလွဲသုံးစားလုပ်ရင် အရေးယူမှာ ဖြစ်ပါတယ်” ဟုပြောသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့မှ လျှပ်စစ် တစ်ယူနစ်လျှင် ၃၅ ကျပ်ဖြင့် ထုတ်လုပ်ဖြန့်ဖြူးပေးလျှက်ရှိပြီး လျှပ်စစ်ဓာတ် အားထုတ်လုပ်ခ၊ လျှပ်စစ်မီးသွယ်တန်းခတို့ကို အရှုံးခံဆောင်ရွက်နေရကြောင်း၊ လက်ရှိတွင် ကျေးရွာ မီးလင်းရေးကော်မတီများအား တာဝန်မယူနိုင်ကြောင်းနှင့် သီးသန့်ဝန်ထမ်း ခန့်အပ်ရန်မရှိသေးကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ်က ဆိုသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ က “ထုတ်လုပ်ခ၊ လျှပ်စစ်မီးသွယ်တန်းခ၊ အကုန်လုံးက အစိုးရကစိုက်ရတယ်၊ အရှုံးခံပြီး လုပ်နေရတယ်၊ မီးလင်းရေးကော်မတီတွေကလည်း ကျနော်တို့ ကိုအပ်တယ်၊ ကျနော်တို့ မယူနိုင်ဘူး၊ ဘာလို့လဲဆိုတော့ လျှပ်စစ်ဓာတ်အားခ ဒီလောက်ရှုံးနေတာကို ကျေးရွာတစ်ရွာချင်းစီမှာ အလုပ်သမားထပ်ခန့်ရင် ရှုံးတာထက် ပိုပြီး ရှုံးနိုင်တယ်၊ အဲလိုမျိုးအခြေအနေတွေ ရှိနေတယ်” ဟုပြောသည်။

အစိုးရအနေဖြင့် လျှပ်စစ်မီတာ အသုံးပြုခ တစ်ယူနစ် ၃၅ ကျပ်အထက်သို့ မဖြစ်မနေ တိုးရမည့် အနေအထားရောက်နေပြီဖြစ်ကြောင်း နှင့် အစိုးရလျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ပါက တစ်လလျှင် အမေရိကန်ဒေါ်လာသန်း ၂၀ ရှုံးမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

မုဒုံမြို့နယ် နှီးဗဒေါ ဒေသခံ နိုင်အောင်မာန်က “ကျနော်တို့ရွာမှာ အခုချိန်အထိ တရားဝင်မီးလင်းရေးကော်မတီ မရှိသေးပါဘူး၊ စာရင်း ဇယားတွေလည်း ရွာသားတွေကို ပွင့်လင်းမြင်သာမှုရှိအောင် ချပြပေးထားတာမရှိ ဘူး၊ဒါတွေကို အစိုးရအနေနဲ့ ဖြေရှင်းပေးဖို့ ကျနော်တို့ လိုလားတယ်” ဟု ပြောသည်။

အဆိုပါကျေးရွာရှိ ဒေသခံများက မီးလင်းရေးကော်မတီ တရားဝင်ပြန်လည်ဖွဲ့စည်းပေးရန် နှင့် ဈေးနှုန်းလျှော့ချပေးရန် မွန်ပြည်နယ်လွှတ်တော်၊ သက်ဆိုင်ရာအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တရားတိုင်ကြားစာ ပေးပို့ထားသော်လည်း အကြောင်း ပြန်ခြင်း မရှိသေးကြောင်း ၊ လက်ရှိတွင် မီးတစ်ယူနစ်လျှင် ၅၀ ကျပ်၊ မီတာပြုပြင်ခ ကျပ် ၅၀ဝ ဖြင့် ကောက်ခံ လျှက်ရှိပြီး လျှပ်စစ်မီးသုံးစွဲသည့် အိမ်ခြေ ၈၀ဝ ကျော်ရှိသည့်အတွက် လျှပ်စစ်ဗို့အားလျော့နည်းနေကြောင်း ၄င်းက ဆက်ပြောသည်။

၂၀၁၇ ခုနှစ်တွင် မွန်ပြည်နယ်ရှိ မီးလင်းရေး ကော်မတီနှင့်ပတ်သက်ပြီး တိုင်ကြားထားသည့် တိုင်စာပေါင်း ၆၀ ကျော်ရောက်ခဲ့ရှိကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

About မွန်သတင်းအေဂျင်စီ

Check Also

မော်လမြိုင်တွင် အမှိုက်ဖျက်ဆီးစက်ရုံတည်ဆောက်ရန်ညှိနှိုင်း

မွန်ပြည်နယ်၊မော်လမြိုင်မြို့တွင် စွန့်ပစ်အမှိုက်ဖျက်ဆီးစက်ရုံ တည်ဆောက်ရန် ဖင်လန် နိုင်ငံမှ ကုမ္ပဏီများနှင့် ဆွေးနွေးညှိနှိုင်းနေကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။ Related

Leave a Reply

%d bloggers like this: