spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းNCA သည်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား လက်နက်ချခိုင်းသည့်စာချုပ်မဟုတ်ကြောင်း ကာချုပ်ပြော

    NCA သည်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား လက်နက်ချခိုင်းသည့်စာချုပ်မဟုတ်ကြောင်း ကာချုပ်ပြော

    -

    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA သည် NCA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား လက်နက်ချခိုင်းသည့်စာချုပ်မဟုတ်ကြောင်း ရှင်းလင်းစွာထပ်မံအသိပေးလိုဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့(မေ ၂၄) ရက်နေ့တွင်ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ ဒုတိယအစည်းအဝေးဖွင့်ပွဲမိန့်ခွန်းတွင်
    ထည့်သွင်းပြောကြားလိုက်သည်။

    ဗိုလ်ချုပ်မှူးကြီးက “NCA အခန်း(၁)မှာပါရှိတဲ့ အခြေခံမူတွေထဲမှာ လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်နိုင်ရန် ဆွေးနွေးညှိနှိုင်းအဖြေရှာရေး၊ နိုင်ငံရေးပြဿနာကို စစ်ရေးဖြင့်ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းမည့် နိုင်ငံရေးယဉ်ကျေးမှုသစ်တစ်ရပ် ထူထောင်ပြီး လက်နက်ကိုင်ပဋိပက္ခ အဆုံးသတ်နိုင်ရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ဦးစွာဆောင်ရွက်ဖို့ ရှင်းလင်းစွာ ဖော်ပြ ထားရှိပါတယ်” ဟု ဆိုသည်။

    ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မိန့်ခွန်းပြောကြားစဉ်(MNA)

    အခြားလမ်းကြောင်း၊ နောက်ထပ်လမ်းကြောင်း၊ ဒုတိယလမ်းစဉ်ဆိုသည့် အခေါ်အဝေါ်များ သုံးစွဲလုပ်ဆောင်နေခြင်းသည် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေးကို မလိုလားခြင်းသာဖြစ်ကြောင်း၊ ဆွေးနွေးညှိနှိုင်း အဖြေရှာရေးလမ်းစဉ်မှသွေဖည်ပြီး လက်နက်ကိုင် ဆန့်ကျင်တိုက်ခိုက်ရေးလမ်းစဉ်၊ လက်နက်စွဲကိုင်ပြီး အာဏာရယူရေး လမ်းစဉ်နှင့် ပြည်ထောင်စုမှ ခွဲထွက်ရေးလမ်းစဉ်တို့ကိုသာ ဦးတည်နေကြောင်း ယူဆရမှာဖြစ်ပါကြောင်း ဗိုလ်ချုပ်မှူးကြီးက ထောက်ပြသည်။

    “အလားတူ ပြီးခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာ တင်သွင်းခဲ့တဲ့ စာတမ်း ၇၂ စောင်ကို လေ့လာတဲ့အခါမှာ အချို့တိုင်းရင်းသားအဖွဲ့များရဲ့ ဆွေးနွေးချက်၊ တင်ပြချက်၊ လုပ်ဆောင်ချက်နဲ့ အခြေခံအယူအဆတွေဟာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့ ဖက်ဒရယ်ကို ကျော်လွန်ပြီး အလွန်အကျွံတောင်းဆိုမှုတွေ ဖြစ်နေတာကိုလည်း သတိပြုမိခဲ့ပါတယ်။ တပ်မတော်ဟာ နိုင်ငံတော်နဲ့ ပြည်သူတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးနေရတဲ့ အဖွဲ့အစည်းဖြစ်တာနဲ့အညီ နိုင်ငံတော်နဲ့ ပြည်သူ့အကျိုးစီးပွားကို ဆန့်ကျင်ဖျက်ဆီးနေတဲ့ လုပ်ရပ်တွေနဲ့ အဖွဲ့အစည်းတွေအပေါ် မိမိတို့ရဲ့တာဝန်နဲ့အညီ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်” ဗိုလ်ချုပ်မှူးကြီးက ဆိုသည်။

    ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ ဒုတိယအစည်းအဝေးဖွင့်ပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်း၊ တာမတော်ကာကွယ်ရေးဦးစီးချုပ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ကိုယ်စား KNU ဥက္ကဌ ဗိုလ်ချုပ်ကြီးမူးတူးစေးဖိုးနှင့် နိုင်ငံရေးပါတီများကိုယ်စား USDP ဥက္ကဌ ဦးသန်းဌေးတို့ မိန့်ခွန်းအသီးသီးပြောကြားရာတွင် NCA လမ်းကြောင်းမှ အနာဂတ်ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ဦးတည်လုပ်ဆောင်သွားရန် တိုက်တွန်းလိုက်သည်ကို တွေ့ရှိရသည်။

    ၂၁ ရာစုပင်လုံညီလာခံသို့ တက်ရောက်သူ FPNCC ပြောခွင့်ရ ရက္ခိုင့်တပ်မတော် ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဒေါက်တာညိုထွန်းအောင်က“ကျနော်တို့ မြောက်ပိုင်းမဟာမိတ် FPNCC ဆိုတဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ အနေနဲ့ မျှော်လင့်ချက်နဲ့လာခဲ့ပါတယ်၊ အဖွဲ့အစည်းတိုင်းမှာ သူ့မျော်လင့်ချက်တွေ ရှိကြပါတယ်၊ ကျနော်တို့ FPNCC ကို မိတ်ဆက်ရင်းနဲ့ မူဝါဒတွေ ရပ်တည်ချက်တွေထုတ်ပြန်ဖို့လာတာပါ၊ ခုအနေအထားမှာ ကျနော်တို့ကိုအခြေအနေမပေးဘူး အခြေအနေတမျိုးပြောင်းသွားတယ်၊ ကျနော်တို့မျှော်လင့်ထားတာနဲ့ လက်ရှိအနေအထားက မဖြစ်သေးပါဘူး၊ ကျနော်တို့က ငြိမ်းချမ်းရေးကို မြတ်နိုးတန်ဘိုးထားတဲ့အတွက် ၂၁ ပင်လုံကိုရောက်လာတာပါ” ဟု ပြောသည်။

    နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ ၂ MICC2 တွင် ကျင်းပလျက်ရှိသည့် (၂၁) ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် အစိုးရ၊လွှတ်တော်၊ တပ်မတော်၊ NCA ရေးထိုးတိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့မှ ကိုယ်စားလှယ်များ နိုင်ငံရေးပါတီများကိုယ်စားလှယ်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ CSO များနှင့် အထူးဖိတ်ကြားသူအဖြစ် NCA လက်မခံသည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့အပါအဝင် စုစုပေါင်းတစ်ထောင်ကျော်ခန့် တက်ရောက်လျက်ရှိသည်။

    ၂၁ ရာစုပင်လုံညီလာခံသို့ တက်ရောက်လေ့လာသူ မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ စာရေးဆရာကျော်ဝင်းက “ဒီညီလာခံကို ယေဘူယျပြောလို့ရှိရင် တစုံတရာနည်းနည်း သဘောထားပျော့ပြောင်းမယ်ထင်တဲ့ အဖွဲ့တွေ(UNFC) မတက်ဘဲ သဘောထားနည်းနည်းမာတဲ့အဖွဲ့တွေ(မြောက်ပိုင်း ၇ ဖွဲ့) တက်နေတယ်၊ အဲဒါ ကျနော်လည်း ဘာကြောင့် ဘယ်လိုဖြစ်နေတာမသိဘူး၊ ဖြစ်နိုင်ရင် အကုန်လုံးတက်နိုင်ရင် ကောင်းတာပေါ့” ဟု ဆိုသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts