spot_img
Friday, March 29, 2024
More
    spot_img
    Homeဆောင်းပါးအစိုးရနှင့် NCA အကျပ်အတည်း

    အစိုးရနှင့် NCA အကျပ်အတည်း

    -

    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA ကို သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်က စတင်ဖော်ဆောင်ခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်၊အောက်တိုဘာ ၁၅ ရက်တွင် တိုင်းရင်းသား လက်နက်ကိုင် ရှစ်ဖွဲ့ လက်မှတ်ထိုးခဲ့ပြီး ၁၃ ဖွဲ့ လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသည်။

    အပစ်ရပ် လက်မှတ်ထိုးသော လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရအကြား ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ အခက် အခဲများ သိပ်မရှိသော်လည်း လက်မှတ်မထိုးရသေးသည့် ၁၃ ဖွဲ့နှင့် NCA ကို သွားနိုင်ရေး ဖော်ဆောင်ရာမှာ အခက်အခဲများဖြင့် ကြုံတွေ့နေရကြောင်း သိရသည်။

    NCA စာချုပ်(Copy)

    လက်မှတ်ထိုးထားသော ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ RCSS/SSA၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်ဖွဲ့ DKBA၊ ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC၊ ပအိုဝ့်အမျိုးသားလွတ် မြောက်ရေးအဖွဲ့ PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုက ရက်တစ် တပ်ဦး ABSDF၊ ချင်းအမျိုးသားတပ်ဦး CNF တို့နှင့် အစိုးရအကြား ဖြေရှင်းရန် ခက်ခဲနေသော ကိစ္စ များမှာ ကြားကာလစီမံကိန်းများ ဖော်ဆောင်ရေး၊ RCSS/SSA နှင့် ALP တို့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေး ပွဲ(လူမျိုးအလိုက်)ကျင်းပနိုင်ရေး မဆောင်ရွက်ပေးနိုင်ခြင်း၊ မိုင်းရှင်းလင်းရေး ကိစ္စများ ညှိနှိုင်းမရသေးခြင်း၊ အပစ်ရပ်စောင့်ကြည့်ရေးကော်မတီ JMC က စစ်ပွဲများရပ်တန့်နိုင်ရေး မစွမ်းဆောင်နိုင်ခြင်း စသည့် ကိစ္စရပ်များ ဖော်ဆောင်ရာမှာ အားနည်းနေပြီး အစိုးရအပေါ် အားမလို အားမရဖြစ်နေကြောင်း သိရသည်။

    “အစိုးရဟောင်းက လူတွေတချို ့ပါလာပြီး အတွေ့အကြုံမရှိတဲ့ အစိုးရအပေါ် အခွင့်အကောင်းယူပြီး သူတို့ လုပ်ချင်တဲ့နည်း လုပ်ချင်တဲ့ဟန်နဲ့ ပြည်သူတွေ ရွေးကောက်တင်မြှောက်လာတဲ့ ပြည်သူ့အစိုးရဆိုတဲ့ mandate နဲ့ လုပ်လာတာတွေလဲရှိတော့ ခရီးပေါက်သင့် သလောက် မရောက်ပဲ ဖြစ်နေတာမက ယုံကြည်မှုကို ပိုပြီး ပျက်ပြားစေတယ်လို့ မြင်ပါတယ်”ဟု NCA လက်မှတ်ထိုးထားသော လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ခေါင်းဆောင် တစ်ဦးက ပြောသည်။

    အစိုးရသစ်ကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်၍ ငြိမ်းချမ်းရေးကို ဆောင်ရွက်နေသော်လည်း စေ့စပ်ညှိနှိုင်းသူအဖြစ် ဒေါက်တာတင်မျိုးဝင်းအား တာဝန်ပေးအပ်ထားရာမှ NCA လက်မှတ်မထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ရလာဒ်ကောင်း မထွက်သော အခြေအနေ တစ်ရပ်ဖြစ် ကြုံတွေ့ နေသည်။

    NCA လမ်းကြောင်းအတိုင်း သွားမည်ဟု ပြောဆိုထားသော UNFC နှင့် တစ်နှစ်ကျော်ကြာ ညှိနှိုင်းဆွေးနွေးလာခဲ့ ရာမှာလည်း တစ်စုံတစ်ရာ သဘောတူညီမှု မရရှိသေးပဲ တချို ့အဖွဲ့များမှာ စိတ်ပျက်သွား၍ NCA မထိုးရေးနှင့် တရားမျှတသော စာချုပ်အသစ် ဖော်ဆောင်ပေးရေး တောင်းဆိုသော UWSA ဦးဆောင်မည့် တပ်ပေါင်းစုဖြင့်ပင် သွားရောက် ပူးပေါင်းမှုများ ရှိလာခဲ့သည်။

    “သူတို့က ဒေါ်အောင်ဆန်းစုကြည် အစိုးရတက်လာတာကို မျှော်လင့်ထားကြတာ၊ သီးခြား လမ်းကြောင်း တစ်ခု ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ပေါ်လာမလားလို့ မျှော်လင့်တာ။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်က ဦးသိန်းစိန် လက်ထက်က NCA ကိုပဲ ဆက်ကိုင်ပြီး သွားတဲ့အခါကျတော့ သူတို့(တိုင်းရင်းသားများ)အနေနဲ့ သီးခြား လမ်းကြောင်းတစ်ခု ရွေးချယ်ဖို့ ဖြစ်လာတယ်”ဟု တိုင်းရင်းသားလက်နက်ကိုင်အရေး သုတေသီ တစ်ဦးဖြစ်သူ ဦးမောင်မောင်စိုးက ပြောသည်။

    UNFC အဖွဲ့ဝင် KIO/KIA နှင့် WNO တို့ နှုတ်ထွက်သွားရခြင်းကလည်း စစ်ရေးအရ ခုသာခံသာ ဖြစ်နိုင်သည့် တပ်ပေါင်းစုတစ်ခုကို ရှာဖွေခဲ့ခြင်းသာ ဖြစ်ကြောင်း ၎င်းက ပြောသည်။ လက်ရှိတွင် အစိုးရမှာ UNFC အဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပြီး NCA လက်မှတ်ထိုးနိုင်ရေး ညှိနှိုင်းနေသော်လည်း အဆင်မပြေ ဖြစ် နေကာ တချို ့အဖွဲ့များမှာ UNFC အဖွဲ့မှ နှုတ်ထွက်၍ NCA မထိုးရေး၊ စာချုပ်အသစ်ဖော်ဆောင်ပေးရေး တောင်း ဆိုနေသော UWSA ဦးဆောင်သည့် တပ်ပေါင်းစုဖြင့် ပူးပေါင်းသွားခဲ့ကြသည်။

    ထို့ကြောင့် အစိုးရအနေဖြင့် NCA လမ်းကြောင်းအတိုင်း သွားမည်ဟု ပြောဆိုထားသော UNFC ကတစ်ဖက် NCA မထိုးရေးနှင့် စာချုပ်အသစ်ဖော်ဆောင်ပေးရေး UWSA ဦးဆောင်သော တပ်ပေါင်းစုမှ တစ်ဖက် ဖြစ်နေ ခြင်းကြောင့် NCA အကျပ်အတည်းကို ရင်ဆိုင်နေရပြီး ဖြစ်သည်။

    UNFC သည် တစ်နိုင်ငံလုံးအပစ်ရပ်စဲကြောင်း ကြေညာပေးရန် အချက်အပါအဝင် အချက် ကိုးချက်ကို အဆိုပြု တင်ပြထားရာ အစိုးရဘက်မှ သဘောတူပါက NCA လက်မှတ်ထိုးသွားမည်ဟု ပြောဆိုထားသော်လည်း အစိုးရ ဘက်မှ သဘောတူညီမှုရရေး မစွမ်းဆောင်နိုင်သေးပဲ ဖြစ်နေခြင်းကြောင့် လက်ရှိ အချိန်ထိ UNFC အဖွဲ့ဝင် NMSP ၊ KNPP၊ SSPP၊ ANC၊ LDU တို့ လက်မှတ်မထိုးနိုင်ခြင်း ဖြစ်နေသည်။

    အလားတူ အစိုးရဘက်မှ NCA မထိုးနိုင်သေးခင် အပြန်အလှန်နှစ်ဖက်ကတိကဝတ်ပြုချက် (Deed of Commit ment-DoC) လက်မှတ်ထိုးရန် ညှိနှိုင်းနေသော်လည်း UNFC ဘက်က သဘောမတူသေးခြင်းကြောင့် ဆွေးနွေး ညှိနှိုင်းမှု ရလာဒ်များ အားနည်းနေကြောင်း တွေ့ရသည်။

    UNFC ဘက်ကမူ ကတိကဝတ်ပြုချက်(DoC)ကို လက်မှတ်ရေးထိုးလိုက်မည်ဆိုလျှင် ၎င်းတို့အတွက် အကျပ် အတည်းများ ဖြစ်ပေါ်လာနိုင်ကြောင်း စဉ်းစားထားနိုင်ခြင်းကြောင့် မထိုးရန် ဆုံးဖြတ်ထားခြင်း ဖြစ်နိုင်သည်။ အကယ်၍ UNFC ဘက်မှ DoC ကိုလက်မှတ်ထိုးလိုက်ပါက အကြောင်းအမျိုးမျိုးကြောင့် NCA လမ်းကြောင်း အတိုင်း မသွားနိုင်ခြင်း သို့မဟုတ် UWSA ဦးဆောင်မည့် တပ်ပေါင်းစုဘက်သို့ ရွေ ့သွားလျှင် ၎င်းတို့အနေဖြင့် ကတိကဝတ်အား ဖောက်ဖျက်သူများအဖြစ် တံဆိပ်ကပ်ခံရနိုင်သော အခြေအနေကို ရှောင်လွှဲရန်အတွက် မထိုးရန် ဆုံးဖြတ်ထားခြင်း ဖြစ်နိုင်သကဲ့သို့ အစိုးရမှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ထားရှိသော ပေါ်လစီ မရေရာ မသေချာမှုများကြောင့်လည်း ဖြစ်နိုင်သည်။

    အဆိုပါ အခြေအနေများမှာ UNFC နှင့် အစိုးရအကြား ဖြေရှင်းရမည့် NCA လမ်းကြောင်းပေါ်က အကျပ် အတည်းဖြစ်ပြီး တစ်ဖက်မှာလည်း UWSA ဦးဆောင်၍ KIO/KIA၊ NDAA၊ SSPP/SSA၊ TNLA၊ MNDAA၊ AA တို့ ပါဝင်သော တပ်ပေါင်းစု၏ NCA လက်မှတ်မထိုးရေးနှင့် စာချုပ်အသစ်ဖော်ဆောင်ပေးရေး တောင်းဆိုနေမှုကို လည်း တွေ့ဆုံ ဖြေရှင်းသွားရန် တာဝန်ရှိနေသေးသည်။

    UWSA ဦးဆောင်သော တပ်ပေါင်းစုမှ အဖွဲ့ဝင် အသစ်များကို တံခါးဖွင့် လက်ခံထားကြောင်း ပြောဆိုသည်ကိုပင် ဥပက္ခောပြု၍ NCA လမ်းကြောင်းအတိုင်းသာ သွားမည်ဟု ယတိပြတ် ပြောဆိုထားသော UNFC အဖွဲ့ဝင်များ NCA လက်မှတ်ထိုးလာနိုင်ရေး အစိုးရဘက်မှ မစွမ်းဆောင်နိုင်ခြင်းကြောင့် NCA လမ်းကြောင်းအပြင်ဖက်မှ လာရောက်မည့် တပ်ပေါင်းစုကို အစိုးရဘက်မှ မည်သည့် ချဉ်းကပ်မှုမျိုးဖြင့် ဖြေရှင်းဆောင်ရွက်မည်ဆိုခြင်းမှာ အလွန် စိတ်ဝင်စားစရာ ကောင်းလှသည်။

    “အစိုးရဘက်ကတော့ တွေ့ဆုံ ဆွေးနွေးရေး လမ်းကြောင်းကို ဖွင့်ထားပြီးတော့ ဆက်လက်သွားမှာပါ။ တွေ့ဆုံ ဖို့လည်း အစီအစဉ်တော့ ရှိပါတယ်။ဒါပေမဲ့ UWSA ဦးဆောင်တဲ့ အဖွဲ့ကို ဘယ်အချိန်မှာ ဘယ်လိုပုံစံနဲ့ တွေ့မယ် ဆိုတာတော့ မပြောတတ်သေး ပါဘူး”ဟု ငြိမ်းချမ်းရေးကော်မရှင်မှ အဖွဲ့ဝင် တစ်ဦးက ပြောသည်။
    UWSA ဦးဆောင်သည့် တပ်ပေါင်းစုနှင့် မည်သို့ မည်ပုံ တွေ့ဆုံ ဆွေးနွေးမည်ဆိုသည့်အပေါ် အစိုးရဘက်မှ အသေးစိတ် ပြင်ဆင်ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း သတင်းရင်းမြစ်များ၏ ပြောပြချက်အရ သိရသည်။

    အလားတူ တပ်မတော်ဘက်ကလည်း ထိုအဖွဲ့များနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ မှတ်ချက်ပြု ပြောကြားခြင်း မရှိ သေးခြင်းကြောင့် အစိုးရအနေဖြင့် တပ်မတော်နှင့် ပထမဆုံး ညှိနှိုင်းကာ တပ်မတော်၏ သဘောထားကို ရယူ ထားရန် လိုအပ်ပြီး ထိုမှတဆင့် UWSA ဦးဆောင်သော တပ်ပေါင်းစုဖြင့် သွားရောက် တွေ့ဆုံ ဆွေးနွေးမှုများ ပြု လုပ်ခြင်းက အကျိုးရှိနိုင်သော်လည်း တပ်မတော် သဘောထားအား မရယူပဲသွားမည်ဆိုလျှင် ရလာဒ်ကောင်း မထွက်နိုင်ကြောင်း သုံးသပ်နိုင်မည် ထင်သည်။

    အစိုးရသည် တစ်ဖက်တွင် NCA လက်မှတ်မထိုးနိုင်သေးသော လက်နက်ကိုင် ၁၃ ဖွဲ့ လက်မှတ်ထိုးလာနိုင်ရေး ဆောင်ရွက်နေသော်လည်း တပ်မတော်၏ သဘောထားကို ကျော်လွန်ဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက် တစ်နှစ်ကျော်ကြာလာသည့်တိုင် တစ်စုံတစ်ရာ ထူးခြားမှုမရှိသေးပဲ မတူကွဲပြားသည့်ပုံစံ တစ်ရပ်ပင် ဖြစ်ပေါ် လာကြောင်း တွေ့ရသည်။

    ထို့ကြောင့် NCA လမ်းကြောင်းအတိုင်း သွားမည်ဆိုသော UNFC နှင့် NCA လမ်းကြောင်းအတိုင်း မသွားပဲ အပြင်ဖက်မှ လာရောက်မည့် UWSA ဦးဆောင်သည့် တပ်ပေါင်းစုတို့အရေးအား ကိုင်တွယ် ဖြေရှင်းနိုင်မည့် နည်းလမ်းမှာ စိတ်ဝင်စားစရာ ကောင်းလှပြီး ကိုင်တွယ်ဖြေရှင်းနည်း မမှန်ပါက NCA ဖော်ဆောင်မှု ပိုမို၍ အကျပ်အတည်း ဖြစ်လာနိုင်သည်။

    လက်ရှိ ကြုံတွေ့နေရသော NCA အကျပ်အတည်းကို အစိုးရသစ်အနေဖြင့် ကျော်လွှားနိုင်ရန်အတွက် ငြိမ်းချမ်း ရေး ဖော်ဆောင်မှု လမ်းကြောင်းအသစ်ရှာဖွေခြင်း သို့မဟုတ် အလွတ်သဘော တွေ့ဆုံမှုများက တဆင့် ယုံ ကြည်မှု တည်ဆောက်ခြင်း နည်းလမ်းများကို အသုံးပြုရန် လိုအပ်မည် ထင်ပါသည်။

    ထို့ပြင် မြေပြင် ထိတွေ့ ပစ်ခတ်မှုများ နည်းနိုင်သမျှ နည်းပါးအောင် အစိုးရဘက်က ဆောင်ရွက်ပေးရန်၊ တပ်မတော်နှင့် အစိုးရအကြား မူဝါဒတစ်ခုတည်း ဖြစ်နေရန်၊ NCA ကို သွားနိုင်သော လမ်းကြောင်းများ ဖွင့်ပေးထားရန် စသည့် နည်းလမ်းများကို တည်ဆောက်ကာ NCA အကျပ်အတည်းအား ဖြေရှင်းပါက အဆင်ပြေ နိုင်မည်ဟု ထင်ပါသည်။

    အစိုးရသစ်အနေဖြင့် NCA ကို တစ်နှစ်ကျော်ကြာ ဆောင်ရွက်လာရာမှာ အဖွဲ့ ရှစ်ဖွဲ့ကလွဲ၍ တစ်ဖွဲ့မှ လက်မှတ် ထိုးမလားခြင်းကြောင့် NCA အကျပ်အတည်းဖြင့် ရင်ဆိုင်ကြုံတွေ ့နေရပြီး ထိုအခက်အခဲများကို ကျော်လွှားနိုင် ရန်အတွက် NCA ကို Review ပြန်လုပ်သင့်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အရေး သုတေသီတစ်ဦးဖြစ်သူ ဦးမောင်မောင်စိုးက သူ၏ သဘောထားကို ပြောသည်။

    မကြာမီကျင်းပမည့် ၂၁ ရာစုပင်လုံဒုတိယအစည်းအဝေးသို့ တက်ရောက်မည့်တိုင်းရင်းသားလက်နက်ကိုင်အရေအတွက်မှာ ပြီးခဲ့သည့် ပထမအကြိမ်ညီလာခံထက် ဦးရေနည်းပါးခဲ့မည်ဆိုပါက NCA လမ်းကြောင်းအရဖော်ဆောင်လျက်ရှိသော ငြိမ်းချမ်းရေးညီလာခံ၏အနှစ်သာရကို ပြန်လည်သုံးသပ်ဖို့လိုအပ်ပြီဟု တင်ပြလိုပါကြောင်း။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts