မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / ဆောင်းပါး / မွန်ပြည်နယ်၏ထွက်ကုန်နှင့် SMEs အခွင့်အလမ်းကောင်းများ

မွန်ပြည်နယ်၏ထွက်ကုန်နှင့် SMEs အခွင့်အလမ်းကောင်းများ

ရေးသားသူ:

မွန်ပြည်နယ်၏အဓိကလုပ်ငန်းများမှာ ဆန်စပါး၊ ရာဘာစိုက်ပျိုးထုတ်လုပ်ခြင်းအပြင် ဥယာဉ်ခြံလုပ်ငန်းများမှ ကျွဲကော၊ ဒူးရင်း၊ သီဟိုဌ်၊ သံပုရာ၊ သရက်နှင့် ကွမ်းသီးများ စိုက်ပျိုးထွက်ရှိပြီး ပင်လယ်ငါးဖမ်းခြင်းလုပ်ငန်းမှလည်း ငပိ၊ ငါးခြောက်၊ ငံပြာရည်နှင့် ပင်လယ်ဆားငံရည်မှ နေလှမ်းဆားများ ထုတ်လုပ်လျက်ရှိပါသည်။ ၄င်းလုပ်ငန်းတို့ကို မိရိုးဖလာအစဉ်အဆက်မှ လုပ်ကိုင်လာကြသည့်ပုံစံအတိုင်း ယနေ့ခေတ်ကာလတွင် ဆက်လက်လုပ်ကိုင်နေကြသည်ကို တွေ့ရှိနေရပါသည်။

မွန်ပြည်နယ် အကျယ်အဝန်း ၄၇၄၈ စတုရန်းမိုင်ရှိရာ မြေဧက ၄.၅သန်းမှာ စပါးစိုက်ပျိုး၍ ရာဘာဧက ၅ သိန်းခန့် စိုက်ပျိုးထားသည်။ မွန်ပြည်နယ်မှထွက်ကုန်ပစ္စည်းအားလုံးလိုလိုကို ကုန်ကြမ်းအဖြစ်သာရောင်းချနေသည့်အတွက် အမြတ်အစွန်းရရှိမှုအလွန်နည်းပါးသဖြင့် ယနေ့ကာလစီးပွားရေးအမြင်ဖြင့် တွက်ချေမကိုက်တော့ကြောင်း ထိုင်းမြန်မာနယ်စပ်အခြေစိုက် မွန်စီးပွားရေးလုပ်ငန်းရှင် နိုင်စိုးမွန်က ဆိုသည်။

ဘီလူးကျွန်းဒေသ၏လက်ရာများ(MNA)

“ကျနော်တို့ဆီကထွက်တဲ့ ဆန်ကို ဒီအတိုင်းပဲရောင်းချလိုက်ရတော့ လက်ရှိပေါက်ဈေးပဲရမှာပေါ့၊ အမြတ်အစွန်းသိပ်မရပါဘူး၊ ဖြစ်သင့်တာက မိမိဝမ်းစာအတွက် လိုအပ်သလောက်ချန်ထား၊ ပိုတဲ့ဟာကို ဒေသအတွက်လိုအပ်တဲ့ ကုန်ချောတွေ ဘယ်လိုထုတ်လုပ်လို့ရနိုင်မှာလဲ စဉ်းစားရမှာပေါ့၊ ဥပမာ အခုထိုင်းနိုင်ငံက ဆန်မှုန့်တွေ ဝယ်သုံးနေရတာ၊ ကျနော်တို့ဆီက အဲဒီလိုဆန်မှုန့်တွေ ထုတ်လုပ်လို့ မဖြစ်နိုင်ဘူးလား၊ သူတို့လိုအရည်အသွေးမီအောင် ဘယ်လိုထုတ်လုပ်မှာလဲ နည်းလမ်းရှာသင့်တယ်” ဟု ၄င်းက ပြောသည်။

ထိုသို့နည်းလမ်းရှာဖွေရာတွင် လုပ်ငန်းတူလူအများစုဖွဲ့၍သော်၄င်း၊ Small and Medium Enterprise-SMEs ခေါ် အသေးစားအလတ်စား လုပ်ငန်းအစုအဖွဲ့အနေဖြင့် ချိတ်ဆက်၍သော်၄င်း၊ အစိုးရအစီအစဉ်ဖြင့်သော်လည်းကောင်း အိမ်နီးနားခြင်းနိုင်ငံများသို့ ဆက်သွယ်၍ အလွယ်တကူ လေ့လာဆည်းပူးနိုင်သည်ဟု ဆိုသည်။

“နောက်တစ်ချက်က လက်ရှိစိုက်ပျိုးနေတဲ့စပါးအမျိုးအစားတွေကိုပြောင်းလဲပြီး တခြားစပါးမျိုးကောင်းတွေနဲ့ အစားထိုးပြောင်းလဲစိုက်ပျိုးဖို့ သင့်နေပြီ၊ အခုထိုင်းနိုင်ငံမှာဆိုရင် Raspberry ဆိုတဲ့စပါးတစ်မျိုး စိုက်ပျိုးဖြစ်ထွန်းနေပါပြီ၊ ကျန်းမာရေးအတွက် သင့်လျော်တယ်ဆိုပြီး ဝယ်သုံးကြလို့ ဈေးကွက်ကောင်းကောင်းဝင်နေပြီ၊ သာမန်ဆန်ဈေးနှုန်းထက် ၄ ဆလောက် ဈေးပေါက်ပါတယ်၊ ကျနော်တို့မှာလည်း ကျနော်တို့ဒေသနဲ့ကိုက်ညီတဲ့ ဈေးကွက်ဝင်စပါးအမျိုးအစားတွေ ဘယ်လိုပြောင်းလဲပြီး စိုက်ပျိုးသွားမှာလဲဆိုတာကိုလည်း စဉ်းစားသင့်တယ်၊ အချိန်ကုန်တာလည်းအတူတူ အမြတ်အစွန်းပိုရနိုင်တဲ့စပါးမျိုးကို စနစ်တကျသွားရောက်လေ့လာပြီး ပြောင်းလဲစိုက်ပျိုးသင့်ပြီလို့ မြင်တယ်” ဟု နိုင်စိုးမွန်က ပြောသည်။

ထို့အပြင် ရာသီအလိုက်သီးနှံထွက်ကုန်များကိုလည်း တစ်နှစ်ပတ်လုံးသိုလှောင်ထုတ်လုပ်စားသုံးနိုင်မည့် အအေးခံစနစ်၊ အခြောက်ခံစနစ်များအသုံးပြုခြင်း၊ နည်းပညာများကို လေ့လာ၍ ထွက်ကုန်သီးနှံများကို ယိုထိုးခြင်း၊ အရည်ထုတ်လုပ်ခြင်းနှင့် ခေတ်မီကောင်းမွန်သော ထုတ်ပိုးမှုပုံစံဖြင့် ဈေးကွက်သို့တင်ပို့နိုင်မည်ဟု ဆိုသည်။

ယခုအခါ ဒူးရင်းယို၊ နာနတ်ယို၊ သရက်ယို၊ သံပုရာယိုတို့ကို ရေးမြို့တွင် ထုတ်လုပ်လျက်ရှိပြီး ရန်ကုန်မြို့သို့ တင်ပို့ရောင်းချနေပြီဖြစ်ကြောင်း ရေးမြို့မှ စတိုးလုပ်ငန်းပိုင်ရှင် ကိုလွင်က ပြောသည်။

“ကျနော်တို့မြို့မှာ ဒူရင်းယိုထုတ်လုပ်တဲ့လုပ်ငန်းရှင် ခုဆိုဆယ်ဂဏန်းကျော်သွားပြီ၊ မနှစ်ကပဲ စပြီးလုပ်ကြတာပါ၊ ၊ တော်တော်လေးအောင်မြင်ကြပါတယ်၊ မရမ်းယို သရက်ယိုတွေလည်း လုပ်ပါတယ်၊ ဒါပေမယ့် ထုတ်ပိုးမှုပုံစံကိုတော့ ကျနော်သဘောမကျသေးဘူး” ဟု ၄င်းက ဆိုသည်။

ပင်လယ်ကမ်းခြေအပမ်းဖြေနေရာများတွင် ထင်ရှားသည့် ကျိုက်ခမီ၊ စက်စဲကမ်းခြေများအပြင် ယခုအခါ ရေးမြို့နယ်အတွင်း ကဗျာဝ၊ ပင်လယ်ဝ(ဇီးဖြူသောင်)၊ ကျိုက်မင်ဝဲ့(ကော့ဒွတ်) ရှိ သာယာလှပသည့်ပင်လယ်ကမ်းခြေများသို့ လာရောက်လည်ပတ်သူများပြားလာသည့်အတွက် ဒေသထွက်ကုန်များ ပိုမိုရောင်းချနေရသည်ဟု ၄င်းက ဆက်ပြောသည်။

အလားတူ မော်လမြိုင်နှင့် တံတားဆက်သွယ်ထားပြီးဖြစ်သည့် ဘီလူးကျွန်းဒေသသို့လည်း ဧည့်သည်များပိုမိုဝင်ရောက်လည်ပတ်လာနေသည်။ လက်မှုပညာလုပ်ငန်းအချို့ တွက်ခြေမကိုက်ဖြစ်နေသော်လည်း အချို့သောလုပ်ငန်းများ အောင်မြင်နေကြောင်း ဘီလူးကျွန်းဒေသခံ ကာတွန်းဆရာထောင့်မှန်က ပြောသည်။

“ကျောက်သင်ပုန်းလုပ်ငန်းကတော့ လုပ်တဲ့သူနည်းနည်းပါးပါးပဲ ကျန်တော့တယ်၊ ဒါပေမယ့် အဲဒီသင်ပုန်းကျောက်တွေနဲ့ပဲ အနုပညာပန်းပုရုပ်တွေ ပြောင်းပြီးလုပ်ကြပြန်တယ်၊ သစ်သားဆင်စွယ်လုပ်ငန်း တွင်ကျယ်လာတယ်၊ ငွေကြေးတတ်နိုင်သူတွေ ဝယ်ကြတာပေါ့၊ တကယ့်ဆင်စွယ်အစစ်လိုပဲ ထင်ရပါတယ်၊ တော်တော်လက်ရာမြောက်တယ်” ဟု ၄င်းက ဆက်ပြောသည်။

ထို့အပြင် သားရေကွင်းလုပ်ငန်း၊ သစ်သားဖြင့်ပြုလုပ်သည့် တုတ်ကောက်၊ ဆေးတံ၊ သစ်သားဘောပင်၊ ဆေးလိပ်ပြာခွက်၊ ပန်းပုရုပ်အမျိုးမျိုး၊ အုန်းဆံကြိုးခြေသုတ်ခုံလုပ်ငန်းများနှင့် မွန်ရိုးရာမုန့်ခြောက်လုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိသည်ကို တွေ့ရှိရသည်။

အထက်ပါလုပ်ငန်းများမှာ အစိုးရ၏ SMEs လုပ်ငန်းများနှင့် ချိတ်ဆက်ထားမှုများ မတွေ့ရှိသေးပေ။ ထိုကြောင့် အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍အသိပညာဗဟုသုတ ပိုမိုဖြန့်ဖြူးပေးရန် လိုအပ်နေကြောင်း တွေ့ရှိရသည်။

အသေးစားအလတ်စား ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဦးစီးဌာန၏ ပြည်တွင်းအသေးစားလုပ်ငန်းများအား ပေါ်လစီ၏နည်းဗျူ ဟာတွင် အဓိကဆောင်ရွက်ရမည့်ကဏ္ဍအနေဖြင့် (၁)လူ့စွမ်း အားအရင်းအမြစ်၊ (၂) နည်းပညာဖွံ့ဖြိုးမှုနှင့် တီထွင်မှု၊ (၃) ငွေသားအရင်းအမြစ်စသည်တို့ဖြစ်ပြီး အထောက်အပံ့ပြုကဏ္ဍ တွင်မူ (၁) အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း၊ (၂) ဈေးကွက်အထောက်အကူပေးခြင်း၊ (၃) သင့် လျော်သော အခွန်ကောက်နှင့် လုပ်ထုံးလုပ်နည်းများ စသည်ဖြင့် ရေးဆွဲချမှတ်ထားသည်။

အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ SMEs ဖွံ့ဖြိုးတိုးတက် ရေးဗဟိုကော်မတီ တွဲဖက်ဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်က “SME ဆိုရင် တော်တော်များကိုထူထောင်ရာတွင် စိုက်ပျိုးရေး လုပ်ငန်းနဲ့ ဆက်နွယ်တယ်လို့မထင်ကြဘူး။ စီးပွားရေးလုပ်ငန်းဆိုတာကို စိုက်ပျိုးရေးနဲ့ မဆက်နွယ်ဘူး။ စက်မှုလက်မှုနဲ့ ဆက်နွယ်တယ်လို့ ထင်တဲ့ပုဂ္ဂိုလ်တွေ အများကြီးရှိ ပါတယ်။ ဒါပေမယ့် ကျွန်မတို့နိုင်ငံမှာ ဆိုရင် အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းများဟာ လယ်ယာ စိုက်ပျိုးရေးကဏ္ဍနဲ့ဆက်နွယ်ဖို့လိုပါတယ်” ဟု နေပြည်တော်၌ မတ် ၁ ရက်နေ့က ကျင်းပခဲ့သည့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဗဟို ကော်မတီ (၁/၂၀၁၇) အစည်းအဝေးတွင် ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က ၉၉ ရာခိုင်နှုန်းသောစီးပွားရေးလုပ်ငန်း SME ဖြစ်ပါကြောင်း၊ ၄င်း SME များ အောင်မြင်မှ နိုင်ငံ၏စီးပွားရေးအောင်မြင်ကြောင်း၊ SME များနှင့် ပတ်သက်၍ လိုအပ်သည့်ပံ့ပိုးမှုများမှာ လူ့စွမ်းအားအရင်းအမြစ်၊ နည်းပညာဖွင့်ဖြိုးမှုနှင့် တီထွင်ဖန်တီးမှု ၊ ငွေကြေးအရင်းအမြစ်၊ အခြေခံအဆောက်အအုံ များ၏ ဖွံ့ဖြိုးတိုးတက်မှု၊ ဈေးကွက်ရရှိရေး၊ သင့်လျော်သော အခွန်အကောက် လုပ်ထုံးလုပ်နည်းများနှင့် လုပ်သာကိုင်သာသော စီးပွားရေးဝန်းကျင်ကောင်းများဖြစ်ကြောင်း အစိုးရအဖွဲ့အစည်းများက သတ်မှတ်ထားသည်ဟု ဆိုသည်။

စက်မှုဝန်ကြီးဌာန၏ ထုန်ပြန်ချက်အရ ပြည်တွင်းစီးပွား ရေးလုပ်ငန်းများ၏ ၉ဝ ရာခိုင်နှုန်းသည် အသေးစားနှင့်အလတ်စားလုပ်ငန်းများဖြစ်ပြီး အများစုမှာ စက်မှုလုပ်ငန်းဖြစ်သည်။ မြန်မာနိင်ငံ၏ လက်ရှိ SMEs စံနူန်း သက်မှတ်ချက်အရ ဝန်ထမ်း(၁၀)ယောက်အောက် လုပ်ငန်းများကို Micro SMEs၊ ဝန်ထမ်း (၅၀)ဦး အထိ ရှိကာ ရင်းနှီးမြုပ်နှံငွေ ကျပ်သိန်း(၁၀ဝ) ဆိုပါက အသေးစား SME လုပ်ငန်း၊ ဝန်ထမ်း(၁၀ဝ)ဦး နှင့် ရင်းနှီးမြုပ်နှံငွေ ကျပ်သိန်း(၅၀ဝ)ဆိုပါက အလတ်စား SME လုပ်ငန်း နှင့် ဝန်ထမ်းဦးရေ (၁၀ဝ)အထက် နှင့် ရင်းနှီးမြုပ်နှံငွေ ကျပ်သိန်း(၁၀ဝ၀)အထက်ဖြစ်ပါက အကြီးစားလုပ်ငန်းဟု ယေဘုယျ သက်မှတ်ထားကြောင်း သိရသည်။

About မွန်သတင်းအေဂျင်စီ

Check Also

မွန်ပြည်နယ်ရောက်ရွေ့ပြောင်းများအား အိမ်ထောင်စုစာရင်း ၄၀ဝ၀ နီးပါး တရားဝင်ထုတ်ပေးခဲ့

အစိုးရသစ်လက်ထက်တွင် မွန်ပြည်နယ်အတွင်းရှိ အိမ်ထောင်စုစာရင်း ၃၄၀ဝ ကျော် တရားဝင်ထုတ်ပေးခဲ့ရာတွင် လူဦးရေတစ်သောင်းကျော်ရှိကြောင်း မွန်ပြည်နယ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန(လဝက) မှသိရသည်။ Related

Leave a Reply

%d bloggers like this: