spot_img
Tuesday, April 23, 2024
More
    spot_img
    Homeမေးမြန်းချက်တိုင်းရင်းသားလက်နက်ကိုင်အရေးသုတေသီ ဦးမောင်မောင်စိုးအား တွေ့ဆုံမေးမြန်းချက်

    တိုင်းရင်းသားလက်နက်ကိုင်အရေးသုတေသီ ဦးမောင်မောင်စိုးအား တွေ့ဆုံမေးမြန်းချက်

    -

    KIA/KIO နှင့် WNO တို့ UNFC က နှုတ်ထွက်စာတင်လာသည့်အတွက် UNFC အားနည်းလာပြီး KNPP နှင့် NMSP နိုင်ငံရေး အကြပ်အတည်းဖြင့် ရင်ဆိုင်နေကြရသည်။အလားတူ UWSA ကလည်း ၎င်းဦးဆောင်သည့် ကော်မတီနှင့် ငြိမ်းချမ်းရေးကော်မရှင်အား တွေ့ဆုံသွားရန် ပြင်ဆင်လျက်ရှိရာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မည်သို့ ပြောင်းလဲလာနိုင်သလဲ အားလုံးက စိတ်ဝင်စားလျက်ရှိနေသည်။

    ထိုဖြစ်စဉ်များနှင့်ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အရေး သုတေသီတစ်ဦးဖြစ်သူ ဦးမောင်မောင်စိုး အား မွန်သတင်းအေဂျင်စီ MNA အလွတ်တန်းသတင်းထောက် ချစ်မင်းထွန်း တွေ့ဆုံမေးမြန်းထားပါသည်။

    မေး ။ ။ “ဝ” UWSA ရဲ ့ လက်ရှိ ငြိမ်းချမ်းရေးအပေါ် သဘောထားကို ပြောပြပေးပါအုံး။
    ဖြေ ။ ။ “ဝ” နဲ့ အခြေအနေကတော့ သူက ပထမတော့ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး သတ် မှတ်ဖို့၊ ဒုတိယအဆင့်က ပြည်ထောင်စုအဆင့် လက်မှတ်ထိုးဖို့၊ သုံးကျတော့ လွှတ်တော်အဆင့် အတည်ပြုမယ် ပေါ့။ အဲဒါပြီးရင် ၂၁ ပင်လုံတက်မယ်။ပထမအဆင့် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေးနဲ့ ပြည်ထောင်စု အဆင့် အပစ်အခတ်ရပ်စဲရေးကတော့ အဖွဲ့တိုင်းလိုလို ထိုးထားကြတယ်။ ကိုးကန့်ရယ်၊ ပလောင်ရယ်က လွဲလို့ ပေါ့။ တတိယအချက် လွှတ်တော်အဆင့်မှာ ဒီဘက်အခြမ်း(အစိုးရ)မှာမရှိဘူး။ ဒီဘက်ခြမ်းမှာ NCA လက်မှတ် ထိုးဖို့ ပြီးရင် ပင်လုံသွားဖို့၊ အဲ့တော့ ဒီနှစ်ခု ညှိနေတာပေါ့။

    အဲ့တော့ “ဝ” ရဲ ့ သဘောထားကတော့ NCA လက်မှတ်မထိုးပဲ နိုင်ငံရေးဆွေးနွေးမယ်။ အပစ်ရပ်ပြီးတာနဲ့ နိုင်ငံ ရေး ဆွေးနွေးမယ်ပေါ့။ NCA မှာ ပါတဲ့အချက်အလက်တွေက ချည်နှောင်ထားတယ်။ တုတ်နှောင်ထားတယ်လို့ ယူဆပုံရတယ်။ ဒီနှစ်ခုက ကွဲနေတယ်။ အဲ့တော့ ဘယ်လို ညှိကြမလဲဆိုတော့ နှစ်ဖက်တွေ့နိုင်တဲ့ လမ်းစပေါ့၊ နှစ်ဖက်အတူသွားလို့ရတဲ့ လမ်းစရှာပေါ့။ ဒီရက်ပိုင်း “ဝ” နဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ တွေ့ကြမယ်ထင်တယ်။

    တိုင်းရင်းသားလက်နက်ကိုင်အရေးသုတေသီ ဦးမောင်မောင်စိုး

    မေး ။ ။ UNFC ကနေ KIO နဲ့ WNO တို့ နှုတ်ထွက်ဖို့ စာတင်ထားတယ်လို့ သိရပါတယ်။KIO က UNFC မှာ ဥက္ကဌ တာဝန်ယူထားတဲ့ အဖွဲ့လည်းဖြစ်တယ်။ ဘာကြောင့် အခုလို ဖြစ်လာရသလဲ ဆရာအမြင်လေး သိချင် ပါတယ်။
    ဖြေ ။ ။ UNFC ဆိုတာ တကယ်တမ်း ၂၀၁၂ ခုနှစ်လောက်မှ စပေါ်တာကို ဦးသိန်းစိန်အစိုးရနဲ့ တိုင်းရင်း သား လက်နက်ကိုင်တွေ ဆွေးနွေးတဲ့အခါမှာ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ နိုင်ငံရေးအရ တူညီမှု တစ်ခုယူပြီး ဆွေးနွေးမယ်ဆိုတဲ့ ရည်မှန်းချက် တစ်ခုအပေါ်မှာ မူတည်ပြီး ဖွဲ့ခဲ့တဲ့ တပ်ပေါင်းစုတစ်ခု၊ အဲဒီမှာ ဘယ်သူတွေ မပါဘူးလဲဆိုတော့ “ဝ”မပါဘူး။မိုင်းလားမပါဘူး။ နာဂမပါဘူး၊ အခု တိုက်ပွဲဖြစ်နေတဲ့ ပလောင်ပါတယ်။ ကိုးကန့် ပါတယ်။ AA (ရခိုင်အဖွဲ့)က လျှောက်ထားဆဲ အဲဒီကာလက ကျန်တဲ့အဖွဲ့တွေ အကုန်ပါကြတယ်။ နိုင်ငံရေးအရ ဖွဲ့တဲ့တပ်ပေါင်းစု။ ဒါပေမဲ့ တကယ်တမ်း ၂၀၁၅ UNFC လက်မှတ်ထိုးကြတော့မယ်ဆိုတော့ ကရင် KNU အပါအဝင်ရှစ်ဖွဲ့က ထိုးဖြစ်တယ်၊ ကျန်တဲ့ အဖွဲ့ မထိုးဘူးဖြစ်နေတာက NCA ထဲမှာ ပါတဲ့ အချက် အလက်တွေကို လုံးဝဥသုံမကျေနပ်ဘူး၊ ကွဲလွဲမှုဖြစ်နေလို့ ဆိုတယ်။

    အဲဒီအချိန်မှာ နိုင်ငံရေးအရ ရည်မှန်းချက် တစ်ခုနဲ့ ဖွဲ့ထားပေမယ့် KNU၊ CNF တို့၊ PNLO တို့၊ စပြီးတော့ UNFC က စပြီးထွက်တာ၊ အဲ့တော့ နိုင်ငံရေးအရ ရည်မှန်းချက် တစ်ခုအပေါ်မှာ သူက ဖွဲ့ပေမယ့် နိုင်ငံရေးအရ လျှောက် တဲ့ လမ်းကြောင်း မတူတဲ့အခါမှာ သူက ခွဲထွက်ကြတယ်။ဘာဖြစ်လို့ ဒီလိုဖြစ်လဲဆိုတော့ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းတွေက တစ်ဖွဲ့နဲ့ တစ်ဖွဲ့ လူမျိုးမတူဘူး၊ ဘာသာစကား ယဉ်ကျေးမှု ဓလေ့ထုံးစဉ် မတူဘူး၊ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ ့ အခြေအနေချင်းလဲ မတူဘူး၊ လက်နက်ကိုင်အင်အား တောင့်တာရှိတယ်၊ မတောင့်တာရှိတယ်၊ ဘဏ္ဍာရေးဘတ်ဂျက် အင်အားတောင့်တာရှိတယ်၊ မတောင့်တာရှိတယ်။ အဲဒီ ကွဲပြားမှု တွေအပေါ် မူတည်ပြီးတော့ သူအခြေအနေနဲ့သူ ဆုံးဖြတ်တဲ့အခါမှာ UNFC က ၂၀၁၅ နှစ်ကုန်ပိုင်းမှာ NCA လက်မှတ်မထိုးခင်မှာ စကွဲတာ။ အဲတော့ ခုနှစ်ဖွဲ့ပဲ ကျန်တယ်။ ခုနှစ်ဖွဲ့ပဲ ဘာကြောင့်ကျန်လဲဆိုတော့ UNFC ကွဲပြီးနောက်ပိုင်း UNFC နဲ့ ဆက်သွားရင် အလုပ်မဖြစ်ဘူးဆိုပြီး ပလောင်နဲ့ ကိုးကန့်နဲ့ နှုတ်ထွက်ခွင့်တောင်း ထားတယ်။ AA ကလည်း ဆက်ပြီးတော့ မလျှောက်တော့ဘူး ဘာဖြစ်လို့လဲဆိုတော့ သူတို့ သုံးဖွဲ့နဲ့ ပတ်သက်ပြီး တော့ စစ်တပ်က လက်နက်ချမှ ရမယ်ဆိုတဲ့အခါကျတော့ သူတို့ကလည်း လက်နက်မစွန့်နိုင်တာနဲ့ ဆက်ပြီး တိုက်ပွဲဖြစ်နေတယ်။ ခု UNFC က ခုနှစ်ဖွဲ့ကျန်တယ်။

    ဒါပေမဲ့ ၂၀၁၅ ကနေစပြီးတော့ ဆက်ဆွေးနွေးတာမရှိပဲနဲ့ ရပ်သွားတာရှိတယ်။ ရပ်သွားပြီး ဒေါ်အောင်ဆန်းစု ကြည် အစိုးရအတက်ကို စောင့်တယ်။၂၀၁၆ မှာ အစိုးရတက်လာတယ်။အပြောင်းအလဲများ ပေါ်မလာလို့ စောင့် တယ် မပေါ်ဘူး။ အခု ၂၀၁၆ သြဂုတ်လကုန် ၂၁ ပင်လုံ ပထမအကြိမ်လုပ်တယ်။ NCA အတိုင်းပဲသွားမယ်လို့ ဖြစ်လာတယ်။ အဲကနေ စစ်ရေးအရ တိုက်ပွဲတွေက ရှမ်းမြောက်မှာကော၊ ကချင်ပြည်နယ်မှာကော ပြင်းပြင်းထန် ထန် ဖြစ်လာတယ်။ ရှမ်းပြည်အလယ်ပိုင်း SSPP နေရာမှာ မဖြစ်ပေမယ့် တင်းမာမှုတွေတော့ ရှိနေတယ်။

    ဆိုတော့ အဲလိုဖြစ်လာတဲ့အခါကျတော့ ပထမ UNFC နိုင်ငံရေးအရ ဖွဲ့လာတာ စစ်ရေးအရ ဒီထိုးစစ်တွေလည်း ရင်ဆိုင်လာရတယ်။ နောက်တစ်ချက်က NCA နဲ့ပတ်သက်ပြီး ဆက်ဆွေးနွေးတာလည်း အဖြေမထွက်ဘူး။ နောက်တစ်ခုက သူတို့က ဒေါ်အောင်ဆန်းစုကြည် အစိုးရတက်လာတာကို မျှော်လင့်ထားကြတာ၊ သီးခြား လမ်း ကြောင်း တစ်ခု ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ပေါ်လာမလားလို့ မျှော်လင့်တာ။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်က ဦးသိန်းစိန် လက်ထပ်က NCA ကိုပဲ ဆက်ကိုင်ပြီးသွားတဲ့အခါကျတော့ သူတို့(တိုင်းရင်းသားများ)အနေနဲ့ သီး ခြား လမ်းကြောင်းတစ်ခု ရွေးချယ်ဖို့ ဖြစ်လာတယ်။ ဒီ UNFC ဟာ ခုနက နိုင်ငံရေးအရ ရည်ရွယ်ပြီး ဖွဲ့ထားတဲ့ တပ်ပေါင်းစုနေရာမှာ စစ်ရေးအရ ခုသာ ခံသာ ဖြစ်နိုင်တဲ့ တပ်ပေါင်းစုတစ်ခုကို သူတို့ ရှာဖွေလာတယ်။

    အဲ့တော့ ဒါမြောက်ပိုင်းမှာရှိနေတဲ့ အစိုးရနဲ့ တိုက်နေတဲ့ KIA၊ ပလောင်၊ ကိုးကန့်၊ AA၊ SSPP ဒီငါးဖွဲ့အပြင်ကို NCA လမ်းကြောင်းကို လက်မခံဘူးလို့ ကြေညာထားတဲ့ “ဝ” နဲ့ မိုင်းလားတို့ သွားပူးတယ်။လာမယ့် အနာဂတ်မှာ စစ်ရေးအရ အကြပ်အတည်းဖြစ်လာနိုင်တာကို ရင်ဆိုင်ဖို့ နယ်မြေချင်း ဆက်စပ်မှုရှိနေတဲ့ အဖွဲ့ အစည်းတွေက တပ်ပေါင်းစုတစ်ခုအဖြစ် အရွေ ့တစ်ခု ပေါ်လာတယ်။ ပေါ်လာတဲ့အချိန်မှာ UNFC ဘာဖြစ်သွား မလဲ အဲ့တော့ KIA နှုတ်ထွက်သွားတယ်။ SSPP ကလည်း နှုတ်ထွက်ဖို့ များနေပြီး။ သူတို့ (SSPP)ဗဟိုကော်မတီ အစည်းအဝေးပြီးရင် ထွက်ဖို့အလားအလာရှိနေတယ်လို့ ယူဆရတယ်။ WNO ကလည်း မနေ့က ထွက်တဲ့ စာ က မူကြမ်းပါ တရားဝင်တင်တာ မဟုတ်သေးပါဘူး။ ထွက်ဖို့ အလားအလာနဲ့ နီးစပ်နေတယ်။

    ဆိုတော့ ဘာဖြစ်သွားမလဲဆိုတော့ KNPP နဲ့ မွန် NMSP နဲ့က အကြပ်အတည်းရှိတယ်။ နိုင်ငံရေးအကြပ် အတည်းက ဘာလဲဆိုတော့ NCA မှာ မူ ၉ ချက်တောင်းထားတယ် ပြင်ဖို့။ အဲလို မပြင်ဘဲနဲ့ သူတို့ လက်မှတ်ထိုး နိုင်လား မထိုးနိုင်လား ဒါနိုင်ငံရေးအကြပ်အတည်း၊ နောက်တစ်ခုက စစ်ရေးအရ အကြပ်အတည်း မွန်က ပိုကြီး တယ်။ မွန်က လက်မှတ်ထိုးထားတဲ့ အဖွဲ့ကော၊ BGF (နယ်ခြားစောင့်တပ်)ကော၊ စစ်တပ်ကော အဲ့ကြားထဲမှာ မွန်က ပိတ်မိနေတယ်၊ KNPP က အပေါ်မှာ ရောက်တော့ နည်းနည်း လှုပ်သာ ရှားသာရှိသေးတယ်။ အဲ့တော့ ဟိုသုံးဖွဲ့(WNO၊ LDU၊ ANC)ပေါ့။ WNO “ဝ” ကလည်း “ဝ” အချင်းချင်း ပြန်ပေါင်းမှာ အားနည်းတဲ့ လူတွေအဖို့ ဆိုရင် အင်အားကြီးတဲ့ လူကို ကပ်ရတာပေါ့။ WNO “ဝ” ကလည်း UWSA “ဝ” အချင်းချင်း ပြန်ပေါင်းမှာ။ လားဟူလည်း UWSA တောင်းပိုင်နဲ့ နီးစပ်တဲ့ အခါကျတော့ အဲ့ဘက် သွားကပ်မလား မသိဘူး။ ANC (ရခိုင်အဖွဲ့) ကလည်း AA (ရခိုင်အဖွဲ့)ပေါင်းမလား သို့မဟုတ် ALP (NCA ထိုးထားသော ရခိုင်အဖွဲ့)လို လုပ် မလား။ အဲ့တော့ UNFC မှာ ကျန်တဲ့ ငါးဖွဲ့ လက်မှတ်ထိုးမယ်လို့ သတင်းထွက်နေတာလဲ ဖြစ်ချင်မှ ဖြစ်လာလိမ့် မယ်။ အဲ့တော့ UNFC အလားအလာသည် တပ်ပေါင်းစုတစ်ခုကို နိုင်ငံရေးအရ ရည်မှန်းချက်နဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ စုလာတဲ့ တပ်ပေါင်းစုတို့ ၂၀၁၅ KNU တို့၊ CNF တို့ စပြီးတော့ တဖြေးဖြေး ပျက်ပြယ်လာတယ်။ အခုက စစ်ရေး အရဖြစ်လာနိုင်တဲ့ စစ်ရေးတပ်ပေါင်းစုတော့ မဟုတ်ဘူး။ စစ်ရေးအရ ဖြစ်လာနိုင်တဲ့ အကြပ် အတည်းတွေကို ရင်ဆိုင်နိုင်ဖို့ ရည်စုထားတဲ့ နောက်ထပ် တပ်ပေါင်းစုတစ်ခုကလည်း “ဝ” ကို ဗဟိုပြုပြီး ပေါ်လာတယ်။

    မေး ။ ။ KNPP နဲ့ မွန်ပြည်သစ်ပါတီ(NMSP)က အကြပ်အတည်းဖြစ်သွားပြီးဆိုတော့ KNPP နဲ့ NMSP တို့ UWSA ဦးဆောင်မယ့် ဘက်ကို ပါသွားနိုင်ပါသလား။အစိုးရဘက်က ဘယ်လိုမျိုး ညှိနှိုင်း ဆွေးနွေးမယ်ဆို ရင် သူတို့အနေနဲ့ ဒီအကြပ်အတည်းထဲကနေ ရှုံးထွက်ပြီးတော့မှ NCA လမ်းကြောင်းပေါ် ပြန်ရောက်လာနိုင် မလဲ။
    ဖြေ ။ ။ သူတို့ ဘယ်လို ဆုံးဖြတ်မလဲဆိုတာကတော့ နည်းနည်း ခက်တယ်။နိုင်ငံရေးအရ သူတို့တင် ထားတဲ့ NCA မူ ၉ ချက်ကို အစိုးရဘက်က ပြင်မပေးဘဲနဲ့ လက်မှတ်ထိုးမယ်ဆိုရင် နိုင်ငံရေးအကြပ်အတည်းပေါ့။ နိုင်ငံရေးအရ သိက္ခာထိခိုက်တယ်။ အဲလို မဟုတ်ဘဲနဲ့ ဟိုဘက်ကို ပေါင်းမယ်ဆိုရင်လည်း စစ်ရေးအရ ဖိအားမှာ ကြပ်ကြပ်တည်းတည်းဖြစ်မယ်။ဘယ်လို ဆုံးဖြတ်မလဲဆိုတာကတော့ ခန့်မှန်းရ ခက်တယ်။အကြပ်အတည်း ကြီးဆုံးကတော့ အဲ့နှစ်ဖွဲ့ပဲ။

    မေး ။ ။ KIO အနေနဲ့ UWSA နဲ့ပူးပေါင်းပြီး NCA မထိုးတဲ့ လမ်းကြောင်းဘက်ကို သွားလိုက်တော့ တိုက်ပွဲတွေ ပြင်း ထန်လာနိုင်သလား၊ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်မှာကော ဘယ်လို သက်ရောက် လာနိုင်ပါ သလဲ။
    ဖြေ ။ ။ သူတို့ကြေညာချက်ကတော့ NCA နဲ့သွားတာ အဖြေမထွက်ဘူးပေါ့။ ဒါလည်းပဲ ပြောရင်တော့ ရတာပေါ့ ၂၀၁၅ ခုနှစ်၊အောက်တိုဘာ ၁၅ ရက်က လက်မှတ်ထိုးပြီး ဒီနေ့အထိဆိုရင် တစ်နှစ်ခွဲလောက်ရှိပြီး။ ပင်လုံညီလာခံမှာလည်းပဲ ကိုယ်စားလှယ်မဟုတ်ဘူး တက်ရောက်သူအနေနဲ့ ဖိတ်တော့ ဖိတ်တယ်။ ဒါပေမဲ့ တိုက်ပွဲတွေက တောက်လျှောက် ပြင်းပြင်းထန်ထန်ဖြစ်နေတာ NCA လမ်းကြောင်းမလိုက်လို့ တိုက်ပွဲမဖြစ်တာ မဟုတ်ဘူး။ NCA လမ်းကြောင်းကို ဆွေးနွေးနေရင်းကို တိုက်ပွဲက ပြင်းပြင်းထန်ထန်ဖြစ်နေတာ။ လတချို ့ကြာ တဲ့ တိုက်ပွဲတွေ ဂီတွန်တို့၊ဗန်းမော်ဧရိယာထဲဖြစ်တယ်၊ ဖားကန့်ဘက်ဖြစ်တယ်၊ရှမ်းမြောက်မှာလည်း ဖြစ်တယ်။ တိုက်ပွဲတွေက ဘယ်သူကစလဲ သူက စတယ်၊ ကိုယ်က စတယ် နှစ်ဖက် အပြန်အလှန်ပြောကြတာပဲ။ဒါပေမဲ့ ဖြစ်တာတော့ တိုက်ပွဲက ပြင်းပြင်းထန်ထန်ဖြစ်နေတာပဲ။ဆိုတော့ သူ့အဖို့(KIO)ကတော့ သိပ်မထူးဘူး။ အဲလို တိုက်ပွဲတွေ ဖြစ်လာတဲ့အခါ NCA ကလည်း တစ်နှစ်ခွဲကြာတယ် အဖြေမထွက်တဲ့အခါကျတော့ ငြိမ်းချမ်းရေး အတွက် နောက်ထပ် လမ်းကြောင်းတစ်ခုကို ရှာမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့လုပ်တာဖြစ်မယ်။ဒါမှားတာ မှန်တာက တော့ နောက်သမိုင်းဆရာတွေ ဆုံးဖြတ်ရမှာ သူတို့ ရွေးချယ်မှုကတော့ အဲအတိုင်းပဲ သွားမှာ။

    မေး ။ ။ UNFC က အားနည်းသွားတဲ့ အနေအထားဖြစ်လာပြီး အစိုးရနဲ့ UNFC ရဲ ့ ငြိမ်းချမ်းရေး လမ်းကြောင်းက ဘယ်လို ပုံစံမျိုး ပြောင်းလဲလာနိုင်ပါသလဲ။
    ဖြေ ။ ။ UNFC အားနည်းသွားတော့ ဆိုပါတော့ KIA ကလည်း ထွက်မယ်၊ SSPP ကလည်း ထွက်မယ်၊ WNO ကလည်း ထွက်မယ်ဆိုရင် UNFC က နည်းနည်းလေးပဲ ကျန်မယ်ဆိုတော့ အားတော့ လျှော့မယ်။UNFC အနေနဲ့ကတော့ အားပျော့သွားမှာပဲ။အားပျော့သွားပြီးတော့ ပျောက်သွားနိုင်တယ်။ ဒါကတော့ မထူးဆန်းဘူး ဟိုအရင်တုန်းက မဒတရှိတယ်။ နောက် DAB ရှိတယ်၊ UNFC ရှိတယ် စသဖြင့် ပြောင်းပြောင်းပြီးတော့ ဖွဲ့ကြ တော့ အခု တကယ်တမ်း ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အရေးပါလာမှာကတော့ “ဝ”ဗဟိုပြုတဲ့ တပ်ပေါင်းစုဖြစ် သွားလိမ့်မယ်။ ဒီအတိုင်းဆိုရင် UNFC အခန်းက မှေးမိန်းသွားလိမ့်မယ်။

    မေး ။ ။ UWSA ဦးဆောင်မယ့် တပ်ပေါင်းစု အရွေ ့ကို ချဉ်းကပ်မယ်ဆိုရင် အစိုးရအနေနဲ့ ဘယ်လိုမျိုး ချဉ်းကပ်သင့်သလဲ။
    ဖြေ ။ ။ အလွတ်သဘော ဆွေးနွေးတာကနေ စချဉ်းကပ်သင့်တယ်။ အစိုးရက NCA ကိုသွားမယ်ဆိုရင် အဓိက NCA မှာ ပါတာက Institution လေးခုရှိတယ်။ UPDJC ရှိမယ်၊ JMC ရှိမယ်၊ JIMC ရှိတယ်၊ နောက် ငြိမ်းချမ်းရေးညီလာခံရှိမယ်။ဒီ အင်စတီကျူရှင်း လေးခုက အဓိကပဲ အဲ့ အင်စတီကျူရှင်း လေးခုနဲ့မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လည်ပတ်မှာ။ အဲဒါတွေကို အသိအမှတ်ပြုယုံနဲ့ရမလား သို့မဟုတ် NCA ထဲမှာပဲတဲ့ အချက်တချို ့ကို လိုက်နာရမယ်ဆိုတာတဲ့ သဘောထားရမလား။ ဒါကတော့ လမ်းစရှာရမယ် လမ်းစ ရှာမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ ဟိုဘက်က “ဝ” ဆွေးနွေးမယ့် ကော်မတီနဲ့ အလွတ်သဘော အရင်ဆွေးနွေးဖို့ လိုတယ်။ အလွတ်သဘော ညှိနှိုင်းမှုတွေ လုပ်ဖို့လိုတယ်။ အလွတ်သဘော ညှိနှိုင်းမှုတွေ လုပ်နိုင်မှပဲ နှစ်ဖက်သဘောတူညီနိုင်တဲ့ အဖြေတစ်ခု ထွက်နိုင်မယ်လို့ ကျွန်တော် ယူဆပါတယ်။

    မေး ။ ။ UWSA ဦးဆောင်တဲ့ အဖွဲ့တွေက NCA လမ်းကြောင်းက မဟုတ်ပဲနဲ့ သီးသန့် ခွဲထွက်မယ်ဆို တော့လေ။ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ ဘယ်လိုမျိုး ညှိနှိုင်းထားဖို့ လိုအပ်မလဲ။
    ဖြေ ။ ။ တိုင်းရင်းသားအဖွဲ့အချင်းချင်းကတော့ ကျွန်တော်သိသလောက်တော့ ညှိနှိုင်းမှုတော့ ရှိကြပါ တယ်။ဘာဖြစ်လို့လဲဆိုတော့ NCA လက်မှတ်ထိုးထားတဲ့ KNU တို့ RCSS တို့လည်း ဖက်ဒရယ်ကိစ္စနဲ့ပတ်သက် ပြီး ဆွေးနွေးမယ်ဆိုရင် ကျန်တဲ ့အဖွဲ့တွေ မပါရင် မဖြစ်ဘူးဆိုတာ သူတို့သိနေတာပဲ။အဲ့တော့ သူတို့ အချင်းချင်း ကတော့ ညှိနှိုင်းမှာပဲ အရေးကြီးတာကတော့ ပထမအချက် ငြိမ်းချမ်းရေး ပြဿနာ ပတ်သက်လို့ရှိရင်တော့ အခု “ဝ”ဗဟိုပြုထားတဲ့ လက်နက်ကိုင် တပ်ပေါင်းစုအဖွဲ့က တိုင်းရင်းသားလက်နက်ကိုင်အင်အားရဲ ့ ၇၅ ရာခိုင်နှုန်း နဲ့ ၈၀ ရာခိုင်နှုန်းကြားမှာ ရှိတာ။အဲ့တော့ ဒီအဖွဲ့တွေ ဆွေးနွေးပွဲဝိုင်းကို မရောက်ခဲ့ရင်တော့ ပြည်တွင်းစစ်မီးက မငြိမ်းနိုင်ဘူး။

    မေး ။ ။ တပ်မတော်ကရော၊ အစိုးရကရောက NCA လမ်းကြောင်းအတိုင်းပဲသွားမယ်လို့ ပြောထား တယ်။ UWSA ဦးဆောင်မယ့် ကော်မတီက NCA မထိုးဘူး၊ စာချုပ်အသစ်ဖော်ဆောင်ဖို့ ပြောတယ်။ ဆန့်ကျင် ဘက် ဖြစ်နေတယ်။ ဒါက ငြိမ်းချမ်းရေးအပေါ် ဘယ်လို ဖြစ်လာနိုင်ပါသလဲ။
    ဖြေ ။ ။ ငြိမ်းချမ်းရေးမှာ အကြပ်အတည်းလို့ ပြောလို့ရတာပေါ့။ဒါပေမဲ့ အဲ့လို ဆန့်ကျင်ဘက်ဖြစ်နေတာ သိပ်တော့ မဆန်းဘူး။ဘာလို့လဲဆိုတော့ အဲ့လို ဆန့်ကျင်ဘက်ဖြစ်လို့ နှစ် ၇၀ လုံးစစ်တိုက်လာတာ အခုလဲ သူသေ ကိုယ်သေ တိုက်နေတဲ့လူတွေ သဘောထားကွဲလွဲတယ်ဆိုတာ အဆန်းမဟုတ်ဘူး။ဒါက ကျွန်တော် အမြင် မဆန်းဘူး။ စစ်တိုက်နေကြတာ သဘောထားမတူလို့ အဲ့တော့ ဘယ်အချက်က ပြန်ရအောင် ညှိမလဲဆို တဲ့ ကြိုးစားမှုက အဓိက ကျလိမ့်မယ်။

    မေး ။ ။ အခု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်မှာ ကွဲလွဲနေတဲ့ သဘောထားတွေနဲ့ပတ်သက်ပြီး ဘာများ ဖြည့်စွက်ပြောလိုပါသလဲ။
    ဖြေ ။ ။ တစ်ချက်ကို ပြောမယ်ဆိုရင်တော့ NCA ကို ပြန် Review လုပ်သင့်တယ်။NCA ဟာ ၂၀၁၅ မှာ ထိုးတယ်။ အခု တစ်နှစ်ခွဲကျော်ကြာတဲ့အထိ ဒီရှစ်ဖွဲ့ကနေ ထက်တက်မလာဘူး။ထက်တက်မလာရင် ပိုအခက် အခဲတွေ ကြုံလာတယ် နိုင်ငံရေးမှာ အဲတော့ ဘာအချက်တွေကြောင့်လဲ ဒါကို ငြိမ်းချမ်းရေးဦးဆောင်လုပ်တဲ့ လူတွေ ပြန် Review လုပ်သင့်တယ်။ဒီတိုင်း ဆက်တွန်းသွားမလား၊ ဒီအတိုင်း ဆက်တွန်းသွားရင် ခင်ဗျားသိတဲ့ အတိုင်းပဲ ဟိုအဖွဲ့တွေက မလိုက်ဘူးလို့ ပြောထားပြီးသား။အဲ့တော့ Review ပြန်လုပ်သင့်တယ် NCA ကို။

    ဒုတိယအချက်ကတော့ ထိုးစစ်တွေ ရပ်ထားသင့်တယ်။စစ်ဆင်ရေးတွေ ရပ်ထားသင့်တယ်နော်။ဘာလို့လဲဆို စစ်ပွဲတွေ ပြင်းထန်နေရင် တစ်ဘက်နဲ့ တစ်ဘက်က ထိခိုက်ဒဏ်ရာမှုတွေ များလာတယ်။အဲ့နှစ်ဖွဲ့စလုံးမှာ ထိခိုက် ကျဆုံးမှုတွေများရင် နာကြည်းမှုတွေများလာမယ်။အခဲမကျေမှုတွေ များလာရင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မှာ ဒါနှစ်ဘက်စလုံးပေါ့ သူ့ဘက် ကိုယ့်ဘက် အဲလိုဖြစ်လာမယ်။နှစ်ဖက်စလုံးမှာ နာကြည်းမှုတွေ ထိခိုက် ဒဏ်ရာရမှုတွေများလာလေလေ နားလည်မှုတည်ဆောက်ရတာ၊ ယုံကြည်မှုတည်ဆောက်ရတာ ခက်လာလေပဲ။

    တတိယအချက်က အလွတ်သဘောတွေ့ဆုံမှု ကြိုတင် စည်းမျဉ်းသတ်မှတ်ချက် မပါတဲ့ အလွတ်သဘော တွေ့ဆုံမှုတွေ များများ လုပ်ပြီးတော့ နားလည်မှုတည်ဆောက်နိုင်ရင် အကောင်းဆုံးဖြစ်မယ်။စတုတ္ထအချက်ကို ပြောရင် လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တပ်မတော်က အဓိကကျတယ်။ တပ်မတော်က ဖြေလျော့မှု မရှိရင် ငြိမ်းချမ်းရေးလုပ်ငန်းမအောင်မြင်ဘူး။ NLD အစိုးရကျတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ခေါင်းဆောင်နေတာ မှန်တယ်။ခေါင်းဆောင်ရမယ် တစ်ဖက်ကလည်း ဒီတပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်ကြားက မတူတဲ့ အမြင်ကို သူက ကြားထဲကနေပြီးတော့ စေ့စပ်ညှိနှိုင်းပေးတဲ့ နေရာက ပါဖို့လိုတယ်။ တွေ့ဆုံဆွေးနွေးရေး Negotiate လုပ်နိုင်ရမယ်။

    မေး—ယခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,600SubscribersSubscribe
    spot_img

    Latest posts