မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / မွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေး / ခြံမြေအကွက်ရိုက်ရောင်းချသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကိုအရေးယူမည်ဟု ဝန်ကြီးချုပ်သတိပေး

ခြံမြေအကွက်ရိုက်ရောင်းချသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကိုအရေးယူမည်ဟု ဝန်ကြီးချုပ်သတိပေး

ရေးသားသူ:

ရပ်/ကျေးအုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများသည် ခြံမြေအကွက်ရိုက်ရောင်းချခြင်းနှင့် မြေကြီးတူးပြီး ရောင်းချနေခြင်းတို့ကို ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း မော်လမြိုင်မြို့ ပြည်သူများနှင့် တွေ့ဆုံစဉ် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက သတိပေး ပြောကြားလိုက်သည်။

ဝန်ကြီးချုပ်က “ရပ်ကျေးအုပ်ချုပ်ရေးမှူးတော်တော်များများက ခြံမြေအကွက်ရိုက်ရောင်းချတာတွေ မြေကြီးတူးပြီးရောင်းချတာ တွေ အဲဒါတွေ ရပ်တန့်က ရပ်လိုက်ပါ။ တကယ်လို့ မရပ်ဘူးဆိုရင်တော့ ကျွန်တော်တို့ အရေးယူမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် မော်လမြိုင်မြို့ ပြည်သူများနှင့် တွေ့ဆုံပွဲ(MNA)

ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ အနေဖြင့် အရေးယူမှု မခံရစေရန် မိမိကိုတာဝန်ပေးထားသည့်ကိစ္စရပ် မဟုတ်ဘဲ လုပ်ကိုင်ဆောင်ရွက်နေသည့် ကိစ္စရပ်များအားလုံးကို ရပ်တန့်စေချင်ကြောင်း၊ ဥပဒေအရ အရေးယူတော့မည်ဆိုရင် ပါဝင်ပတ်သက်ဆက်နွယ်နေသူအားလုံးသည်လည်း ပါဝင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

ထို့ပြင် လာဘ်ပေးလာဘ်ယူမှုကိစ္စနှင့် ပတ်သက်၍လည်း တိကျစွာ ပြောပြနိုင်ပါက ဥပဒေတွင် ပြဌာန်းထားသည့် အတိုင်း အရေးယူဆောင်ရွက် ပေးသွားမည်ဟု ပြောသည်။

ဝန်ကြီးချုပ်က “လာဘ်ပေးတယ်ဆိုလို့ရှိရင် ကျွန်တော်တို့ ဘယ်သူက ဘယ်တာဝန် ဘယ်လောက်ပေးရလဲ၊ ဥပမာ- ပေးလိုက်တဲ့ငွေစက္ကူသား နံပါတ်ဘယ်လောက်ဖြစ်လဲ ဘယ်ဈေးမှာ ပေးခဲ့တာလဲ။ အဲဒီလို တိတိကျကျ ပြောပြ နိ်ုင်ရင် ကျွန်တော်တို့ အရေးယူပေးမှာ ဖြစ်ပါတယ်။ အဲဒီလိုမှမဟုတ်ရင် ယေဘုယျသဘောအားဖြင့် အသံကြား ရုံမျှနဲ့တော့ အရေးယူဖို့က အခက်အခဲလေးရှိပါတယ်”ဟု ဆိုသည်။

မွန်ပြည်နယ်ဒေသအသီးသီးရှိ ကျေးရွာစားကျက်မြေများကို အင်္ဂလိပ်လက်ထက်မှသတ်မှတ်ပေးခဲ့သော်လည်း ယခုအခါ ဒေသခံမဟုတ်သူများက ဥပဒေအကာအကွယ်ဖြင့် ပိုင်ဆိုင်မှုအထောက်အထားပြသ၍ ရောင်းချမှုများပြုလုပ်လာသည်ကို တွေ့ရှိနေရသည်။

“တစ်ချိန်တုန်းက ကျွန်မတို့ရွာမှာ မြေလွတ်တွေပေါ့နော်။ အဲဒီမြေတွေက ရှေးလူကြီးတွေကို မေးတော့ သူတို့မှတ်မိသလောက်က ရွာပိုင်မြေလို့ပြောကြတယ်။ အခုကျတော့ အဲဒီနေရာတွေက ခြံမြေပိုင်ရှင်တွေ ရှိလာတော့ သူတို့ကိုမေးကြည့်တော့ ဟိုအရင်အုပ်ချုပ်ရေးမှုးတွေ စာရေးတွေဆီက ဝယ်ထားကြတယ်လို့ပြောတယ်။ နောက်ပြီး ပြေစာတွေလဲ ထုတ်ယူထားတော့ ခြံမြေပိုင်ရှင်တွေ ဖြစ်သွားကြတယ်”ဟု ကျိုက်မရောမြို့နယ်မှ ရပ်ကျေးအုပ်ချုပ်ရေးမှုးတစ်ဦးက ပြောသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် မော်လမြိုင်ပြည်သူလူထုများ တွေ့ဆုံပွဲကို မေလ ၇ ရက် နံနက် ၁၀ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌လည်းကောင်း၊ အလားတူပင် ချောင်းဆုံမြို့နယ်၊ ကျိုက်မရောမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်တွင်လည်းကောင်း လူထုတွေ့ဆုံပွဲများ ပြုလုပ်ခဲ့သည်။

About မွန်သတင်းအေဂျင်စီ

Check Also

မွန်ပြည်နယ်ရောက်ရွေ့ပြောင်းများအား အိမ်ထောင်စုစာရင်း ၄၀ဝ၀ နီးပါး တရားဝင်ထုတ်ပေးခဲ့

အစိုးရသစ်လက်ထက်တွင် မွန်ပြည်နယ်အတွင်းရှိ အိမ်ထောင်စုစာရင်း ၃၄၀ဝ ကျော် တရားဝင်ထုတ်ပေးခဲ့ရာတွင် လူဦးရေတစ်သောင်းကျော်ရှိကြောင်း မွန်ပြည်နယ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန(လဝက) မှသိရသည်။ Related

Leave a Reply

%d bloggers like this: