spot_img
Tuesday, April 16, 2024
More
    spot_img
    Homeဆောင်းပါးအစိုးရနှစ်ရပ်ဆိုသည့်အမြင်အပေါ် ငြိမ်းချမ်းရေးလမ်းနှစ်သွယ်ဖြစ်သွားတာလား

    အစိုးရနှစ်ရပ်ဆိုသည့်အမြင်အပေါ် ငြိမ်းချမ်းရေးလမ်းနှစ်သွယ်ဖြစ်သွားတာလား

    -

    ရန်ကုန်မြို့တော်ဝင်နှင်းဆီတွင် ပြီးခဲ့သည့်ဧပြီလ ၂၁ ရက်နေ့က ကျင်းပသည့် ဟံသာဝတီဦးဝင်းတင်ကွယ်လွန်ခြင်း သုံးနှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားနှင့် စနေစာပေဝိုင်းမှာ ဒီမိုကရေစီတပ်မတော်ဆိုသည့် စာတမ်းဖတ်ကြားသူ စာရေးဆရာ ဦးသန်းစိုးနိုင်က “ဗမာပြည်မှာ အစိုးရတစ်ရပ်မဟုတ်ဘူး၊ အစိုးရနှစ်ရပ်ဖြစ်နေတယ်၊ ဒီမိုကရေစီပြည့်ဝတဲ့ နိုင်ငံမှာဆိုရင် စစ်တပ်က အစိုးရကို နာခံရမှာ။ အခုကျတော့ ပြည်သူလူထုတင်မြှောက်လိုက်တဲ့အစိုးရကပဲ စစ်တပ်ကို နာခံရမလိုအနေအထားတွေ ဖြစ်နေတယ်။ ဒါက ၂၀ဝ၈ အခြေခံဥပဒေနဲ့အတူ ကျွန်တော်တို့ပြုပြင်သင့်တဲ့ အရာတွေဖြစ်တယ်”ဟု ဆိုခဲ့ပါသည်။

    ထို့အတူ NCA လက်မှတ်မထိုး/ လက်မှတ်ရေးထိုးပြီးခေါင်းဆောင်တွေကပါ အဆိုပါအစိုးရနှစ်ရပ်ဆိုသည့်အမြင်ကို မကြာသေးခင်က ထောက်ပြခဲ့ဘူးသည်။ “ကျနော်တို့ NCCT နဲ့ သွားတဲ့လမ်းကြောင်း NCA လက်မှတ်ရေးထိုးရေး ဒီကိစ္စတွေဟာ အင်မတန်ရှုပ်ထွေး၊ အင်မတန်မှလည်း လေးနက်တဲ့ ကိစ္စဖြစ်ပါတယ်။ ဒီနေရာမှာ မတူကွဲပြားမှု၊ အဖွဲ့အသီးသီးရဲ့ စဉ်းစားမှု မတူညီလို့ အခုအထိ ကျနော်တို့ တစ်စုတစ်စည်းတည်း အပစ်ခတ်ရပ်စဲရေးကို မလုပ်နိုင်ခဲ့တာဖြစ်ပါတယ်၊ မလုပ်နိုင်ခဲ့တာလည်း အစိုးရပေါ်မှာလည်း မူတည်တယ်။ အခု မြန်မာနိုင်ငံကို အုပ်ချုပ်နေတဲ့ အစိုးရဟာ အားလုံး သိတဲ့အတိုင်း နှစ်ခုဖြစ်နေပါတယ်။ တစ်ခုတည်းမဖြစ်လို့ ဆွေးနွေးရာမှာ တော်တော်ပဲ မပြေမလည်ဖြစ်ပြီး တော့ အခက်အခဲ ပေါင်းစုံကို ကျော်ဖြတ်နေရတာ ဖြစ်တယ်” ဟု ဧပြီလ ၈ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာကျင်းပသည့် တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့များ ထိပ်သီးအစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သူ UNFC ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောသည်။

    ၂၁ ရာစုပင်လုံညီလာခံတက်ရောက်ခဲ့သည့် EAOs ခေါင်းဆောင်များ(BNA)

    အလားတူ NCA လက်မှတ်ရေးထိုးထားသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်ကလည်း “NLD အစိုးရတက်လာတာပေါ့။ သူတို့က ပြည်သူကနေ ရွေးချယ်ပြီး တက်လာတဲ့ အစိုးရ ဖြစ်ပါတယ်။ နိုင်ငံတကာ အနေနဲ့ ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံဟာ အရပ်သား အစိုးရအနေနဲ့ ရပ်တည်နေပြီ။ တကယ်တမ်းလက်တွေ့ကျတော့ စစ်အစိုးရကပဲအာဏာကို ဆုပ်ကိုင်ထားတာ တွေ့ရတယ်။ အဲဒါကို ချုပ်ပြီး ကြည့်မယ်ဆိုရင် ဒီအချိန်မှာ အစိုးရ နှစ်ရပ် ရှိနေတယ်လို့ ပွင့်ပွင့်လင်းလင်း မြင်နိုင်ပါတယ်။ အဲဒါ ကျနော်တို့ ပြန်ပြီး ချင့်ချိန်ကြည့်မယ်ဆိုရင် ပြည်သူအစိုးရနဲ့ စစ်အစိုးရကို ကျနော်တို့က ဘယ်သူ့ကို ပိုပြီး ပူးပေါင်းလုပ်ဆောင်မလဲဆိုတာ စဉ်းစားရမယ်” ဟု အထက်ပါ တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့များ၏ ထိပ်သီးအစည်းအဝေး အခမ်းအနားဖွင့်ပွဲမှာ အတိအလင်း ထောက်ပြခဲ့သည်ကိုလည်း သတိပြုရပါမည်။

    တဖက်တွင်လည်း တစ်နိုင်ငံလုံးဆိုင်ရာပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လမ်းကြောင်းပေါ် တိုင်းရင်းသားလက်နက်ကိုင်များအားလုံးလိုက်ပါနိုင်ရန် အစိုးရကြိုးပမ်းနေချိန်မှာ တပ်မတော်၏ငြိမ်းချမ်းရေးမူ ၆ ချက်ကလည်း အကြိမ်ကြိမ် ထပ်ခါတလည်း သတိပေးနေပြန်သည်။ မြောက်ပိုင်းဒေသရှိ တိုင်းရင်းသားဒေသအပေါ် ပိုမိုပြင်းထန်သည့် တပ်မတော်ထိုးစစ်ဆင်နေတာကိုတော့ အစိုးရအနေဖြင့် တစုံတရာမှတ်ချက်ပြုပြောဆိုခဲ့တာမရှိဘဲ NCA လက်မှတ်ရေးထိုးဖို့ကိုသာ အတန်တန်နားချနေတာက ဝေဖန်ပြောဆိုစရာလည်း ဖြစ်နေပါသည်။

    သင်္ကြန်မတိုင်မီ ဘီဘီစီသတင်းဌာနနှင့်တွေ့ဆုံမေးမြန်းခန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ”ဖွဲ့စည်းပုံအခြေခံဥပဒေမှာ စစ်ရေးစစ်ရာကိစ္စတွေကို တပ်မတော်ကသာ စီမံခန့်ခွဲပိုင်ခွင့် ပြဋ္ဌာန်းထားတယ်လေ။ ဒါကြောင့်လည်း ကျွန်မတို့အနေနဲ့ အခြေခံဥပဒေကို ပြောင်းဖို့ကြိုးစားနေတာပေါ့။ အခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့ဆိုတာ ကျွန်မတို့ရဲ့ ရည်မှန်းချက်တွေထဲက တစ်ခုပေါ့။ ဘာဖြစ်လို့လဲဆိုတော့ NCA ရဲ့ နောက်ဆုံးပန်းတိုင်က ဖက်ဒရယ်စနစ်အခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြဋ္ဌာန်းနိုင်ဖို့လေ”ဟု ဆိုခဲ့သည် မဟုတ်ပါလား။

    မကြာသေးမီက ကျင်းပသည့် ရှမ်းနိုင်ငံရေးပါတီများနှင့် ရှမ်းလက်နက်ကိုင် တပ်ဖွဲ့များ၏ ရှမ်းပြည်ညီညွတ်ရေး ကော်မတီ (CSSU) နှစ်ပတ်လည် အစည်းအဝေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရအနေဖြင့် အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းစဉ်ကို တပ်မတော်နှင့် ရင်ကြားစေ့ရေးကိုသာ ကြိုးပမ်းနေပြီး တိုင်းရင်းသားများနှင့် ရင်ကြားစေ့ရေးကိုလုပ်ဆောင်ရန် လက်နှေးနေသည်ဟု ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးစိုင်းလိတ် သတိပေးပြောကြားခဲ့ဘူးသည်။

    ဟံသာဝတီဦးဝင်းတင်ကွယ်လွန်ခြင်း သုံးနှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားနှင့် စနေစာပေဝိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် NLD နာယက ဦးတင်ဦးက “၂၀ဝ၈ အခြေခံဥပဒေအရ ကာလုံဖွဲ့ထားတဲ့ ၁၁ ယောက်မှာ အများစုဟာ စစ်တပ်ကဖြစ်နေတယ်။ အဲဒီတော့ ကာလုံ ဒီလိုရှိနေသမျှကာလပတ်လုံး စစ်တပ်က ဦးစီးဦးရွက်သွားမယ်။ ပြည်သူလူထုက နောက်ကလိုက်ခဲ့ဆိုတဲ့ ပုံစံပဲ။ တကယ်က ပြည်သူလူထုက ရှေ့ကသွားမယ်၊ စစ်တပ်က ဝန်ထမ်းကောင်းတွေအဖြစ် နောက်ကလိုက်နိုင်မယ်ဆိုတဲ့ ပုံစံမျိုးဖြစ်အောင် ပြုပြင်ရမယ်။ ပြည်သူလူထုမေတ္တာရအောင် ပြန်လည်ပြုပြင်ဖို့ စစ်တပ်မှာ တာဝန်ရှိတယ်”ဟု ဆိုခဲ့သည်မှာ NLD ပါတီ ရပ်တည်ချက်ဟုတ်မဟုတ် သိရန်ခက်ပါသည်။

    ပြီးခဲ့သည့်သီတင်းပတ်အတွင်း နေပြည်တော် သင်္ဂဟဟိုတယ်မှာ ကျင်းပသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် အကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM အပြီးမှာ “တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA မှာပါတဲ့ အချက်တွေကို ပြင်ဆင်ဖို့ လက်မခံကြောင်းနှင့် လက်မှတ်မထိုးရသေးသည့် ကျန်တဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် NCA မှာပါတဲ့အချက်တွေအတိုင်း လိုက်နာကြဖို့” ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက သတိပေးပြောကြားခဲ့ပါသည်။

    ယင်း JICM အစည်းအဝေးတွင်ပင် “အချုပ်ပြောရပါက NCA ကို ပေတံအဖြစ်တိုင်းပါက အားလုံးက နည်းနည်း ခြင်းစီဖြင့် စပြီးလွဲနေပြီးဖြစ်သည့်အတွက် ယင်းတို့ကို ယခုမပြင်ပါက ကြာလေပိုလွဲလေ ဖြစ်နေမည်ဖြစ်ကြောင်း၊ ၎င်းတို့ကို အားလုံးက လေးလေးနက်နက်ပြန်လည် သုံးသပ်ရန်လိုအပ်ကြောင်း၊ ထို့ကြောင့် မိမိတို့ဘက်က NCA အကောင်အထည် ဖော်မှုကို ပြန်လည်သုံးသပ်ရန်၊ Bilateral agreement ကို ပြန်လည်သုံးသပ်ရန်၊ နှစ်ဘက်သဘောတူညီထားမှုများမှ ဆက်ရှိနေသေးသည်၊ လွဲချော်သွားပြီဆိုသည်ကို ပြန်လည်သုံးသပ်ရန်လည်း တောင်းဆိုပါကြောင်း၊ JICM မှ လမ်းညွှန်ဆုံးဖြတ်ချက် ချပေးပါရန် တင်ပြလိုပါကြောင်း၊ Tailor make လို့ခေါ်တဲ့ လိုချင်တာကို ယူလာပြီး Dialogue မဆန်တဲ့ အစည်းအဝေးမှာ အတည်ပြုတဲ့နည်းနဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ နက်ရှိုင်းတဲ့ နိုင်ငံရေးပြဿနာကို ဖြေရှင်းလို့ မရဘူးလို့ ယုံကြည်ပါတယ်” ဟု KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖို့က ပွင့်ပွင့်လင်းလင်း တင်ပြခဲ့သည်ကိုတော့ ပို၍ပို၍ သတိပြုမိပါသည်။

    သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ စတင်ဖိတ်ခေါ်သည့်နေ့မှ အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT တို့ကြား ၂၀၁၅ ခုနှစ် မတ်လ ၃၁ ရက်နေ့ NCA မူကြမ်းရေးဆွဲပြီးချိန်ထိ ရက်ပေါင်း ၁၄၅၀ အချိန်ယူခဲ့ရသည်။ အဆိုပါ မူကြမ်း ဆက်လက်အချောသပ်ဖို့ အစိုးရက အချိန်မပေးတော့ဘဲ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့မှာ EAOs ၈ ဖွဲ့တို့ NCA လက်မှတ်ရေးထိုးခဲ့ပြီးဆိုပေမယ့် လက်ရှိ NCA ဟာ မူကြမ်းအဆင့်သာဖြစ်နေသေးသည်ဟု UNFC ဒုဥက္ကဌနိုင်ဟံသာက သတင်းထောက်များအား ပြောဆိုလေ့ရှိသည်။

    တဖက်တွင်လည်း NCA ရေးထိုးပြီး လက်ရှိငြိမ်းချမ်းရေးညီလာခံကျင်းပနေပုံမှာ နဝတလက်ထက် ၁၉၉၃ ခုနှစ်မှ ၁၄ နှစ်ကြာကျင်းပခဲ့သည့် ညောင်နှစ်ပင်-အမျိုးသားညီလာခံနှင့် အတူတူပင်ဖြစ်နေကြောင်း UWSA ဝပြည်သွေးစည်းညီညွတ်ရေးခေါင်းဆောင် ပေါက်ယူချန်းက ထောက်ပြနေပြီး ဝတပ်ဖွဲ့ဦးဆောင်သည့် “ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ”က NCA ကိုလုံးဝလက်မခံသော ပန်ခမ်းလမ်းကြောင်းနှင့် UNFC လက်ရှိဆက်လက်လျှောက်လှမ်းနေသည့် NCA တို့ လမ်းနှစ်သွယ်ဖြစ်ပေါ်နေသည့်အတွက် ဒင်္ဂါးပြားတစ်ခုတွင် ခေါင်းနဲ့ပန်းပမာ ဖီလာဆန့်ကျင်ဖြစ်နေသည်ကို အားလုံးအသိပင်ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် UNFC အဖွဲ့ဝင်အချို့တွင်လည်း ပန်ခမ်းလမ်းကြောင်းလမ်းကြောင်းကို လိုက်ပါမည့်အခြေအနေများသိရှိနေရသဖြင့် အကယ်၍ NCA လက်မှတ်ရေးထိုးဖြစ်သည့်အခါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မည်မျှပါဝင်လာမည်ကို စောင့်ကြည့်နေရဦးမည်ဖြစ်ပါကြောင်း။

    ညွှန်း
    -သတင်းများ

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,300SubscribersSubscribe
    spot_img

    Latest posts