spot_img
Thursday, April 18, 2024
More
    spot_img
    Homeမေးမြန်းချက်TNLA နိုင်ငံခြားရေးဌာနမှူး တာပန်လ အားဆက်သွယ်မေးမြန်းချက်

    TNLA နိုင်ငံခြားရေးဌာနမှူး တာပန်လ အားဆက်သွယ်မေးမြန်းချက်

    -

    ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)မှ တွဲဖက်အထွေထွေအတွင်းရေးမှူး-၂ လည်းဖြစ် နိုင်ငံခြားရေးဌာနမှူးလည်းဖြစ်သူ တာပန်လအား မွန်သတင်းအေဂျင်စီ MNA အလွတ်တန်းသတင်းထောက် ချစ်မင်းထွန်း ဆက်သွယ်မေးမြန်းသည်။

    MNA-ပန်ခမ်းအစည်းအဝေးက NCA လက်မှတ်မထိုးဖို့နဲ့ စာချုပ်အသစ်ဖော်ဆောင်ဖို့ သဘောတူခဲ့တယ်။ အစိုးရ ဘက်က NCA လမ်းကြောင်းပေါ်လာဖို့ ပြောတယ်။ဒီနှစ်ချက်အပေါ် ဘယ်လို စေ့စပ်ညှိနှိုင်းသွားဖို့ရှိပါသလဲ။

    TNLA နိုင်ငံခြားရေးဌာနမှူး တာပန်လ(internet)

    TNLA-မြန်မာအစိုးရဘက်က NCA လမ်းကြောင်းပေါ်လာဖို့ နှုတ်ဖြင့် တဖွဖွပြောဆိုနေပေမယ့်လည်း NLD အစိုးရမှာ ပြည်တွင်းစစ်ရပ်စဲရေးကိစ္စမှာ ထဲထဲဝင်ဝင် ပါဝင်ပြီး ဆုံးဖြတ်ပိုင်ခွင့် ရရှိမထားပါဘူး။ မြန်မာနိုင်ငံ ပြည်တွင်းစစ်ရပ်စဲရေးကိစ္စမှာ မြန်မာ့တပ်မတော်ကသာလျင် အပြည့်အဝ ဆုံးဖြတ်ပိုင်ခွင့်ရှိထားတာပါ။ ဒါကြောင့် “အစိုးရဘက်က NCA လမ်းကြောင်းပေါ်လာဖို့ ပြောနေတဲ့ကိစ္စ” သူတို့ဆန္ဒကို သူတို့ဖော်ပြဖော်ထုတ် တဲ့ အဆင့်ထက် ပိုပြီး လေးနက်မှု မရှိပါဘူး။

    ပန်ခမ်းအစည်းအဝေး ရပ်တည်ချက်ဖြစ်တဲ့ စာချုပ်အသစ် ဖော်ဆောင်ဖို့ ကိစ္စကတော့ ဧပြီလ(၁၉) ရက်က ထုတ်ပြန်တဲ့ ပန်ခမ်းအစည်းအဝေး ထုတ်ပြန်ကြေညာချက်ရဲ့ အပိုဒ် (၇)မှာ ဖော်ပြထားတဲ့ အတိုင်းပါပဲ။ ကျွန်တော်တို့ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ ကနေ မြန်မာအစိုးရနှင့် မြန်မာ့တပ်မတော်ထံ ကျွန်တော်တို့ လိုလားတဲ့ မြန်မာနိုင်ငံ ပြည်တွင်းစစ်ကို အမှန်တကယ် ချုပ်ငြိမ်းစေမယ့် စာတမ်းကို ပေးပို့သွားမှာဖြစ်ပြီးတော့ ဒီအပေါ်မှာ ဆက်လက်ညှိနှိုင်းဖို့ လိုအပ်လာမယ်ဆိုရင် ဆက်လက် ဆွေးနွေး ညှိနှိုင်းသွားမှာဖြစ်ပါတယ်။

    MNA-ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၇ က ငြိမ်းချမ်းရေးနှစ်လို့ ပြောထားတယ်။ ဆရာတို့ ဘက်ကကော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင်ပြေဖို့အတွက် ဘယ်လိုပုံစံနဲ့ ချဉ်းကပ်သွားမလဲ။

    TNLA-ကျွန်တော်တို့ PSLF/TNLA အနေနဲ့ ကျွန်တော်တို့ ဒေသအတွက်သာမက မြန်မာပြည် မြောက်ပိုင်း တစ်ခုလုံး မြန်မာနိုင်ငံတစ်ဝှမ်းလုံး နိုင်ငံရေး သဘောတူညီမှု မရရှိခြင်းကြောင်း ဆက်လက်ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်မီးကို အဆုံးသတ်နိုင်ဖို့ စဉ်ဆက်မပြတ် တောက်လျှောက် ကြိုးပမ်းခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်၊ ဇူလိုင် လတွင် ဝန်ကြီး ဦးအောင်မင်းဦးဆောင်တဲ့ UPWC နဲ့ မူဆယ်မြို့တွင် တစ်ကြိမ်၊ အဲဒီနောက် တရုတ်နိုင်ငံ၊ ရွှေလီ မြို့တွင် တစ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ထိုနောက် ၂၀၁၄ ခုနှစ်၊မေလလယ်ပိုင်းမှာလည်း မြစ်ကြီးနားမှာ ကိုယ်စားလှယ်အဖွဲ့ဝင် (၆)ဦး ရောက်ရှိပြီးတော့ တွေ့ဆုံနိုင်ဖို့ ကျန်တော်တို့ ကြိုးပမ်းခဲ့ပါတယ်။

    ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလမှာလည်း PSLF/TNLA မှ သမ္မတကြီး ဦးသိန်းစိန်ထံ ဒေသအတွင်း စစ်ရေး တင်းမာမှု လျော့ချနိုင်ရန် နှစ်ဖက်တွေ့ဆုံ ညှိနှိုင်းဖို့အတွက် စာနှစ်စောင် ပေးပို့ခဲ့ပါတယ။ သူသက်တမ်း ဆုံးသွားတဲ့အထိ အကြောင်းပြန်စာ ပြန်လည်ပေးပို့ခြင်း မရှိခဲ့ပါဘူး။ NCA ဖြစ်စဉ်မှာလည်း ၂၀၁၃ ခုနှစ် ကတည်းမှ ၂၀၁၅ ခုနှစ် NCA လက်မှတ် မရေးထိုးမီအထိ တောက်လျောက် ပါဝင်ကြိုးပမ်းခဲ့ပါတယ်။ သို့သော် အဆုံးမှာတော့ မြန်မာ အစိုးရဘက်ကနေပြီးတော့ ကျွန်တော်တို့ ညီနောင်အဖွဲ့အစည်းတွေကို NCA ဖြစ်စဉ်မှာ ပါဝင်ဖို့ ငြင်းပယ်ခဲ့ပါတယ်။

    ဆိုလိုတာကတော့ PSLF/TNLA အနေနဲ့ကတော့ နိုင်ငံရေးကြောင့် ဖြစ်ပွားနေရတဲ့ စစ်ပွဲတွေကို အဆုံးသတ်ဖို့ အပစ်အခတ်ရပ်စဲရေးလုပ်နိုင်ဖို့ ယခင်ကလည်း စဉ်ဆက်မပြတ် ကြိုးပမ်းခဲ့တယ်။ အနာဂါတ်မှာလည်း မူဝါဒ မပြောင်းလဲပဲ ဆက်လက်ပြီးတော့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

    MNA-ဆရာတို့ NCA လမ်းကြောင်းပေါ် လာနိုင်ဖို့အတွက်ဆိုရင် အစိုးရနဲ့ တပ်မတော်ဘက်က ဘယ်လို လမ်းကြောင်း တွေ ဖွင့်ပေးထားဖို့ လိုအပ်မလဲ။လမ်းကြောင်းဖွင့်ပေးထားရင် NCA လမ်းကြောင်းပေါ်ကို လာဖို့ ရှိပါသလား။

    TNLA-ဒီ ၂၀၁၇ ခုနှစ် နှစ်ဦးပိုင်းအထိ PSLF/TNLA အနေနဲ့ အားလုံးပါဝင်ရေးမူနှင့် UNFC အဆိုပြုချက် (၉) ချက်ဖြင့် NCA လမ်းကြောင်းပေါ် လိုက်ဖို့ သဘောထားရှိပါတယ်။ သဘောထား ထုတ်ပြန်ချက်တွေလည်း ထုတ်ပြန်ထားတာ ရှိပါတယ်။ NCA စာချုပ်ဟာ အားနည်းမှုများဖြင့် ပြည့်နှက်နေပြီးတော့ စစ်ပွဲတွေ မရပ်စဲ ပေးနိုင်ဘူးဆိုတာ ကျွန်တော်တို့ အားလုံးနားလည်ကြပါတယ်။ တကယ်လက်တွေ့ မြေပြင်မှာလည်း NCA စာချုပ် ချုပ်ဆိုထားတဲ့ အဖွဲ့တွေနဲ့တောင်မှ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲပဲဆိုတာ အားလုံးအမြင်ပါပဲ။ သို့သော် ပြည်တွင်းစစ်မီး ချုပ်ငြိမ်းလိုသည့် ဆန္ဒနဲ့ NCA လမ်းကြောင်းပေါ် လိုက်ခဲ့ဖို့ ကျန်တော်တို့ ကြိုးစားခဲ့ပါတယ်။

    အခုအချိန်မှာတော့ မြန်မာနိုင်ငံပြည်တွင်းစစ်ကို အမှန်တကယ် ချုပ်ငြိမ်းစေမယ့် တတိယအကြိမ် EAROs ပန်ခမ်း ရပ်တည်ချက်အတိုင်း ရပ်တည်ကြဖို့ ကျွန်တော်တို့ မဟာမိတ်အဖွဲ့အစည်းများနှင့်အတူ သဘော တူညီခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် PSLF/TNLA အနေနဲ့ NCA ထက် ပိုမိုကောင်းမွန်တဲ့ လမ်းကြောင်းကိုပဲ လိုက်သွားမှာ ဖြစ်ပါတယ်။

    MNA-NCA က ငြိမ်းချမ်းရေးအတွက် တစ်ခုတည်းသော လမ်းကြောင်းလို့ ပြောကြတယ်။ ပြည်ထောင်စု နိုင်ငံရေး ညှိနှိုင်းဆွေးနွေးရေး ကော်မတီက NCA က ငြိမ်းချမ်းရေးရအောင် အကောင်အထည် မဖော်ပေးနိုင်ဘူးလို့ဆို တယ်။ဘယ်လို အကြောင်းအရာတွေကြောင့်လဲ။

    TNLA-တစ်ခုတည်းသော လမ်းကြောင်းဆိုတာ မရှိပါဘူး။ တိုင်းပြည်ငြိမ်းချမ်းဖို့ ပြည်တွင်းစစ်မီး ငြိမ်းဖို့အတွက် ဆိုရင် တစ်ခုတည်းသော် လမ်းကြောင်းနဲ့ ပိတ်ဆို့ထားလို့ မရပါဘူး။ ရှိသမျှ အကောင်းဆုံး လမ်းကြောင်းတွေ ဖွင့်ထားရမှာ ဖြစ်ပါတယ်။ NCA စာချုပ်ဟာ ဘယ်အချိန်မှာပဲ ဖွင့်ဖတ်ကြည့်ကြည့် အားနည်းချက်များ ပြည့်လျှံ နေပါတယ်။ NCA စာချုပ်သည် မြန်မာ့အစိုးရမှ အဆိုပြုသည့် NCA မူကြမ်း (၄)စောင်၊ EAOs ဘက်က အဆိုပြု တဲ့ NCA မူကြမ်း (၁) စောင် စုစုပေါင်း (၅) စောင်ကို တစ်စောင်တည်းဖြစ်အောင် စုပေါင်းရေးသားကြသည့် အပြင် မြန်မာတပ်မတော်မှလည်း မူဝါဒ(၆) ရပ်အား NCA တွင် ဖြည့်စွက်ရေးကြသည့်အတွက် NCA ဖြစ်စဉ် သည် အားနည်းချက် များလွန်းတယ်။ NCA လက်မှတ်ရေးထိုးကြပြီးနောက် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေ ခြင်း အပါအဝင် NCA စာချုပ်အား အသုံးချပြီး အချို့သော EAO အဖွဲ့စည်းမှ နယ်မြေကျူးကျော် လှုပ်ရှားလာ ခြင်း၊ အရပ်သား ပြည်သူများအား ဖမ်းဆီးနှိပ်စက်ခြင်း၊ မတရားသတ်ဖြတ်ခြင်းများ ရှိနေသော်လည်း NCA စာချုပ်သည် ဖြေရှင်းချက် မပေးနိုင်ပဲ ယခင်က ထက်ပို၍သာ ပြည်တွင်းစစ်မီး လောင်ကျွမ်းစေခဲ့ပါတယ်။ ဒါကြောင့် NCA က ငြိမ်းချမ်းရေးရအောင် အကောင်အထည် မဖော်ပေးနိုင်ဘူးလို့ ပြောဆိုတာ ဖြစ်ပါတယ်။ တရားမျှတမှုရှိတဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်တစ်ခုနဲ့ ကျော်လွှားဖို့ အလုပ်ဆက်လုပ်ဖို့ ပြောဆိုကြတာ ဖြစ်ပါတယ်။

    MNA-ဆရာတို့ အဖွဲ့အပါအဝင် AA၊ MNDAA နဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ ဆွေးနွေးကြရာမှာ “လက်နက်ကိုင် လမ်းစဉ်နဲ့ လက်နက်ကိုင်ပဋိပက္ခ”ဆိုတဲ့ အချက်လေးပဲ ညှိနှိုင်းစရာ ကျန်တော့တယ်။ဒီအချိန်မှာ UWSA ဦးဆောင်တဲ့ လမ်းကြောင်းဘက်ကို ပြောင်းသွားတာ ဘယ်လိုကြောင့်လဲ။

    TNLA-ဒီထုတ်ပြန်ချက်ကို ထုတ်ပြန်ပေးဖို့ အဆိုပြုတာ ငြိမ်းချမ်းရေးကော်မရှင်ပါ၊ ကျွန်တော်တို့ မဟုတ်ပါဘူး။ ဒီကျွန်တော်တို့ အဖွဲ့တွေကိုမှ ခွဲခြားပြီးတော့ ဒီထုတ်ပြန်ချက် ထုတ်ပြန်ဖို့ ဖိအားပေးတာကို ကျွန်တော်တို့ လက်မခံ နိုင်ပါဘူး။ ဒီလမ်းကြောင်းက အလုပ်မဖြစ်နိုင်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ PSLF/TNLA အနေနဲ့ ထုတ်ပြန်ချက်ထုတ်ရန် မဆိုနဲ့ဦး လွန်ခဲ့တဲ့ (၂၉.၄.၂၀ဝ၅) မှာ ကျွန်တော်တို့ ပလောင် တပ်မတော်က အစိုးရထံလက်နက်အပ်နှံခြင်း၊ လက်နက်ကိုင် လမ်းစဉ်စွန့်လွတ်ခြင်းများ ပြုလုပ်ခဲ့ပြီးပါပြီ။ ဒီလို DDR လုပ်လိုက်ရုံဖြင့် ကျွန်တော်တို့ တအာင်း(ပလောင်)အမျိုးသားတွေက ဖိနှိပ်မှုအောက်ကနေ မလွတ်မြောက်နိုင် ပါဘူး။ ပိုမို၍သာ ဖိနှိပ်မှုမျိုးစုံ ခံစားစေခဲ့ရတယ်။ အနိုင်ကျင့်မှုမျိုးစုံ ခံစားစေခဲ့ရတယ်။ တအာင်း(ပလောင်) လူမျိုးသုဉ်းလုမတတ် ခံစားစေခဲ့ရတယ်။

    ဒါကြောင့် ကျွန်တော်တို့ဟာ ယခင်ကထက် ပိုမိုအားကောင်းတဲ့ တအာင်းတပ်မတော်ကို ပြန်လည် တည်ဆောက်ပြီး ကျွန်တော်တို့ လူမျိုးရဲ့ နိုင်ငံရေး ဦးတည်ချက်ကို ရရှိအောင် ဖိနှိပ်မှုမှ လွတ်မြောက်အောင် ဆက်လက်ကြိုးပမ်းနေခြင်းဖြစ်တယ်။

    ဘာကြောင့် ဒီအချိန်မှာ UWSA ဦးဆောင်တဲ့ လမ်းကြောင်းဘက်ကို ပြောင်းသွားတာလဲဆိုတော့ UWSA တို့ လျှောက်လှမ်းခဲ့တဲ့ လျှောက်လှမ်းနေတဲ့ လမ်းကြောင်းက စစ်ပွဲတွေကို ရပ်နိုင်ဖို့ ခိုင်မာတာကြောင့်လို့ ပြောချင် ပါတယ်။ သာဓကအားဖြင့် ကြည့်မယ်ဆိုရင် UWSA တို့ ဟိုး ၁၉၈၉ ခုနှစ်ကတည်းက တည်ဆောက်ခဲ့တဲ့ ပြုလုပ် ခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ငြိမ်းချမ်းရေးစာချုပ်ဟာ ယနေ့အထိ သေနတ်တစ်ချက်မှ မပေါက်ပဲ (၂၈)နှစ် တိုင်တိုင် ခိုင်မာနေဆဲဖြစ်တယ်။ UWSA တို့ လျှောက်လှမ်းခဲ့တဲ့၊လျှောက်လှမ်းနေတဲ့ လမ်းကြောင်းက စစ်ပွဲတွေ ကို ရပ်တန့်နိုင်ရုံမက ‘ဝ’ ပြည်ကိုလည်း တိုးတက်ဖွံ့ဖြိုးစေပြီး အဆင့်အတန်း မြင့်မားစေပါတယ်။ ဒါကြောင့် PSLF/TNLA မှ UWSP/UWSA တို့ ဦးဆောင် လျှောက်လှမ်းတဲ့ လမ်းကြောင်းကို ယုံကြည်မှု အပြည့်အဝနဲ့ ခိုင်ခိုင်မာမာနဲ့ အတူတကွ လိုက်ပါတာဖြစ်တယ်။

    မြန်မာအစိုးရ၊ မြန်မာ့တပ်မတော်တို့ရဲ့ စစ်ရေး၊ နိုင်ငံရေး ဖိအားပေးမှု ထိုးစစ်ဆင် တိုက်ခိုက်နေမှု တွေကို ခုခံကာကွယ်နိုင်ဖို့ ကျွန်တော်တို့ ဘဝတူ လူမျိုးစု EAROs အဖွဲ့အစည်းတွေ စုစည်းပြီး အတူတကွ ရပ်တည်ကြဖို့ စုစည်းလိုက်တာလည်း ဖြစ်ပါတယ်။

    MNA-ဖယ်ဒရယ်ပြည်ထောင်စုကို ပြောတဲ့နေရာမှာ သုံးမျိုးခွဲနေတာ တွေ့ရတယ်။အစိုးရ ဒီမိုကရေစီဖယ်ဒရယ်၊ EAOs က ဖယ်ဒရယ်ဒီမိုကရေစီ၊ တပ်မတော်က ၂၀ဝ၈ ဖွဲ့စည်းပုံ ဒီအပေါ်မှာ ဘယ်လို စေ့စပ်ညှိနှိုင်းသွားဖို့ စဉ်းစားထား ပါသလဲ။

    TNLA-၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကတော့ လွန်ခဲ့တဲ့ ၂၀ဝ၈ ခုနှစ်ကတည်းက PSLF အနေဖြင့် ၂၀ဝ၈ ဖွဲ့စည်းပုံကို လက်မခံနိုင်ကြောင်း ကျွန်တော်တို့ အတိအလင်း ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် တပ်မတော်က လိုလားနေတဲ့ ဒီ ၂၀ဝ၈ ဖွဲ့စည်းပုံ ဒီအပေါ်မှာ စေ့စပ်ညှိနှိုင်းသွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ လက်မ ခံ နိုင်ပါဘူး။ မြန်မာပြည် တစ်တိုင်းတစ်ပြည်လုံးကလည်း ဒီ ၂၀ဝ၈ ဖွဲ့စည်းပုံကို မလိုလားကြပါဘူး။

    ဒီမိုကရေစီဖယ်ဒရယ်၊ ဖယ်ဒရယ်ဒီမိုကရေစီပဲပြောပြော ဒီစကားလုံးနှစ်ခု အသုံးအနှုန်းအပေါ်မှာတော့ အငြင်းမပွားလိုပါဘူး။ ကျွန်တော်တို့ လိုချင်တာ ဦးတည်တာကတော့ –

    (၁) တအာင်း(ပလောင်)တမျိုးသားလုံး အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေး။
    (၂) ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အာမခံသည့် တအာင်းပြည်နယ် တည်ဆောက်ရေး။
    (၃) အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးတို့ ပဲဖြစ်ပါတယ်။

    MNA-နောက်ဆုံး ဖယ်ဒရယ်ပြည်ထောင်စုအရေးကို ညှိနှိုင်းတဲ့အခါမှာ ထင်မှတ်ထားတဲ့ ရလာဒ်ကောင်း မထွက်လာဘူး ဆိုရင် ဘယ်လိုပုံစံနဲ့ ဆက်လက် ညှိနှိုင်းသွားဖို့ စဉ်းစားထားပါသလဲ။

    TNLA-ရလာဒ်ကောင်းတွေ ရရှိအောင် မူဘောင်တွေ အသေအချာရေးဆွဲပြီးတော့ တင်ကြိုကန့်သတ်မှုတွေ မထားရှိပါပဲနဲ့ ပွဲတော်ကဲသို့ လူအများကြီးနဲ့မဟုတ်ပဲ အဓိက Key Player တွေပဲ ထိုင်ပြီးတော့ ညှိနှိုင်းလိုက်ရင် တိုင်းပြည် လူထုတစ်ခုလုံး မျှော်မှန်းတဲ့ ငြိမ်းချမ်းစွာ အတူတကွ လက်တွဲပြီးနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ ဖွဲ့စည်းပုံတစ်ခု မုချှရရှိမယ်လို့ ယုံကြည်မျှော်မှန်း စဉ်းစားထားပါတယ်။

    MNA-၂၁ ရာစုပင်လုံညီလာခံမှာ အစိုးရဘက်က တက်ရောက်ခွင့်ပြုရင် တက်ရောက်ဖို့ ရှိပါသလား။

    TNLA-၂၁ ရာစုပင်လုံညီလာခံ တက်ရောက်ဖို့ကိစ္စမှာလည်း စတုတ္ထအကြိမ် မျက်နှာစုံညီ အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်အတိုင်း ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ ရဲ့ အဆုံးအဖြတ်နဲ့ပဲ တက်ရောက် ဖိ်ု့ ကိစ္စဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။

    MNA-ဟုတ်ကဲ့ အခုလိုအချိန်ပေး ဖြေကြားပေးတဲ့အတွက် အထူးပဲကျေးဇူးတင်ပါတယ်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts