မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / မွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေး / မော်လမြိုင်- ဘီလူးကျွန်းနတ်မှော် ဇက်ရေယာဉ်ရပ်နား

မော်လမြိုင်- ဘီလူးကျွန်းနတ်မှော် ဇက်ရေယာဉ်ရပ်နား

ရေးသားသူ:

ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း) ဖြတ်သန်းသွားလာနိုင်ပြီဖြစ်သဖြင့် မော်လမြိုင်- နတ်မှော်သို့ ပြေးဆွဲနေသည့် ဇက်ရေယာဉ်သည် ယနေ့ ဧပြီလ ၂၈ ရက်နေ့တွင် တရားဝင်ရပ်နား လိုက်ပြီးဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်တွင်းရေကြောင်းပို့ဆောင်ရေး သံလွင်ဌာနခွဲမှ သိရသည်။

မော်လမြိုင်- နတ်မှော်၊ မော်လမြိုင်- ကလွီ သို့ပြေးဆွဲနေသည့်ရေယာဉ်လိုင်းနှစ်ခုအနက် မော်လမြိုင်- နတ်မှော်လိုင်းတွင် ခရီးသည်နှင့် ကုန်စည်လိုက်ပါမှုမရှိတော့သည့်အတွက် ဇက်ရေယာဉ် ရပ်နားခြင်းဖြစ်ကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး သံလွင်ဌာနခွဲ လက်ထောက်အထွေထွေမန်နေဂျာ ဦးလှဝင်းနိုင်က မွန်သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။

မော်လမြိုင်- ဘီလူးကျွန်းနတ်မှော် ဇက်ရေယာဉ်(MNA)

ဦးလှဝင်းနိုင် က “ ဒီကနေ့ ၂၈ ရက်နေ့ကစပြီးတော့ မော်လမြိုင်- နတ်မှော်လမ်းကို ပိတ်သိမ်းလိုက်ပါတယ်၊ မော်လမြိုင်- ကလွီလမ်းကိုတော့ တစ်နေ့ တစ်ခေါက် ဇက်ရေယာဉ် ပြေးဆွဲပေးနေဦးမယ်” ဟုပြောသည်။

ယင်းဆိပ်ကမ်းနှစ်ခုရှိ ဇက်ရေယာဉ် နှစ်စီးတွင် တံတားမဖွင့်ခင်က တစ်နေ့လျှင် နှစ်ခေါက်နှုန်ပြေးဆွဲခဲ့ကာ ယခုအခါ မော်လမြိုင်- ကလွီ ရေယာဉ်လိုင်းတစ်ခုသာ ထားရှိသွားမည်ဖြစ်ရာ တစ်နေ့လျှင် တစ်ခေါက်နှုန်းဖြင့် ဆက်လက်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

သို့ရာတွင် မော်လမြိုင်- ကလွီသို့ ပြေးဆွဲနေသည့် ဇက်ရေယာဉ်အား ခရီးသည်သွားလာမှုအပေါ် မူတည်ပြီး အရင်းငွေပြန်ရမှသာ ဆက်လက်ပြေးဆွဲနိုင်မည်ဖြစ်ကြောင်း ဦးလှဝင်းနိုင်က ဆက်ပြောသည်။

အလားတူ ဧပြီလ ၂၈ ရက်နေ့တွင် မော်လမြိုင်- ဘီလူးကျွန်းသို့ ပြေးဆွဲနေသည့် စက်လှေများ နှင့် ဇက်ရေယာဉ် ခရီးသည်လိုက်ပါစီးနင်းမှု အနည်းငယ်သာ ကျန်ရှိတော့ကြောင်း သိရသည်။

ကညှော်လှေဆိပ်တွင်လှေမောင်းသမား ဦးမောင်နီ က “ လှေနဲ့လူသွားလာမှုပါးလာတယ်၊ လူသွားလာမှုက ဆယ်ပုံတစ်ပုံတောင် မရှိတော့ဘူး” ဟု ပြောသည်။

ယင်းလှေဆိပ်တွင် တစ်နေ့လျှင် ပဲ့ထောင်စက်လှေ ၁၄ စီးခန့်ပုံမှန်ပြေးဆွဲနိုင်သော်လည်း တံတားပေါ်ဖြတ်သန်းနိုင်သည့်အချိန်မှစ၍ ဘီလူးကျွန်း-မော်လမြိုင် စက်လှေပြေးဆွဲသည့်လုပ်ငန်းများ ရပ်စဲရတော့မည့်အနေအထားရှိနေကြောင်း ၄င်းကဆက်ပြောသည်။

စင်္ကာပူနိုင်ငံထက်အနည်းငယ်ပိုကြီးပြီး အကျယ်အဝန်း ဧရိယာ၂၅၄ ဒသမ ဝ၉၈ စတုရန်းမိုင် ကျယ်ဝန်းသည့် ဘီလူးကျွန်းတွင် လူဦးရေ ၁၆၀,ဝ၀ဝ ကျော် နေထိုင်ပြီး ကျေးရွာအုပ်စု ၄၅ အုပ်စုနှင့် ကျေးရွာပေါင်း ၇၈ ရွာဖြင့် ဖွဲ့စည်းထားသည်။

About မွန်သတင်းအေဂျင်စီ

Check Also

မော်လမြိုင်-သံလွင်ဈေး ငါးဒိုင်များကိုဈေးအနောက်ဘက်သို့ ယာယီပြောင်းရွှေ့ရန်စီစဉ်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ သံလွင်ဈေးရှိ ငါးဒိုင်များကို မူလဈေးအနောက်ဘက်ခြမ်း စည်ပင်သာယာပိုင် ကမ်းနားလမ်းမြေနေရာတွင် ယာယီပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သိရသည်။ မွန်ပြည်နယ် အမှတ်(၁) မဲဆန္ဒနယ်မြေ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းဟန်က …

Leave a Reply

%d bloggers like this: