spot_img
Thursday, April 25, 2024
More
    spot_img
    Homeသတင်းNCA မရေးထိုးရသေးသည့်အဖွဲ့များအား အတိုင်းအတာတစ်ခုအထိ ၂၁ ရာစုပင်လုံဒုတိယအစည်းအဝေးပါဝင်ခွင့်ပြုမည်ဟုဆို

    NCA မရေးထိုးရသေးသည့်အဖွဲ့များအား အတိုင်းအတာတစ်ခုအထိ ၂၁ ရာစုပင်လုံဒုတိယအစည်းအဝေးပါဝင်ခွင့်ပြုမည်ဟုဆို

    -

    ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်မရေးထိုးထားသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား အတိုင်းအတာ တစ်ခုအထိ ပါဝင်ခွင့်ပေးမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကျေးလက်တောရွာနေ လူငယ်များ၏ ငြိမ်းချမ်းရေး စကားဝိုင်းတွင် ပြောကြားလိုက်သည်။

    ဒေါ်အောင်ဆန်းစုကြည်က “ဥပမာအားဖြင့် ဆိုလို့ရှိရင် ဒုတိယပင်လုံ အစည်းအဝေး လုပ်ရမယ်။ ဒီဒုတိယ ပင်လုံအတွက်ကို အားလုံး လက်မှတ်ထိုးဖို့အတွက် အမေတို့ စောင့်နေလို့ မဖြစ်ဘူး။ သတ်မှတ်ထားတဲ့ အချိန်မှာ နောက်ထပ် ဒုတိယပင်လုံ လုပ်သွားမှာပဲ။ လုပ်သွားတဲ့ အချိန်မှာ လက်မှတ်ထိုးပြီးသား အဖွဲ့တွေက အပြည့်အဝ ပါဝင်ခွင့်ရမယ်။ လက်မှတ် မထိုးထားသေးတဲ့ အဖွဲ့တွေကို အတိုင်းအတာ တစ်ခုအထိတော့ ပါဝင်ပိုင်ခွင့် ပေးမယ်။ ပါဝင်ဖို့အတွက်ကတော့ အမြဲအခွင့်အရေး ပေးပါမယ်” ဟု ပြောသည်။

    ဒေါ်အောင်ဆန်းစုကြည်နှင့် ကျေးလက်တောရွာနေ လူငယ်များ၏ ငြိမ်းချမ်းရေး စကားဝိုင်း(Myanmar State Counsellor Office)

    နေပြည်တော်ရှိ MICC-II တွင် ဧပြီလ ၁၁ ရက်နေ့က ပြုလုပ်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကျေးလက်တောရွာနေ လူငယ်များ၏ ငြိမ်းချမ်းရေး စကားဝိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးစဉ် ထိုသို့ပြောကြားခြင်းဖြစ်သည်။

    “ကျေးလက်တောရွာမှာနေတဲ့ ပြည်သူတွေဟာ ဒီနိုင်ငံရဲ့ အများစု ဖြစ်တာကြောင့် ဒီငြိမ်းချမ်းရေးကို လိုအပ်တယ်။ လိုချင်တယ် ဆိုတာကိုတော့ အများသိအောင်တော့ လုပ်ပေးရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြောရမယ်ဆိုရင် သာမန် ကျေးလက်တောရွာမှာနေတဲ့ ပြည်သူတွေရဲ့ အသံတွေက မထွက်ဘူး။ လက်နက်ကိုင် တပ်တွေရဲ့ အသံတွေက ပိုထွက်တယ်ပေါ့။ အသံတွေဆိုတာ သေနတ်သံတွေကလည်း ထွက်တယ်။ လူသံတွေကလည်း ထွက်တယ်။ အဲတော့ သာမန်ကျေးလက်တောရွာ ပြည်သူလူထုရဲ့ ငြိမ်းချမ်းရေး လိုချင်တယ်ဆိုတဲ့ အသံကတော့ အများကြီးပိုပြီး ထွက်ဖို့ လိုတယ်လို့လည်း ထင်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

    ငြိမ်းချမ်းရေးရရှိဖို့ အချိန်ကြာလေ တိုင်းပြည်နစ်နာလေ ဖြစ်သည့်အတွက် မငြိမ်းချမ်းမှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ဒဏ်ရာများ ပျောက်ကင်းနိုင်ဖို့ဆိုလျင် ငြိမ်းချမ်းရေးအမြန်ရရှိရန် လိုအပ်ကြောင်း ကျေးလက်တောရွာနေလူငယ် ၁၂ ဦးနှင့်စကားဝိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားထားသည်။

    သို့ရာတွင် ဧပြီလ ၈ ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ကျင်းပခဲ့သော NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့များနှင့် လက်မှတ်မထိုးထားသည့် အဖွဲ့များမှ ထိပ်သီးခေါင်းဆောင်များအစည်းအဝေး သဘာပတိမိန့်ခွန်းတွင် မြန်မာနိုင်ငံကို အုပ်ချုပ်နေသည့်အစိုးရနှစ်ခုဖြစ်နေသည့်အတွက် NCA ကို လက်မှတ်ရေးထိုးရန် အခက်အခဲဖြစ်နေကြောင်း ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဥက္ကဌ အင်ဘန်လက ပြောကြားခဲ့သည်။

    အင်ဘန်လက “ကျနော်တို့ NCCT နဲ့ သွားတဲ့လမ်းကြောင်း NCA လက်မှတ်ရေးထိုးရေး ဒီကိစ္စတွေဟာ အင်မတန်ရှုပ်ထွေး၊ အင်မတန်မှလည်း လေးနက်တဲ့ ကိစ္စဖြစ်ပါတယ်။ ဒီနေရာမှာ မတူကွဲပြားမှု၊ အဖွဲ့အသီးသီးရဲ့ စဉ်းစားမှုမတူညီလို့ အခုအထိ ကျနော်တို့ တစ်စုတစ်စည်းတည်း အပစ်ခတ်ရပ်စဲရေးကို မလုပ်နိုင်ခဲ့တာဖြစ်ပါတယ်၊ မလုပ်နိုင်ခဲ့တာလည်း အစိုးရပေါ်မှာလည်း မူတည်တယ်။ အခု မြန်မာနိုင်ငံကို အုပ်ချုပ်နေတဲ့ အစိုးရဟာ အားလုံး သိတဲ့အတိုင်း နှစ်ခုဖြစ်နေပါတယ်။ တစ်ခုတည်းမဖြစ်လို့ ဆွေးနွေးရာမှာတော်တော်ပဲ မပြေမလည်ဖြစ်ပြီးတော့ အခက်အခဲ ပေါင်းစုံကို ကျော်ဖြတ်နေရတာ ဖြစ်တယ်”ဟု ပြောသည်။

    ထို့အတူ ဆက်လက်ကျင်းပမည့် ၂၁ ရာစုပင်လုံ(ဒုတိယအစည်းအဝေး)ကို NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်းများအား အထူးဧည့်သည်တော်များအဖြစ်ဖိတ်ကြားမည်ဆိုပါက “တက်ရောက်နားထောင်သူသက်သက်အဖြစ်” မွန်ပြည်သစ်ပါတီ တက်ရောက်လိမ့်မည်မဟုတ်ကြောင်း ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျင်းပသည့် အကြိမ် ၇၀ မြောက် မွန်အမျိုးသားနေ့အခမ်းအနားတွင် မွန်ပြည်သစ်ပါတီဥက္ကဌနိုင်ထောမွန်က သတင်းထောက်များအား ပြောကြားထားသည်။

    လက်ရှိညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်များဖြစ်ကြသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၊ မွန်ပြည်သစ်ပါတီ NMSP ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA၊ ရခိုင်အမျိုးသားကောင်စီ ANC၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး LDU၊ ‘ဝ’ အမျိုးသားအဖွဲ့ချုပ် (WNO) တို့အပြင် တအာင်းလက်နက်ကိုင်အဖွဲ့ (PSLF/TNLA)၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA ၊ ‘ဝ’ အဖွဲ့ UWSP/UWSA၊ မိုင်းလားအဖွဲ့ NDAA နှင့် နာဂလက်နက်ကိုင်အဖွဲ့ NSCN-K တို့ NCA လက်မှတ် မရေးထိုးရသေးပေ။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,700SubscribersSubscribe
    spot_img

    Latest posts