spot_img
Friday, April 19, 2024
More
    spot_img
    Homeမေးမြန်းချက်ရက္ခိုင့်တပ်မတော် ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဒေါက်တာညိုထွန်းအောင်နှင့် ဆက်သွယ်မေးမြန်းချက်

    ရက္ခိုင့်တပ်မတော် ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဒေါက်တာညိုထွန်းအောင်နှင့် ဆက်သွယ်မေးမြန်းချက်

    -

    “အခက်အခဲရှိရင် သူတို့အနေနဲ့ ကူညီပေးဖို့ အဆင်သင့်ရှိကြောင်း ပြောကြားထားတာတွေရှိတဲ့အတွက် တရုတ်ကို ကျနော်တို့နဲ့တွေ့ဆုံတဲ့ အချိန်တိုင်း ပါဝင်ဖို့ တောင်းဆိုရခြင်းဖြစ်တယ်”

    ရက္ခိုင့်တပ်မတော် (AA)သည် တအာင်း(ပလောင်)လွတ်မြောက်ရေးတပ်ဖွဲ့ TNLA၊ ကိုးကန့် MNDAA တို့နှင့် မြောက်ပိုင်းမဟာမိတ်ဖွဲ့စည်းကာ လက်ရှိ မြန်မာပြည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွင်း ပါဝင်ခွင့်ရရှိရေးနှင့် ရက္ခိုင့်လူထု ရသင့်ရထိုက်သော အခွင့်အရေးများအတွက် တိုက်ပွဲဝင်လျက်ရှိသည်။ ထို့ကြောင့် တပ်မတော်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားနေသကဲ့သို့ ရခိုင်ဒေသမှာလည်း တခါတရံ တိုက်ပွဲများ ဖြစ်ပွားနေသည်။

    ထိုတိုက်ပွဲများနောက်ကွယ်တွင် တရုတ်အစိုးရနှင့် UWSA တို့ ရှိနေပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ထောက်ပံ့ နေကြောင်း ပြောဆိုမှုများထွက်ပေါ်လာခဲ့သည်။ အလားတူ အစိုးရ၏ NCA လမ်းကြောင်းပေါ်မှ ရှောင်ဖယ်သွား ပြီး UWSA ၏ ဦးဆောင်မှုနောက်သို့ လိုက်မည်ဆိုလျှင် တိုက်ပွဲများ ပြင်းထန်လာနိုင်ကြောင်း ပြောဆိုသံများ လည်းရှိနေသည်။

    ရက္ခိုင့်တပ်မတော် ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဒေါက်တာညိုထွန်းအောင်(internet)

    အဆိုပါ အကြောင်းအရာများနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်မတော်(AA)မှ ဒုတိယစစ်ဦးစီးချုပ်အား မွန်သတင်းအေဂျင်စီ အလွတ်သတင်းထောက် မင်းတေဇာအောင် ဆက်သွယ်မေးမြန်းထားပါသည်။

    မေး-ဧပြီ (၁၀) ရက်နေ့ဆိုရင် AA စဖွဲ့တာ (၈) နှစ်ပြည့်ပြီလို့သိရပါတယ်။ အဆိုပါနေ့မှာ ဘယ်လို အထိမ်းအမှတ် မျိုး လုပ်ဖို့ရှိပါသလဲ။

    ဗိုလ်မှူးချုပ် Dr.ညိုထွန်းအောင် ။ ။ ရက္ခိုင့်တပ်မတော်နေ့ရောက်တိုင်း စစ်ဒေသအသီးသီးမှာ တာဝန် ထမ်း ဆောင် နေကြတဲ့ ရက္ခိုင့်တပ်မတော် စစ်သည်၊စစ်မယ်တွေ၊ ULA အဖွဲ့ဝင်တွေအနေနဲ့ ရောက်ရှိနေတဲ့ စစ်ဒေသ ရဲ့ စစ်ရေး၊ နိုင်ငံရေး အခြေအနေအပေါ်မူတည်ပြီး ရက္ခိုင့်တပ်မတော်နည်း ရက္ခိုင့်တပ်မတော်ဟန် (AA နည်း AA စတိုင်) နဲ့ ကျင်းပကြတယ်။ ဒီ (၈) နှစ်တာကာလအတွင်းမှာ ငါးနှစ်မြောက်တပ်မတော်နေ့ကိုတော့ စစ်ရေးပြ တွေ အပါအဝင် မဟာမိတ်အဖွဲ့အစည်းတွေကို ဖိတ်ကြားပြီး ကျနော်တို့အနေနဲ့ အခမ်းနားဆုံး ကျင်းပနိုင်ခဲ့ တယ်။

    အဲဒီ ငါးနှစ်မြောက်တပ်မတော်နေ့ဟာ ရက္ခိုင့်တပ်မတော်ရဲ့ သမိုင်းဖြစ်ခဲ့သလို ရက္ခိုင်တော်လှန်ရေးသမိုင်းထဲမှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ ဖြစ်ရပ်တစ်ခုလို့ ပြောရင်လည်း ရပါတယ်။ အဲဒီနောက်ပိုင်းနှစ်တွေမှာတော့ အကျဉ်း ချုံးပြီးပဲ ကျင်းပခဲ့ကြတယ်။ မနှစ်က (၇) နှစ်မြောက် ရက္ခိုင့်တပ်မတော်နေ့ကိုတော့ ရက္ခိုင်ပြည်ရဲ့ အလယ်ဗဟို ချက်မ အနီး (Heart of Arakan) မှာ ကျင်းပနိုင်ခဲ့တယ်။ ဒီနှစ်လည်းပဲ သိပ်ပြီးကြီးကြီးကျယ်ကျယ် ခမ်းခမ်း နား နား ကျင်းပဖို့ အစီအစဉ်မရှိပါဘူး။ သက်ဆိုင်ရာ စစ်ဒေသအသီးသီးနှင့် ပြည်တွင်း ပြည်ပကိုရောက်ရှိနေကြတဲ့ ULA အဖွဲ့ဝင်တွေ ဦးဆောင်ကျင်းပကြတဲ့ ရက္ခိုင့်တပ်မတော်နေ့ အထိမ်းအမှတ် အခမ်းအနားတွေဆီကို ရက္ခိုင့် တပ်မတော် တပ်မှူးချုပ် မိန့်ခွန်းသဝဏ်လွှာ ပေးပို့တာမျိုးလောက်ပဲ လုပ်ဖြစ်မှာပါ။ တစ်ချို့ နေရာတွေမှာတော့ Online (အွန်လိုင်း)မိန့်ခွန်း ပြောကြားတာမျိုးရှိတယ်။ဒီနှစ် လိုင်ဇာပတ်ဝန်းကျင်မှာတော့ (၈) နှစ်မြောက် ရက္ခိုင့် တပ်မတော်နေ့ အထိမ်းအမှတ် ဖိတ်ခေါ်ဖလားဘောလုံးပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့တယ်။ နောက်လာမည့် ၂၀၁၉ ဆယ်နှစ်ပြည့် (Aluminium Anniversary) အလူမီနီယံရတုမှာတော့ ခမ်းခမ်းနားနားနဲ့ အကောင်းဆုံး ကျင်းပ သွားဖို့ လျာတားထားပါတယ်။

    မေး -(၈) နှစ်တာကာလမှာ AA ရဲ့အောင်မြင်မှုဟာ ဘာတွေဖြစ်မလဲ။ လိုချင်တဲ့ ပန်းတိုင်ကို ရောက်ပြီလား။ မရောက် သေးဘူးဆိုရင် ဘယ်လိုရှေ့ဆက်ဖို့ စဉ်းစားထားပါသလဲ။

    ဗိုလ်မှူးချုပ် Dr.ညိုထွန်းအောင် ။ ။ ရက္ခိုင့်တပ်မတော်ရဲ့အဓိက အောင်မြင်မှုက ရက္ခိုင်ပြည်သူတစ်ရပ်လုံး နီးပါးက ရက္ခိုင့်တပ်မတော်ကို ထောက်ခံလာခြင်း၊ ယုံကြည်အားကိုးလာခြင်း၊ ပိုပြီးတော့ မျှော်လင့်လာခြင်းလို့ ပြောရမှာပဲ။ နောက်ပြီး မဟာမိတ်အဖွဲ့အစည်းတွေက ရက္ခိုင့်တပ်မတော်အပေါ် တန်ဖိုးထားလေးစားခြင်း၊ တရုတ်နိုင်ငံအပါအဝင် နိုင်ငံကြီးတွေက ရက္ခိုင့်တပ်မတော်ဆိုတာ ဘယ်လိုပုဂ္ဂိုလ်တွေ ဦးဆောင်ပြီး ဘယ်လို နိုင်ငံရေး ရည်မှန်းချက်နဲ့ သွားနေတယ်ဆိုတာကို သိရှိသွားကြတာတွေကလည်း ULA/AA ရဲ့ အောင်မြင်မှုလို့ ပြောလို့ ရပါတယ်။အအောင်မြင်ဆုံးလို့ ပြောလို့ရတာက ရက္ခိုင့်တပ်မတော် ရက္ခိုင်ပြည်မှာ အခြေချ လှုပ်ရှားနိုင် ခဲ့တာပါပဲ။ဒီလိုမျိုး အနေအထားကို ရောက်ရှိလာတာကလဲ တစ်နေ့တည်း တစ်ရက်တည်းနဲ့ ရလာတာ မဟုတ် သလို တစ်ဦးကောင်း တစ်ယောက်ကောင်းနဲ့ရလာတာ မဟုတ်ပါဘူး။ ရဲဘော် ရဲဖက်တွေရဲ ့ ဘဝ၊ အသက်၊ သွေးချွှေးတွေ များစွာ စတေးပြီးမှ ရရှိလာခဲ့တာပါ။ အလကား ရခဲ့တာ တစ်ခုမှ မရှိခဲ့သလို နေရာတိုင်း၊ အဆင့် တိုင်းမှာ စိန်ခေါ်မှု၊ အခက်အခဲ၊ အတားအဆီး၊ အတိုက်အခံတွေ တပုံကြီးရှိခဲ့တယ်။ဒါတွေကို ကျနော်တို့အားလုံး စုစည်းညီညွတ်စွာနဲ့ တစိုက်မတ်မတ် ကြိုးစားဆောင်ရွက်ခဲ့တဲ့ အတွက်ကြောင့် အခုလိုမျိုး ရလာခဲ့တာပါ။ နောက်ပြီး ဒီဟာတွေဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်မှုရှိသလို တစ်ခုပြီးမှ တစ်ခုရရှိ လာတာပါ။

    ကျနော်တို့အနေနဲ့က ဒီလောက်အနေအထားမျိုးနဲ့ ရောင့်ရဲတင်းတိမ်မနေဘဲ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က ချမှတ်ထားတဲ့ ရက္ခိတလမ်းစဉ်၊ ရက္ခိတအိမ်မက်တွေ အကောင် အထည် ပေါ်ပြီးမှသာ ကျနော်တို့လိုချင်တဲ့ ပန်းတိုင်ကို ရောက်ပြီလို့ပြောရမှာပဲ။ လိုချင်တဲ့ ပန်းတိုင် ရောက်ပြီ လားဆို မရောက်သေးပါဘူး။ ဒါပေမဲ့ အရင်လောက်တော့ မဝေးတော့ပါဘူး။ လိုချင်တဲ့ပန်းတိုင်ကို မရောက် ရောက်အောင် ကြိုးစားနေဆဲ၊ ချီတက်နေဆဲလို့ ပြောရမှာပဲ။ ULA/AA က ချမှတ် အကောင်အထည်ဖော်နေတဲ့ ရက္ခိတလမ်းစဉ်ကို အပြည့်အဝ အကောင်အထည်ဖော်ပြီးရင်လည်း ပြီးဆုံးမသွားသေးဘဲ အဲဒီ ရရှိပြီးသားကို ဆက်လက် တည်တံ့အောင် ထိန်းသိမ်းသွားရမယ့် အလုပ်တွေက ဆက်လို့ ရှိနေအုံးမှာပါ။

    မေး-UNFC က AA အပါအဝင် (မြောက်ပိုင်းမဟာမိတ်အဖွဲ့)ကို NCA မှာ ပါဝင်ခွင့်ရအောင် ဆောင်ရွက်ပေးနေ ပါ တယ်။ ဒါပေမဲ့ NCA လမ်းကြောင်းပေါ်က ရှောင်ပြီးတော့ UWSA နဲ့ပူးပေါင်းသွားဖြစ်ခဲ့တာ ဘာကြောင့်ပါလဲ။

    ဗိုလ်မှူးချုပ် Dr.ညိုထွန်းအောင် ။ ။ အရင်အစိုးရရဲ့ နိုင်ငံရေး ကလိန်ကကျစ်ကျမှု၊ မရိုးသားမှုတွေ၊ လက်ရှိ အစိုးရရဲ့ နိုင်ငံရေးအခင်းအကျင်း၊ အစိုးရကိုယ်တိုင်က လူမျိုးကြီးဝါဒကို ဆက်လို့ အကောင်အထည် ဖော်နေ တာတွေ၊ စစ်တပ်ရဲ့ တိုင်းရင်းသား လူမျိုးတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတွေကို အမြစ်ပြုတ် ထိုးစစ် ဆင် စစ်ရေးဖိအားပေးမှုတွေ၊ တန်းတူညီမျှမှုကို မသိကျိုးကျွန်ပြုကာ တစ်ဖွဲ့ကိုပေါင်း တစ်ဖွဲ့ကို တိုက်နေတာ တွေ၊ စစ်တပ်ဖက်က ငြိမ်းချမ်းရေးမူ (၆) ကို ဆက်လို့ ဇောင်းပေးပြောဆိုနေတာတွေက ဒီလိုအနေအထားမျိုး မရောက်ရောက်အောင် တွန်းပို့နေလို့ ဒီလို အနေအထားမျိုးကို ရောက်သွားတာပါ။

    မေး-ကျနော်သိသလောက် မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ တွေ့ဆုံညှိုနှိုင်းမှုက အဆင်ပြေဖို့ နီးစပ်နေပြီး “လက်နက်ကိုင်လမ်းစဉ် နဲ့ လက်နက်ကိုင် ပဋိပက္ခ”ဆိုတဲ့ စကားလုံးအပေါ်မှာ သဘောတူညီမှု မရ သေး တာပဲရှိတယ်။ ဒါကို ဆက်ညှိပြီးတော့ NCA လမ်းကြောင်းကိုသွားဖို့ မရှိတော့ဘူးလား။

    ဗိုလ်မှူးချုပ် Dr.ညိုထွန်းအောင် ။ ။ ဒီရက်ပိုင်းအတွင်းမှာ ကျနော်တို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ Dr. တင်မျိုးဝင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ စီစဉ်ပေးမှုနဲ့ တွေ့ဆုံ့ဖို့ ရှိပါ တယ်။ အဲလိုတွေ့ဖို့ ငြိမ်းချမ်းရေးကော်မရှင်ဖက်ကစပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံဖက် (ယူနန်ပြည်နယ် လမ်း ကြောင်း) တစ်ဆင့် ကမ်းလှမ်းတာပါ။ တွေ့ဆုံကြမည့်ရက် သတ်မှတ်ပြီးသလို ကျနော်တို့ အဖွဲ့အနေဖြင့် အစည်းအဝေးတက်ဖို့ ဆုံးဖြတ်ထားပါတယ်။ အဲဒီတွေ့ဆုံတဲ့ အချိန်ပြီးမှသာ ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာ ကို စောင့်ကြည့်ရုံနဲ့ ဆွေးနွေးပြီး ရလာဒ်အပေါ်မူတည်ပြီး ကောက်ချက်ချရမှာဖြစ်တယ်။

    မေး-NCA မထိုးဘဲ UWSA ဦးဆောင်မှုနဲ စာချုပ်အသစ်ပေါ်ပေါက်ရေး လုပ်ဆောင်သွားမယ်လို့သိရပါတယ်။ တကယ်လို့ အစိုးရဘက်က ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံကို တက်ခွင့်ပြုမယ်ဆိုရင်ဘာကို ရွေးချယ်မှာပါလဲ။

    ဗိုလ်မှူးချုပ် Dr.ညိုထွန်းအောင် ။ ။ တတိယအကြိမ် ပန်ခမ်းညီလာခံကို တက်ရောက်ခဲ့ကြတဲ့ အဖွဲ့အစည်း အားလုံးနီးပါးက ပန်ခမ်းမူအတိုင်း လျှောက်လှမ်းဖို့ အဆင်သင့် ဖြစ်နေကြပါပြီ။ ကျနော်တို့ ULA/AA အနေနဲ့ ပန်ခမ်း တတိယအကြိမ်ညီလာခံက သဘောတူ ချမှတ်ထားတဲ့မူ၊ အဲဒီက ဖွဲ့စည်းလိုက်တဲ့ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးရေးအဖွဲ့နဲ့သွားဖို့ အဆင်သင့်ဖြစ်နေသလို အခြားသောအဖွဲ့အစည်း တော်တော်များကလည်း အဆင်သင့် ဖြစ်နေကြပါပြီ။ ဆိုလိုတာက NCA လက်မှတ်မထိုးဘဲ UWSA ၏ ဦးဆောင်မှုနဲ့ တတိယအကြိမ် ပန်ခမ်းညီလာခံက ချမှတ်ထားတဲ့ မူအတိုင်း သွားမယ်လို့ ဆိုလိုတာပါပဲ။

    တကယ်လို့ အစိုးရဖက်က ဒုတိယအကြိမ် ပင်လုံညီလာခံကို တက်ခွင့်ပြုခဲ့မယ်ဆိုရင် ကျနော်တို့ကို ဘယ်လိုပုံစံ မျိုးနဲ့ ဖိတ်မလဲဆိုတာရယ်၊ (ဥပမာ—လေ့လာသူလား၊ ကိုယ်စားလှယ်လား) ဘယ်သူတွေကို ဖိတ်မလဲ။ ဆိုလိုတာက ကျနော်တို့ရဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ထဲက ကချင်၊ကိုးကန့်၊ တအာင်းပလောင်အဖွဲ့တွေအပေါ်မှာ ရော ဘယ်လိုသဘောထားမျိုး ရှိသလဲ။ အဲဒီအဖွဲ့တွေကိုရော ဖိတ်မှာလား) စသည့် အချက်တွေ အပေါ်မှာ မူတည်ပြီး တက်သင့်မတက်သင့် စဉ်းစားမှာပါ။

    နောက်ပြီး ဒီတကြိမ်ကျင်းပမည့် အချိန်ကာလအတွင်း စစ်ရေး အခြေအနေတွေက ဘယ်လိုရှိမလဲဆိုတာရယ် ကို စောင့်ကြည့်အုံးမှာပါ။ ပင်လုံမှာ ကျင်းပနေတုန်းအချိန်ကဆိုရင် ပင်လုံနဲ့ သိပ်မဝေးတဲ့ နေရာတွေမှာ တိုက်ပွဲ တွေ ရှိနေခဲ့တယ်။ ငြိမ်းချမ်းရေးညီလာခံ ကျင်းပနေတဲ့ အချိန်တွေမှာတောင် တိုက်ပွဲတွေကို မရပ်တန့်နိုင်တဲ့ အခြေအနေဆိုတော့ ဒါဟာ ကောင်းတဲ့လက္ခဏာတော့ မဟုတ်လောက်ဘူး။အဲဒီနောက်ပိုင်း မြန်မာစစ်တပ်ရဲ့ ထိုးစစ်တွေ အရှိန်မြင့်ပြီး တိုက်ပွဲတွေ ပိုပြင်းထန်လာခဲ့တာတွေ ရှိတယ်။ ဒါကြောင့် တကယ်လို့ ကျနော်တို့ကို ဖိတ်ခဲ့ရင်တောင် ကျင်းပမယ့်အချိန်မှာ နိုင်ငံရေး၊ စစ်ရေး မိုးလေဝသတွေ ဘယ်လိုအနေအထားမှာ ရှိနေမလဲ ဆိုတဲ့ အပေါ်မှာ မူတည်ပြီး တက်သင့်/မတက်သင့် ဆုံးဖြတ်မှာပါ။

    မေး-မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ တွေ့ဆုံဖို့ရှိတယ်။ ဒါပေမဲ့ ဗိုလ်မှူးချုပ်တို့ဖက်က တရုတ်နဲ့ “ဝ” ကိုယ်စားလှယ်တွေကို ပါဝင်ဖို့ တောင်းဆိုနေတယ်။ ဒါက ဘာကြောင့်ပါလဲ။ ကိုယ်ပိုင် ဆုံးဖြတ်ချက် ချမှတ်ခွင့် မရှိလို့ပါလား။

    ဗိုလ်မှူးချုပ် Dr.ညိုထွန်းအောင် ။ ။ ဟုတ်ကဲ့ … ဒီရက်ပိုင်းအတွင်းမှာ တွေ့ဖို့ရှိပါတယ်။ ကျနော်တို့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့အနေနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ပါဝင်ဖို့ တောင်းဆိုတာက မြန်မာစစ်တပ်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့ ဖြစ်နေတဲ့ တိုက်ပွဲအများစုက တရုတ်-မြန်မာနယ်စပ်မှာ ဖြစ်နေတယ်။မစ္စတာ ဆွန်ကော်ရှန်းနဲ့ ကျနော်တို့ တွေ့တဲ့အချိန်မှာ ဒီတရုတ်-မြန်မာနယ်စပ် တည်ငြိမ်အေးချမ်းဖို့အတွက်ကို လိုလား ကြောင်း၊ ပြဿနာကို တွေ့ဆုံဆွေးနွေးအဖြေရှာပြီး ပြေပြေလည်လည်ဖြစ်အောင် ဖြေရှင်းဖို့ သူက အမြဲတမ်း တိုက်တွန်း ပြောဆိုတယ်။ နောက်ပြီး သူတို့အနေနဲ့လည်း ငြိမ်းချမ်းရေးကော်မရှင်နဲ့တွေ့ဖို့ လမ်းကြောင်းမရှိရင် သူတို့ဆီက တစ်ဆင့် (ယူနန်ပြည်နယ် လမ်းကြောင်းကတစ်ဆင့်) ဆက်သွယ်ပေးလို့ရတယ်ဆိုတာမျိုးရယ်၊ တကယ်လို့ ကျနော်တို့ဖက်က အစိုးရနဲ့ ဆက်သွယ်တဲ့လမ်းကြောင်း အခက်အခဲရှိရင် သူတို့အနေနဲ့ ကူညီပေးဖို့ အဆင်သင့်ရှိကြောင်း ပြောကြားထားတာတွေရှိတဲ့အတွက် တရုတ်ကို ကျနော်တို့နဲ့တွေ့ဆုံတဲ့ အချိန်တိုင်း ပါဝင် ဖို့ တောင်းဆိုရခြင်းဖြစ်တယ်။

    “ဝ” အဖွဲ့အစည်းကတော့ နိုဝင်ဘာ (၂၀) တိုက်ပွဲအစမှာ ကတည်းကပင် ထုတ်ပြန် ကြေငြာချက် ထုတ်ထား တာရှိတယ်။ “ဝ” အဖွဲ့အစည်းအနေဖြင့်လည်း အခုလိုမျိုး ပြဿနာတွေကို ဖြေရှင်းတဲ့အချိန်မှာ တိုက်ပွဲဖြစ်ပွား သည့် နှစ်ဦးနှစ်ဖက် ပြန်လည်သင့်မြတ်ရေးနှင့် ညှိုနှိုင်းဆွေးနွေးရေးတို့ အတွက် လိုအပ်သည့် အကူအညီ ဆောင်ရွက်ပေးနိုင်ဖို့ သူတို့အဖွဲ့အနေနဲ့ အချိန်ပြည့် အဆင်သင့်ရှိတယ်ဆို တာမျိုးကို နိူဝင်ဘာ (၂၄) ရက်နေ့ ရက်စွဲနဲ့ ထည့်သွင်း ထုတ်ပြန်ထားတဲ့အတွက်ကြောင့် တောင်းဆိုရတာမျိုး ဖြစ်တယ်။ နောက်ပြီး ကျနော်တို့တွေ ကိုယ်တိုင်ကလည်း မစ္စတာဆွန်းကော်ရှန်းဆီကို တင်ပြဆွေးနွေးတဲ့ အထဲ မှာ နောက်နောင် မည်သည့် တွေ့ဆုံ မှုမျိုးတွင်မဆို UWSA အား ပါဝင်စေမှုအား လိုလားကြောင်း တင်ပြထားတဲ့ အတွက်ကြောင့်လည်း ဖြစ်တယ်။

    မေး -AA အဖွဲ့ကို ချင်းအမျိုးသားတပ်ဦး CNF က ပလက်ဝမြို့နယ်အတွင်းမှာ စစ်ရေးမလှုပ်ရှားဖို့ တောင်းဆို ထား တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို နားလည်မှုရယူပြီး ဖြေရှင်းဆောင်ရွက်သွားဖို့ စဉ်းစားထားပါသလဲ

    ဗိုလ်မှူးချုပ် Dr.ညိုထွန်းအောင် ။ ။ မိုင်ဂျာယန်ညီလာခံ အစည်းအဝေးအတွင်း တွေ့ဆုံဆွေးနွေးနေစဉ် ကာလမှာ မိုင်ဂျာယန်အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ကျနော်တို့ AA က ဦးစီးချုပ်ပါဝင်တဲ့အဖွဲ့နဲ့ CNF အဖွဲ့အစည်းက ခေါင်းဆောင်တွေ တွေ့ဆုံခဲ့ကြတာရှိတယ်။ အဲလိုအလွတ်သီးသန့်နှစ်ဖွဲ့တွေ့တဲ့အချိန်မှာ ကျနော်တို့ ULA/AA ဖက်ကရှင်းပြ တာကတော့ အဲဒီတောင်တန်းတွေပေါ်မှာ ဘာကြောင့်စစ်ရေး လှုပ်ရှား ရသလဲ ဆိုတာမျိုးကို ရှင်းပြခဲ့တယ်။

    အဲဒီလိုမျိုး စစ်ရေးအရ မလွဲမရှောင်သာ လှုပ်ရှားဆောင်ရွက်ရတာတွေဟာ မြန်မာစစ်တပ်ရဲ့ ကျနော်တို့ ရက္ခိုင့် တပ်မတော်အပေါ်မှာ အမြစ်ပြုတ် ချေမှုန်းရေးထိုးစစ်ကို ဆင်နွှဲနေတဲ့အတွက် လှုပ်ရှားရကြောင်း ရှင်းပြခဲ့တယ်။ နောက်ပြီး အဲဒီအချိန်ကာလတုန်းကလည်း ကျနော်တို့ ULA/AA အနေနဲ့ CNF အပါအဝင် ချင်းသာသနာပိုင် အဖွဲ့အစည်း၊ ချင်းလူငယ် အဖွဲ့အစည်း၊ ချင်း CBO/CSO တွေဆီကိုလည်း အချိန်နဲ့တပြေးညီ စာပို့ပြီးတော့ ဒီကိစ္စတွေ ဘာကြောင့် ဖြစ်ရသလဲဆိုတာမျိုးကို ရေးသားပြီး ပေးပို့ခဲ့တာတွေ ရှိခဲ့တယ်။ တစ်ချို့ ချင်းပြည်သူလူ ထုနဲ့ ချင်းလူမှုအဖွဲ့အစည်းတွေ အနေနဲ့လည်း ကျနော်တို့အပေါ် စာနာနားလည်ကြောင်း ပြသခဲ့ကြပါတယ်။

    မေး-မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ ငြိမ်းချမ်းရေး ရည်မှန်းချက်က ဘယ်လိုပုံစံလဲ။ ဘယ်လိုပုံစံမျိုးသွားလိုပါသလဲ။

    ဗိုလ်မှူးချုပ် Dr.ညိုထွန်းအောင် ။ ။ အခုအချိန်မှာ ကျနော်တို့က တတိယအကြိမ် ပန်ခမ်းညီလာခံက ချမှတ် ထားတဲ့ မူအတိုင်း သွားဖို့ရှိနေတော့ ကျနော်တို့ရဲ့ ငြိမ်းချမ်းရေး ရည်မှန်းချက်က အဲဒါလို့ ပြောရင်ရပါတယ်။ သင့်တော်တဲ့ အချိန်ကာလတစ်ခုမှာ ဘယ်လိုပုံစံ၊ ဘယ်လိုမူဆိုတာ ချပြသွားဖို့ အစီအစဉ်ရှိပါတယ်။

    မေး-ဒီရက်ပိုင်း ရခိုင်မှာ ထိတွေ့မှုတွေ ပြန်ဖြစ်တယ်လို့ ကြားရပါတယ်။ အဲဒီအခြေအနေလေး သိချင်ပါတယ်။

    ဗိုလ်မှူးချုပ် Dr.ညိုထွန်းအောင် ။ ။ ဟုတ်ပါတယ်။ ဒီရက်သတ္တပတ်အတွင်း မတ်လ (၂၆) ရက်မှာတော့ ရက္ခိုင်မှာ ထိတွေ့မှုပြန်ဖြစ်ခဲ့တယ်။ ကျနော်တို့ ရက္ခိုင့်တပ်မတော်နဲ့ မြန်မာစစ်တပ်တို့ ရက္ခိုင်ဒေသမှာ တိုက်ပွဲ စဖြစ်တဲ့ ၂၀၁၅ ကနေ ၂၀၁၇ အထိ နှစ်နှစ်နီးပါး ရှိပြီဖြစ်တယ်။ ရက္ခိုင်ဒေသမှာတော့ တချိန်လုံး တိုက်ပွဲဖြစ် နေတာမျိုး မဟုတ်ဘူး။ ဒါပေမဲ့ စစ်တပ်ဖက်ကတော့ အမြစ်ပြုတ် ချေမှုန်းရေးလုပ်ငန်းကိုတော့ တချိန်လုံး တောက်လျှောက် လုပ်နေခဲ့တယ်။

    ကျနော်တို့က လှုပ်ရှားစစ်ကြောင်းပုံစံနဲ့ လှုပ်ရှားတယ်ဆိုတော့ ထိပ်တိုက်တွေ့တဲ့အချိန် တိုက်ပွဲတွေဖြစ်လေ့ ရှိပြီး ထိပ်တိုက်မတွေ့တဲ့ အချိန်တိုက်ပွဲမဖြစ်ဘူး။ တစ်ခါတစ်လေတော့ စစ်ရေးဖိအားတွေ တအားများနေတဲ့ အချိန် ကျနော်တို့က ပြန်ပြီး တိုက်ခိုက်တာမျိုးတွေတော ့ရှိတယ်။ အဓိက,ကတော့ စစ်တပ်ဖက်က စစ်ဆင်ရေး လှုပ်ရှားမှုအနည်း/အများအပေါ် မူတည်ပြီး တိုက်ပွဲဖြစ်ကြတာများတယ်။ ဒါကြောင့် တိုက်ပွဲတွေက အချိန်မရွေး ဖြစ်နိုင်တဲ့ အနေအထားဟာ နေရာတိုင်း၊အချိန်တိုင်းမှာ ရှိနေတယ်။ နောက်ပြီး တိုက်ပွဲ အများစုကလည်း ကျနော်တို့ တိုင်းရင်းသားမဟာမိတ် နယ်မြေတွေထဲမှာပဲ ဖြစ်နေတယ်။ စစ်တပ်ဖက်မှ ကျနော်တို့ကို အမြစ်ပြုတ် ချေမှုန်းရေးကို ကြံစည် ကြိုးစားနေသမျှ ကာလပတ်လုံး ရက္ခိုင်ဒေသမဟုတ်ဘူး၊ အခြားနေရာတွေမှာလည်း တိုက်ပွဲတွေ ဆက်လို့ရှိနေမှာပါပဲ။

    မေး-ဘာများ ပြောလိုပါသေးသလဲ။

    ဗိုလ်မှူးချုပ် Dr.ညိုထွန်းအောင် ။ ။ ကျနော်တို့ ULA/AA အနေနဲ့ ရက္ခိတလမ်းစဉ်ကို ချမှတ်ပြီး အမျိုးသား ရေး သမိုင်းပေးတာဝန်တွေကို သဘောတရားနဲ့လက်တွေ့ပေါင်းစပ်ပြီး စနစ်တကျ အချိုးညီစွာ ကြိုးစားလုပ် ဆောင်နေတယ်။ အဲလိုကြိုးစားဆောင်ရွက်နေတဲ့အချိန်မှာ လှုပ်ရှားရုန်းကန်မှု တိုက်ပွဲတွေကို တစ်ရက်ပြီး တစ်ရက်ဆင်နွှဲနေတယ်။ ရက္ခိုင့်ဂုဏ်သိက္ခာကို ပြန်လည်မြှင့်တင်ဖို့ တပြိုင်နက်တည်း ကြိုးစားနေတဲ့အချိန်မှာ ကမ္ဘာ့အနှံ့ကို ရောက်ရှိနေကြတဲ့ ရက္ခိုင်လူမျိုး၊ ရက္ခိုင်မျိုးနွယ်စုတွေအားလုံးလည်း မိမိရောက်ရှိနေတဲ့ နေရာမှ နေ၍ ရက္ခိုင့်ဂုဏ်သိက္ခာကို မြှင့်တင်ကြဖို့ တိုက်တွန်း ပြောကြားလိုပါတယ်။

    မေး-ယခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts