spot_img
Tuesday, March 19, 2024
More
    spot_img
    Homeအမြင်နှင့်သုံးသပ်ချက်သံလွင်ရဲ့ ညီညွှတ်မှုတေး

    သံလွင်ရဲ့ ညီညွှတ်မှုတေး

    -

    ‘သံလွင်’ဟုဆိုလိုက်တာနဲ့မြွေလိမ်မြွေကောက်အသွင်သဏ္ဍာန်နဲ့တရုတ်နိုင်ငံမှမြစ်ဖျားခံစီးဆင်းလာသည့်မြစ်ဖြစ်သည်။ မြစ်အဆုံးရာမညနဲ့ သံလွင်သည်ခွဲခြားလို့မရနိုင်သောဆက်စပ်မှုပင်ဖြစ်သည်။ တရုတ်နိုင်ငံမှတဆင့်မြန်မာနိုင်ငံနယ်နိမိတ်များဖြစ်သောရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့ကိုဖြတ်သန်းစီးဆင်းကာ မုတ္တမပင်လယ်ကွေ့မှ ဘင်္ဂလားပင်လယ်အော်ထဲသို့စီးဝင်သည်။ နှစ်ပေါင်းများစွာသံလွင်ဟာ လူသားတို့၏ ဘဝများစွာအတွက်အသုံးတော်ခံရပ်တည်ပေးခဲ့သည်။ သံလွင်ဟာလူသားတို့အတွက် သဘာဝဖန်တီးပေးထားသော အနဂ္ဃရတနာတစ်ပါးပင်ဖြစ်သည်။

    သံလွင်ပေါ်တက်ရပ်ပြီး ကျနော်တို့သွေးချင်းညီအစ်ကိုယ်များ ညီညွှတ်ခြင်းတေးကို သီဆိုကြတယ်။ မျိုးဆက်တွေတစ်ခုပြီးတစ်ခုဖြတ်သန်းခဲ့ကြတယ်။ သံလွင်ရေပြင်ပေါ်မှာ ကျနော်တို့သွေးများနီရဲခဲ့တယ်။ သံလွင်ဟာဌာနေတိုင်းရင်းသားများအတွက် ဘယ်တော့မှမရိုင်းတဲ့သမိုင်းနဲ့ရပ်တည်ခဲ့သည်။ ပြောင်းလဲလာသောခေတ်စနစ်နဲ့အညီ ကျနော်တို့အသွေးအသားထဲမှ သံလွင်ကိုတန်ဖိုးထား ထိန်းသိမ်းခဲ့တယ်။ ရာမညမြေပေါ်မှာသံလွင်ရဲ့သမိုင်း အရိုင်းမခံဆိုတဲ့ခံယူချက်ပေါင်းများစွာနဲ့ ကြွေးကြော်ချီတက်လာကြသည်။

    သံလွင်တံတား(ချောင်းဆုံ)-(Facebook)

    နှစ်ပေါင်းများစွာတည်ငြိမ်အေးချမ်းစွာရှိခဲ့တဲ့သံလွင်ဟာ ယနေ့မုန်တိုင်းထန်လာပါပြီ။ ၂၀၁၅ခုနှစ်ပြည်ထောင်စုအစိုးရရံပုံငွေဖြင့် စတင်တည်ဆောက်လာခဲ့သော သံလွင်တံတား(ချောင်းဆုံ) စီမံကိန်း(၇၀)ရာခိုင်နှုန်းအပြီးဖွင့်ပွဲပြုလုပ်ရန် နှစ်လအလိုတံတားအမည်ပြောင်း ဆိုင်းဘုတ်တင်ပွဲပြုလုပ်ရန်လမ်း၊ တံတားဦးစီးဌာနမှ မွန်ပြည်နယ်လွှတ်တော်ဒု-ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးအား ဖိတ်ကြားရာမှ ငြိမ်သက်နေသောသံလွင်ရေဟာ စတင်လှုပ်ခတ်ခဲ့သည်။ ကနဦးစီမံကိန်းမှချပေးသော’သံလွင်တံတား(ချောင်းဆုံ)’အမည်မှ’ဗိုလ်ချုပ်အောင်ဆန်းတံတား’ အဖြစ်အမည်ပေးခြင်းအစီအစဉ်ကို ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ဖြစ်သော ဖေဖော်ဝါရီ(၁၃)ရက်နေ့တွင် ကျင်းပရန်ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။

    မွန်ပြည်နယ်လွှတ်တော်ဒု-ဥက္ကဋ္ဌမှစတင်ကန့်ကွက်ခဲ့ပြီး ၄င်း၏နောက်တွင် မွန်အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ဘီလူးကျွန်းဒေသခံများနှင့် မွန်လူထုအသိုင်းအဝိုင်းကြား ကန့်ကွက်မှုများ ကြီးများကျယ်ပြန့်လာသည်။ လူမှုကွန်ယက်များမှာသာမက ဝန်ကြီးချုပ်ဆီလည်း တရားဝင်ကန့်ကွက်စာပေးပို့ခဲ့ကြသည်။ ထိုသို့ကန့်ကွက်လာသောကြောင့် မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးမင်းမင်းဦးမှ တံတားအမည်ပြောင်းဆိုင်းဘုတ်တင်ခြင်း အခမ်းအနားကိုဖျက်သိမ်းပြီးတံတားအမည်ကိုလည်း ဒေသခံပြည်သူလူထုများလက်ခံသည့်အမည်နဲ့ ပြည်နယ်နဲ့လည်းလိုက်ဖက်သင့်လျော်သောအမည်တခုခုဖြစ်ရန်ပြည်ထောင်စုအစိုးထံသို့တင်ပြပေးမည်ဟု ပြန်လည်ထုတ်ပြန်ခဲ့သည်။

    တံတားအမည်ပေးခြင်းနဲ့ပတ်သက်ပြီး မွန်တိုင်းရင်းသားများနှင့်(NLD)အစိုးရကို အားပေးထောက်ခံသူများကြား အပြန်အလှန်စွပ်စွဲပြစ်တင်လာကြသည်။ မွန်တိုင်းရင်းသားများဘက်ကလည်း လူများစုများ၏အုပ်စုဖွဲ့ဒီမိုကရေစီ အနိုင်ကျင့်ခံရခြင်း၊ လူမျိုးကြီးဝါဒဖြင့်ဝါးမြိုခြင်း၊ ဒီမိုကရေစီအစိုးရဟုအမည်ခံပြီး ပြည်သူ့အသံကို နားမထောင်ခြင်းစသည်ဖြင့် ပြန်လည်ချေပလာသည်။

    မွန်ဝန်ကြီးချုပ်ဟောင်းဦးမင်းမင်းဦး တာဝန်ယူနေသည့်ကာလတွင်လည်း အုပ်ချုပ်ရေးပိုင်းနှင့်စည်းကမ်းထိန်းသိမ်းရေးပိုင်းအား နည်းချက် သတင်းများ ပြန့်နှံ့လာသည်။ ထိုသို့သောအကြောင်းအရင်းများကြောင့် (NLD)ပါတီ၏ စည်းကမ်းထိန်းသိမ်းရေး ကော်မတီ’ဦးဉာဏ်ဝင်း’ ဦးဆောင်သောအဖွဲ့၏စစ်ဆေးမှုကိုလည်း ခံထားရသူပါ။ နိုင်ငံရေးအရှုပ်အထွေးဖိအားပေးမှုများကို တောင့်ခံနိုင်ခြင်းမရှိဘဲ ဦးမင်းမင်းဦး ဝန်ကြီးချုပ်တာဝန်မှ တရားဝင်နှုတ်ထွက်စာတင်ခဲ့သည်။ ဝန်ကြီးချုပ်သစ်(ဒေါက်တာအေးဇံ) မရွေးချယ်မီနှင့် တာဝန်မလွှဲပြောင်းမီကာလတွင် မိမိခံစားချက်ကိုမီဒီယာများအားရှင်းလင်းပြသခဲ့သည်။ လုပ်ပိုင်ခွင့်အာဏာကိုဗဟိုမှထိန်းချုပ်ခြင်း၊ လာဘ်ပေးလာဘ်ယူမှုများရှိခြင်း၊ တာဝန်များကိုချုပ်ကိုင်ခြင်း’ စသောအကြောင်းကြောင့်ဖြစ်သည်ဟု သတင်းဌာနများကို ပြောကြားခဲ့သည်။

    (NLD)အစိုးရတက်လာပြီးနောက်ပိုင်း မွန်ပြည်သူလူထုနဲ့ထိပ်တိုက်မှုယခုနဲ့ဆိုနှစ်ခါရှိပါပြီ။ ပထမအကြိမ်အဖြစ် မုဒုံမြို့၊ ကန်သာယာပန်းခြံတွင် ‘ဗိုလ်ချုပ်အောင်ဆန်း’ကြေးရုပ်ထုစိုက်ထူထားမှုကို ဒေသခံမွန်လူငယ်များကန့်ကွက်နေသည့်ကြားမှ ဖွင့်လှစ်ခဲ့သည်။ မွန်ပြည်သူများဘက်ကလည်း ယခုလိုကန့်ကွက်နေခြင်းမှာ’ဗိုလ်ချုပ်အောင်ဆန်း’ကို မလေးစားလို့မဟုတ်ဘဲ အမျိုးသားရင်ကြားစေ့ရေးဆောင်ရွက်နေချိန်မှာ ယခုကဲ့သို့သဘောထားကွဲလွဲမှုနှင့် ပွတ်တိုက်မှုများကို ရှောင်ရှားသင့်တယ်လို့ ဆိုကြသည်။

    ထိုသို့ရှုပ်ထွေးသောအခြေအနေတွင် မွန်ပြည်သူလူထု၏ဒေါသကိုထပ်မံပြန်ဆွသလို အခြေအနေတရပ်ကိုဖန်တီးနေသလို တံတားအမည်ပြောင်းတဲ့ကိစ္စ ဆက်လက်ဖြစ်ပေါ်လာတာပါ။ မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ခေတ္တငြိမ်သက်ပေးခဲ့သောတံတားအမည်ပေးခြင်းကိစ္စကို (၂၈.၂.၂၀၁၇)ရက်နေ့၊ ပြည်သူ့လွှတ်တော်တွင် ‘ဗိုလ်ချုပ်အောင်ဆန်းတံတား’ အမည်ပေးရန်အဆိုကို မွန်ပြည်နယ်၊ ပေါင်မြို့နယ်မဲဆန္ဒနယ်မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ‘ဒေါ်မိကွန်ချမ်း’မှ ထပ်မံအဆိုပြုတင်သွင်းခဲ့သည်။ လွှတ်တော်ထဲတွင်(NLD)ကိုယ်စားလှယ်အများစုပါဝင်သောကြောင့် လွှတ်တော်ကိုယ်စားလှယ်အများစုကသဘောတူလက်ခံသောကြောင့်ပြည်သူ့လွှတ်တော်တွင်လက်ခံဆွေးနွေးရန်အတည်ပြုခဲ့သည်။ ထိုသို့လက်ခံဆွေးနွေးရန်အတည်ပြုလိုက်သည့်အပေါ်ချောင်းဆုံဒေသခံများမှသဘောတူလက်ခံခြင်းမရှိသောကြောင့် (၂.၃.၂၀၁၇) ရက်နေ့တွင် ဒေသခံမွန်ပြည်သူလူထုသုံးထောင်ကျော် ချောင်းဆုံမြို့နယ်ကညော်ရွာမှ တံတားသစ်ထိပ်အထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

    ယင်းပွဲတွင်ဒေါက်တာအောင်နိုင်ဦးမှ’မိကွန်ချမ်းထင်သလိုကျနော်တို့ဟာအစွန်းရောက်နေခြင်းဟုတ်မဟုတ်ဒီနေရာကိုတချက်လာကြည့်ပါ။ ခင်ဗျားတို့ဗိုလ်ချုပ်အောင်ဆန်းကိုချစ်သလို ကျနော်တို့လည်းခင်ဗျားတို့ထက်မလျော့သော ချစ်ခြင်းနဲ့ ရင်ထဲမှာလေးစားချစ်မြတ်နိုးနေတာပါ။ သူ့နေရာနဲ့သူရှိပါတယ်။ ဗိုလ်ချုပ်ရုပ်ရှင်၊ ဗိုလ်ချုပ်ပုံပါတဲ့ပိုက်ဆံများ အသစ်ရိုက်နှိပ်ထုတ်ဝေလိုက်ပါ။ ကျနော်တို့ထိပ်ဆုံးမှထောက်ခံမယ်’ဟု ပြောကြားခဲ့သည်။ (NLD)အစိုးရအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းပုံရိပ်ကိုအသုံးချပြီး တိုင်းရင်းသားလူမျိုးစုများအပေါ် လွှမ်းမိုးဖို့ကြိုးစားနေခြင်းသည် ဗိုလ်ချုပ်ကိုအခါခါသတ်နေသလိုပါ။

    (၁၄.၃.၂၀၁၇)ရက်ပြည်သူ့လွှတ်တော်တွင်တံတားအမည်ပေးခြင်းအဆိုကိုဆွေးနွေးခဲ့ပြီးလျှိုဝှက်မဲပေးစနစ်စက်ခလုတ်နှိပ်မဲခွဲခဲ့သည်။’ဗိုလ်ချုပ်အောင်ဆန်းတံတား’အမည်ကိုအတည်ပြုသတ်မှတ်ခဲ့သည်။ ယခုကဲ့သို့(NLD)အများစုလွှမ်းမိုးသောလွှတ်တော်တွင် ယင်းကဲ့သို့ဆုံးဖြတ်ခြင်းသည် ဒီမိုကရေစီနဲ့အနိုင်ကျင့်သလိုပါ။ လူများစုကလူနည်းစုကို အုပ်စုဖွဲ့အနိုင်ကျင့်နေသလိုပင်ဖြစ်သည်။ ‘ပြည်သူ့အသံ-လွှတ်တော်အသံ၊ပြည်သူ့ဆန္ဒ-လွှတ်တော်ဆန္ဒ’ဟု ကြွေးကြော်နေသော ဆောင်ပုဒ်နဲ့သွေဖယ်နေသလိုပါ။ ဌာနေဒေသခံတိုင်းရင်းသားများ၏အသံကိုလည်း နားထောင်ခြင်းမရှိပါ။ ဒီမိုအာဏာရှင်ဆန်ဆန်အတည်ပြုဆုံးဖြတ်မှုကို ချောင်းဆုံဒေသခံများနဲ့ ပြည်သူလူထုကလက်ခံခြင်းမရှိသောကြောင့် (၁၉.၃.၂၀၁၇) ရက်တွင် မော်လမြိုင်မြို့၊ ကမ်းနားလမ်းတွင် ဒုတိယအကြိမ်လူပေါင်းသုံးသောင်းကျော် အေးချမ်းစွာလမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ မွန်ပြည်သူများသာမက’ကရင်၊ပအို့ဝ်’ စသည့်ဒေသခံတိုင်းရင်းသားများလည်း လာရောက်ပူးပေါင်းပါဝင်ကြသည်။

    မွန်ပြည်သူလူထုအသံမှာလည်း တစ်ခုတည်းဖြစ်နေပါပြီ။ ဆန္ဒပြပွဲကိုဦးဆောင်သူ’နိုင်မွန်ရာဇာ’မှ ‘ကျနော်တို့ယခုလိုဆန္ဒထုတ်ဖော်ခြင်းသည် ဗိုလ်ချုပ်အောင်ဆန်းကိုမထီမဲ့မြင်မလေးစား၍ ကန့်ကွက်နေခြင်းမဟုတ်ပါ။ အစိုးရအနေဖြင့် ပြည်သူလူထု၏အသံကို ဒီမိုကရေစီသဘောတရားအနှစ်သာရနဲ့အညီ လူများစုကလူနည်းစုဆန္ဒကို အသိအမှတ်ပြုနားထောင်ပေးစေလိုကြောင်း’ ပြောကြားခဲ့သည်။

    သထုံမြို့နယ်ကရင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ’စောကျော်မိုး’ကလည်း ‘မွန်လူမျိုးများဟာရဲရင့်သူများ၊ ညီညွှတ်သူများဖြစ်ကြတယ်။ ကရင်နဲ့ပအို့လူမျိုးများဟာရိုင်းပင်းကူညီတတ်သူများအဖြစ် သမိုင်းမှာကျန်ရစ်မှာပါ။ ရပ်ကွက်ထဲအိမ်တအိမ်မီးလောင်လို့ ကျန်အိမ်များမှကိုယ်နဲ့မဆိုင်သလိုနေလျှင်ရပ် ကွက်တခုလုံးပြာကျသွားမည်။ တိုင်းရင်းသားလူမျိုးစုတခု၏ ရင်ထဲကအပူကိုကျန်လူမျိုးများက ဝိုင်းဝန်းဖေးမခြင်းပါပဲ။ ဒီလိုမျိုးဒီမိုကရေစီစံညွှန်းနဲ့အညီ အေးချမ်းတည်ငြိမ်စည်းကမ်းရှိစွာ ဆန္ဒထုတ်ဖော်သည့်အလေ့အထလည်း မြန်မာပြည်မှာထွန်းကားလာမယ်’ လို့ ၄င်းကိုယ်တိုင်ပါဝင်လှုပ်ရှားခဲ့မှုအပေါ် ထုတ်ဖော်ပြောပြထားပါတယ်။

    မွန်လူမျိုးများကပို၍စည်းလုံးမှုကိုတည်ဆောက်နိုင်ခဲ့ပြီး ပြည်သူ့အသံကိုနားမထောင်သော(NLD)အစိုးရကိုလည်း ယုံကြည်မှုမဲ့လာစေသည်။ ဗိုလ်ချုပ်အောင်ဆန်းပုံရိပ်ကိုအသုံးချပြီး အမျိုးသားရင်ကြားစေ့ရေးကိုထိခိုက်စေမည့် မည်သည့်နေရာမဆို လွှမ်းမိုးရန်ကြိုးစားနေမှုကို အစိုးရအနေဖြင့်ရပ်တန့်စေချင်ပါတယ်။ တံတားအမည်ပြောင်းခြင်းကိုလည်း ပြန်လည်ရုတ်သိမ်းပြီး ဒေသခံများ၏ဆန္ဒကို ပြန်လည်နားထောင်စေလိုပါသည်။

    (၂၀၁၇)ချောင်းဆုံမြို့နယ်တွင်ကျင်းပပြီးစီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း ဒေသခံများအနေဖြင့် မိအေးအခါခါနာသလို နောက်တခါထပ်မံကိုယ်စားလှယ်အရွေးမမှားတော့ပါ။ အမှတ်တံဆိပ်ထက် အမှန်တကယ်အလုပ်လုပ်မည့်သူကို ရွေးချယ်ပေးခဲ့သည်ဟုမြင်မိပါသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    19,700SubscribersSubscribe
    spot_img

    Latest posts