spot_img
Friday, March 29, 2024
More
    spot_img
    Homeအမြင်နှင့်သုံးသပ်ချက်UNFC အပေါ်ဂယက်ရိုက်ခတ်လာတဲ့ ပန်ဆန်းကြေညာချက်

    UNFC အပေါ်ဂယက်ရိုက်ခတ်လာတဲ့ ပန်ဆန်းကြေညာချက်

    -

    “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP, မိုင်းလားအဖွဲ့ NDAA, ကချင်လွတ်လပ်ရေးအဖွဲ့KIO၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ၊ ကိုးကန့်အဖွဲ့၊ TNLA တအာင်းပလောင်အဖွဲ့၊ ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် ရက္ခိုင့်တပ်မတော် AA စတဲ့ မြန်မာပြည်မြောက်ပိုင်းဒေသမှလှုပ်ရှားနေကြတဲ့ တိုင်ရင်းသားလက်နက်ကိုင် ၇ ဖွဲ့ရဲ့ ပန်ဆန်းဆွေးနွေးပွဲနောက်ဆုံးရက် ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ထိုးဖို့ ငြင်းပယ်လိုက်ပြီး အစိုးရနဲ့ နိုင်ငံရေးတွေ့ ဆုံဆွေးနွေးဖို့ UWSP “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ ခေါင်းဆောင် တဲ့ နိုင်ငံရေးဆွေးနွေးမှုကော်မတီ တစ်ရပ်ကိုဖွဲ့စည်းလိုက်တယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့တာ အားလုံးအသိပဲဖြစ်ပါတယ်။

    အဲဒီနောက်မှာ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC ဒုတိယအကြိမ် ညီလာခံကို ရက်အကန့်အသတ်မရှိ ထပ်မံရွှေ့ဆိုင်းလိုက်ရပါပြီ၊ ပုံမှန်အားဖြင့် ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလအတွင်း ညီလာခံကျင်းပဖို့ သတ်မှတ်ခဲ့ပေမယ့်လည်း နောက် ၃ လရွှေ့ဆိုင်းကာ ယခုမတ်လနှောင်းပိုင်းမှာ ကျင်းပဖို့ လျာထားခဲ့တာပါ။

    ပန်ဆန်းညီလာခံတွင် KIO ခေါင်းဆောင်ကိုတွေ့ရစဉ်(Internet)

    “ညီလာခံကို သတ်မှတ်ရက် မတ်လ ၂၃ ရက်နေ့မှာ စတင်ကျင်းပနိုင်ဖို့အတွက်ကို ကျနော်တို့က အစီရင်ခံစာကို ဗဟိုအလုပ်အမှုဆောင်က အတည်ပြုလိုက်တယ်၊ ဒါပေမဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ရေး နိုင်ငံရေး အခြေအနေကြောင့် ညီလာခံကို ဒီသတ်မှတ်ရက်အတွင်းမှာ မလုပ်ဆောင်သင့်သေးဘူး၊ နိုင်ငံရေး ပြဿနာက တော်တော်လေးကို အခက်အခဲရှိနေတယ်” လို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ UNFC ဗဟိုအလုပ်အမှုဆောင်အရေးပေါ်အစည်းဝေးကျင်းပအပြီး မတ်လ ၁၄ ရက်နေ့က သတင်းထောက်တွေကို ဒုဥက္ကဌ နိုင်ဟံသာ ရှင်းလင်းပြောကြားပါတယ်။

    UNFC အဖွဲ့ဝင်တွေထဲမှာ ဥက္ကဌနေရာယူထားတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ဟာ ပြီးခဲ့တဲ့ ပန်ဆန်း(ပန်ခမ်း) အစည်းအဝေးကို ပါဝင်တက်ရောက်ခဲ့ပြီး အစည်းအဝေးထုတ်ပြန်ချက်မှာ ပါရှိတဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးစာချုပ် NCA ကို လက်မှတ်မရေးထိုးဖို့နဲ့ ‘ဝ’ ပြည်သွေးစည်းညီညွှတ်ရေးပါတီ/ ‘ဝ’ ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော် UWSP/ UWSA ရဲ့ နိုင်ငံရေး ဦးဆောင်မှုအတိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆက်လက်လုပ် ဆောင်ဖို့ စတဲ့အချက်တွေကို ဆွေးနွေးပွဲတက်ရောက်ခဲ့ကြတဲ့ မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာ အခြေစိုက်လှုပ်ရှားနေကြတဲ့ တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့များနှင့်အတူ သဘောတူညီခဲ့ကြတယ်လို့ ထုတ်ပြန်ချက်ထဲ ဖတ်ရှုမိပါတယ်။

    “အဲဒီအပေါ်မှာ ကျနော်တို့ကတော့ ဒီအခက်အခဲကို အေးအေးဆေးဆေး နဲ့ ဖြတ်ကျော်နိုင်ဖို့အတွက် နည်းလမ်းရှာတဲ့အနေနဲ့ ညီလာခံ UNFC ကို ရွှေ့လိုက်တာဖြစ်တယ်။ အခက်အခဲဆိုတာကတော့ ပန်ဆန်းမှာ သူတို့ကတော့ NCA လိုင်းကို မသွားတော့ဘူး၊ ဒီဘက်ကလည်း ကျနော်တို့ NCA လိုင်းကို ညှိနေတာလည်း တော်တော်လေးကို တိုးတက်လာပြီ၊ အဲ့လိုအမြင်မတူတဲ့ အနေအထားနှစ်ခုကြားမှာ ကျနော်တို့ မကိုင်တွယ်တတ်ရင် ကျနော်တို့ထဲမှာလည်း အမြင်တွေကွဲနိုင်တယ်၊ နောက်အခြေအနေမှာ စစ်ရေးကလည်း တိုးလာနိုင်တယ်ဆိုတဲ့ အနေအထားမျိုးကို ကျနော်တို့ မြင်တယ် ဒါကြောင့် ကျနော်တို့ အချိန်ယူလိုက်ရတာဖြစ်တယ်” လို့ နိုင်ဟံသာက ဆိုပါတယ်။

    ပြီးခဲ့တဲ့မတ်လ ၁၂ ရက်မှ ၁၄ ရက်နေ့အထိ သုံးရက်ကြာ UNFC ဒုတိယအကြိမ် ညီလာခံ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်တဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အရေးပေါ် အစည်းအဝေးမှာ ဝ UWSA ဦးဆောင်တဲ့ မြောက်ပိုင်းဒေသထုတ်ပြန်ချက်အပေါ် တစ်စုံတစ်ရာ ဆုံးဖြတ်ချက် ချမှတ်နိုင်ခြင်းမရှိခဲ့ပါ။

    ယခုမတ်လ ၃ ရက်နေ့မှာပဲ UNFC အဆိုပြုချက် ၉ ချက်ကိုလည်း အစိုးရဘက်က မူအားဖြင့်သဘောတူညီထားပြီး ဖြစ်ပါတယ်။ သို့သော်လည်း အဲဒီအချက် ၉ ချက်ကို အစိုးရဘက်က မူအရလက်ခံပြီးဖြစ်ပေမယ့် ပိုပြီးခိုင်မာလာအောင် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ဆက်ဆွေးနွေးညှိနှိုင်းဖို့ လိုအပ်နေသေးတယ်လို့ UNFC က ဆိုပါတယ်။ ဒီကြားကာလတွေမှာ NCA လက်မှတ်ရေးထိုးဖို့ အချိန်ဆွဲလျင် ဆွဲသလိုကြာမြင့်နိုင်ပြီး အချိန်တိုကာလအတွင်း လက်မှတ်ရေးထိုးနိုင်တဲ့အခြေအနေကိုလည်း တွေ့ရှိရပါတယ်။

    UNFC တောင်းဆိုချက်တွေထဲက အရေးကြီးအချက်တချို့ကောက်နုတ်ထုတ်ရပါလျင် လက်ရှိအခြေအနေမှာ NCA လက်မှတ်တပြိုင်တည်းရေးထိုးဖို့ ကျန်လက်နက်ကိုင်တိုင်းရင်းသား EAOs အားလုံး All Inclusive ပါဝင်လာဖို့ဆိုတာ မဖြစ်နိုင်တော့ပါ၊ တပ်မတော်ကနေ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲကြောင်း ကြေညာပေးဖို့ဆိုတာကလည်း လက်ရှိမြောက်ပိုင်းဒေသစစ်ပွဲအနေအထားအရ မဖြစ်နိုင်ပါ။ သို့သော် NCA လက်မှတ်ရေးထိုးတဲ့ သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တပ်မတော်သာ အပြန်အလှန်အပစ်အခတ်ရပ်စဲရေးကြေညာလိုပါက ကြေညာနိုင်တဲ့အခြေအနေရှိပါတယ်။

    နောက် နိုင်ငံတကာအသိသက်သေများဆိုရာမှာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC ထဲ ကုလသမဂ္ဂ UN Platform ရှိလာတော့မှာဖြစ်တဲ့အတွက် နှစ်ဖက်လက်ခံတဲ့ အနေအထားပါ။ သို့ပေမယ့် ယခင်တစ်ဆို့မှုတွေဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်ရေးဆွဲရာမှာ ၃ ပွင့်ဆိုင်ဖြစ်ရေး ဆိုတဲ့အချက်ကိုပဲ အကြေအလည်ဆက်လက်ဆွေးနွေးကြရမှာ ဖြစ်တယ်။ ဒီလိုနိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်ရေးဆွဲတာဟာ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အခန်းကဏ္ဍဖြစ်တဲ့အတွက် UNFC အနေနဲ့ NCA ရေးထိုးပြီးတဲ့ ယခင်ဘဝတူတိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့နဲ့ နိုင်ငံရေးပါတီ ၂၂ ပါတီထဲက တိုင်းရင်းသားပါတီတွေပါဝင်မှုကိုလည်း ထည့်တွက်စဉ်းစားမိဖို့ လိုအပ်ပါတယ်။

    အစိုးရငြိမ်းချမ်းရေးကော်မရှင်ဘက်က မူအားဖြင့်သဘောတူညီခဲ့တဲ့ တောင်းဆိုချက် ၉ ချက်ကို မတ်လနှောင်းပိုင်းမှာ ကျင်းပမယ်လို့ရည်ရွယ်ထားတဲ့ UNFC ညီလာခံမှာအတည်ပြုဖို့၊ ဆက်လက်ပြီး သက်ဆိုင်ရာခေါင်းဆောင်တွေနဲ့ အကြိုလက်မှတ်ရေးထိုးပွဲတွေပြုလုပ်ပြီးနောက် ဒုတိယအကြိမ်ပင်လုံညီလာခံ အခမ်းအနားမစတင်မီ NCA လက်မှတ်ရေးထိုးဖို့ UNFC ရဲ့ နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ကိုယ်စားလှယ်အဖွဲ့ DPN စဉ်းစားထားခဲ့ဟန်တူပါတယ်၊ ဒါပေမယ့် ခုလို UNFC ဆုံးဖြတ်ချက်မချနိုင်တဲ့အတွက် မူအားဖြင့်သဘောတူညီချက်တွေဟာလည်း စာရွက်ပေါ်မှာပဲ တန့်နေဆဲပါ။

    KIO သတင်းပြန်ကြားရေး တာဝန်ခံ ဒု-ဗိုလ်မှူးကြီး နော်ဘူက “မူအားဖြင့် သဘောတူတာကတော့ လက်တွေ့မှာ တော်တော်ပဲ အခက်အခဲရှိမယ်လို့ ကျနော်ထင်ပါတယ်၊ လက်တွေ့မှာက သူတို့ရဲ့ မူအားဖြင့် သဘောတူညီတယ်ဆိုတဲ့ စာကြောင်းလေးတွေကို ကျနော်တို့ ကြည့်ရင်တော့ ကျနော်တို့မူလတင်ပြထားတဲ့ စာတမ်းနဲ့ တော်တော်ကွာတာကို တွေ့ရပါတယ်။ ဒါကြောင့် မူအားဖြင့်ဆိုတဲ့ အကြောင်းကတော့ နည်းနည်းစောင့်ကြည့်ရမယ်လို့ ကျနော်ယူဆပါတယ်” လို့ သတင်းဌာနတွေကို ပြောပါတယ်။

    ကချင်လွတ်လပ်ရေးအဖွဲ့ KIO အနေဖြင့် UNFC အဖွဲ့ဝင်ကနေ နုတ်ထွက်မယ်လို့ ဆုံးဖြတ်ချက် ချထားတာ မရှိသေးသလို UNFC အနေနဲ့ အစိုးရနဲ့နိုင်ငံရေး ဆွေးနွေးတဲ့ လမ်းကြောင်းအတိုင်း ဆက်သွားနေတယ်လို့လည်း KIO သတင်းပြန်ကြားရေး တာဝန်ခံ ဒု-ဗိုလ်မှူးကြီး နော်ဘူက ဆိုပါတယ်။

    ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင် EAO’s အင်အား(၁၂) ဖွဲ့နဲ့ စတင်ဖွဲ့စည်းခဲ့တဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်မှာ လက်ရှိ ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP၊ မွန်ပြည်သစ်ပါတီ NMSP၊ ရခိုင်ပြည် အမျိုးသားကောင်စီ ANC၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU၊ ဝ အမျိုးသားအဖွဲ့ချူပ် WNO စတဲ့ NCA လက်မှတ်မရေးထိုးသေးအဖွဲ့ ၇ ဖွဲ့သာ ကျန်ရှိနေပါတယ်။

    ဒီတော့ ကချင် KIO အနေနဲ့ UNFC ရပ်တည်ချက်အတိုင်းမသွားဘဲ ပန်ဆန်း(ပန်ခမ်း) အစည်းအဝေး ရပ်တည်ချက်အတိုင်းရပ်တည်သွားပါက ငြိမ်းချမ်းရေးနှင့် ပတ်သက်တဲ့ UNFC လုပ်ဆောင်နေတဲ့ အပိုင်းတွေမှာ ပိုပြီးခက်ခဲလာလိမ့်မယ်လို့လည်း သုံးသပ်မိပါတယ်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts