spot_img
Saturday, April 20, 2024
More
    spot_img
    Homeဆောင်းပါးရှမ်းပြည်နယ် ဒုတိယအလက်ပို Aleppo မဖြစ်စေဖို့

    ရှမ်းပြည်နယ် ဒုတိယအလက်ပို Aleppo မဖြစ်စေဖို့

    -

    ရှမ်းပြည်နယ်သည် ၂၀၁၆ ခုနှစ်၊နိုဝင်ဘာ ၂၀ ရက်မှ ၂၅ ရက်နေ့အထိ မြောက်ပိုင်းမဟာမိတ်အဖွဲ့ (TNLA၊ MNDAA၊ AA)နှင့် KIA တို့ ပူးပေါင်း၍ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် ရပ်တန့်ရေး တိုက်ပွဲ၊ မုန်းကိုးမြို့သိမ်း တိုက်ပွဲ၊ ကွတ်ခိုင်မြို့ဝင် တံတား၊လမ်းများ တိုက်ပွဲ၊ ကြူကုတ်မြို့အနီး တိုက်ပွဲ၊ စသည့် စစ်ဆင်ရေး တစ်ရပ်ကို ပြုလုပ် ခဲ့သည်။အဆိုပါ စစ်ဆင်ရေးများကြောင့် တပ်မတော်နှင့် နှစ်ဖက်တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ကြပြီး လမ်း၊ တံတားများ ဖျက်စီးခြင်း၊ ကားများ မီးလောင်ပျက်စီးခြင်း၊ လူထုနှင့် ရဲဝန်ထမ်းများ သေဆုံးခြင်း၊ စစ်ရှောင် များ ထောင်- သောင်းချီ တိုးပွားလာခြင်း၊ကုန်သွယ်ရေး ဆုံးရှုံးမှုများ ဖြစ်ပွားခြင်း၊စသည့် အခြေအနေ များဖြင့် ရင်ဆိုင် ကြုံတွေ့ခဲ့ကြရသည်။

    ထိုအခြေအနေသည် မြန်မာနိုင်ငံတွင် အလွန်ကြောက်စရာကောင်းသော ဖြစ်စဉ် တစ်ခုအဖြစ် အားလုံးက မှတ်ယူခဲ့ကြသော်လည်း ဆီးရီးယားနိုင်ငံ၏ အလက်ပိုမြို့ Aleppo City သည် ရှမ်းပြည်နယ်ထက် အဆပေါင်းများစွာ ဆိုးဝါးသောအခြေအနေတစ်ရပ်ကို ယနေ့အချိန်ထိ ရင်ဆိုင်ကြုံတွေ့နေကြရသည်။ထို့ကြောင့် မြန်မာနိုင်ငံ၏ ရှမ်းပြည် နယ်သည် ဆီးရီးယားနိုင်ငံမှ အလတ်ပိုမြို့ဖြစ်မလာရန် လက်နက်ကိုင်ဆောင်ထားကြသူ အားလုံး သတိထား၍ ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်သည်။

    ဆီးရီယားနိုင်ငံ အလက်ပိုမြို့ စစ်ပွဲမဖြစ်မီနှင့် စစ်ပွဲဖြစ်ပြီးအနေအထား(Internet)

    ဆီးရီးယားနိုင်ငံတွင် ၂၀၁၁ ခုနှစ်၊မတ်လက သမ္မတအာဆတ်အစိုးရ ဖြုတ်ချရေးစစ်ရေးလှုပ်ရှားမှုများကို အစ္စလာမ် (IS)အဖွဲ့တို့က စတင်ခဲ့ရာမှာ အစိုးရထောက်ခံသော ပြည်သူ့စစ်များ၊အစိုးရတပ်မတော်တို့က တစ်ဘက်၊ အမေရိကန်ထောက်ခံသော အစိုးရဖြုတ်ချရေး ဆီးရီးယားသူပုန်တို့ကတစ်ဘက်၊ IS က တစ်ဘက်၊ စသည့် ဘက်ပေါင်းစုံ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာမှာ အလက်ပိုမြို့သည် တန်ဆာခံဖြစ်ခဲ့ရသည်။ ယခု ဆီးရီးယားနိုင်ငံ၏ အလက်ပိုမြို ့သည် စစ်ပွဲဇုန်အတွင်းသို့ ရောက်ရှိသွားခဲ့ပြီး ဒေသခံများမှာလည်း ထွက်ပြေးတိမ်းရှောင်နေကြ ရသည်မှာ မြို့ထဲတွင် အရပ်သားများ မရှိသလောက် ဖြစ်ခဲ့ရသည်။

    အလားတူ လူနေအိမ်၊ တိုက်တာအဆောက်အအုံများမှာလည်း အပျက်အစီးပုံများဖြစ်ပွားကာ စီးပွားရေး ရင်းနှီး မြှပ်နှံ့ရန် အလားအလာမရှိတော့သလောက် ဖြစ်သွားသည်။အဆိုပါ အခြေအနေများကို လေ့လာ သုံးသပ်ခြင်းဖြင့် မြန်မာနိုင်ငံသည် ဒုတိယ ဆီးရီးယားမဖြစ်ရန် အရေးကြီးလှသကဲ့သို့ ရှမ်းပြည်မှာလည်း ဒုတိယ အလက်ပို မဖြစ်ရန် အရေးကြီးလှပါသည်။

    ဆီးရီးယားနိုင်ငံ၏ ပြည်တွင်းစစ်တွင် ပြည်ပထောက်ပံ့မှုများ မပါလာရင် ယခုကဲ့သို့ အခြေအနေအထိ ဖြစ်မလာ နိုင်ပေ။ သို့သော် ပြင်ပ အထောက်အပံ့များကို ရယူကာ လက်နက်ကိုင်ဆောင်ထားသော တပ်ဖွဲ့ဝင်များက အပြန်အလှန် တိုက်ခိုက်ခြင်းကြောင်းသာ ဆိုးဝါးသည့် အခြေအနေတစ်ရပ် အထိဖြစ်တည်လာခဲ့ခြင်း ဖြစ်သည်။ ဆီးရီးယားနိုင်ငံ၏ ၂၀၁၁ ခုနှစ် မတ်လမှ ယခု ၂၀၁၇ ခုနှစ်၊ မတ်လအထိ ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်တွင် သေဆုံးသူ သုံးသိန်းကျော်(၃၁၀,ဝ၀ဝ)ရှိသွားပြီးဖြစ်သကဲ့သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ရသူ သိန်းချီရှိကြောင်း သတင်းဖော် ပြချက်များအရ သိရသည်။

    မြန်မာနိုင်ငံတွင် ပြည်တွင်းစစ် ဖြစ်ပွားလာခဲ့သည်မှာ နှစ်ပေါင်း ၇၀ နီးပါး ရှိလာပြီးဖြစ်သော်လည်း ချုပ်ငြိမ်းနိုင် ရေး နည်းလမ်းများမှာ အလုံးစုံ ရှာဖွေတွေ့ရှိခြင်းမရှိသေးဘဲ အရှိန်လျှော့ချနိုင်ရေးနှင့် ချုပ်ငြိမ်းနိုင်ရေးအဖြေကို ရှာဖွေနိုင်မည့် လမ်းကြောင်း တစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်နေဆဲဖြစ်သည်။

    အဆိုပါ လမ်းကြောင်းမှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ဖြစ်သည်။ သို့သော် NCA တွင် အားလုံးပါဝင်ခြင်းမရှိသေးပဲ လက်နက်ကိုင် ၈ ဖွဲ့သာ ပါဝင်နေပြီး ကျန် ၁၃ ဖွဲ့အနက် အင်အားကြီး သော UWSA၊ NDAA၊ NSCN-K၊ KIA၊ NMSP၊ SSPP၊ KNPP၊ MNDAA၊ TNLA၊ AA တို့ ကျန်နေသေးခြင်းက လမ်းကြောင်းပေါ်မှ အဖုအထစ်လေးများ ဖြစ်နေသည်။ထိုအဖွဲ့များ ပါဝင်လာမှသာလျှင် ချောမွေ့သော NCA လမ်းကြောင်း ဖြစ်ပေါ်လာမည်ဖြစ်ပြီး စစ်ပွဲများလည်း အဆုံးသတ်နိုင်မည်ဖြစ်သကဲ့သို့ ရှမ်းပြည်နယ်ကြီး ဒုတိယ အလက်ပို ဖြစ်မလာရေးကိုလည်း တားဆီးနိုင်မည် ဖြစ်သည်။သို့မဟုတ်ပါက ရှမ်းပြည်နယ်သည် ဒုတိယ အလက်ပိုဖြစ်လာနိုင်ချေရှိနေပြီး ပိုမိုပြင်းထန်သည့် တိုက်ပွဲများ ဖြစ်ပွားလာနိုင်သည့် အရိပ်အခြေများကို လည်း တွေ့လာနေရသည်။

    ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၄ ရက်နေ့အထိ UWSA မှ ဦးဆောင်ကျင်းပခဲ့ သော ပန်ခမ်း(ပန်ဆန်းမြို့) ထိပ်ပိုင်း ခေါင်းဆောင်များအစည်းအဝေး၏ သဘောထား ထုတ်ပြန်ချက်များပင် ဖြစ်သည်။အဆိုပါ အစည်းအဝေးတွင် NCA လက်မှတ်မထိုးရသေးသည့် UWSA၊ NDAA၊ KIA၊ SSPP၊ TNLA၊ MNDAA၊ AA၊ တို့အပြင် NCA လက်မှတ်ထိုးထားသော DKBA မှ ခွဲထွက်သွားသည့် စောဆန်းအောင်တို့ ပါဝင် ကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆွေးနွေးခဲ့ကြသည်။

    ထိုအစည်းအဝေးမှ ထုတ်ပြန်ချက်တွင် NCA ကို လက်မှတ်မထိုးရန်၊ NCA ကို အသစ်ပြန်လည် ဆွေးနွေးရန် ( အစားထိုးရန်)၊ NCA မထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့များနှင့် အပစ်ရပ်စဲရေးစာချုပ်အသစ်များ ချုပ်ဆိုရန်၊ နိုင်ငံရေးအဖွဲ့ဖွဲ့စည်းရန်၊ တရုတ်အစိုးရ၏ One Belt One Road ကို အကောင်အထည်ဖော်ရန် စသည့် အချက် များ ပါဝင်နေသည်။ အလားတူ MNDAA ခေါင်းဆောင် ဖုန်ကြားရှင်ကလည်း ပန်ခမ်း(ပန်ဆန်းမြို့) အစည်းအဝေး မှာ KIA၊ TNLA၊ MNDAA၊ AA တို့လို အင်အား တောင့်တင်းသည့် မဟာမိတ်အဖွဲ့မျိုး “ဝ” တပ်ဖွဲ့ (UWSA) ပါ ပါမည့် အဖွဲ့ ဖွဲ့စည်းသင့်ကြောင်း တရုတ်မီဒီယာသို့ ပြောကြားခဲ့သည်ဟု သိရသည်။

    ၂၀၁၇ ခုနှစ်၊မတ် ၆ ရက်တွင် MNDAA ၊ TNLA၊ AA တို့ ပူးပေါင်း၍ ရှမ်းပြည်နယ်၊လောက်ကိုင်မြို့ကို တိုက်ခိုက် ခဲ့ရာ အရပ်သား၊ ပညာရေးဝန်ထမ်း၊ ရဲတပ်ကြပ်အပါအဝင် လူ ၁၂ ဦးသေဆုံးခဲ့ပြီး ဟိုတယ်များ၊ကားများ၊မီးလောင် ပျက်စီးဆုံးရှုံးခဲ့ သည်။ လက်ရှိတွင် UWSA သည် စစ်ရေးအတွင်း မပါဝင်သေးသော်လည်း ထောက်ပံ့မှုဖြင့် လက်နက်ကိုင်အဖွဲ့တချို့ကို ထိန်းချုပ် လျက်ရှိပြီး နိုင်ငံရေးအရ ဦးဆောင်၍ အစိုးရနှင့် ညှိနှိုင်းရန်လည်း ကြိုးစားဆောင်ရွက်လျက်ရှိသကဲ့သို့ နိုင်ငံရေး၊ စစ်ရေးကို အရှိန်မြှင့်လုပ်ဆောင်လာနေသည်ကို တွေ့နိုင်ကြောင်း သုံးသပ်ပြောဆိုနေကြသည်။

    “ UWSA နဲ့ NDAA တို့ NCA စာချုပ်မှာ လက်မှတ်မထိုးဘူးဆိုတာက သူတို့ လက်ရှိ ရထားတဲ့ အကျိုးအမြတ် တွေ လျော့နည်းသွားမှာဆိုတဲ့အတွက်ကြောင့်ဖြစ်တယ်။အခု သူတို့ (ပန်ဆန်းအစည်းအဝေး)ထုတ်ပြန်ချက်က NCA ကို အဟန့်အတားမဖြစ်စေအောင် စောင့်ကြည့်လေ့လာနေပါတယ်”ဟု NCA လက်မှတ်ထိုးထားသော PNLO မှ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

    ပန်ခမ်း(ပန်ဆန်းမြို့)ထုတ်ပြန်ချက်အတိုင်း အကောင်အထည်မဖော်ခင် NCA စာချုပ် ဖြစ်တည် လာသည့် အခြေအနေကို ပြန်ကြည့်ရန်လိုအပ်သည်။အဘယ်ကြောင့်ဆိုသော် NCA စာချုပ်ရရှိရန် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲဘယ်နှကြိမ်ဖြစ်ပွားခဲ့သလဲ၊ တိုက်ပွဲအတွင်း နှစ်ဖက် စစ်သည်များအပါအဝင် ဒေသခံများ၏ အသက်ပေါင်း မည်မျှ ပေးဆပ်ခဲ့ရသလဲ၊ စစ်ရှောင် ဒုက္ခသည် အရေ အတွက် မည်မျှ ရှိလာသလဲ၊ မြို့၊ ကျေးလတ်/ဒေသ မည်မျှ ဆုံးရှုံးခဲ့သလဲ၊ စသည့် အခြေအနေ အရပ်ရပ်ကို ရင်းနှီးပြီးမှ NCA စာချုပ်ကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

    ယခု ပန်ခမ်း(ပန်ဆန်းမြို့)အစည်းအဝေးက NCA စာချုပ်ကို အစားထိုးမည် အပါအဝင် တခြားအချက်များကို အကောင်အထည်ဖော်မည်ဆိုလျှင် နောက်ထပ် တိုက်ပွဲ ဘယ်နှကြိမ်ဆက်ဖြစ်ရအုံးမည်လဲ၊ အသက်ပေါင်း မည်မျှ ပေးဆပ်ရအုံးမည်လဲ၊ မြို့- ကျေးလက်/ဒေသ မည်မျှ ဆုံးရှုံးရအုံးမည်လဲ၊ စစ်ရှောင်ဒုက္ခသည် မည်မျှ တိုးပွားလာအုံးမည်လဲ၊ စသည့် အခြေအနေများကို စဉ်းစားရန် လိုအပ်သည်။

    “တပ်မတော်ကလည်း အခု “ဝ”ရဲ့ အခြေအနေကို စောင့်ကြည့်နေတယ်လို့မြင်တယ်။ဒီတစ်ခါ ဖြစ်ရင်တော့ တော်တော်လေး အထိနာကြမယ်။နှစ်ဖက်စလုံးပေါ့။ “ဝ”လည်း ကုန်သလောက်ဖြစ်သွားမယ်။ တပ်မတော်လည်း တော်တော် ကျဆုံးနိုင်တယ်။ဒါမျိုးအခြေအနေမဖြစ်အောင် ဒေါ်အောင်ဆန်းစုကြည်က ထိန်းနေတယ်။ဒါကြောင့် ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည်ကို အားဖြည့်ပေးဖို့လိုအပ်တယ်”ဟု လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့မှ ကိုယ်စား လှယ် တစ်ဦးက ပြောသည်။

    ရှမ်းပြည်နယ် မည်သည့်အတွက် ဒုတိယ အလက်ပိုဖြစ်လာနိုင်သနည်းဟု ပြောဆိုရခြင်းကလည်း အကြောင်းမဲ့ မဟုတ်ပါ၊ ပန်ခမ်း(ပန်ဆန်းမြို့)အစည်းအဝေးသို့ တက်ရောက်ခဲ့သော NCA လက်မှတ်မထိုးရသေးသည့် လက် နက်ကိုင်အဖွဲ့များသည် ရှမ်းပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားနေသော အဖွဲ့များဖြစ်သည့် အပြင် DKBA မှ ခွဲ ထွက်ခဲ့သည့် ဗိုလ်မှူးကြီးစောဆန်းအောင်ပင် ရှမ်းပြည်နယ်သို့ သွားရောက်ကာ မြောက်ပိုင်းမဟာမိတ်နှင့် ပူး ပေါင်း၍ စစ်ရေးလှုပ်ရှားလာနေခြင်းကြောင့်ဖြစ်သည်။

    KIA သည်လည်း ကချင်ပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားခြင်းထက် ရှမ်းပြည်နယ်ကိုသာ ရွေး၍ စစ်ရေးလှုပ်ရှား မှုက များသည်။ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်မှ ၂၅ ရက်နေ့ မြောက်ပိုင်းမဟာမိတ် စစ်ဆင်ရေးကို ကြည့် ခြင်း ဖြင့်သိနိုင်ပါသည်။ KIA သည် ကချင်ပြည်နယ်တွင်း အတတ်နိုင်ဆုံး စစ်မဖြစ်ပွားရန် ထိန်းသိမ်းနေပြီး စစ် ရေး လှုပ်ရှားမှုများကိုလည်း နည်းနိုင်သမျှ နည်းနိုင်အောင် ထိန်းသိမ်းကာ ကချင်လူထု မထိခိုက်အောင် ထိန်း နေသော်လည်း ရှမ်းပြည်နယ်ဘက်တွင်မှု မတူညီသော စစ်ရေး လှုပ်ရှားမှုများကို လှုပ်ရှားနေခြင်းက သာဓက တစ်ခု ဖြစ်စေသည်။

    “ KIA မှာက လိုင်ဇာနဲ့ မိုင်ဂျာယန်ပဲ ရှိတော့တယ်။နယ်မြေကျဉ်းသွားပြီး ဒါကြောင့် “ဝ” နဲ့ စစ်ရေးမဟာမိတ် သွား လုပ်တာ။ဒါပေမဲ့ ဟိုဘက်က လက်မခံဘူး။ နိုင်ငံရေးမဟာမိတ်ပဲ လက်ခံတယ်။ “ဝ”က နိုင်ငံရေးမဟာမိတ် အဖွဲ့ ဖွဲ့မယ်။သူဦးဆောင်မယ်။ ပြီးရင် အစိုးရနဲ့ ညှိနှိုင်းမယ်။ဒီလိုလုပ်လာတယ်။အခုတပ်မတော်က ဘာမှ မပြော ဘူး။စောင့်ကြည့်နေတာ။ဒါပေမဲ့ သက်ဆိုင်ရာ တိုင်းမှူးတွေကို မှာထားတယ်လို့ကြားရတယ်။ဒါကြောင့် နောက်ဆုံး ရှမ်းပြည်နယ်မှာ တိုက်ပွဲအကြီးအကျယ်ဖြစ်ဖို့ အလားအလာတွေများနေတယ်။ဒါကို ထိန်းသိမ်းနိုင် ဖို့လိုတယ်။ မထိန်းသိမ်းနိုင်ရင် ရှမ်းပြည်နယ် တစစီဖြစ်သွားမယ်”ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက် နေသော သတင်းရင်းမြစ်တစ်ခုက ပြောသည်။

    လက်ရှိ ရှမ်းပြည်နယ်တွင် မည်သည့် လက်နက်ကိုင်အဖွဲ့များ လှုပ်ရှားနေသနည်း လေ့လာကြည့်မည်ဆိုလျှင် ရှမ်းရှေ့၌ NDAA၊ UWSA၊ ပြည်သူ့စစ်အဖွဲ့များ၊ ရှမ်းတောင်မှာ RCSS/SSA၊ SSPP/SSA၊ PNLO၊ ရ.လ.လ.ဖ ၊ နားပန်ပြည်သူ့စစ်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ UWSA တောင်းပိုင်တပ်၊ ရှမ်းမြောက်မှာလည်း RCSS/SSA၊ SSPP /SSA၊ MNDAA၊ TNLA၊ KIA၊ UWSA၊ AA၊SSA အသွင်ပြောင်းအဖွဲ့၊ ပန်ဆေးပြည်သူ့စစ်၊ BGF ၊ စောဆန်းအောင် အဖွဲ့ (DKBA- ခွဲထွက်)၊ စသည့် လက်နက်ကိုင်အဖွဲ့အစည်းပေါင်းများစွာ လှုပ်ရှားလျက်ရှိသည်။

    ထိုသို့ ရှုပ်ထွေးလှသည့် ရှမ်းပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့များအကြား စစ်ရေး အရှိန်မြှင့်တက်လျက်ရှိ ပြီး UWSA နှင့် RCSS/SSA ပါ ပါဝင်လာလျှင် ပို၍ ဆိုးဝါးလာနိုင်သကဲ့သို့ ရှမ်းပြည်နယ်မှာ ဒုတိယ အလက်ပို ဖြစ်လာနိုင်ပါသည်။လက်ရှိတွင် ရှမ်းပြည်နယ်အတွင်း တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်တို့အကြား တိုက်ပွဲ များ၌ UWSA နှင့် RCSS/SSA တို့ ပါဝင်လာခြင်းမရှိသေးခြင်းက ကံကောင်းသည်ဟုပင် ဆိုနိုင်သော်လည်း မဖြစ် မနေ ပါဝင်လာခဲ့ရပြီးဆိုလျှင် မြန်မာပြည်သည် ဒုတိယ ဆီးရီးယားဖြစ်သွားနိုင်ပါသည်။

    ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်အတွင်းက UWSA ဦးဆောင်ကာ မြန်မာပြည်တွင် အင်အားအတောင့်အတင်းဆုံး လက်နက်ကိုင် တပ်ပေါင်းစု တစ်ဖွဲ့ ဖွဲ့စည်းသွားမည်ဆိုသော သတင်းများ ပြန့်နှံ့ခဲ့ပြီး ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၄ ရက် ပန်ဆန်းအစည်းအဝေးက ထိုအခင်းအကျင်းကို ဖြစ်စေလာနိုင်သော အရိပ်အငွေ့များကို မြင်တွေ့လာရသည်။အမှန်တကယ်ဖြစ်ပေါ်လာပါက ထိုအဖွဲ့တွင် UWSA၊ NDAA၊ MNDAA၊ TNLA၊ AA၊ စောဆန်းအောင် ဦးဆောင်သောအဖွဲ့၊ စသည်တို့ ပါဝင်လာနိုင်သည်။

    လက်ရှိတွင် UWSA သည် MNDAA၊ TNLA၊ AA တို့အား လက်နက်အပါအဝင် လူအင်အားနှင့်ငွေကြေး အင်အား တို့ကို ထောက်ပံ့ပေးနေပြီး စစ်ပွဲအတွင်း ပါဝင်ခြင်းမရှိသေးပဲ ၎င်းအတွက် ရှေ ့တမ်းကာကင်းသဖွယ် အသုံးပြု ထားခြင်းဖြစ်နိုင်ကြောင်း၊ နိုင်ငံရေးမှာလည်း ၎င်းက ထိန်းချုပ်ထားကာ အစိုးရ၊တပ်မတော်တို့ဖြင့် ညှိနှိုင်းရန် ပြင်ဆင်လျက်ရှိနေသည်ဟု နိုင်ငံရေးသမားအချို့က သုံးသပ်သည်။

    သို့သော် UWSA သည် အပြင်ပိုင်းအားဖြင့် ကြည့်မည်ဆိုလျှင် အားလုံး၏ အချုပ်ဟုဆိုနိုင်သော်လည်း အမှန်မှာ UWSA မဟုတ်ပဲ UWSA ကို လက်နက်များ ထောက်ပံ့ပေးနေသော တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံခြားဆက်ဆံရေးဌာန (ILD/CPC)ဖြစ်ကြောင်း ဘာတေလစ်တနာက ပြောဆိုထားသည်။

    ဘာတေလစ်တနာရေးသားသော “မြန်မာနိုင်ငံအပေါ်ထားရှိသည့် တရုတ်၏ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် မူဝါဒ”ဆောင်းပါးတွင် ILD/CPC သည် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ UWSA ကဲ့သို့ လက်နက်ကိုင် အဖွဲ့အစည်းများကိုလည်း ကူညီထောက်ပံ့မှုများ ပြုလုပ်လျက်ရှိသည်။PLA သည် UWSA အဖွဲ့အား လက်နက်မျိုး စုံ ထောက်ပံ့ခြင်းကဲ့သို့ ထောက်ပံ့မှုများကိုလည်း ပြုလုပ်သည်ဟု ဆိုထားသည်။

    အလားတူ ပြည်ထောင်စုငြိမ်းချမ်းရေးအင်စတီကျု(PI)မှ စိုင်းခွန်ဆိုင်းက “ တရုတ်က “ဝ” UWSA ကို လေယာဉ်ပစ် အဆင့်မီ လက်နက်တွေကို တစ်ဖက်လှည့်နဲ့ ထောက်ပံ့တယ်။ တပ်မတော်ကိုကျတော့ စစ်သုံး လေယာဉ်တွေကို ထောက်ပံ့ပေးနေတယ်”ဟု ပြောကြားထားဖူးသည်။

    လက်ရှိတွင် “ဝ” UWSA သည် သံချပ်ကာ ကားများနှင့် လေယာဉ်ပစ် လက်နက်များကို ပိုင်ဆိုင်ထားသကဲ့သို့ စစ်သုံးလေယာဉ် ၂ စီးလည်း ပိုင်ဆိုင်ထားကြောင်း ပြောဆိုနေကြပြီး လူအင်အား အနေဖြင့် ၃၀ဝ၀ဝ ကျော်ရှိ ကြောင်း သိရသည်။ထို့ကြောင့် လက်ရှိ ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားနေသော စစ်ရေးအတွင်းသို့ UWSA ပါဝင်ခြင်း မရှိသေးသော်လည်း နောက်ပိုင်း ပါဝင်လာလျှင် ရှမ်းပြည်နယ်သည် ဒုတိယ အလက်ပို ဖြစ်ပွား လာနိုင်သကဲ့သို့ ဆက်လက်၍ MNDAA၊ TNLA ၊ AA၊ တို့အား ထောက်ပံ့ပေးနေရင်လည်း စစ်ရေး အရှိန်ပိုမို တောက်လောင်လာကာ ရှမ်းပြည်နယ်မှာ တစစီဖြစ်သွားနိုင်သည်။

    မြန်မာနိုင်ငံမှာလည်း ပြည် တွင်းစစ်အတွင်း လက်နက်ကိုင်တိုက်ခိုက်ခဲ့ကြသော နှစ်ဖက်စစ်သည်များနှင့် အရပ်သား သေဆုံးမှုမှာ ဆီးရီးယားထက်ပင် များနိုင်သကဲ့သို့ စစ်ရှောင်ဒုက္ခသည်များမှာလည်း ၂၀၁၅ ခုနှစ်အတွင်းက ၆၇၀ဝ၀ဝ ( ၆ သိန်း ၇ သောင်း) ကျော်ရှိကြောင်း BNI မှ ထုတ်ဝေသော “မြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ် လမ်းညွန် အကိုးအကား ၂၀၁၅” စာအုပ်မှာ ဖော်ပြထားပြီး ယခု အချိန်ဆိုလျှင် ပိုတိုးလာနေကြောင်း သိရသည်။

    အဆိုပါ အခြေအနေ အကြောင်းအရာ အရပ်ရပ်ကို ကြည့်ခြင်းအားဖြင့် သက်ဆိုင်ရာမှ ခေါင်းဆောင်များ နိုင်ငံ ရေး ပြဿနာကို စားပွဲဝိုင်းထိုင် တွေ့ဆုံ ဆွေးနွေးမှုမပြုလုပ်ကြဘဲ စစ်ရေးဖြစ် ဖြေရှင်းကြမည်ဆိုလျှင် ရှမ်းပြည်နယ်သည် ဒုတိယ အလတ်ပို ဖြစ်လာနိုင်သလို မြန်မာနိုင်ငံလည်း ဒုတိယ ဆီးရီးယား ဖြစ်လာနိုင်ခြင်းကြောင့် “စိတ်ရှည်သီးခံ လမ်းကြောင်းမှန်” ဆိုသည့်အတိုင်း မိမိတို့၏ အခွင့်အရေးကို အကောင်းဆုံးပုံစံဖြင့် ချဉ်းကပ်တောင်းဆိုကြရန် မြင်မိပါကြောင်း။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts