spot_img
Friday, March 29, 2024
More
    spot_img
    Homeဆောင်းပါးဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် ကရင့်မြေယာသယံဇာတ ပြဿနာ

    ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် ကရင့်မြေယာသယံဇာတ ပြဿနာ

    -

    နှစ်ပေါင်း ၇၀ နီးပါးဖြစ်ပွားနေသည့် ပြည်တွင်းစစ်ချုပ်ငြိမ်းရေးအတွက် အပစ်ရပ်ပြီး နိုင်ငံရေးဆွေးနွေးမှုများတွင် ဇာတ်ဆောင်အားလုံးပါဝင်နိုင်ရေးနှင့် နောင်ပေါ်ပေါက်လာမည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးသည် တိုင်းရင်းသားအကြား၊လက်နက်ကိုင်များအကြားတွင် အလွန်အရေးကြီးသည့်အခန်းကဏ္ဍက ပါဝင်နေသည်။

    အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးတွင် မြေယာသယံဇာတအကျိုးစီးပွားခွဲဝေ သုံးစွဲမှုတွင် များစွာစိန်ခေါ်မှုရှိနေသည်။ထို့ကြောင့် ကရင်တိုင်းရင်းသားလူမျိုးများ၏ အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲတွင် ကရင်တိုင်းရင်းသားများအနေဖြင့် ၄င်းတို့ ဒေသအတွင်း မြေယာသယံဇာတများကို ဒေသတွင်း နေ ထိုင်သူ ပြည်သူများကသာ ပိုင်ဆိုင်သည်ဆိုသည့်အတွက် ၄င်းတို့၏ သဘောထားကို ဆွေးနွေးပွဲ ရလဒ်တွင် မူတစ်ခုအဖြစ် ထည့်သွင်းဖော်ပြထားသည်ဟု အဆိုပါ ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူ ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီ အထွေထွေ အတွင်းရေးမှူးစောကြည်လင်းက ပြောသည်။

    မြေယာသိမ်းခံရသူများဆန္ဒဖော်ထုတ်(Internet)

    ဘားအံ့မြို့တွင် ဇန်နဝါရီ ၁၈ရက်မှ ၂၀ ရက်အထိ ကျင်းပသည့် ကရင်တိုင်းရင်းသားလူမျိုးများအမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို ကျင်းပရာတွင် မူအဖြစ်ရရှိခဲ့ခြင်းဖြစ်သည်။

    စောကြည်လင်းက “နိုင်ငံတော်မှ ရှိသမျှ ရေ၊ မြေ၊ လေသယံဇာတအားလုံးဟာ နိုင်ငံတော်ပိုင်မဟုတ်ဘူး၊ မူရင်း ပိုင်ရှင်ဟာ ပြည်သူ လူထုပဲ။ပြည်သူလူထုကသာ ပိုင်ဆိုင်တယ် ကရင်လူမျိုးအလိုက်နိုင်ငံ ရေးဆွေးနွေးပွဲ မှာ အဲဒီမူကို ရခဲ့တယ်။ဒါကြောင့် ဖက်ဒရယ်ပြည်ထောင်စု မတည်ဆောက်နိုင်မီ ကျနော်တို့ ပြည်နယ်က သယံဇာတတွေ ထုတ်မသုံးသင့်သေးဘူး” ဟု ၄င်းက ပြောသည်။

    ကရင်ပြည်နယ်အတွင် သယံဇာတများစွာရှိနေပြီး ထုတ်ယူလို့မကုန်နိုင်ခြင်းဟုလည်း ၄င်းက ယခင်အစိုးရလက် ထက် ကရင်ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊စွမ်းအင်နှင့် စက်မှုလက်မှုဝန်ကြီးဌာနတို့အတွက် ပြည်နယ်ဝန်ကြီးအ ဖြစ် တာဝန်ထမ်းဆောင်စဉ် သိရှိခဲ့ရသည်ဟု ဆိုသည်။

    ကရင်တိုင်းရင်းသားလူမျိုးများအမျိုးသားနိုင်ငံရေးဆွေးနွေးပွဲမှ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝသ ယံဇာတ၊ ကာကွယ် ရေးနှင့် လုံခြုံရေး ကဏ္ဍ ဆိုင်ရာစာတမ်း ၅ ခုထွက်ရှိခဲ့ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးပူးတွဲဆွေး နွေးမှုကော်မတီ UPDJC သို့ တင်သွင်းထား ပြီးဖြစ်သည်။၄င်းတွင် ဆွေးနွေးခွင့်မရှိသည့် ကာကွယ်ရေးနှင့် လုံခြုံရေး ကဏ္ဍကို ကေအဲန်ယူ-ကရင်အ မျိုးသားအစည်းအရုံးနယ်မြေ လော်ခီးလာတွင် ဆွေးနွေးပွဲ ထပ်မံကျင်းပခဲ့ပြီး ဆွေးနွေးခဲ့ကြသည်။

    ကရင်ပြည်နယ်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ညှိနှိုင်းဆက်သွယ်ရေးမှူးဦးမောင်ကိုကမူ ကရင်ပြည်နယ်၏ သယံဇာ တခွဲဝေမှုနှင့် ပတ်သက်၍ “ကျွန်တော်တို့ ကရင်ပြည်နယ်ဆိုရင် NCA လည်းလက်မှတ် ထိုးထားတယ်။သယံဇာ တခွဲဝေမှုကို နားလည်မှုနဲ့ လုပ်နေတယ်လို့ ကျွန်တော်မြင်တယ်”ဟု ပြောသည်။

    သယံဇာတခွဲဝေမှုနှင့်ပတ်သက်၍တိတိကျကျသတ်မှတ်ထားခြင်းမရှိသေးသည့်အတွက် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကြားအချိန်မရွေးပြဿနာဖြစ်ပေါ်နိုင်သည့်အတွက် ငြိမ်းချမ်းရေး အပေါ် သံသယများရှိနေကြောင်းကိုလည်း ၄င်းက ထောက်ပြသည်။

    တဖက်တွင်လည်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ဒေသတွင်းသယံဇာတထုတ်လုပ်မှုအပေါ် ရပ် တည်နေရသည့် အတွက် ၄င်းသယံဇာတတွေကို ဗဟိုအစိုးရအား မခွဲဝေလိုဟု ကရင်ပြည်နယ်အခြေစိုက် ကရင် ပွင့်လင်းလူ့အဖွဲ့အစည်းပြန်ကြားရေးတာဝန်ခံစောအောင်မိုးက ဆိုသည်။

    “လက်နက်ကိုင်အဖွဲ့အစည်းမှာပဲဖြစ်ဖြစ်၊တပ်မတော်ပဲဖြစ်ဖြစ်ရပ်တည်ရေးအတွက် ဘတ်ဂျက်လိုအပ်တယ်။ KNU နဲ့လက်နက်ကိုင်တွေဘက်က ဝင်ငွေမရှိဘူး။သူတို့ဝင်ငွေက သယံဇာတပေါ့။ သစ်တော၊တွင်းထွက်ပစ္စည်း ဒါတွေနဲ့ပဲ သူတို့ဘဝရပ်တည်နေကြတာ” ဟု ၄င်းကပြောသည်။

    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုသဘောတူစာချုပ်(NCA)၏ လုပ်ငန်းစဉ်တွင် ပါဝင်သည့် နိုင်ငံရေးဆွေးနွေးမှု မူဘောင်သတ်မှတ်ချက်အရ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရာတွင် ဒေသအလိုက်၊ လူမျိုးအ လိုက်၊အကြောင်းအရာအလိုက် ကျင်းပနိုင်သည်။

    ထိုသို့ ကျင်းပရာတွင် နိုင်ငံရေးကဏ္ဍတွင် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ကိစ္စရပ်များနှင့် တိုင်းရင်းသားလူမျိုး များအလိုက်ခံစားသင့်ခံစားထိုက်သော လူမျိုးရေးဆိုင်ရာ စုပေါင်းအခွင့် အရေးကိစ္စရပ်များကို လူမျိုးအလိုက်နှင့် ဒေသအလိုက် အမျိုးသားအဆင့်နိုင်ငံ ရေးဆွေးနွေးပွဲများ ဆွေးနွေး ရန်၊ လူမှုရေးကဏ္ဍတွင် ပြန်လည်နေရာချထားရေး၊ ပြန်လည် ထူထောင် ရေးနှင့် လူမှုဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ် များကို လူမျိုးအလိုက်နှင့် အရပ်ဘက်အဖွဲ့အစည်းများဦးဆောင်ကျင်းပသည့်အကြောင်းအရာအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေး နွေးပွဲများတွင် ဆွေးနွေးရန်၊စီးပွားရေးကဏ္ဍတွင် ဖက်ဒရယ်စနစ်ဆိုင်ရာစီးပွား ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များကို အကြောင်းအရာအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ များ တွင် ဆွေးနွေးရန် နှင့် ဒေသန္တရဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို လူမျိုးအလိုက်နှင့် ဒေသအလိုက် အမျိုးသားအ ဆင့်နိုင်ငံရေးဆွေး နွေးပွဲများတွင် ဆွေးနွေးရန်နှင့် မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒ ကိစ္စ ရပ်များကဏ္ဍတွင် မြေ ယာနှင့် သဘာဝသယံဇာတစီမံခန့်ခွဲ ရေးနှင့် ခွဲဝေခြင်းဆိုင်ရာကိစ္စရပ်များကို လူမျိုးအ လိုက်၊ ဒေသအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများတွင်လည်းကောင်း ၊သဘာဝပတ်ဝန်းကျင်နှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ အရပ်ဘက်အဖွဲ့အစည်းများဦးဆောင်ကျင်းပသည့် အကြောင်းအရာအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေး ပွဲများတွင်လည်းကောင်း ဆွေးနွေးရန် ပြည် ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC)ချမှတ်ထားသည်။

    ထို့ကြောင့် မကြာမီကျင်းပရန် ရည်ရွယ်ထားသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၂၁ရာစုပင်လုံ ဒုတိယအ စည်းအဝေးတွင် ဖက်ဒရယ်အခြေခံမူအတွက် ရလဒ်ထွက်သည်အထိ ဆွေးနွေးသွားမည်ဟုလည်း UPDJC အဖွဲ့ဝင် စိုင်းကျော်ညွှန့်က ပြောကြားထားသည်။

    လာမည့်အစည်းအဝေးတွင် ဖက်ဒရယ်၏အခြေခံမူများ ထွက်ရှိလာရန် အလားအလာရှိခြင်းကြောင့် ကရင့်အ ရပ်ဖက်လူမှုအဖွဲ့အစည်းများအ နေဖြင့်လည်း ၄င်းတို့ ကရင်ပြည်နယ်၏ မြေယာသယံဇာတစီမံခန့်ခွဲမှုနှင့် ပတ်သက်ပြီး အမျိုးသားအဆင့်နိုင်ငံ ရေးဆွေးနွေးပွဲတွင် ထည့်သွင်းမဆွေးနွေးရခြင်းအပေါ် ကျေနပ်မှု မရှိပေ။ ထို့ကြောင့် ကရင်အရပ်ဖက်လူမှုအဖွဲ့အစည်းများကွန်ရက်ညှိနှိုင်းဆက်သွယ်ရေးမှူးစောကျော်စွာက ၄င်းတို့ ဆွေးနွေးလိုသော မြေယာသယံဇာတစီမံခန့်ခွဲခြင်းမပါဘဲနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ ကိစ္စ ရပ်များကို ဘောင်ကျော် ဆွေးနွေးမည်ဟု ဆိုသည်။

    ကရင်ပြည်နယ်တွင် တပ်မတော်မှ KNU ကရင့်လက်နက်ကိုင်တပ်ဖွဲ့အား ၁၉၆၅ ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ ဖြတ်လေးဖြတ်စစ်ဆေးရေး(ရိက္ခာဖြတ်၊ဘဏ္ဍာဖြတ်၊သတင်းအဆက်အသွယ်ဖြတ်၊လူထုနှင့် အဆက်အ သွယ်ဖြတ်)ပြုလုပ်ခဲ့ခြင်းကြောင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာခြင်းကြောင့် ကျေးရွာအချို့မှ ဒေသခံများသည် နေရပ်စွန့်ခွာကာ ရွှေ့ပြောင်းခဲ့ကြပြီး နောက်တပ်မတော်မှ မြေယာသိမ်းမှုများဖြစ်ပေါ်ခဲ့ သည်။ထို့အတူပင် NCA လက်မှတ်ရေးထိုးပြီးနောက် ကရင်ပြည်နယ်ရှိ ဒေသခံတိုင်းရင်းသားများ၏ မြေယာများကို KNU, DKBA, BGF တို့ကလည်း သိမ်းဆည်းမှုရှိခဲ့ပြန်သည်။

    ကရင်ပြည်နယ်၌အစိုးရအုပ်ချုပ်ရေးလက်လှမ်းမမီသည့်ဒေသများတွင် မြေယာပိုင်ဆိုင်မှုများအားKNU အသိအ မှတ်ပြု လက်မှတ်ထုတ်ပေးထားသော်လည်း အစိုးရကအသိမမှတ်မပြုပေ။ ကရင်လူမျိုးများအနေဖြင့် မိမိတို့ မွေးဖွားရပ်တည်ရာဒေသတွင် မိရိုးဖလာအစဉ်အလာအတိုင်း တောတောင်မြေယာပိုင်ဆိုင်မှုများရှိခဲ့ကြသည်။

    ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S ဒုဥက္ကဌ(၂) လည်း ဖြစ်သူ ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီ အမျိုးသမီးရေးရာဥက္ကဌ နန်းစေးအွာက“ဥပဒေလုပ်ထားတာမရှိပေမယ့် လယ်ဦးလယ်ထိပ်ပေါ့နော်။ကျမတို့ရိုးရာဓလေ့အရ မိရိုးဖလာအရ ခွဲဝေသတ်မှတ်ထားတာရှိတယ်။KNU ထိန်းချုပ်နယ်မြေမှာဆိုရင် သူတို့ထုတ်ပေးထားတဲ့ မြေအခွန်ထားပြေစာတွေရှိပါတယ်” ဟု ဆိုသည်။

    ထို့ကြောင့် ကရင်ပြည်နယ် ဒေသအချို့တွင် အစိုးရဝန်ထမ်းများ နယ်မြေ မအေးချမ်းခြင်းကြောင့် မြေယာအခြေအနေများကို ကွင်းဆင်းတိုင်းတာစစ်ဆေးခြင်းမျိုး မလုပ်ခဲ့နိုင်သည့်အတွက် ဘားအံမြို့နယ်၊ ရွှေပြည်တောင်ကျေးရွာအနီး ခမရ ၃၁၀ ခြေမြန်တပ်ရင်း သိမ်းဆည်းမြေဧက ၅၀ဝ ခန့် ပြန်လည်စွန့်လွှတ်ပေးခဲ့ရာတွင် မူလပိုင်ရှင်လက်ထဲ ပြန်လည်မရောက်ရှိသဖြင့် နိုင်ငံတော်အကြီးအကဲများအား တောင်သူလယ်သမား ၉၅ ဦးတိုင်ကြားမှုကို ကရင်ပွင့်လင်းအုပ်စုက ဆက်လက်ကူညီဆောင်ရွက်ပေးနေသည်။

    ဦးမောင်ကိုက “ကျနော်တို့ပွင့်လင်းအဖွဲ့ လိုက်ပါကူညီဆောင်ရွက်တဲ့အတွက် လယ်မြေဧက ၅၀ဝ သိမ်းခဲ့တာ ၃၀ဝ ဧက ပြန်စွန့်လွှတ်တယ်၊ ဒါပေမယ့် အမှန်တကယ်တောင်သူလယ်သမားလက်ထဲရောက်တာ ဧက ၅၀ ပဲ၊ ဒါက အဲဒီပိုင်ရှင်တွေဟာ ဒီမြေယာမှာ သီးစားခပေးပြီး လုပ်ခဲ့တဲ့အတွက် ရတာ၊ ကျန်တဲ့ဧက ၂၅၀ နေရာမှာ ရာဘာစိုက်ထားတဲ့သူတွေကို မြေစာရင်းဌာနက ပုံစံ ၃ ထုတ်ပေးလိုက်တယ်၊ ဒါကြောင့် မူလပိုင်ရှင်တွေ အတော်လေးနစ်နာတယ်” ဟု ဆိုသည်။

    မတ်လအတွင်းဆက်လက်ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၊ ၂၁ ရာစုပင်လုံ (ဒုတိယအစည်း အဝေး) ညီလာခံအတွက် ကရင်တိုင်းရင်းသားတို့ တင်သွင်းမည့်စာတမ်းတွင် မြေယာနှင့်သဘာဝသယံဇာတ အခြေခံရမည့်မူကို အသင့်ရေးဆွဲထားပြီး ဖြစ်သည်။

    စောကြည်လင်းက“ဒီပင်လုံညီလာခံကြီး ဘယ်တော့ပြီးမလဲဆိုတာ မသိနိုင်ဘူး၊ အရေးကြီးဆုံးက နိုင်ငံရေးကဏ္ဍပဲ၊ ကျနော်တို့ကရင်အမျိုးသားတွေလိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကို တင်ပြမယ်၊ တိုင်းရင်းသားတွေ သဘောကျရင် ယူပေါ့၊ပြည်နယ်တွေ သူ့ဖွဲ့စည်းပုံနဲ့သွားမယ်၊ အမျိုးသားပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကို အမျိုးသားများပြည်နယ်လို့ ထည့်သွင်းထားတယ်” ဟု ပြောသည်။

    ကရင်လူမျိုးများတင်ပြမည့်အဆိုပါစာတမ်းတွင် ဗဟိုအစိုးရမှ ပြည်နယ်များသို့ အထက်မှအောက် Top Down ပုံစံမျိုးမဟုတ်ဘဲ အောက်မှအပေါ် Button Up ပုံစံမျိုး၊ စစ်မှန်သည့်ဖက်ဒရယ်နိုင်ငံတည်ဆောက်နိုင်ပါက လက်ရှိဖြစ်ပေါ်လျက်ရှိသည့် မြေယာပြဿနာများလည်း အလိုလိုပြေလည်သွားမည်ဟု ဆိုသည်။

    မြန်မာနိုင်ငံ၏သယံဇာတအရင်းအမြစ်အများစုသည် လူမျိုးစုဒေသများ၌ ရှိနေသည့်အတွက် အဆိုပါကိစ္စကို ပြေလည်အောင် ညှိနှိုင်းနိုင်မှသာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် အာမခံချက်ရှိမည်ဖြစ်ကြောင်း သယံဇာတမျှဝေအသုံးပြုရေးကို အကြောင်းခံ၍ ပြည်တွင်းစစ်များဖြစ်တတ်သလို ပြည်တွင်းစစ်များလည်း ကာလတာရှည်တတ်သည်ဟု ကမ္ဘာသိခေတ်ပြိုင်ပညာရှင် ပေါလ်ကိုလီယာက ဆိုထားကြောင်း မြန်မာ့နိုင်ငံရေးသုံးသပ်သူ စာရေးဆရာ ကျော်ဝင်းက ထောက်ပြသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts