spot_img
Thursday, March 28, 2024
More
    spot_img
    Homeသတင်းဟင်္သာဖိုက ဟင်္သာမကိုကျောပေါ်တင်ထားသည့်မွန်ယဉ်ကျေးမှုသဘောတရားကို ဂုဏ်ယူစရာဟု ဒေါ်အောင်ဆန်းစုကြည်ပြော

    ဟင်္သာဖိုက ဟင်္သာမကိုကျောပေါ်တင်ထားသည့်မွန်ယဉ်ကျေးမှုသဘောတရားကို ဂုဏ်ယူစရာဟု ဒေါ်အောင်ဆန်းစုကြည်ပြော

    -

    နေပြည်တော် အကြိမ် ၇၀ မြောက် မွန်အမျိုးသားနေ့အကြိုညစာစားပွဲသို့ ဂုဏ်ပြုစကားတက်ရောက်ပြောကြားသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မွန်ယဉ်ကျေးမှုအရ ဟင်္သာဖိုက ဟင်္သာမကို ကျောပေါ်တင်ထားသည်ဆိုသည်မှာ ညှာ တာခြင်း၊ ထောက်ထားခြင်း၊ အားရှိသူက အားနွဲ့သူကို ကရုဏာဖြင့် ဖေးမထားခြင်းအဓိပ္ပာယ်ဟု မိမိမှတ်ယူကြောင်း၊ ယင်းမွန်ယဉ်ကျေးမှုအခြေခံသဘောတရားသည် မွန်တိုင်းရင်းသားများအတွက် အလွန်ဂုဏ်ယူစရာကိစ္စဖြစ်ပါကြောင်းဟု ပြောသည်။

    ဒေါ်အောင်ဆန်းစုကြည်က “မွန်အမျိုးသားနေ့လို သမိုင်းကို အခြေခံတဲ့ သမိုင်းမှ ဖြစ်ရပ်တွေကို ဂုဏ်ယူ သောအားဖြင့် ကျမတို့ အားလုံးဝိုင်းဝန်းပြီး မွန်တိုင်း ရင်းသားများ အတွက်၊ ကျမတို့ရဲ့ ပြည်ထောင်စုအတွက် အားပြည့်၊ အားဖြည်တဲ့နေ့မျိုးလို့မှတ်ယူပါတယ်၊ ကျမတို့ တိုင်းရင်းသားတွေ တစ်ယောက်နဲ့ တစ်ယောက် တွေ့တိုင်းတွေ့တိုင်း ပြည်ထောင်စုကြီး ပိုပြီး ညီညွတ်ဖို့၊ ပိုပြီး တိုးတက်ဖို့၊ ပိုပြီး အင်အားရှိဖို့ လုပ်ပေးနိုင်မယ့် အခွင့်အရေးတစ်ခု ရတယ်လို့ မှတ်ယူပါတယ်၊ ဒါကြောင့် ဒီနေ့ ကျမတို့ အခုလို ဆုံစည်းကြတာဖြစ်ပါတယ်၊ နောက်နေ့တွေလည်း ဆက်ပြီး ဆုံတွေ့ရမယ်၊ ကျမတို့တတွေ အမြဲ အတူတကွ လက်တွဲပြီး ကျမတို့ပြည်ထောင်စုကြီးအတွက် လုပ်သွားရမှာဖြစ်တယ်” ဟု ပြောသည်။

    နေပြည်တော် အကြိမ် ၇၀ မြောက် မွန်အမျိုးသားနေ့အကြိုညစာစားပွဲအမှတ်တရ(MOI)
    မွန်အမျိုးသားနေ့အကြိုညစာစားပွဲ၌ ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြုစကားပြောကြားစဉ်(MOI)

    သို့ရာတွင် စိန်ခေါ်မှုများ ရှိသလောက်ကို မိမိတို့၏ အရည်အချင်းများလည်း မိမိတို့ မြှင့်တင်နိုင်မည့် အခွင့်အရေး ရပါကြောင်း၊ စိန်ခေါ်မှုများကို မိမိတို့ ရင်ဆိုင်သည့်အခါ၊ ကျော်လွှားသည့်အခါ မှန်မှန်ကန်ကန် ရင်ဆိုင်ကျော် လွှားခြင်းအားဖြင့် မိမိတို့ပြည်ထောင်စု၏ ဂုဏ်သိက္ခာကို တက်စေခြင်းသာမက ကိုယ့်တစ်ယောက်ချင်း တစ်ယောက်ချင်း၏ အရည်အချင်းကိုလည်း တက်စေပါကြောင်း၊ ထို့ကြောင့် မည်သို့ပင် အခက်အခဲနှင့် ရင်ဆိ်ုင်ရ ၊ ရင်ဆိုင်ရ၊ မိမိတို့ ပြည်ထောင်စု တိုင်းရင်းသားများ အားလုံးသည် သတ္တိရှိရှိ ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့် အဝဖြင့် လက်တွဲ၍ ဆက်လက်ပြီး ချီတက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။

    အဆိုပါအခမ်းအနားကို ဖေဖေါ်ဝါရီလ ၅ ရက်နေ့ ညနေ ၆ နာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနအမှတ်(၂) MICC-2 ၌ ကျင်းပခဲ့ရာတွင် သဘာပတိအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ နိုင်မောင်မောင်သောင်း၊ မိစန်းနွဲ့၊ မိနွန်နှင့် နိုင်မန်းကိုကိုကြီးတို့က နေရာယူကြပြီး အခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ မြန်မာနိုင်ငံတော်အလံ၊ မွန်အမျိုးသားအလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုကြသည်။

    အခမ်းအနားသဘာပတိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် အဖွင့်နှုတ်ခွန်း ဆက်စကားတွင် “မွန်အမျိုးသားတွေအနေနဲ့ ဘယ်နေရာဒေသကိုရောက်ရောက် မျိုးချစ်စိတ်ဓာတ် အပြည့်အဝနဲ့ မိမိတို့ရဲ့ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာတွေကို မြတ်နိုးထိန်းသိမ်း ဖော်ထုတ်ကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ပြောသည်။

    ထို့အတူ တိုင်းရင်းသားအားလုံးက လိုလားတောင့်တနေကြသည့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ် ပေါ်ပေါက်လာရေး အတွက် နိုင်ငံတော်မှ ဦးဆောင်ကျင်းပနေသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အခြားတိုင်းရင်းသား ညီအစ်ကိုမောင် နှမများ၊ အဖွဲ့အစည်းများနှင့်အတူ တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြရန်ဟု ဆက်လက်ပြောကြားသည်။

    အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်ဇနီး၊ ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံး သပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဋ္ဌများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်နှင့် မွန်ပြည်နယ်မှ မွန်အရေးလှုပ်ရှားသူများအပါအဝင် စုစုပေါင်း (၆၀ဝ) ဦးခန့်တက်ရောက်ခဲ့သည်ဟု ဦးစီးကျင်းပသူများမှ သိရသည်။

    ထိုနောက် ဂုဏ်ပြုညစာသုံးဆောင်နေစဉ် မွန်ရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်များက မွန်တို့ ဂုဏ်ရည်၊ ရာမညဖိတ်စာ အပါအဝင် မွန်တေးသီချင်းများ၊ မွန်တစ်ပင်တိုင်အက၊ မွန်ရိုးရာယိမ်းအကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

    မွန်လူမျိုးတို့ ဟံသာဝတီပြည်နိုင်ငံတော်ကို စတင်တည်ထောင်ခဲ့သော တပို့တွဲလပြည့်ကျော် ၁ ရက်ကို မွန်အမျိုးသားနေ့အဖြစ်သတ်မှတ်ကာ ၁၉၄၇ ခုနှစ်မှစတင်၍ နှစ်စဉ်ကျင်းပလာခဲ့ခြင်းဖြစ်ပြီး မွန်အမျိုးသားတို့၏ ဇာတိသွေး၊ ဇာတိမာန်များ ရှင်သန်နိုးကြားရန်နှင့် မွန်စာပေ၊ မွန်ယဉ်ကျေးမှုကို ထိန်းသိမ်းဖော်ထုတ်လာစေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်သည်ဟု သိရသည်။

    ယခုနှစ်တွင်ကျရောက်သည့် အကြိမ်(၇၀) မြောက်မွန်အမျိုးသားနေ့သည် ဖေဖော်ဝါရီ (၁၂) ရက်-ပြည်ထောင်စုနေ့နှင့် တိုက်ဆိုင်နေခြင်းကြောင့် နေပြည်တော်တွင် မွန်အမျိုးသားနေ့အကြိုညစာစားပွဲအခမ်းအနား ကျင်းပခြင်းဖြစ်ကြောင်း ကျင်းပရေးကော်မတီဥက္ကဋ္ဌ မင်းဗညားစန်းက ပြောသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts