မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / မော်လမြိုင် မုပွန်နယ်မြေရဲစခန်းတွင်အချုပ်သား ၄ ဦးထွက်ပြေး ၁ ဦးပြန်ဖမ်းမိ

မော်လမြိုင် မုပွန်နယ်မြေရဲစခန်းတွင်အချုပ်သား ၄ ဦးထွက်ပြေး ၁ ဦးပြန်ဖမ်းမိ

ရေးသားသူ:

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ မုပွန်နယ်မြေရဲစခန်း၌ ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၁ နာရီခွဲခန့်အချိန်တွင် ဖမ်းဆီးစစ်ဆေးဆဲ တရားခံ ၄ ဦး အချုပ်ခန်းဖောက်ထွက်ပြေးရာ ၁ ဦးကိုပြန်လည်ဖမ်းဆီရမိသည်ဟု မုပွန်နယ်မြေရဲစခန်းမှ သိရသည်။

“ရဲစစ်ဆေးဆဲ တရားခံ ၄ ဦးပေါ့ အချုပ်ခန်းဖောက်ပြေးသွားတယ်၊ ရဲတပ်ဖွဲ့အနေနဲ့က သိသိချင်းဘဲ ပိတ်ဆို့ရှာဖွေမှုတွေ လုပ်တယ်၊ ထွက်ပေါက်အားလုံးကိုလည်း စစ်ဆေးဖို့ လုပ်ထားပါတယ်၊ တရားခံတွေနဲ့ ပတ်သက်တဲ့အချက်အလက်တွေကိုလည်း စစ်ဆေးနေပါတယ်၊ ဒီနေ့ ၁၀ နာရီလောက်မှာတော့ လုယက်မှုနဲ့ ထွက်ပြေးသွားတဲ့ တရားခံမျိုးဇော်ကို ပြန်မိထားပါတယ်၊ ကျန်တဲ့ မူးယစ်မှုနဲ့ ထွက်ပြေးတဲ့ ၃ ယောက်ကိုတော့ မမိသေးဘူး” ဟု မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်အောင်က ပြောသည်။

မုပွန်နယ်မြေရဲစခန်း(Facebook)

မုပွန်နယ်မြေရဲစခန်းတွင် ချုပ်နှောင်ထားသည့် ရဲစစ်ဆေးဆဲ အချုပ်သားတရားခံ ၉ ဦးရှိသည့်အနက် တရားခံ ၄ ဦးတို့က အချုပ်ခန်းသံတိုင်တစ်ချောင်းကို သံဖြတ်လွှဖြင့် ဖြတ်ပြီး ထွက်ပြေးသွားသည်ဟု ရဲမှူးမြင့်အောင်က ပြောသည်။

ယင်းသို့အချုပ်သားများထွက်ပြေးချိန်တွင် အချုပ်ခန်းကင်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၄ ဦးတို့အား စခန်းလုံခြုံရေးချထားကြောင်း၊ ယခုဖြစ်ရပ်သည် အချုပ်ခန်းတာဝန်ကျရဲတပ်ဖွဲ့ဝင်တို့၏ အားနည်းချက်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

အဆိုပါ အချုပ်ခန်းဖောက်ပြေးသည့် စိုးစည်သူရှိန်၊ ခိုင်လင်းမြင့်၊ လွှမ်းဝေနိုင်ဆိုသူ ၃ ဦးတို့သည် မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးစစ်ဆေးခံနေရသူများဖြစ်ပြီး မျိုးဇော်ဆိုသူက လုယက်မှုဖြင့် ဖမ်းဆီးစစ်ဆေးခံနေရသည့် တရားခံတို့ ဖြစ်သည်။

အချုပ်သားထွက်ပြေးမှုကြောင့် ယင်းအချိန်တွင် တာဝန်ကျနေသည့် ကင်းတပ်သားများအား ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားရမည်ဟု ရဲမှူးမြင့်အောင်က ပြောသည်။

ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေပြဌာန်းထားချက်အရ အချုပ်သားထွက်ပြေးလျှင် တာဝန်ကျသူမှာ အမြင့်ဆုံးအပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၃ နှစ်ထိ ကျခံနိုင်သည်ဟု ဖော်ပြထားကြောင်းလည်း ၄င်းက ရှင်းပြသည်။

အချုပ်ခန်းဖောက်ပြေး တရားခံ ဖြစ်သည့် မျိုးဇော် (၁၇) နှစ်ကို (ပ)၂၅၈/၂၀၁၆ လုယက်မှုပုဒ်မ ၃၈၂၊ စိုးစည်သူရှိန် (၂၁) နှစ်သည် (ပ)၃/၂၀၁၇ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့်ပုဒ်မ ၁၅/၁၆(ဂ)/၂၁ ဖြင့်လည်းကောင်း၊ ခိုင်လင်းမြင့် (၂၃) နှစ်သည် (ပ)၄/၂၀၁၇ မူးယစ်းဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့်ပုဒ်မ ၁၅/၁၉(က) ဖြင့်လည်းကောင်း၊ လွှမ်းဝေနိုင် (ခ) ဆိတ်မ (ခ) ဘိုဘို (၂၂) နှစ်သည် (ပ)၅/၂၀၁၇ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့်ပုဒ်မ ၁၉(က)/၅၁၂ ဖြင့် မုပွန်နယ်မြေရဲစခန်းတွင် ဖမ်းဆီးအရေးယူခံထားရသူများဖြစ်သည်။

About မွန်သတင်းအေဂျင်စီ

Check Also

တာဝန်ရပ်လိုက်သည့်ရေးမြို့နယ်ကျေးရွာအုပ်ချုပ်ရေးမှူး (၄) ဦးနေရာ အသစ်ပြန်ရွေးမည်

ပြီးခဲ့သည့် အောက်တိုဘာလကုန်တွင် တာဝန်မှရပ်စဲလိုက်သည့် ရေးမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး (၄) ဦး နေရာတွင် အုပ်ချုပ်ရေးမှူးအသစ်ကို တစ်လအတွင်း ပြန်လည်ရွေးချယ်သွားမည်ဟု ရေးမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးမှူးမှ သိရသည်။ …

Leave a Reply

%d bloggers like this: