spot_img
Friday, March 29, 2024
More
    spot_img
    Homeအမြင်နှင့်သုံးသပ်ချက်တော်လှန်ရေး သမင်လည်ပြန်လား

    တော်လှန်ရေး သမင်လည်ပြန်လား

    -

    အစ္စရေးနိုင်ငံကို ထူထောင်သူတစ်ဦးနှင့် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် သမ္မတဟောင်းရှီမွန်ပဲရစ်သည် အသက် (၉၃) နှစ်အရွယ်ဖြင့် (၂၀၁၆) ခုနှစ်နိုဝင်ဘာလအတွင်း ကွယ်လွန်သည်။ ငြိမ်းချမ်းရေး၏ အနိစ္စသဘော။

    သို့သော် (၂၀၁၇) ခုနှစ် ကမ္ဘာ့ဟောကိန်းတွင် “၂၀၁၇- ဟာ တော်လှန်ရေးတွေကို ငံ့လင့်နေတယ်” ဟု ဂလို ဘယ်ဂျာနယ်၌ ဆရာဇေဝင်းနောင်က အစပျိုးထားသည်။ (၂၀၁၇) ခုနှစ်သည် ရုရှားနိုင်ငံ၏ ဗော်လ်ရှီဗစ် တော် လှန်ရေး အနှစ် (၁၀ဝ) ပြည့်ဖြစ်ပြီး ကျမ်းရေးယင်းနဲ့ စားပွဲခုန်ပေါ်တွင် တော်လှန်ရေး ထွက်သက်ယူသွားသော ကါးလ်မာက်စ်၏ အရင်းကျမ်း (ပထမတွဲ) ပုံနှိပ်မှု နှစ် (၁၅၀) ပြည့်ဖြစ်သည်။

    လက်ရှိအခြေအနေက-ကာတွန်းညီထွေး(မိုးမခ)
    အမေရိကန်သမ္မတအဖြစ် ကျမ်းသစ္စာကျိမ်သွားပြီးဖြစ်သော ဒေါ်နယ်လ်ထရမ့်၏ ဇာတ်လမ်းဆန်ဆန်အောင်ပွဲက တော်လှန်ရေးသည် အိမ်ဖြူတော်မှ စတင်မည်ဟူသော ဖော်ပြချက်ဖြစ်သည်။ ဤဇာတ်လမ်းတွင် ရီပတ်ဘလီ ကန်များ လွှမ်းမိုးသော လွှတ်တော် (၂) ရပ်သည်လည်း အဓိကဇာတ်ကောင်များဖြစ်လာလိမ့်မည်။

    ထရမ့်၏ အောင်မြင်မှုသည် ကမ္ဘာတလွှားကို နောက်ဆက်တွဲငလျင်များ ဆောင်ကြဉ်းပေးနေပြီဖြစ်သည်။ အမေရိကန်နှင့် မက္ကဆီကိုနယ်စပ်ကို တံတိုင်းကာရာတွင် မက္ကဆီကိုက ကုန်ကျစရိတ်ကျခံရမည်ဟု ပြောဆိုနေပြီး နိုင်ငံ၏ နိုင်ငံ ခြားသံအမတ်များအားလုံးကို ပြန်လည်ခေါ်ယူလိုက်ပြီဖြစ်သည်။ ဤနည်းဖြင့် တည်ငြိမ်ရေးအထောက်အပံ့အ တွက် စူပါပါဝါကို မှီခိုနေရသော ဥရောပနှင့် အာရှအာဖရိက မဟာမိတ်များကို ယုံကြည်မှုဗဟို ပျောက်ဆုံးသွား စေခဲ့သည်။

    ဥရောပတွင် (၂၀၁၆) ခုနှစ် တစ်ခုလုံးသည် နိုင်ငံရေးငလျင်ငယ်များဖြင့် ပြည့်နှက်နေခဲ့ပြီး (၂၀၁၇) ခုနှစ်ကိုမူ ငလျင်အတိုင်းအတာကို ပြင်သစ်၊ ဂျာမဏီသမ္မတရွေးကောက်ပွဲများနှင့် နယ်သာလန်လွှတ်တော်ရွေးကောက်ပွဲ က အဆုံးအဖြတ်ပေးမည်ဖြစ်သည်။ ဗြိတိန်၌ ဥရောပသမဂ္ဂနှင့် ကွာရှင်းပြတ်စဲရေး တရားဝင်စတင်မည်ဖြစ်ပြီး ပြည်တွင်းပြည်ပ ခါးသီးသော အားပြိုင်မှုများ ဖြစ်ပေါ်လာစေလိမ့်မည်။

    ဇာဘုရင်တပါးနှင့် ပိုတူလာနေသော ဗလာဒီမာပူတင်သည် မည်သည့်ပုန်ကန်ခြားနားမှုမျိုးကိုမဆို အလျင်အမြန် ချေမှုန်းပစ်နေသည်။ သမ္မတရှီကျင်ပင်း၏ တရုပ်ကွန်မြူနစ်ပါတီ ဗဟိုညီလာခံကလည်း မိမိ၏အင်ပါယာ ရည်မှန်း ချက်ကို ပိုခိုင်မာအောင်လုပ်လာမည် ဖြစ်သည်။ နှစ်နိုင်ငံစလုံးသည် ဆိုဗီယက်အင်ပါယာဟောင်း၏ အဖျားအနားနိုင်ငံများမှသည် အရှေ့အလယ်ပိုင်းနှင့် တောင်တရုပ်ပင်လယ်အထိ အင်အားဖြန့်ကျက်ကာ အမေရိကန်သစ် ကို စိန်ခေါ်လျက်ရှိမည်ဖြစ်သည်။ အကြမ်းဖက်ဝါဒနှင့် မြောက်ကိုးရီးယား ခေါင်းဆောင်ကင်ဂျုံအွန်၏ အနုမြူရည် မှန်းချက်များကလည်း ကမ္ဘာ့လုံခြုံရေး အစီအစဉ်ယိုင်နဲ့အောင် ဝိုင်းကူကြပါလိမ့်မည်။

    ခေတ်သစ်လူမှုတော်လှန်ရေး တရပ်ကလည်း ဝရုန်းသုန်းကားဖြစ်ဘို့ စောင့်ကြိုလျှက်ရှိသည်။ အမျိုးသမီးများ အဆင့်နေရာ ပိုရလာမှု၊ အလုပ်အကိုင်နည်းပညာအဆင့်မြင့်လာမှု၊ ဆေးပညာအားကောင်းလာမှု၊ လူ့သက်တမ်း ပိုရှည်လာမှု၊ အသိဉာဏ်တု (စက်ဉာဏ်) က လူ့ဘဝအပေါ် ပိုလွှမ်းမိုးလာမှု စသည်တို့သည် အလုပ်အကိုင် သွင်ပြင်ပြောင်းလဲစေပြီး အလုပ်ခွင်ဈေးကွက်ကို ကသောင်းကနင်း ဖြစ်လာစေလိမ့်မည်။

    ဤတော်လှန်ရေးများကို အကောင်းမြင်ဘက်မှ ကြည့်လျှင် လစ်ဘရယ်ဒီမိုကရေစီနေအညို၌ နောက်ထပ်အိုင်ဒီ ယိုလိုဂျီသစ်များ အပြိုင်အဆိုင်ထလာဖို့ မျှော်လင့်နိုင်ခြင်းသာဖြစ်သည်။ ဘာသာတရားများ၏ အစွန်းရောက်မှု အလွှဲသုံးပြုမှုများကို ဖယ်ရှားပြောင်းလဲနိုင်ခြင်း တစုံတရာကို မျှော်လင့်နိုင်ပါသည်။ အကယ်၍ အဆိုးဘက်က ကြည့်လျှင်မူ လူပြိန်းကြိုက်ဝါဒ၊ တံခါးပိတ်အယူအဆနှင့် အစွန်းရောက်အမျိုးသားရေးဝါဒများ ခေါင်းထောင်လာ ဖွယ်တွေ့နိုင်သည်။ အမှန်တွေးအယူအဆများနှင့် ငါတကောကောကြသော ကမ္ဘာကြီးသာဖြစ်ခဲ့လျှင် ကမ္ဘာစစ် ကြီး သမိုင်းလှည်းဘီး တကျော့ပြန်လည်လာမလား စိုးရိမ်ဖွယ်ဖြစ်သည်။

    ကမ္ဘာကြီးထဲမှ မြန်မာနိုင်ငံကို အတွင်းကြည့်ပြန်ကြည့်လျှင် လုံးဝအပြောင်းအလဲ ဖြစ်မှုကို လိုလား၍ တော်လှန် ရေးဆန်ဆန် အတွေးအခေါ်ဖြင့် တစ်ပါတီတည်းကိုသာ ကံကြမ္မာကို ပုံအောခဲ့မိသည့် ပြည်သူများက အောင်ပွဲခံ ပါတီကို ပြောင်းလဲချိန် မတန်သေးဘူးလားဟု ပြန်မေးရန် ရှိနေသည်။

    (NLD) ပါတီသည် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေး ရရှိအောင်ဆောင်ကြဉ်း ပေးမည်ဟု (၂၀၁၅) ခုနှစ်ရွေးကောက်ပွဲဝင်သည်အထိ ကတိပေးခဲ့သည်။ စင်စစ်အားဖြင့် (၂၀ဝ၈) ဖွဲ့စည်းပုံအ ခြေခံ ဥပဒေပြင်ဆင်ရေး (သို့) အသစ်ရေးဆွဲရေးသည် ပြည်သူများ၏ လိုအပ်ချက်တွင် အရေးအပါဆုံးဖြစ်သည်။ ဤသည်ကို (NLD) ပါတီနှင့် အစိုးရသည် အာဏာမရခင်က အားတတ်သရော လုပ်ဆောင်ခဲ့ကြသည်။ သို့သော် ရွေးကောက်ပွဲ အနိုင်ရပြီး အစိုးရဖွဲ့လိုက်ချိန်မှစ၍ ကတိသည် လုပ်ငန်းအစီအစဉ် (အာဂျင်ဒါ) ၏ နောက်ပိုင်းသို့ ရောက်သွားသည်။

    ငြိမ်းချမ်းရေးရပြီးမှ ဖွဲ့စည်းပုံပြင်နိုင်မယောင် လေသံ ပစ်လာသည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးဟု ခေါ်ခေါ် အမျိုးသားရင်ကြားစေ့ရေးဟုပြောပြော ထိုအရေးသည် ပြည်တွင်းစစ်နှင့် ဆက်စပ်လျက်ရှိသည်။ ယခုအခါတိုက်ပွဲများသည် ဗုံးကြဲလေယာဉ်လက်နက်ကြီးများ သုံးပြီး တပ်ရင်းဌာနချုပ်စခန်းသိမ်းအဆင့် ရောက်ရှိနေပြီဖြစ်သည်။ အပစ်အခတ်ရပ်စဲရေးမလုပ်နိုင်၊ လက်နက်ကိုင်ပဋိပက္ခ မချုပ်ငြိမ်းနိုင်ရခြင်းတွင် စစ်တပ်နှင့်လက်ဆွဲ နှုတ်ဆက်ပီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို လက်နောက်ပစ်လိုက်ခြင်း သံသယနှင့် နှီးနွယ်နေသည်။

    (၆၉) နှစ်မြောက်လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်များတွင် “ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစုပင်လုံ တွေ့ဆုံညှိုနှိုင်းမှုများမှ ရရှိလာမည့် ဆုံးဖြတ်ချက်များနှင့်အညီ ဘုံသဘောတူညီချက်တခုဖြင့် အနာဂတ်တွင် စစ်မှန်သည့် ပြည်ထောင်စုကြီး တည်ဆောက်သွားနိုင်ရေး” “ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်ရေးအတွက် ဒီမိုကရေစီစံချိန်စံညွှန်းများနှင့် အညီနိုင်ငံတော်နှင့်သင့်လျော်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ တရပ်ပေါ်ပေါက်လာရန်ကြိုးပမ်းဆောင်ရွက်ရေး” ဟူ၍ ပါရှိပါသည်။

    ဤနေရာတွင် စကားလုံးများ၏ ဝေ့ဝိုက်ဝေဝါးမှုများကို အထင်အရှား တွေ့နိုင်သည်။ အဓိပ္ပါယ်ထွေပြားမှု၊ လိုရာဆွဲကောက်ယူနိုင်မှုများက လက်ရှိခံစားနေရသူများအတွက် လှည့်ဖျားမှု၊ အချိန်ဆွဲမှုအတွေးများဖြင့် ယုံကြည်ချက် ပျက်ပြားစေနိုင်သည်။

    နှစ်သစ်၏ ငြိမ်းချမ်းရေး အလားအလာကို ကြည့်မည်ဆိုပါက ပြင်းထန်သည့် တိုက်ပွဲများအကြား စစ်နိုင်ငံရေး ကစားကွက်များဖြင့် ဟန်ရေးပြနေသလား ထင်မှတ်မှားလောက်သည်။ ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က မတရားအသင်းဆက်သွယ်မှုဖြင့် အရေးယူခြင်းများရှိနေ၍ ပြည်တွင်း၌ တွေ့ဆုံ ဆွေးနွေးရေး အဟန့်အတားဖြစ်နေကြောင်း သတင်းထုတ်ထားသည်။ အစိုးရက ဖွဲ့စည်းပေးထားသော ငြိမ်းချမ်း ရေးကော်မရှင်နှင့် (UNFC) ၏ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိုနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (DPN) ကြား တွေ့ဆုံဆွေးနွေးမှုမှာ (၂၀၁၆) ခုနှစ် နိုဝင်ဘာလ တတိယအကြိမ်မြောက်တွင် ရပ်တံ့သွားခဲ့သည်။ (၂၀၁၇) ခုနှစ် ဇန်နဝါရီလအတွင်း စတုတ္ထအကြိမ် တွေ့ဆုံပွဲ ဖြစ်မြောက်ရန် ကြိုးပမ်းနေရဆဲဖြစ်သည်။

    တွေ့ဆုံနိုင်ရေးအတွက်ဤမျှခက်ခဲလျှင် သဘောတူညီချက်ရရန်တဆင့်တက်၍ (NCA) လက်မှတ်ထိုးရန် မည်မျှ အလှမ်းဝေးမည်ကို ရိပ်စားနိုင်သည်။ ငြိမ်းချမ်းရေးညီလာခံ၏ နောက်ဆက်တွဲအမျိုးသားအဆင့် ဆွေးနွေးပွဲများ ကိုစမ်းသပ်ကွက်များအဖြစ် နေပြည်တော်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင်ယခုလပိုင်းတွင်မှ ကျင်းပနိုင် ခဲ့သည်။ ဒုတိယအကြိမ် ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံဆိုသည်မှာ လုပ်ချိန်အရရော အနှစ်သာရအရ မရှင်းမလင်းအနေအထားတွင်ရှိနေသည်။ (NCA) လက်မှတ်မထိုးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ပြည်နယ်များတွင် အမျိုးသားအဆင့် ဆွေးနွေးပွဲများ ကျင်ပနိုင်ခွင့်မရှိခြင်းမှာ ထိုလူမျိုးအတွက်နစ်နာချက်ကြီး ဖြစ်သည်။

    ငြိမ်းချမ်းရေး ပြဿနာအပြင်မြန်မာနိုင်ငံ၏ (၂၀၁၇) ခုနစ်ဖြေရှင်းရမည့် ပုစ္ဆာကြီးများမှာရခိုင်ပြည်နယ် မောင် တောဒေသပဋိပက္ခ၊ မြစ်ဆုံရေကာတာ စီမံကိန်းတို့ရှိသေးသည်။ ပြည်ပနိုင်ငံများနှင့် တနွယ်ငင်တစင်ပါလိုက် ရှင်းရခြင်းကြောင့် ခက်ခဲသောအနေအထား၌ ရှိနေသည်။ မြန်မာနိုင်ငံ၏ စီးပွါးရေးအနေအထားမှာ တိုးတက်ရေး ထက်လက်ရှိနှုန်းထားကို ဆက်ထိမ်းနိုင်ရေး အလေးပေးလုပ်ဆောင်နေရသည်။ ပြည်သူလူထု၏ ဆင်းရဲမွဲတေမှု လျော့ချရေး၊ မြို့ပြများတွင် ရာဇဝတ်မှုထူပြောလာခြင်းကို ကိုင်တွယ်နိုင်ရေးမှာလည်း အခြေခံပြည်သူများအ တွက် အလွန်ပင်အရေးကြီးနေသည်။ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စရန်ဟီးလီ၏ မြန်မာနိုင်ငံခရီးစဉ် အပြီးသတင်းထုတ်ချက်မှာ တိုးတက်ကောင်းမွန်သည့် အနေအထားမဟုတ်ခဲ့ပါ။

    ထိုသိုသောအခြေအနေများကြောင့် မြန်မာနိုင်ငံ၏ နှစ်သစ်ကိုဆရာဇေဝင်းနောင်ရေးသားသလို “တော်လှန်ရေးက ငံ့လင့်နေတယ်” ဟုမရေးချင်သည့်တိုင် ရဲရဲရင်ဆိုင်ဖြတ်သန်းနိုင်ဘို့တော့ လိုအပ်သည်။ သိသာထင်ရှားသည့် အနှစ်သာရ အရပြောင်းလဲမှုရရှိရန် လုပ်ဆောင်ပြရပါမည်။

    မြန်မာနိုင်ငံရေးတွင် အပြောင်းအလဲသစ်တခု၏ အလားအလာကို တွေ့နေရပြီဖြစ်သည်။ မြန်မာ့နိုင်ငံရေး၌ အာ ဏာရှင်ဟောင်း (သို့မဟုတ်) အစိုးရဟောင်းပါတီနှင့် ဝေဖန်ထောက်ပြမှုကို အလွန်အမင်းကာကွယ်သော၊ ပါတီတွင်း ဒီ မိုကရေစီကျင့်စဉ်ကျင့်သုံးရာ၌ ပီပြင်အားကောင်းမှုမရှိသောပါတီ (ဝါ) အစိုးရ သစ်ပါတီ ဟူ၍ အင်အားကြီး (၂) ပါတီသာရှိနေသည်။ ထို့ကြောင့် ဒီမိုကရေစီရေး အဆောက်အအုံ ပိုမိုပီပြင်အားကောင်းရန် နိုင်ငံရေးကျင့်ဝတ်ရှိ သည့် မျိုးဆက်သစ်နိုင်ငံရေးသမားများမွေးထုတ်ရာ အတိုက်အခံကောင်းပါတီ (သို့) နိုင်ငံရေးဟန်ချက် ထိမ်းညှိ ပေးမည့် တတိယပါတီကြီးတရပ် လိုအပ်နေပြီဆိုသောသုံးသပ်ဝေဖန်ချက်များ ကျယ်လောင်လာလျက်ရှိသည်။ ပေါ်ပေါက်လာရန်လည်း အလားအလာများ တွေ့နေရပြီဖြစ်သည်။

    ခေတ်တခုကိုပြောင်းလဲရန်ဆိုသည်မှာ ပုံသဏ္ဍါန်အရရော အနှစ်သာရအရပါ ပြောင်းလဲခြင်းကို ရည်ညွှန်းခြင်းဖြစ် သည်။ ဤသည်ကို နိုင်ငံရေးတွင် တော်လှန်ပြောင်းလဲခြင်းသဘော ကောက်ယူပါသည် (လက်နက်ကိုင်သွေး ထွက်သံယိုပြောင်းလဲမှု အဓိပ္ပါယ်သက်သက်မဟုတ်ပါ)။ ဤနေရာတွင် ကြိုက်နှစ်သက်သော ကဗျာတပုဒ်ကို ကိုးကားလိုသည်။

    ကဗျာ၏ ခေါင်းစည်းမှာ “ခေတ်ပြိုင်များနှင့်စကားပြောခြင်း” ဖြစ်ပြီးကဗျာဆရာနေမင်းကျော်ဇောက “တော်လှန် ရေးမှာ တော်လှန်ရေးဆိုတဲ့အဓိပ္ပါယ်ကလွဲပီး အခြားအဓိပ္ပါယ်တစုံတရာ မရှိပါဘူး- ကိုယ့်လူ” ဟုဆိုပြီး ခေတ် ပြိုင် အချင်းချင်းအမြင်မရှင်းသည့်ကြားတွင် “သမိုင်းတရားခံ” (သို့) “အနာဂတ်ကို သစ္စာဖေါက်သူ” မဖြစ် ကြဘို့ ရေးဖွဲ့ထားသည်။

    အချုပ်အားဖြင့် လက်ရှိနိုင်ငံရေး အခင်းအကျင်း အပြောင်းအလဲ နှင့် ပတ်သက်ပြီး ထားရှိအပ်သော သဘော ထားကို (၂၀၁၆) ခုနှစ်အတွင်းတွင် ပင်ကွယ်လွန်သွားသော ကျူးဘားနိုင်ငံခေါင်းဆောင်ဟောင်း ကတ် စထရို၏ အမြင်ဖြင့် ချိန်ထိုးစဉ်းစားသင့်ပေသည်။ ကတ်စထရိုသည် တော်လှန်ရေးခေါင်းဆောင်ဘဝက “သိက္ခာ ရှိစွာ သေနိုင်ဘို့အတွက် အဖေါ်မလိုပါ” ဟု ကြွေးကြော်ခဲ့သူဖြစ်ပြီး အသက် (၉၀) အရွယ်မကွယ်လွန်ခင်တွင် လည်း “တော်လှန်ရေးဆိုတာ အနာဂတ်နဲ့ အတိတ်အကြား သေသည်အထိ တိုက်ပွဲဝင်ရုန်းကန်မှုဘဲ” ဟု တိုင်း ပြည်ကို အမိန့်အမှာ ချန်ထားရစ်ခဲ့ပါသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts