spot_img
Thursday, March 28, 2024
More
    spot_img
    Homeမေးမြန်းချက်KNU ဗဟိုကော်မတီဝင် ပဒိုစောအယ်ကလူစေးနှင့် တွေ့ဆုံမေးမြန်းချက်

    KNU ဗဟိုကော်မတီဝင် ပဒိုစောအယ်ကလူစေးနှင့် တွေ့ဆုံမေးမြန်းချက်

    -

    ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၈ မှ ၂၀ ရက်နေ့အထိ ဘားအံမြို့တွင် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ(ကရင်) ပထမဆုံး ကျင်းပပြုလုပ်ခဲ့သည့်အပေါ် KNU ဗဟိုကော်မတီဝင် “ပဒိုစောအယ်ကလူစေး”အား မွန်သတင်းအေဂျင်စီသတင်းထောက် ပိုင်နွန် တွေ့ဆုံမေးမြန်းချက်ဖြစ်ပါသည်။

    ပိုင်နွန်။ ။ ကရင်ပြည်နယ်မှာ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပထမဆုံး ကျင်းပပြုလုပ် နိုင်တဲ့အပေါ် ဘယ်လိုသုံးသပ်မှုမျိုး ပေးနိုင်မလဲရှင့်?
    ပဒိုစောအယ်ကလူစေး။ ။ ပထမဆုံးဒီအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပတဲ့အတွက် အများကြီးကောင်းပါတယ်။ ကောင်းတယ်ဆိုတာ ကျွန်တော်တို့ အနာဂတ်တည်ဆောက်ချင်တဲ့ တည်ဆောက် လိုတဲ့ဒီမိုကရေစီဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးအတွက်က ဒေသအသီးသီးမှာ ရှိနေတဲ့ ကရင်လူထုကိုယ်စားလှယ်တွေရော ဒေသအသီးသီးတွေမှာရှိနေတဲ့ ကရင်အမျိုးသားအဖွဲ့အစည်းတွေ ကြားထဲမှာ ဒီလိုသူတို့ရဲ့ အမြင်၊ သဘောထား၊ ဆန္ဒ၊ လိုချင်တဲ့ပုံစံ၊ ဒါတွေကို ကျွန်တော်တို့ စုစည်းရရှိလာတဲ့ အရာတွေသည် ကျွန်တော်တို့တစ်ချိန်က ကျွန်တော်တို့နိုင်ငံရဲ့ ဖြစ်ရှိနေတဲ့ ဖြစ်စဉ်တွေနဲ့ ခုလက်ရှိပကတိအခြေ အနေနဲ့ အနာဂတ် သူတို့ရဲ့ မျှော်လင့်ထားတဲ့ တည်ဆောက်လိုတဲ့ အခြေခံပြီးတော့မှ ဆွေးနွေးလျက်ရှိနေတဲ့ အပေါ်မှာ အနည်းငယ် အကျိုးရှိတာပေါ့နော်၊ ဒီအချိန်ထဲမှာပဲ ကျွန်တော်တို့ ကရင်အမျိုးသားတွေရဲ့ လိုချင်တဲ့ အနာဂတ် ဒီမိုကရေစီဖက်ဒရယ်စနစ်နိုင်ငံမှာလည်းပဲ ထည့်တွင်းစဉ်းစားတဲ့နေရာမှာ တစ်တိုင်းပြည်လုံးကနေ ဒီအခြေခံအပေါ်မှာ တည်ဆောက်နေမယ်ဆိုရင် အမျိုးသားရင်ကြားစေ့ရေးတို့၊ ပြည်တွင်းငြိမ်းချမ်းရေးတို့ အားလုံးသဟဇာတရှိရှိ အတူတကွရှင်သန် နေထိုင်မယ်လို့ ယုံကြည်တယ်ပေါ့နော်။

    KNU ဗဟိုကော်မတီဝင် ပဒိုစောအယ်ကလူစေး(MNA)
    ပိုင်နွန်။ ။ လူမျိုးအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲက ကရင်လူမျိုးတွေအတွက် ဘယ်လောက် အထိ အရေးကြီးပါသလဲရှင့်?
    ပဒိုစောအယ်ကလူစေး။ ။ အများကြီးအရးကြီးပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က တော်လှန် တိုက်ပွဲဝင်နေတာက နှစ် ၆၀ ကျော်ကြာဖြစ်ပါတယ်၊ အဓိကအကြောင်းရင်းပြောရရင် လွတ်လပ်ရေးရပြီးတဲ့ နောက်ပိုင်းမှာ နိုင်ငံရေးအရသဘောထားမတူညီမှုတွေ၊ သဘောထားကွဲပြားမှုတွေ၊ အယူဝါဒကွဲပြားမှုတွေ ကြောင့် တိုင်းရင်းသားလူမျိုးတွေထဲအပါအဝင်ဖြစ်တဲ့ ကရင်လူမျိုးတွေကလည်း သူတို့လိုလားတဲ့ အခွင့်အရေး တွေကလည်း မရရှိခဲ့ဘူးပေါ့၊ အခွင့်အရေးတောင်းဆိုမှုတွေလည်း တကယ်တမ်းကျတော့ ဖြေရှင်းခွင့်မရတဲ့ အပေါ်မှာ နောက်ဆုံး လက်နက်ကိုင်အခြေနေတစ်ခုကို တွန်းပို့သွားတာပေါ့နော်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ အခုဆိုရင် အဖွဲ့တစ်ဖွဲ့စည်းကနေပြီးတော့မှ အဖွဲ့တစ်ခုရဲ့ အမြင်သဘောထားမဟုတ်ဘဲနဲ့ ကရင် တစ်မျိုးသားအားလုံးကနေပြီးတော့မှ လိုချင်တဲ့အရာတစ်ခုမှာ အတူတကွဆွေးနွေးနိုင်တယ်။ သူတို့ရဲ့ အနာဂတ် အခြားတိုင်းရင်းသားတွေနဲ့ အတူတကွ လက်တွဲနိုင်ရေးအတွက်ကို ဒီလိုဆွေးနွေး ရရှိလာတဲ့ဟာကို အများကြီး ကောင်းမွန်စေတာပေါ့။

    ပိုင်နွန်။ ။ လူမျိုးအလိုက်ဆွေးနွေးပွဲမှာ KNU အနေနဲ့ ဘယ်ကဏ္ဍမှာ အဓိကထားပြီး ဝင်ရောက်ဆွေးနွေး ဖြစ်ခဲ့ သလဲရှင့်?
    ပဒိုစောအယ်ကလူစေး။ ။ အမျိုးသားအဆင့် ကရင်အခြေပြု ဆွေးနွေးပွဲမှာတော့ ကဏ္ဍ (၄) ရပ်ကိုဆွေး နွေး တာပေါ့နော်၊ မြေယာနဲ့ သဘာဝသယံဇာတကဏ္ဍရယ်၊ နိုင်ငံရေးဆိုင်ရာကဏ္ဍရယ်၊ လူမှုဆိုင်ရာကဏ္ဍရယ်၊ ပြီး တော့ စီးပွားရေးဆိုင်င်ရာကဏ္ဍရယ်၊ ကျွန်တော်ကတော့ နိုင်ငံရေးကဏ္ဍမှာပါဝင်နေတဲ့ အစုအဖွဲ့ တစ်ခုမှာ ပါဝင်နေသူတစ်ဦးဖြစ်ပါတယ်။ ဒါမယ့် ကျွန်တော်တို့ ဒီနိုင်ငံရေးအစုအဖွဲ့မှာပဲ ကျွန်တော်တို့ပြောရ တာပေါ့နော်။ ကျွန်တော်အနာဂတ် ဒီမိုကရေစီဖက်ဒရယ် စနစ်တည်ဆောက်ရေးအတွက်ကိုဦးဆုံးအနေနဲ့ ကျွန်တော်တို့ ဘယ် ပုံစံမျိုးနဲ့ တည်ဆောက်မလဲဆိုတဲ့ ပထမအဆင့်အနေနဲ့ အခြေခံမူချမှတ်ဖို့ လိုအပ်တာ ပေါ့နော်၊ ဒါကြောင့် ကျွန်တော်တို့ အနာဂတ် တည်ဆောက်မယ့် ဒီမိုကရေစီဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပင်လုံ တည်ဆောက်ဖို့ အတွက်ကိုအခြေခံလမ်းညွှန်မှုတွေကို ကျွန်တော်တို့ ဆွေ့နွေးနိုင်ခဲ့တယ်။ အားလုံးကတော့ ကျွန်တော်တို့ အခြေ ခံလမ်းညွှန်မှု (၈) ချက်ပေါ့၊ ကျွန်တော်တို့ အတူတကွဆွေးနွေးပြီးတော့မှ အမြင်၊ သဘော ထား၊ အကြံပြုချက် ရှိတာပေါ့။

    ပိုင်နွန်။ ။ လက်ရှိ အစိုးရအသစ်လက်ထက်မှာ လုပ်ငန်းဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ဆရာ အနေနဲ့ ဘယ်လိုမြင်ပါသလဲရှင့်?
    ပဒိုစောအယ်ကလူစေး။ ။ ဒါတော့ကောင်းတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒါကတော့ အမြဲတမ်းအစဉ် အဆက် ရပ်တည်နေတဲ့ နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ပဲဖြေရှင်းရမယ်ပေါ့နော်။ ကျွန်တော်တို့ နိုင်ငံရေးရဲ့ ဖြစ် ပေါ်လာတဲ့ အဖြစ်အပျက်က ဒီနိုင်ငံရေးရဲ့အကျိုးဆက် ဖြစ်ပေါ်လာတဲ့ပဋိပက္ခပဲဖြစ်တယ်ဆိုတော့ ကျွန်တော် တို့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနဲ့ ဖြေရှင်းဖို့ ကျွန်တော်တို့ အစဉ်အဆက်ရပ်တည်လာခဲ့တယ်။ ဒါကြောင့်မို့ ဒီနေ့ဒီအချိန်မှာတော့ နိုင်ငံရေးယဉ်ကျေးမှုအသစ်တစ်ရပ်လို့ ပြောလို့ရတယ်ပေါ့နော်၊ ဒီအစိုးရဘက်ကလည်း လက်ခံလာတယ်၊ ပြီးတော့ နိုင်ငံရေးရေးပြဿနာကိုတွေ့ဆုံညှိနှိုင်းမှု အချိန်ကနေပြီးတော့မှ အတူတကွ ညှိနှိုင်း ဆွေးနွေးမှုအနေနဲ့ သွားမယ်ဆိုတော့ အများကြီးကောင်းတယ်၊ နိုင်ငံရေး ပြဿနာကိုစစ်ရေးနဲ့ မဖြေရှင်းဘဲနဲ့ နိုင်ငံရေး ပြဿနာကိုပဋိပက္ခနည်းနဲ့ မဖြေရှင်းဘဲနဲ့ ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ တွေ့ဆုံညှိနှိုင်း အဖြေရှာရေးသည် သာဒါအကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ ကျွန်တော်တို့ ယူဆတယ်ပေါ့။ ကရင်လူမျိုးတွေကို အခွင့်အရေး တစ်ရပ်အနေနဲ့ ဖွင့်ပေးတယ်လို့လည်း ကျွန်တော်တို့ ယူဆလို့ မရပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ကနေပြီးတော့မှ လူမျိုးအားလုံးကိုအလိုက်ပေါ့ ဆွေးနွေးနိုင်ရေးအတွက်ကိုတော့ လမ်းညွန်မှုကို ကြိုးစားပြီး ကျွန်တော်တို့ တည်ဆောက်ပါတယ်။ ဒါပေမယ့် အကောင်အထည်ဖော်တဲ့ နေရာမှာ ပထမဦးဆုံးအဆင်သင့် ဖြစ်မယ့် အဖွဲ့နဲ့စပြီးတော့ တစ်ဆင့်ချင်း သွားပြီးတော့မှ ကျန်တဲ့ဟာတွေကိုလည်း လိုအပ်တဲ့အပေါ်မှာ ကျွန်တော်တို့ ဆက်ဆောင်ရွက်သွားမှာပေါ့။

    ပိုင်နွန်။ ။ ငြိမ်းချမ်းတဲ့ဖက်ဒရယ်ပြည်ထောင်စုကိုသွားဖို့ လူမျိုးတစ်မျိုးတည်းနဲ့ မဖြစ်နိုင်ဘူးပေါ့နော်၊ ဒီလိုမဖြစ် နိုင်တဲ့အတွက် အခြားတိုင်းရင်းသားတွေပါဝင်လာအောင် ဆရာတို့အနေနဲ့ ဘယ်လိုဝိုင်းဝန်းလုပ်ဆောင်ပေးဖို့ ရှိပါသလဲရှင့်?
    ပဒိုစောအယ်ကလူစေး။ ။ ဒါတော့ကျွန်တော်တို့ အပေါ်မှာ UPDJC တွေမှာ ချမှတ်ထားတဲ့ လမ်းညွှန်မှုတွေ ရှိပါ တယ်။ ဒီလမ်းညွှန်မှုတွေကိုအခြေခံပြီးတော့ ကျွန်တော်တို့ တစ်ဆင့်ချင်းဆောင်ရွက်သွားမှာပဲ။ ဒါအမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲတစ်ဆင့်ပြီးရင် ပြည်ထောင်စုအဆင့်ပေါ့နော်၊ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDGC ကို ကျွန်တော်တို့ တင်သွင်းမယ်၊ UPDJC ကနေတစ်ဆင့် ကျွန်တော်တို့ NPC ကို တင်သွင်းသွားမှာပေါ့နော်၊ ပြီး လို့ရှိရင် ကျွန်တော်တို့ ပြည်ထောင်စုအဆင့်သဘောတူမှုတစ်ရပ်ကို ချမှတ်မှာပေါ့နော်၊ ဒါကြောင့်မို့ အဲဒါတွေကို အားလုံးကနေပြီးတော့မှ ပါဝင်ရေးနဲ့ အခြားတိုင်းရင်းသားတွေနဲ့လည်းပဲ ကျွန်တော်တို့ရဲ့ ဆွေးနွေးချက်တွေ ကိုလည်းပဲ သူတို့နေအနဲ့ကသူတို့လူမျိုးအလိုက် ဒါကတော့ လမ်းညွှန်ချက်အရ ပထမဆုံးအဆင့်အနေနဲ့ စတင် လိုက်တဲ့ သဘောပါပဲ၊ ဒါပေမယ့် ကျန်တဲ့ အခြားတိုင်းရင်းသားလူမျိုးတွေကလည်းပဲ သူတို့လူမျိုးအလိုက် သူတို့ ပြင်ဆင်မှုရှိလာမှာပဲ၊ ဘာလို့လဲဆိုတော့ လမ်းညွန်မှုအရက အားလုံးပါဝင်ပြီးတော့မှ ဆွေးနွေးရမှာကိုး။

    ပိုင်နွန်။ ။ ပြီးခဲ့တဲ့ရက်ပိုင်းလောက်က KNU နဲ့ မွန်ပြည်သစ်ပါတီတပ်ဖွဲ့တို့ နှစ်ဖက်ထိပ်တိုက်မှုတွေ ပစ်ခတ် မှုတွေ ဖြစ်ပွားခဲ့တဲ့အခြေအနေအပေါ်မှာ ဘယ်လိုအကြောင်းကြောင့်ပါသလဲ? ပြီးတော့ ဆရာတို့ KNU ဘက်က ရော ဘယ်လိုညှိုနှိုင်းဆောင်ရွက်သွားဖို့ရှိပါသလဲရှင့်?
    ပဒိုစောအယ်ကလူစေး။ ။ ဒါကတော့ ဘယ်ကနေစဖြစ်လာသလဲဆိုတာကိုတော့ ကျွန်တော်သတင်းအပြည့် အစုံမရရှိခဲ့ပါဘူး၊ သို့သော်ငြားလည်း ဒါတွေက တချို့မှားယွင်းမှုတွေလည်း ဖြစ်လာကောင်း ဖြစ်လာနိုင်မှာ ပေါ့နော်၊ ဒါပေမယ့် ဒါတွေက အဓိကကတော့ နိုင်ငံရေးပြဿနာကို ကျွန်တော်တို့ဖြေရှင်းနိုင်ရေးနဲ့ အားလုံး တိုင်းရင်း သားစည်းလုံးညီညွှတ်မှု တည်ဆောက်နိုင်ရေးကအဓိကကျပါတယ်။ ပြောရမယ်ဆိုရင် ဒါတိုင်းရင်းသား တစ်ဖွဲ့နဲ့ တစ်ဖွဲ့ကြား ဖြစ်လာတဲ့ဟာကတော့ မကောင်းဘူးပေါ့နော်၊ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ဒါတွေကညှိနှိုင်း မယ် ဆိုရင် တော့ ကျွန်တော်ထင်တာဘာမှပြဿနာမရှိပါဘူး။

    ပိုင်နွန်။ ။ အကယ်၍ ညှိနှိုင်းမယ်ဆိုရင် KNU ဘက်ကရော ဘယ်လိုညှိနှိုင်းဖို့ အစီအစဉ်ရှိပါသလဲရှင့်?။
    ပဒိုစောအယ်ကလူစေး။ ။ ဒါကတော့ အောက်အခြက ဖြစ်ပွားရာအခြေအနေအပေါ်မှာပဲမူတည်ပါတယ်၊ အောက်ခြေမှာလည်း ကျွန်တော်တို့ရဲ့ တပ်မဟာခရိုင်တွေရှိတယ်၊ ဒါကတော့ ကျွန်တော်တို့ရဲ့ အောက်ခြေ အချင်းချင်းကနေ ဘယ်လိုကနေပြီးတော့ နာလည်မှု၊ လွဲမှားမှုတွေရှိခဲ့ရင် သူတို့တစ်ဖက်နဲ့ တစ်ဖက် ဘယ်လို အကောင်းမွန်ဆုံးပြန်လည်ပြီးတော့မှ ဘယ်လိုဖြေရှင်းမလဲဆိုတာကတော့ ဒါတစ်ဆင့်ပေါ့လေ၊ တစ်ဆင့်ကနေ ပြီးတော့မှ အကယ်၍ အဆင်မပြေခဲ့ရင် ဒါဗဟိုအဆင့်ပေါ့နော် KNU နဲ့ ခေါင်းဆောင်တွေပေါ့နော်၊ ဘာဖြစ်ဖြစ် ကျွန်တော်တို့ တိုင်းရင်းသားခေါင်းဆောင်တွေကတော့ ဒီလောက်တော့ ပြဿနာအကြီးတော့ မဖြစ်မခံဘူးပေါ့နော်၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ရည်မှန်းချက်လည်းတူတယ်၊ နောက်ကျွန်တော်တို့ နိုင်ငံရေး ရည်မှန်းချက် တွေတူတယ်၊ ကျွန်တော်တို့တည်ဆောက်ချင်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတွေလည်း ရည်မှန်းချက် တွေ တူညီတဲ့အတွက်ကြောင့်တိုင်းရင်းသားအချင်းချင်း ကြားထဲမှာ ညှိနှိုင်းဖြေရှင်းလို့ရတဲ့ ကိစ္စတစ်ခုပါပဲ။

    ပိုင်နွန်။ ။ တစ်ဖက်မှာလည်း ဆရာတို့က NCA ထိုးပြီး ငြိမ်းချမ်းရေးဘက်ကို ဦးတည်ပြီးတော့ ဒီလိုပြည်သူတွေ ထိခိုက်မှုဖြစ်ပေါ်လာလျှင် KNU ဘက်ကရော ဘယ်လိုတာဝန်ယူလုပ်ဆောင်ပေးဖို့ အစီအစဉ်ရှိပါသလဲရှင့်?။
    ပဒိုစောအယ်ကလူစေး။ ။ အကောင်းဆုံးနည်းကတော့ ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းဖို့ပဲကောင်းပါတယ်၊ ခုန ကလို အောက်ခြေကနေပြီးတော့မှ နားလည်မှု၊ လွဲမှားမှုရှိတယ်ဆိုလို့ရှိရင် ဘာဖြစ်လိုလဲဆိုတော့ ကျွန်တော်တို့ ဘက်ကတော့ NCA စာချုပ်ထိုးထာတာ အဲမှာအခြေခံလမ်းညွှန်မှုတစ်ချက်ပါပါတယ်၊ ဖြစ်ပေါ်လာတဲ့ ပဋိပက္ခ တွေကို ကျွန်တော်တို့ စစ်ရေးနည်းဖြစ်ဖြစ်၊ ပဋိပက္ခရေးနည်းဖြစ်ဖြစ် မဖြေရှင်းပဲနဲ့ ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ အဖြေရှာပြီးမှ ဖြေရှင်းဖို့အတွက်ကိုတော့ အဲဒီလမ်းညွှန်မှုမှာရှိပါတယ်၊ အထူးသဖြင့် ကျွန်တော်တို့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲ စောင့်ကြည့်ရေးကော်မတီ JMC တွေ ပေါ့နော်၊ JMC ထိုးထားတဲ့ စစ်ဘက်ဆိုင်ရာကိစ္စရပ်တွေကို ကျွန်တော်တို့ အပစ်ခတ်ရပ်စဲရေး သဘော တူညီမှု အခြေခံပေါ်မှာပဲ ကျွန်တော်တို့ လမ်းညွှန်ချက်တွေရှိပါတယ်၊ ဖြစ်ပေါ်လာတဲ့ပဋိပက္ခတို့၊ အငြင်းပွားမှု၊ ဒါမဟုတ် နားလည်မှုလွဲပါးမှုတွေကို လက်နက်အင်အားသုံးပြီး ဖြေရှင်းဖို့မဟုတ်ပဲနဲ့ ငြိမ်းချမ်းတဲ့ နည်းလမ်း ကနေပြီး တော့မှ အဖြေရှာယူဖို့ အမြဲတမ်း ကျွန်တော်တို့ ရပ်တည်တယ်၊ ဒါကြောင့်မို့ ကျွန်တော်တို့ NCA စာချုပ်မှာ သော်လည်းကောင်း၊ ကျွန်တော်တို့ နှစ်ဖက်လိုက်နာရမယ့်ကျင့်ဝတ်တွေ ပြီးတော့ ကျွန်တော်တို့ တပ်နဲ့ ပြည် သူကြားဆောင်ရွက်ရမယ့် စည်းကမ်းချက်တွေလည်း ရှိပါတယ်။ ပြည်သူလူထုနဲ့ မထိခိုက်အောင်၊ မဖြစ်ပွား အောင် ကျွန်တော်တို့ အမြဲတမ်း အဓိကထားပြီး သဘောထားရှိပါတယ်။

    ပိုင်နွန်။ ဟုတ်ကဲ့ ယခုလိုအချိန်ပေးပြီး ပြန်လည်ဖြေကြားပေးတဲ့အတွက် ကျေးဇူတင်ပါတယ်ရှင့်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts