spot_img
Friday, April 19, 2024
More
    spot_img
    Homeဆောင်းပါးစစ်ပွဲကိုမတားဆီးနိုင်သော JMC

    စစ်ပွဲကိုမတားဆီးနိုင်သော JMC

    -

    အစိုးရသည် တပ်မတော် နှင့် လက်နက်ကိုင်အဖွဲ့များအကြား ပစ်ခတ်တိုက်ခိုက်မှုများမရှိစေရန်အတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို အကောင်အထည်ဖော် ဆောင်ရွက်လာခဲ့သည်။

    ထိုစာချုပ်သည် မတူညီသော သဘောထား ဆန္ဒများကို လက်နက်ကိုင် တိုက်ပွဲများဖြင့် ဖြေရှင်းသည့် နည်းလမ်းအစား နှစ်ဦး နှစ်ဖက် စားပွဲဝိုင်းထိုင် တွေ့ဆုံ ဆွေးနွေးသော ဖြေရှင်းနည်းအဖြစ် အသွင်ပြောင်းလဲကာ ဖြေရှင်းနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်သော စာချုပ် ဖြစ်သည်။

    ရန်ကုန်မြို့ရှိ NRPC ရုံး၌ JMC-U အစည်းအဝေးကျင်းပခဲ့စဉ်(Mizzima)
    ဤကဲ့သို့ စာချုပ်တွင် လက်နက်တပ်ဆင်ထားသော တပ်ဖွဲ့များအားလုံး(စာချုပ်တွင်ပါဝင်သော လက်နက်တပ် ဆင်ထားတဲ့ အဖွဲ့များကိုဆိုလို) နှင့်သက်ဆိုင်သော စစ်ဘက်ဆိုင်ရာ စည်းမျဉ်း စည်းကမ်းများပါဝင်သကဲ့သို့ နှစ်ဖက် တပ်ဖွဲ့များ ပစ်ခတ်မှုမဖြစ်စေရေးအတွက် ပြည်ထောင်စုအဆင့်၊ပြည်နယ်အဆင့်၊ဒေသန္တရာအဆင့်၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC ကိုလည်း အဆင့်ဆင့် ဖွဲ့စည်းရန် လမ်းညွှန်ထားသည်။

    လက်ရှိတွင် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U ကိုလည်းကောင်း၊ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S ကို ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် တို့တွင် လည်းကောင်း အသီးသီး ဖွဲ့စည်းထား နိုင်ခဲ့ပြီး ဖြစ်သော်လည်း ပဲခူးတိုင်း၊ချင်းပြည်နယ်၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊စစ်ကိုင်းတိုင်းတို့မှာ မဖွဲ့စည်း နိုင်သေးသကဲ့သို့ ဒေသန္တရာ အဆင့်မှာလည်း မဖွဲ့စည်းနိုင်သေးပေ။

    သို့သော် ရှိပြီးသာ JMC များသည် ၎င်းတို့အား ပေးအပ်ထားသော တာဝန်များကို ကျေပွန်စွာ လုပ်ဆောင်နိုင် ရန်လိုအပ်သည်။JMC ၏ တာဝန်များသည် သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းအတွင်း တိုက်ပွဲများ မဖြစ်ပွား လာစေရေး၊ အရှိန်လျှော့ချနိုင်ရေး၊ ဖြစ်ပွားပါက ကြားဝင် စေ့စပ်ညှိနှိုင်းဆောင်ရွက်ပေးရေး၊လူ့အခွင့်အရေးချိုး ဖောက်မှုများ မခံရရေး၊ နှစ်ဖက် တပ်ဖွဲ့ အောက်ခြေတွင် ပဋိပက္ခများမဖြစ်ပွားရေး စသည့် အချက်များကို စောင့် ကြည့် လေ့လာကာ ကြားဝင်စေ့စပ် ညှိနှိုင်းပေးရမည်ဖြစ်သည်။

    “စစ်ရေးကိစ္စဆိုရင် ပြဿနာကို စုံစမ်းစစ်ဆေးဖို့ JMC မှာ စီစစ်အတည်ပြုရေးအဖွဲ့များ (Verification Team)၊ တိုင်တန်းမှုယန္တရားနဲ့ အသေးအဖွဲ ချိုးဖောက်မှုအဆင့် (Minor Violation)လား စိုးရိမ်ရသော ချိုးဖောက်မှု အဆင့် (Major Violation)လားဆိုတဲ့ အငြင်းပွားမှုတွေကို ဖြေရှင်းခြင်းဖို့နဲ့ အရေးယူ ဆောင်ရွက်ဖို့ ဆိုတဲ့ ယန္တရားတွေရှိပေမယ့် ဘယ်လောက်အထိ ပါဝါရှိသလဲဆိုတာ ပြဿနာဖြစ်ပါတယ်။ အင်အားကြီးသူကပဲ ဆုံးဖြတ်သလိုဖြစ်နေတယ်လေ။ ဒါကို တည့်တည့်မတ်မတ် မျှမျှတတ ဖြေရှင်းပေးနိုင်မယ့် ပါဝါရှိတဲ့ ဘက်မလိုက်တဲ့ တတိယ အဖွဲ့အစည်းလိုပါတယ်”ဟု UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးစိုင်းကျော်ညွန့်က သူ၏ အမြင်ကို ပြောပြသည်။

    ပစ်ခတ်တိုက်ခိုက်မှုများ စောင့်ကြည့်သည့် JMC များ ဖွဲ့စည်းထားသော်လည်း တိုက်ပွဲများမှာ ရပ်တန့်သွားခြင်းမ ရှိသေးသကဲ့သို့ အပစ်ရပ်ထားသောအဖွဲ့များဖြင့်ပါ မကြာခဏ ပစ်ခတ်မှုများ ဖြစ်ပွားနေပြီး အပစ်ရပ်ထားသူ နှင့် မရပ်ထားသူများလည်း ပစ်ခတ်မှုများရှိလာခဲ့သည်။

    ၂၀၁၇ ခုနှစ်၊ဇန်နဝါရီ ၁၉ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို ့နယ်၊ ပိန်းဆိုင်အုပ်စု နောင်လေးကျေးရွာ အနီး NCA လက်မှတ်ထိုးထားသော RCSS/SSA နှင့် ဆီဆိုင်မြို ့နယ် အခြေစိုက် ခမရ ၄၂၉ တပ်ရင်းဖြင့် ပစ် ခတ်မှုများ ရှိခဲ့ပြီး ၂၀၁၆ ခုနှစ်အတွင်းကလည်း တိုက်ပွဲ ၅ ကြိမ်ထက် မနည်း ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည်။

    အလားတူ တနင်္သာရီတိုင်းဒေသကြီး၊ရေဖြူမြို ့နယ်အတွင်းမှာလည်း NCA လက်မှတ်မထိုးရသေးသည့် မွန်ပြည် သစ်ပါတီ (NMSP) နှင့် လက်မှတ်ထိုးထားသော ကရင်အမျိုးသားအစည်းအရုံး (KNU)တို့ ထိတွေ့ ပစ်ခတ်တိုက် ခိုက်မှုများ ၂၀၁၆ ခုနှစ် နှစ်ကုန်ကာနီး နှင့် ၂၀၁၇ ခုနှစ်၊ဇန်နဝါရီလအတွင်း ၄ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြသည်။

    ထို့ပြင် NCA မထိုးရသေးသော SSPP/SSA အား မိုင်းရှုးမြို ့နယ်အတွင်းရှိ ကားလမ်းမဘေး၏ အနေဘက် ခြမ်းသို့ ဆုတ်ခွာပေးရန် တပ်မတော်မှ တောင်းဆိုလာရာမှာ နှစ်ဖက် စစ်ရေးတင်းမာခဲ့ကြပြီး တိုက်ပွဲများ ဖြစ်ပွား လျက်ရှိသော်လည်း ရှမ်းပြည်နယ်ရှိ JMC-S က ဖြေရှင်းဆောင်ရွက်မပေးနိုင်ဘဲ ဖြစ်နေသည်။

    ထို့ကြောင့် ဆုံးဖြတ်ချက် ချမှတ်ပိုင်ခွင့်မရှိသည့် JMC အစား ဆုံးဖြတ်ချက်ချမှတ်နိုင်သော JMC အဖြစ် ပြောင်း လဲရန် လိုအပ်နေပြီး ကျူးလွန်သူကို အရေးယူနိုင်သည့် ပြစ်မှု ပြစ်ဒဏ်များ ချမှန်နိုင်ရန်အတွက်လည်း JMC အဆင့်ဆင့် လုပ်ငန်းလမ်းညွန်ထဲတွင် တရားဝင်ထည့်သွင်းရန်လည်း လိုအပ်နေသည်။

    သို့သော် ရှမ်းပြည်နယ်၊မွန်ပြည်နယ်၊ကရင်ပြည်နယ်၊စသည့် ပြည်နယ်များတွင် ဖွဲ့စည်းထားသော JMC-S များ သည် ပစ်ခတ်တိုက်ခိုက်မှုများ မဖြစ်ပွားစေရန် နှင့် ဖြစ်ပွားလာသည့်အခါ စစ်ဆေး အရေးယူနိုင်ခွင့် အခွင့် အာဏာများ မရှိပဲ စစ်ဆေးနိုင်ရေးအတွက်ပင် သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ တင်ပြနေကြရသည်။

    အဆိုပါ JMC နှင့်ပတ်သက်ပြီး NCA လက်မှတ်မထိုးရသေးသော လက်နက်ကိုင် ၉ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော UNFC က “ အစိုးရကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများမှ ကိုယ်စား လှယ်များနှင့်အများယုံကြည်လေးစားသော ပုဂ္ဂိုလ်များပါဝင်သော JMC တစ်ရပ်ကို နှစ်ဖက်သဘောတူ လက်ခံ နိုင်သည့် နိုင်ငံတကာမှ အစိုးရကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသော ကြီးကြပ်စောင့်ကြည့်ရေး အဖွဲ့နှင့်အတူ ဖွဲ့ စည်းသွားရန်”ဟု အဆိုပြုလာခဲ့သော်လည်း သဘောတူညီချက်မရသေးပေ။

    အစိုးရဘက်ကမှု ၎င်းတို့ ပြင်ချင်တိုင်း ပြင်မရကြောင်း၊ လက်မှတ်ထိုးပြီးသာ အဖွဲ့များမှ သဘောတူညီမှသာ ပြင် နိုင်ကြောင်း နှင့် တခြားနိုင်ငံများပါဝင်လာပါက အိမ်နီးချင်း နိုင်ငံတစ်ခုမှ လက်ခံနိုင်မည်မဟုတ်သည့်အတွက် အခက်အခဲများရှိကြောင်း ဆိုသည်။

    လက်ရှိ ဖွဲ့စည်းထားသော ပြည်ထောင်စုအဆင့် နှင့် ပြည်နယ်နှင့်တိုင်းအဆင့် JMC များတွင် နိုင်ငံတကာမှ အစိုးရ ကိုယ်စားလှယ်များ ပါဝင်ခြင်းမရှိဘဲ အစိုးရ၊တပ်မတော်၊ လက်နက်ကိုင်၊ အရပ်သား စသည့် ပုဂ္ဂိုလ်များ ဖြင့်သာ ဖွဲ့စည်းထားသည်။

    JMC-U ကို အစိုးရနှင့် လက်နက်ကိုင်မှ ကိုယ်စားလှယ် (၁၀)ဦးစီဖြင့် လည်းကောင်း၊ နှစ်ဘက်မှ အဆိုပြုသော အများယုံကြည်လေးစားသည့် အရပ်သား ကိုယ်စားလှယ် ၃ ဦးစီဖြင့်လည်းကောင်း စုစုပေါင်း ၂၆ ဦးဖြင့် ဖွဲ့စည်း ထားပြီး JMC-S တွင် အစိုးရနှင့် လက်နက်ကိုင် ကိုယ်စားလှယ် ၅ ဦးစီဖြင့်လည်းကောင်း၊ အရပ်သား ၂ ဦးစီဖြင့် လည်းကောင်း စုစုပေါင်း ၁၄ ဦးဖြင့် ဖွဲ့စည်းထားသည်။

    ပါဝင်သည့် လူပုဂ္ဂိုလ်များ၏ ရာထူးတာဝန်အဆင့်များကိုလည်း သတ်မှတ်ထားသည် အစိုးရဘက်ကဆိုလျှင် တိုင်းမှူး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊တိုင်းဒေသကြီးနှင့်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ တိုင်းဒေသ ကြီးနှင့်ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ လက်နက်ကိုင်များဘက်မှ ဗဟိုမှ တာဝန်ပေးအပ်သော တပ်မဟာမှူး/စစ်ဒေသမှူး၊ ဗဟိုမှ တာဝန်ပေးအပ်သူ၊စသည့် ရာထူးအဆင့် တာဝန်ရှိသူများ ပါဝင်ကြသော်လည်း ဆုံးဖြတ်ချက် ချမှတ်ခွင့် မရဘဲ မည်သည့် အခြေအနေကိုမဆို အထက်သို့ အသီးသီး တင်ပြကြရပြီး အထက်မှ ဆုံးဖြတ်ချက်ကိုသာ ပြန် လည် လက်ခံရယူကြရသည်။

    ထို့ကြောင့် JMC အဆင့်ဆင့်၏ လုပ်ငန်းလမ်းညွန် အခန်း (၁) ရည်ရွယ်ချက်ပါ တစ်နိုင်ငံလုံးအတိုင်းအတာ ပစ် ခတ်တိုက်ခိုက်မှု ရပ်စဲရေး အခြေအနေ၊ ဤသဘောတူ စာချုပ်၏ တပ်ပိုင်းဆိုင်ရာ ကိစ္စများ၊စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များနှင့်ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအား ထိန်းသိမ်းလိုက်နာခြင်းနှင့် ပတ်သက်၍ စောင့်ကြည့် လေ့လာခြင်း၊ပေါ်ပေါက်လာသော အငြင်းပွားမှုများအား ဖြေရှင်းရာတွင် ဘက်လိုက်မှု ကင်းပြီး ပွင့်လင်းမြင်သာမှု အခြေခံဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အထောက်အကူပြုရန်၊ အခန်း(၂) အခြေခံ မှုများ (က) လုပ်ငန်းစဉ်တစ်ခုလုံးကို အကောင်အထည်ဖော်ရာတွင် ဘက်လိုက်မှု ကင်းခြင်း၊ပွင့်လင်း မြင်သာမှု ရှိခြင်း၊တရားမျှတမှု၊တန်းတူညီမျှမှုနှင့်ဂုဏ်သိက္ခာရှိမှုတို့ကို အခြေခံရန်၊ ဟူသော အချက်များ နှင့် လက်တွေ့ မြေပြင်မှာ ကွဲပြား ခြားနားနေပါသည်။

    အဆိုပါ ပြဌာန်းချက်တွင် JMC အား ဆုံးချက် ချမှတ်ပိုင်ခွင့်ရှိသယောင်လိုလို ပါဝါ(အာဏာ)အပြည့် ပေးအပ် ထား နိုးနိုးဖြစ်နေသော်လည်း မြေပြင်၌ ဖြစ်ပွားနေသော တိုက်ပွဲများအပေါ် ကြားဝင် စေ့စပ်မှုများ မပြုလုပ်နိုင် သကဲ့သို့ မြေပြင်ကွင်းဆင်း စစ်ဆေးရန်လည်း မနည်း ညှိနှိုင်းဆောင်ရွက်ပြီးမှသာ သွားလာနိုင်သည့် အခြေ အနေ တစ်ရပ်နှင့်ကွဲလွဲနေ ပါသည်။

    တိုက်ပွဲများ ဖြစ်ပွားနေရခြင်းနှင့် ပတ်သက်ပြီး RCSS/SSA မှ ဗိုလ်မှူးကြီး စိုင်းလက “ နယ်မြေ မသတ်မှတ်နိုင် သေးတဲ့အတွက် တိုက်ပွဲတွေကတော့ ဖြစ်နေအုံးမှာပဲ။ဒါပေမဲ့ တပ်တစ်ခုနဲ့တစ်ခု လှုပ်ရှားတော့မယ်ဆိုရင် သတင်းဖလှယ်ကြမယ်ဆိုရင်တော့ ပစ်ခတ်မှုတွေ တော်တော်လည်း လျှော့သွားနိုင်တယ်။ JMC ကလည်း ဆုံးဖြတ်ချက် ချလို့မရဘူးဖြစ်နေတယ်။သူက အကြံပြုနိုင်တဲ့ အနေအထားမှာပဲရှိနေတယ်”ဟု ပြောသည်။

    JMC ကို ဆုံးဖြတ်ချက် ချမှတ်ပိုင်ခွင့်နှင့် ကြားဝင်စေ့စပ် ညှိနှိုင်းပိုင်ခွင့် အပြည့်အဝ ပေးအပ်ထားမည်ဆိုပါ လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်း နှင့် တောင်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ စသည့် ဒေသများ တွင် ဖြစ်ပွားနေသော တိုက်ပွဲများကို အရှိန်လျှော့ချနိုင်မည်ဖြစ်ပြီး သို့တည်းမဟုတ်ပါက တိုက်ပွဲများသည် ဖြစ်မြဲ ဖြစ်ဆဲနှင့် အသက်ပေါင်းများစွာကိုလည်း ယူမြဲ မြုပ်ဆဲရှိနေမည်ဖြစ်ပါသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts