မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / မွန်တွင်ကျောင်းဆရာ/ဆရာမ ရာထူးတိုးမြှင့်ပြောင်းရွှေ့ရေးအခက်ခဲရှိ

မွန်တွင်ကျောင်းဆရာ/ဆရာမ ရာထူးတိုးမြှင့်ပြောင်းရွှေ့ရေးအခက်ခဲရှိ

ရေးသားသူ:

မွန်ပြည်နယ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာ/ဆရာမများအား ရာထူးတိုးမြှင့် ပြောင်းရွေ့ရန် အခက်အခဲရှိနေကြောင်း ပြည်နယ် ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးမျိုးတင့်အောင်မှ သိရသည်။

“ဆရာတို့ပြည်နယ်က ဆရာမတွေအတွက် တိုးဖို့၊ ပြောင်းဖို့ အခွင့်အလမ်းအရမ်းနည်းတယ်၊ ဘာလို့လဲဆိုတော့ တိုး/ပြောင်းဖို့ နေရာမရှိလို့၊ အခြားပြည်နယ်တွေမှာကျတော့ လစ်လပ်တဲ့နေရာတွေများတော့ မူလတန်းဖြစ်ဖြစ်၊ အလယ်တန်းပြဖြစ်ဖြစ် လုပ်သက် (၂) နှစ်ဆို တိုးခွင့်ရပြီး ဆရာတို့မှာကျ အနည်းဆုံး လုပ်သက် (၇) နှစ်ရှိရတယ်၊ ဒါတောင် နေရာမရွေးမှ ရမှာ” ဟု ဦးမျိုးတင့်အောင်က ပြောသည်။

မွန်ပြည်နယ်ပညာရေးမှူးရုံး(MNA)
အကယ်၍ မိမိပြည်နယ်မှ တိုင်းဒေသကြီး/ပြည်နယ်ခြားသို့ ပြောင်းရွှေ့ပါက အခြေခံပညာကို ပို့ပေးရမည်ဖြစ်ပြီး ရာထူးတိုးပြောင်းရန်အတွက်လည်း အခွင့်အလမ်းနည်းကြောင်း၊ ယခုနှစ်အနေအထားအရ ချောင်းဆုံမြို့နယ်တို့တွင် နေရာလစ်လပ်မှုမရှိကြောင်း၊ ရေး၊ သထုံနှင့် ဘီးလင်းမြို့နယ်တို့တွင်သာ နေရာများရနိုင်ပြီး ၄င်းအထဲမှ ပညာရေးကောလိပ်ဆင်းလာသော ဆရာ/ဆရာမများအတွက်လည်း နေရာချန်ထားပေးရမည်ဟု ဦးမျိုးတင့်အောင်က ဆက်ပြောသည်။

“ကိုယ့်ဇာတိမှာ ပြန်သင်ချင်လို့ မုဒုံကိုလျှောက်တာပါ၊ မုဒုံမြို့နယ် ဘယ်ကျောင်းမဆို ရပါတယ်၊ ခါတိုင်းနှစ်သူများတွေ လျှောက်နေတာ သိပ်မရကြဘူးဆိုတာလည်း ကြားပါတယ်၊ ဒါမဲ့ ကိုယ်ကတော့ ရမလားဆိုပြီး လျှောက်ကြည့်တာပေါ့” ဟု (၂၀၁၇-၁၈) ပညာသင်နှစ်အတွက် ရာထူးတိုး/ပြောင်း လျှောက်ထားသူ ဆရာမဒေါ် ဆုမြတ်ရည် ကပြောသည်။

ရေးမြို့နယ် ဖားကြီးကျေးရွာရှိ မူလတန်းကျောင်း KG တန်းပြမှ မုဒုံမြို့နယ်ရှိ အလယ်တန်းပြ သို့ ရာထူးတိုး/ပြောင်း လျှောက်ထားကြောင်း၊ လာမည့် ဖေဖော်ဝါရီလတွင် လုပ်သက် (၃) နှစ် ပြည့်တော့မည်ဖြစ်ကြောင်း ၄င်းကဆက်လက်ပြောသည်။

၂၀၁၇-၁၈ ပညာသင်နှစ်အတွက် ဇန်နဝါရီ (၁၀) ရက်နေ့ကစပြီး အခြေခံပညာဦးစီးဋ္ဌာန မွန်ပြည်နယ်ပညာရေးမှူးရုံး အောက်ရှိ ဝန်ထမ်းများ၏ အပြောင်း/အတိုး လျှောက်လွှာများ စတင်ခေါ်ယူနေကြောင်း သိရသည်။

မွန်ပြည်နယ် ပညာရေးမှူးရုံး၏ (၂၀၁၆) ဒီဇင်ဘာလ စာရင်းချုပ်အရ ကျောင်းဆရာ/ဆရာမ ပေါင်း ( ၁၅,၅၄၅) ဦးရှိပြီး၊ ၂၀၁၆ ပညာသင်နှစ်အတွက် အထက်ပြလျှောက်ထားသော ဆရာ/ဆရာမ ( ၃၃၄) ဦးအနက် (၁၁၀) ဦး ပြောင်းခွင့်ရရှိခဲ့ပြီး၊ အလယ်ပြ/မူအုပ်မှ အထက်တန်းပြအတိုး လျှောက်ထားသော ဆရာ/မ (၁၃၃) ဦးအထဲမှ (၇၆) ဦး ရာထူးတိုးခွင့် ရရှိခဲ့ကြောင်း သိရသည်။

About မွန်သတင်းအေဂျင်စီ

Check Also

မုဒုံမြို့နယ် အမှတ် ၁ မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အား ဒေသခံ ၁၀ဝ ခန့် ဆန္ဒထုတ်ဖော်

မွန်ပြည်နယ် မုဒုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော်အား ကျေးရွာအုပ်ချုပ်ရေးမှူးထုတ်ပယ်ရခြင်းနှင့်ပတ်သက်၍ မှိန်ဂနိမ်းကျေးရွာ၌ ဒေသခံ ၁၀ဝ ခန့်တို့က စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် …

Leave a Reply

%d bloggers like this: