spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းရေးမြို့ အဏ္ဏဝါရပ်ကွက်ဈေးမီးလောင် သိန်းရာချီဆုံးရှုံး

    ရေးမြို့ အဏ္ဏဝါရပ်ကွက်ဈေးမီးလောင် သိန်းရာချီဆုံးရှုံး

    -

    မွန်ပြည်နယ်၊ ရေးမြို့၊ အဏ္ဏဝါရပ်ကွက်ဈေးအတွင်း ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက်အချိန်တွင် မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ပြီး၊ ငွေကျပ်သိန်းရာချီ ဆုံးရှုံးခဲ့ကြောင်း ဆိုင်ရှင်များက ပြောသည်။

    နံနက် ၄ နာရီဝန်းကျင်တွင် စတင်လောင်ကျွမ်းသည့် မီးကြောင့် ၁၀ ပေပတ်လည် ဆိုင်ခန်း ၄ ခန်းနှင့် ဆိုင်ခန်းတွင်းရှိ အထည်များ၊ အလှကုန်များ၊ စားသောက်ကုန်များ လောင်ကျွမ်းဆုံးရှုံးခဲ့သည်။

    မီးလောင်ခံထားရသည့်ဈေးဆိုင်(MNA)

    မီးလောင်ခံထားရသည့်ဈေးဆိုင်(MNA)
    မီးလောင်ခံရသည့် အထည်ဆိုင်၏ ပိုင်ရှင်တစ်ဦးဖြစ်သူ ဦးရာရှင် က “အိပ်ကောင်းတုန်းအချိန်မှာ လောင်တယ်။ ဆိုင်ကို ရောက်လာတဲ့အချိန်မှာ မီးတအားပြင်းနေပြီ။ ဘာမှ မသယ်နိုင်ဘူး။ မနေ့ကပဲ (သိန်း) တစ်ရာ့ငါးဆယ်ဖိုး အထုပ်လိုက် ချလာတာ။ စီတောင် မစီရသေးဘူး။ ဒီမှာ ရောင်းလာတာ အနှစ် ၂၀ ကျော်ပြီ၊ တစ်ခါမှ ဒီလိုမလောင်ဖူးဘူး” ဟု ပြောသည်။

    ရေးမြို့နယ် မီးသတ်ဦးစီးဌာန၏ အဆိုအရ နံနက် ၃ နာရီ ၄၇ မိနစ်တွင် ဦးရာရှင် ၏ အထည်ဆိုင်မှ စတင်လောင်ကျွမ်းခြင်း ဖြစ်ပြီး မီးသတ်တပ်ဖွဲ့နှင့်အတူ ပြည်သူများက ဝိုင်းဝန်း ငြိမ်းသတ်မှုကြောင့် နံနက် ၄ နာရီအချိန်တွင် မီးညွန့် ကျိုးကာ၊ နံနက် ၄ နာရီ ၂၀ တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

    ရေးမြို့နယ် မီးသတ်ဦးစီးမှူး ဦးသန်းထိုက် က “သတင်းပေးသူကလည်း အချိန်နဲ့ တပြေးညီ သတင်းပေးနိုင်ခဲ့လို့ မီးသတ်တပ်ဖွဲ့နဲ့ ရပ်ကွက်နေ ပြည်သူတွေ အချိန်မီ ငြိမ်းသတ်နိုင်တာ၊ နို့မဟုတ်ရင် ဒီထက်ပိုလောင်သွားနိုင်တယ်” ဟု ပြောသည်။

    မီးလောင်ကျွမ်းမှုကြောင့် ဦးရာရှင်ပိုင် အထည်ဆိုင် (၁) ခန်း၊ ဦးတင်ချိုပိုင် ကုန်ခြောက်ဆိုင် (၁) ခန်းနှင့် ဒေါ်မိုးမိုးခိုင်ပိုင် ကုန်ခြောက်ဆိုင် (၂) ခန်း၊ စုစုပေါင်း ၁၀ ပတ်လည် ဆိုင်ခန်း (၄) ခန်း တန်ဖိုးငွေ ကိုးသိန်း ငါးသောင်းကျပ် (၉၅၀,ဝ၀ဝိ/) ဆုံးရှုံးခဲ့သည်ဟု ရေးမြို့နယ် မီးသတ်ဦးစီးဌာနထံမှ သိရသည်။

    အထည်ဆိုင်ပိုင်ရှင် ဦးရာရှင်ကမူ မီးလောင်ခံရသည့် မိမိဆိုင်ခန်းတစ်ခုတည်း၏ တန်ဖိုးသည်ပင် သိန်းရာကျော် ရှိသည်ဟု ပြောသည်။

    ထိုဈေးတွင် အိပ်စက်လေ့ ရှိသည့် စိတ်ဝေဒနာသည် အမျိုးသမီးတစ်ဦး၏ ရှို့မီးကြောင့် လောင်ကျွမ်းခြင်း ဖြစ်သည်ဟု တွေ့ရှိသူအချို့က မီးသတ်ဌာနသို့ အကြောင်းကြား ပြောဆိုသော်လည်း၊ အမှုမှန် ပေါ်ပေါက်ရေးအတွက် ဆက်လက်စုံစမ်းလျက် ရှိသည်ဟု ရေးမြို့မ ရဲစခန်းက ပြောသည်။

    ယခုလောင်ကျွမ်းသော မီးသည် ၂၀၁၇ ခုနှစ်တွင် ရေးမြို့နယ်အတွင်း ပထမဆုံးလောင်ကျွမ်းသည့် မီးဖြစ်ပြီး၊ မီးလောင်မှုနှင့် ပတ်သက်၍ ရေးမြို့မ ရဲစခန်းက အမှုဖွင့်နိုင်ရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

    ၂၀၁၆ ခုနှစ်တွင် ရေးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် မီးလောင်ကျွမ်းမှု (၄) ခု အပါအဝင်၊ မွန်ပြည်နယ်တစ်ခုလုံးတွင် မီးလောင်ကျွမ်းမှု (၆၇) ကြိမ် ဖြစ်ပွားကာ၊ လူ ၉ ဦး သေဆုံးပြီး၊ ဆုံးရှုံးမှုတန်ဖိုး (၃၈) သန်းကျော် ရှိကြောင်း မွန်ပြည်နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts