မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / ချောင်းဆုံမြို့နယ်ကြားဖြတ်ရွေးကောက်ပွဲမဲပေးခွင့်ရှိသူ တစ်သိန်းနှစ်သောင်းခြောက်ထောင်ကျော်စာရင်းကောက်ခံရရှိထား

ချောင်းဆုံမြို့နယ်ကြားဖြတ်ရွေးကောက်ပွဲမဲပေးခွင့်ရှိသူ တစ်သိန်းနှစ်သောင်းခြောက်ထောင်ကျော်စာရင်းကောက်ခံရရှိထား

ရေးသားသူ:

မွန်ပြည်နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်လစ်လပ်နေရာအတွက် ဒီဇင်ဘာ ၃၀ ရက်နေ့အထိ စာရင်းကောက်ခံရရှိထားသည့်စာရင်းအရ မဲပေးပိုင်ခွင့်ရှိသူ တစ်သိန်းတစ်သိန်းနှစ်သောင်းခြောက်ထောင်ကျော် (၁၂၆,၉၀ဝ ) စာရင်းကောက်ခံရရှိကြောင်း ချောင်းဆုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

သို့ရာတွင် ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ ချောင်းဆုံမြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ (၁၂၇,၂၄၉) ဦးရှိခဲ့ရာ ဆန္ဒမဲပေးသူဦးရေ (၅၆၅၇၃) ဦးသာရှိခဲ့သည်ဟု သိရသည်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၌ မဲရေတွက်နေပုံ(Internet)
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၌ မဲရေတွက်နေပုံ(Internet)
ချောင်းဆုံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးထွန်းရီက “ ဒီဇင်ဘာ ၃၀ ရက်နေ့အထိ မဲပေးပိုင်ခွင့်ရှိသူ ၁၂၅၉၀ဝ ကျော်ရှိပါတယ်၊ နောက်ထပ် တိုးလာမယ့် ပုံစံ (၃)၊ ပုံစံ (၄) (ဂ) တို့ကို ထပ်မံထည့်သွင်းရမှာဖြစ်တဲ့အတွက် စာရင်းအတိကျ မပြောနိုင်သေးဘူး” ဟု ဆိုသည်။

ချောင်းဆုံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအနေဖြင့် ၂၀၁၅ မဲဆန္ဒရှင်စာရင်းတွင် အက္ခရာစဉ်နှင့် စီထားသည့်အတွက် အမည်စာရင်းထပ်နေခြင်း၊ အမည်တူနေခြင်း၊ တစ်ခြားသောဒေသများ၏ အမည်စာရင်း ပါဝင်နေခြင်းကြောင့် ယခုအိမ်ထောင်စုအလိုက် စာရင်းကောက်ရာတွင် မဲဆန္ဒရှင်ဦးရေစာရင်း ပြောင်းလဲမှုရှိနေကြောင်း ၄င်းကဆက်ပြောသည်။

အဆိုပါမဲဆန္ဒရှင်ဦးရေစာရင်းကို ချောင်းဆုံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဦးဆောင်မှုဖြင့် နိုဝင်ဘာလ ၁ ရက်နေ့တွင် အိမ်ထောင်စုအလိုက် တစ်အိမ်သက်ဆင်း စာရင်းကောက်ခံခဲ့ပြီး ယနေ့ချိန်အထိ စာရင်းပြုစု မပြီးစီးသေးကြောင်း သိရသည်။

အလားတူ လွှတ်တော်ကိုယ်စားလှယ်အလောင်းများ၏ အမည်စာရင်းပုံစံ (၁၀) ကပ်ထားကြေငြာခြင်းကို ဇန်နဝါရီလ ၂ ရက်နေ့တွင်လည်းကောင်း၊ မဲဆွယ်စည်းရုံးရေးကာလကို ဇန်နဝါရီ ၃၀ မှ မတ်လ ၃၀ ရက်နေ့အထိလည်းကောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ အောက်တိုဘာ ၁၈ ရက်နေ့တွင် ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

မော်လမြိုင်ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးအရာရှိ ဦးထင်ကျော် က “ ပါတီများမှ တင်သွင်းလာတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၅ ဦးကို ခရိုင်ကစိစစ်ပြီးတော့ ကန့်ကွက်သူမရှိတဲ့အတွက် ပြည်ထောင်စုကို စာရင်း တင်ထားပြီးပြီ” ဟုပြောသည်။

အဆိုပါလစ်လပ်မဲဆန္ဒနယ်မြေတွင် လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD, မွန်အမျိုးသားပါတီ MNP, မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP,
ပြည်ခိုင်ဖြိုးပါတီ USDPနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ-တစညပါတီမှ ကိုယ်စားလောင်းများ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် NLD ပါတီမှ ဒေါ်ခင်ဌေးကြွယ် ရွေးချယ်ခံရပြီးနောက် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးအဖွဲ့ဝင် တာဝန်ထမ်းဆောင်ရသဖြင့် အဆိုပါမဲဆန္ဒနယ်မြေတွင် ကိုယ်စားလှယ်လောင်းလစ်လပ်နေခြင်း ဖြစ်သည်။

တစ်နိုင်ငံလုံးအတိုင်းအတာအရ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၈ နေရာ၊ အမျိုးသားလွှတ်တော် ၃ နေရာ၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ၇ နေရာ စုစုပေါင်း ၁၈ နေရာ လစ်လပ်နေပြီး မွန်ပြည်နယ်တွင် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်တစ်နေရာသာ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲ၌ မွန်ပြည်နယ်အတွင်း မော်လမြိုင်မြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေတစ်နေရာလစ်လပ်ခဲ့ရာတွင် NLD ပါတီကိုယ်စားလှယ် ဒေါ်ခင်ဌေးကြွယ် ရွေးချယ်ခံခဲ့ရသည်ဟု သိရသည်။

About မွန်သတင်းအေဂျင်စီ

Check Also

မွန်ကျောင်းဆရာများ ညီလာခံကျင်းပ

မွန်အမျိုးသားပညာရေးကော်မတီ MNEC-Mon National Education Committee မှ ဦးစီး၍ မွန်အမျိုးသားပညာရေး ကျောင်းဆရာများ ညီလာခံ Teacher Conference တရပ်ကို နိုဝင်ဘာလ ၁၉ …

Leave a Reply

%d bloggers like this: