spot_img
Thursday, April 18, 2024
More
    spot_img
    Homeမေးမြန်းချက်ဦးလှမောင်ရွှေအား တွေ့ဆုံမေးမြန်းချက်

    ဦးလှမောင်ရွှေအား တွေ့ဆုံမေးမြန်းချက်

    -

    သမ္မတဟောင်း ဦးသိန်းစိန်လက်ထက် ၂၀၁၁ ခုနှစ်၊ သြဂုတ် ၁၈ ရက်နေ့တွင် တစ်နိုင်ငံလုံးသို့ ငြိမ်းချမ်းရေးဖိတ်ခေါ် ကမ်းလှမ်းချိန်မှ စတင်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၌ ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ခဲ့သလို လက်ရှိ သမ္မတဦးထင်ကျော် အစိုးရသစ်လက်ထက်တွင်လည်း ငြိမ်းချမ်းရေး ကော်မရှင် (PC)အဖွဲ့ဝင် အဖြစ်လည်းကောင်း ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ဝင်အဖြစ်လည်းကောင်း ပါဝင်ဆောင်ရွက်နေသူ “ဦးလှမောင်ရွှေ” အား မွန်သတင်းအေဂျင်စီ အလွတ်တန်းသတင်းထောက် “ချစ်မင်းထွန်း” တွေ့ဆုံမေးမြန်းထားခြင်းကို ဖော်ပြလိုက်ပါသည်။

    မေး ။ ။ UNFC ကတောင်းဆိုထားတဲ့ အချက် ၉ ချက်အပေါ်မှာ အစိုးရဘက်က ဘယ်လောက်အထိ လိုက်လျှောပေးသွားဖို့ ရှိပါသလဲ။
    ဖြေ ။ ။ ကျွန်တော်တို့ လိုက်လျောတယ် မလိုက်လျောဘူးဆိုတာထက် ကျွန်တော်တို့ အများစုပေါ့ဗျာ၊ အများစုကတော့ NCA လက်မှတ်ထိုးထားတဲ့သူတွေရှိမယ်။ အဲတော့ NCA လက်မှတ်ထိုးထားတဲ့ သူတွေကို လည်း ကျွန်တော်တို့ ပြန်ပြီးတော့ နားလည် စာနာပေးဖို့လိုမယ်။ သူတို့မှာ ဒါကို စွန့်စားပြီး ရဲရဲဝံ့ဝံ့နဲ့ ငြိမ်းချမ်းရေး လမ်းကို အတူတူ လျှောက်ဖို့ ထိုးထားပြီးပြီ။ ဒီထိုးထားတဲ့သူတွေထက်ကို ပိုပြီးတော့၊ မထိုးရသေးတဲ့သူတွေကို တခြားအဓိပ္ပာယ်ဆောင်တဲ့ ပုံစံမျိုး သဘောတူညီချက်မျိုးတွေကလည်း ဖြစ်သင့်သလားဆိုတဲ့ မေးခွန်း လေးတွေကလည်းရှိတယ်ပေါ့လေ။

    UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးလှမောင်ရွှေ(BNA)
    UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးလှမောင်ရွှေ(BNA)
    မေး ။ ။ ဖေဖော်ဝါရီလမှာ ကျင်းပမယ့် ၂၁ ရာစုပင်လုံညီလာခံ မတိုင်ခင် လက်မှတ်မထိုးရသေးတဲ့ အဖွဲ့ တွေ လက်မှတ်မထိုးလာသေးဘူး ညှိနှိုင်းမှုအဆင်မပြေသေးဘူးဆိုရင် သူတို့ကို အရင် ညီလာခံလိုဘဲ တက်ခွင့် ပေးမှာလား ဘယ်လို စီစဉ်ထားပါသလဲ။
    ဖြေ ။ ။ အဲဒါကတော့ သက်ဆိုင်တဲ့ ပေါ်လစီချမှတ်တဲ့ တာဝန်ရှိသူများကပဲ ဆုံးဖြတ်လို့ရမှာ ကျွန်တော်တို့ ကတော့ အလုပ်အဖွဲ့တွေဆိုတော့ ပေးထားတဲ့ ပေါ်လစီဘောင်ထဲကဘဲ ကျွန်တော်တို့ကို ပေးထားတဲ့ တာဝန် ကျွန်တော်တို့ဆောင်ရွက်ဖို့ဘဲရှိတယ်။ဒါကတော့ အချိန်တန်တဲ့အခါမှ အကောင်းဆုံးဖြတ်မယ့်ဟာကို ငြိမ်းချမ်း ရေး ဖြစ်စဉ်ရဲ ့ တာဝန်ရှိတဲ့ ခေါင်းဆောင်များက သတ်မှတ်ပေးမယ်လို့ ထင်ပါတယ်။

    မေး ။ ။ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်မှု အားနည်းနေတာတွေ တွေ့ရ တယ်ဗျ။အဲဒီ အချက်က ဘယ်လို အကြောင်းကြောင်းကြောင့်လဲ ဗဟိုက ထိန်းချုပ်ထားလို့လားဗျ။
    ဖြေ ။ ။ ကျွန်တော်အမြင်ကတော့လည်း ကျွန်တော်တို့ ငြိမ်းချမ်းရေးရဖို့က ဘာနဲ့ တိုက်ရိုက် အဓိက အချိုး ကျမလဲဆိုရင် သက်ဆိုင်တဲ့ ပါဝင်ဆောင်ရွက်တဲ့သူတွေ အားလုံးက ဘယ်လောက် Capacity ရှိလဲပေါ့၊ ဘယ်လောက် လိမ္မာပါးနပ်လဲ၊ ဘယ်လောက်ညှိနှိုင်းနိုင်မလဲဆိုတာနဲ့ တိုက်ရိုက် အချိုးကျ တယ်လို့ ကျွန်တော်က နားလည်တယ်။ ဆိုလိုတာက ခင်ဗျားဘဲ ဖြစ်ဖြစ် ကျွန်တော်ဘဲဖြစ်ဖြစ် ဘယ်သူဘဲဖြစ် ဖြစ် ဒီ Process မှာ ပါနေတဲ့သူတွေအနေနဲ့ကတော့။ ကျွန်တော်တို့ Process က အရမ်းကို ရှုပ်ထွေးတာပေါ့နော် ဥပမာ- ကိုလံဘီယာတို့ ဘာတို့မှာ FARC လက်နက်ကိုင်တွေရဲ ့ ၆၀ဝ၀ ၊ ၇၀ဝ၀ လောက်ရှိတယ်။ ကျန်တဲ့ အဖွဲ့ ငယ်လေးက ၆၀ဝ ၊ ၇၀ဝ လောက်ရှိတယ်ဆိုတော့ နှစ်ဖွဲ့၊သုံးဖွဲ့ဘဲ လုပ်ရတဲ့နေရာဆိုတော့ ကျွန်တော်တို့လို အဖွဲ့ ပေါင်း မြောက်များစွာနဲ့ လက်နက်ကိုင်အဖွဲ့ပေါင်း အရေအတွက်ပေါင်း မြောက်များစွာရှိတဲ့ နိုင်ငံကို ငြိမ်းချမ်းရေးလုပ်တဲ့အခါမှာ ပိုခက်မှာပေါ့။

    အဲတော့ ခုဏက အဆင့်တိုင်းမှာ ပါဝင်တဲ့ လူတွေအားလုံးကတော့ သူတို့ရဲ့ပါးနပ် လိမ္မာမှုက ငြိမ်းချမ်းရေး မြန် မြန် ညှိနှိုင်းမယ်ဆိုတာနဲ့ တိုက်ရိုက် အချိုးကျတယ်ပေါ့လေ။ပြည်နယ်နဲ့တိုင်းမှာလည်းပဲ အခုတော့ သူတို့အနေနဲ့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေကနေ စပြီးတော့ ထဲထဲဝင်ဝင် သူတို့လည်း ပါဝင်လာမှာဖြစ် တော့ နောက်ပိုင်းမှာတော့ ပိုပြီးတော့မှ ကျွန်တော်တို့ ရလာဒ်ကောင်းတွေ ရမယ်လို့တော့ မျှော်လင့်ပါတယ်။

    မေး ။ ။ သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်နဲ့ အခု အစိုးရသစ် လက်ထက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပေါ် ပါဝင်လုပ်ကိုင်ခွင့်က ဘယ်လို ကွာခြားချက်တွေရှိလဲဗျ။
    ဖြေ ။ ။ အစိုးရ နှစ်ရပ်လုံးမှာ အရင်အစိုးရကော အခုအစိုးရကော အားသာချက် အားနည်းချက်တွေ ရှိပါ တယ်။အရင်အစိုးရမှာတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို စဖော်တော့ သူ့မှာ အကန့်အသတ်တွေ အများကြီးရှိခဲ့တယ်။ ယုံကြည်မှု တည်ဆောက်ရတဲ့ အချိန်က အချိန်တော်တော်ယူခဲ့ရတယ်။ NCA စာချုပ်ဖြစ်အောင် တော်တော် လုပ်ခဲ့ရတယ်။ နောက်သူရဲ ့ Popularity နဲ့ Legitimacy ကလည်း အကန့်အသတ် ရှိခဲ့တယ်။ အဲတော့ ဒါတွေကတော့ သူရဲ့လေးနှစ်ခွဲလောက်ပြီးတဲ့အချိန်မှာ NCA ထိုးပြီးတော့ ပထမတစ်ကြိမ် (ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ) လောက် လုပ်နိုင်တာနဲ့ ရပ်ခဲ့ရတာပေါ့။အရင် သမ္မတကြီး ဦးသိန်းစိန် အစိုးရ လက်ထက်မှာ ငြိမ်းချမ်းရေးဖြစ်စဉ်တွေ အားသာချက်တွေကတော့ ဒါကို တော်တော်လေးကို မဆုံးဘဲနဲ့ ကြိုးစား လုပ်တယ်။ တော်တော်သတ္တိရှိရှိလုပ်တယ်။ စွန့်စွန့်စားစားလုပ်တယ်။ ဒီအရပ်သားတွေပါတယ်ပေါ့လေ အထောက်အကူပြုအဖွဲ့တွေလည်း တော်တော်လေးလုပ်ခဲ့တယ်ပေါ့လေ။

    နောက်တိုင်းရင်းသားတွေကို တွေ့ဆုံဖို့လည်း တော်တော်ကို နက်နက်နဲနဲနဲ့တုံ့ပြန်ခဲ့တယ်။တွေ့ဆုံနိုင်ခဲ့တယ် အဲဒါတွေရှိတယ်။အခု အစိုးရသစ်ရဲ ့အားသာချက်ကတော့ Popularity နဲ့ Legitimacy အရမ်းကောင်းတယ်။ နိုင်ငံတကာက ထောက်ခံမှုအရမ်းရှိတယ်။ပြီးတော့ ပြီးခဲ့ တဲ့ အစိုးရက လေးနှစ်ခွဲလောက် ဆောက်ခဲ့တဲ့ အုတ်မြစ်တွေပေါ့လေ NCA အုတ်မြစ်တွေရှိတယ်။နောက် ယုံကြည်မှု တိုင်းရင်းသားတွေနဲ့တည်ဆောက်ခဲ့ရတဲ့ ယုံကြည်မှု၊ အသားကျနေတဲ့ လုပ်ထုံးလုပ်နည်း ဒါတွေ တော်တော်များများ ရှိတဲ့ အတွက်တော့ အားသာချက် အများကြီးရှိတယ်။အခုက လူထုကလည်း ထောက်ခံ နိုင်ငံတကာကလည်း ထောက်ခံတော့ ရှေ့ကို ဆက်သွားနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်တယ်။

    နောက်တစ်ခုက အချိန်ပေါ့ အခုအစိုးရသစ်အနေနဲ့ ၉ လပဲရှိသေးတယ်။ နောက်ထပ် ကျွန်တော်တို့ လေးနှစ် ကျော်ကျော် ဆောင်ရွက်လို့ရသေးတယ်။ဒီကြားထဲမှာ ရလာဒ်တွေ အများကြီး ထွက်နိုင်သမျှ ထွက်ဖို့ ရှိသေး တယ်။နောက်တစ်ခုကတော့ ဒီအတိုက်အခံကနေပြီး အစိုးရဖြစ်လာတဲ့အတွက် တိုင်းရင်းသားတွေရဲ ့ယုံကြည် မှုက အရင်အစိုးရထက် သူက ပိုရှိနိုင်တဲ့ အခွင့်အလမ်းတော့ ရှိမှာပေါ့။ဒီအားသာချက်တွေကို ယူပြီးတော့ ကျွန်တော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို မြန်မြန်ရှေ ့ရောက်အောင် မြန်မြန်တွန်းနိုင်ဖို့တော့ ကျွန်တော်တို့ မျှော်လင့် ပါတယ်။

    မေး ။ ။ အခု ကျွန်တော်မေးတာတွေနဲ့ ပတ်သက်ပြီး ဆရာအနေနဲ့ ဘာများ ဖြည့်စွက်ပြောကြားလိုပါ သလဲ။
    ဖြေ ။ ။ ကျွန်တော်အမြင်ကတော့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်က ဒီအစိုးရသစ်က ၂၀၁၆ ကုန်တော့မှာ ၂၀၁၆ နှစ်ကုန်လောက်မှာ ကျွန်တော်တို့ အနေနဲ့ အားသာချက်တွေ အားနည်းချက်တွေ တွက်ချက်ပြီးတော့ ၂၀၁၇ လောက်မှာ ထက်ပြီးတော့ ဝိုင်းကြိုးစားလုပ်ကြဖို့ပါပဲ။အဲတော့ အခု လာမယ့် ၂၀၁၇ ၊ဖေဖော်ဝါရီလမှာ လုပ်မယ့် ဒုတိယအကြိမ်ပေါ့လေ ကျွန်တော်တို့လုပ်မယ့် ငြိမ်းချမ်းရေးညီလာခံပေါ့လေ။ ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယ အစည်းအဝေးမှာ ရလာဒ်ကောင်းတွေ တချို့ထွက်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။

    အဲဒီ ရလာဒ်ကောင်းတွေ ထွက်ဖို့ဆိုတာကလည်း အားလုံးက ဝိုင်းဝန်းပြီးတော့ ကူမှ ရမယ်ပေါ့နော်။အားလုံး ကူညီမှ မိဘပြည်သူအားလုံး လိုချင်တဲ့ ငြိမ်းချမ်းရေးက ရှေ့ကို လှမ်းနိုင်မှာ ဆက်တက်နိုင်မယ်လို့ ကျွန်တော်တို့က မျှော်လင့်တာပေါ့လေ။ ကျွန်တော်ကတော့ ပုဂ္ဂလိက တစ်ဦးတည်း အနေနဲ့တော့ လွန်ခဲ့တဲ့ ၅ နှစ်မှာ နိုင်ငံသား တစ်ယောက်အနေနဲ့ လုပ်ခွင့်ရခဲ့တယ်ပေါ့။အခုလုပ်ခွင့်ရတဲ့ အချိန်မှာတော့လည်း လုပ်ခွင့် ရ သလောက် အတက်နိုင်ဆုံး လုပ်သွားဖို့ ကျွန်တော်တို့လည်း ပြင်ဆင်နေတယ်ပေါ့လေ။ဒါကတော့ အားလုံး အခြေအနေ အချိန်အခါပေါ်မှာ မူတည်နိုင်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် တစ်နိုင်ငံလုံး ဝိုင်းလုပ်မှပဲ ဒီဖြစ်စဉ်က ပိုပြီး တော့ နားလည်လာပြီးတော့ အားလုံးက ကိုယ်လိုချင်တာ မြန်မြန်ရောက်မယ်လို့ ထင်ပါတယ်။

    မေး-ယခုလို ဖြေပေးတဲ့အတွက် ကျေးဇူးပါ။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,300SubscribersSubscribe
    spot_img

    Latest posts