မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / ဆောင်းပါး / ဒေါ်နယ်ထရမ့်အောင်ပွဲနဲ့ နိုင်ငံရေးသင်ခန်းစာ

ဒေါ်နယ်ထရမ့်အောင်ပွဲနဲ့ နိုင်ငံရေးသင်ခန်းစာ

ရေးသားသူ:

ဘီလျံနာလုပ်ငန်းရှင်၊ နိုင်ငံရေးအတွေ့အကြုံလုံးဝမရှိသူ ဒေါ်နယ်ထရမ့်ဟာ တိုင်းပြည်ရဲ့ စီးပွါးရေး မိမိရဲ့ရှေ့ရေး ပူပန်နေကြတဲ့ မဲဆန္ဒရှင် ပြည်သူတွေရဲ့ထောက်ခံမှုတွေရယူ၊ လူမျိုးရေးတင်းမာမှုကို အသုံးချ၊ လိင်ပိုင်ဆိုင်ရာ အလွဲလုပ်မှုစွပ်စွဲချက်တွေ ကျော်လွှားပြီး အမေရိကန်ပြည်ထောင်စုရဲ့ (၄၅) ဦးမြောက်သမ္မတ ဖြစ်လာတော့မှာပါ။

အမေရိကန်မှာပြည်နယ်အလိုက် နိုင်သူအကုန်ယူစနစ်နဲ့ ပြည်နယ်အများစု (အတိအကျပြောရယင် လူဦးရေများ လို့ရွေးကောက်မဲများတဲ့ပြည်နယ်ကြီးအများစု) မှာ အနိုင်ရပြီးသမ္မတဖြစ်လာတယ်။ သူဟာအသက် (၇၀) နဲ့ အသက်အကြီးဆုံးအမေရိကန်သမ္မတစံချိန်တင်ခဲ့တယ်၊ တပြိုင်တည်းမှာဘဲ ရီဗတ်ပလီကန်ပါတီက အထက်အောက် လွှတ်တော် (၂) ရပ်စလုံးကို ထိန်းချုပ်နိုင်သွားပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးရွေးရာမှာလည်း ပြည်နယ် (၅၀) အနက် (၃၃) နေရာရသွားလို့ (၁၉၂၂) နောက်ပိုင်းရီပတ်ဘလီကန်တွေရဲ့ ပြန်နလံထမှုစံချိန်ကိုလည်း ရရှိသွား တယ်။

၄၅ ဦးမြောက်ဒေါ်နယ်ထရမ့်(The Guardian)
၄၅ ဦးမြောက်ဒေါ်နယ်ထရမ့်(The Guardian)
ရွေးကောက်ပွဲမတိုင်ခင်ကတော့သူ့ကိုနိုင်ငံရေး လူစဉ်မမီသူ နိုင်ငံခေါင်းဆောင် (statesman) မဖြစ်နိုင်သူ၊ စကားကို ဗလောင်းဗလဲပြောသူ ပေါ်လစီအခြေမြဲမြဲမရှိသူ အဖြစ်ရေးသားခဲ့ကြတယ်၊ ဥရောပရဲ့ (Pew) စစ်တမ်း အရသူဟာ ကမ္ဘာ့ရေးရာတို့ကို မှန်ကန်တည့်မတ်စွာ လုပ်နိုင်မယ်မဟုတ်လို့ ယူဆသူ (၈၅%) ရှိကြောင်း သတင်းထုတ်ခဲ့တယ်။

ဒါပေမယ့် ပင်မမီဒီယာ အများစုနဲ့ နိုင်ငံရေးအကဲခတ်သူ အများစုရဲ့အမြင် လူထုစစ်တမ်းတွေဟာ မမျှော်လင့်ဘဲ မှားယွင်းသွားခဲ့တယ်။ နယူယေါက်မြို့ကြီးရဲ့ မဟာသူဋ္ဌေးတွေနေထိုင်တဲ့ မင်ဟက်တန်ရပ်ကွက်မှာ ကိုယ်ပိုင် ထရမ့်တာဝါကြီးနဲနေထိုင်တဲ့သူဖြစ်ပေမဲ့ တိုးတက်မှုနှေးကွေးလာတဲ့တိုင်းပြည်ကြီးမှာ နောက်ချန်ခံထားရတယ် လို့ ခံစားနေရတဲ့ လူဖြူအလုပ်သမားလူတန်းစားတွေကို ထရမ့်စည်းရုံးနိုင်ခဲ့တယ်။ ဒီအကြောင်းကို ရွေးကောက် ပွဲမတိုင်ခင် အောက်တိုဘာလထုတ် (Time) မဂ္ဂဇင်းမှာသူ့အားသာချက်ကို ဖေါ်ပြထားတဲ့ဆောင်းပါးတစ်ပုဒ်မှာ ပြန်ရှာ တွေ့ခဲ့တယ်။ ဆောင်းပါးရှင် (Joe Klein) ကသူ့ရဲ့တောင်ပိုင်း အိုဟိုင်းယို (Ohio) ပြည်နယ်သွားခရီးစဉ်မှာရေး ပြထားတယ်။

သူ့ကိုထောက်ခံသူတွေက “ဟုတ်ပါတယ်၊ သူဟာကိုယ့်ကိုယ်ကို ကိုးကွယ်အမွှန်းတင်သမားတယောက် ဆိုတာမှန်ပါတယ်၊ ဒါပေမဲ့သူဟာ စီးပွါးရေး လုပ်ငန်းရှင်ကြီး တစ်ယောက်ဖြစ်တယ်။ ကျနော်တို့အားလုံးဟာ စွန့်ဦး တီထွင်သူတွေချည်းပါဘဲ။ သူကမျှော်မှန်းချက်ကြီးကြီးထားပီး မမှိတ်မသုန်ယုံယုံကြည်ကြည်လုပ်ယင် အောင်မြင် ဖြစ်ထွန်းမှာကိုသိတယ်။ သူဟာကျွန်နော်တို့ တိုင်းပြည်တဖန်ပြန်ပီး သြဇာအင်အားကြီးမားလာအောင် ပြန်လုပ် ပေးနိုင်မှာပါ ဒီမျှော်လင့်ချက်ကို သူဖြတ်နိုင်စွမ်းတယ်လို့ ရင်ဖွင့်ပြကြတယ်။

“ထရမ့်ဟာစီးပွါးရေး ကမ္ဘာ့မှာနေနေတာဖြစ်တယ်။ ဘယ်လိုရုံးလုပ်ထုံး လုပ်နည်းတွေနဲ့လုပ်ရမယ်။ ဘဏ္ဍာရေး စွန့်စားမှုတွေဘယ်လိုရင်းနှီးမြှုပ်နှံရမယ်၊ အသေးစားစီးပွါးရေး လုပ်ငန်းတခုဖွင့်နိုင်ဘို့ တစ်လတာချင်းအခက်အခဲ အလိုက်ဘယ်လိုပြင်သွားမယ်၊ ဖြေရှင်းသွားမယ် ဆိုတာသူသိတယ်” အဲဒီလို လုပ်ငန်းခွင်ကျွမ်းကျင်မှု အောက်ခြေကျကျနားလည်မှုတွေကို ချီးမွမ်းကြတယ်။

ဟီလာရီကလင်တန်အပေါ်မှာတော့ အိုဘားမားစောင့်ရှောက်မှု (Obamacare) လို့သရော်ခေါ်ဆိုတဲ့ ကျန်းမာရေး အာမခံစနစ် ကိစ္စကိုတောင်ဖြေရှင်းနိုင်ပါမလား သံသယဝင်ကြတယ်။ ဒါဆိုယင် စီးပွါးရေး ပြန်လည်ဦးမော့လာဘို့ မပြောနဲ့၊ အမေရိကန်အလုပ်လက်မဲ့ဖြစ်မှု ပြဿနာကိုတောင် ရှင်းနိုင်မှာမဟုတ်ဘူးလို့ ယူဆမှာဖြစ်တယ်။

အမေရိကန်စီးပွါးရေးလုပ်ငန်း အဖွဲ့အစည်း (American Enterise Institute) ကနိုင်ငံရေးစီးပွါးရေးပညာရှင် (Elerstadt) ရေးတဲ့ “အလုပ်အကိုင်မဲ့လူတွေ (Men Without Work)” စာအုပ်ထဲမှာအမေရိကန်ရဲ့ ဒီလူမှုရေး ပြဿနာအကြောင်းအကျယ်အဝင့်ရေးပြထားတယ်။

“(၁၉၆၅) ကနေ (၂၀၁၅) ခုနှစ်အကြားရာစုဝက်ကာလမှာ အမေရိကန်ဟာ အလုပ်အကိုင် ဆုံးရှုံးမှုကပ်ကို တိတ် တဆိတ် ခံစားနေခဲ့ရတယ်။ အလုပ်လုပ်နိုင်တဲ့ အခြေခံအသက်အရွယ် (၂၅) နှစ်ကနေ (၅၄) နှစ်အကြားရှိ အလုပ်လက်မဲ့ တပ်ထုကြီးကို “အလုပ်အကိုင်မှ လွင့်ပျံထွက်ခြင်း (Flight from work) ဆိုပီး နာမည်ပေးထား တယ်။ အလုပ်လုပ်နိုင်စွမ်းရှိသူ (၇) ယောက်မှာ (၁) ယောက်နှုန်းနဲ့တွက်ယင် လူ (၇) သန်းလောက် အလုပ် လက်မဲ့ဖြစ်နေပါတယ်။ ဒီထဲမှာပညာရည် နိမ့်သူတွေပါမယ်၊ လူပျိုကြီးတွေပါမယ်၊ ခလေးမရှိတဲ့ အိမ်ထောင်သည်တွေပါမယ် အာဖရိကန် အမေရိကန်တွေပါမယ်။ ဒီမှာချွင်းချက် ဥပမာတခုက နိုင်ငံရပ်ခြား ဖွားလူမဲတွေရဲ့အလုပ်ရှိနှုန်းဟာ နိုင်ငံတွင်းရှိလူဖြူတွေထက်သာနေတာ ဖြစ်တယ်။

(၂၀၁၅) ခုနှစ်အလုပ်လုပ်နှုန်း (သို့မဟုတ်) အလုပ်အကိုင်ရှိသူနဲ့ လူဦးရေးရဲ့ အချိုးဟာ မဟာစီးပွါးပျက်မှုကြီး အလွန် (၁၉၄၀) တုန်းကထက်နဲနဲနိမ့်ကျနေတာတွေ့ရတယ်။ အမေရိကန်ကို တခြားဖွံ့ဖြိုးပြီး နိုင်ငံတွေနဲ့ယှဉ် ယင် အလုပ်ရှိနှုန်း အမြင့်ဆုံးဂျပန်နဲ့ (၈%) ကွာနေတာတွေရတယ်။ မက္ကဆီကို၊ ရုရှား၊ ဆွီဒင်၊ ဂရိ၊ ဂျာမဏီ၊ ဗြိတိန်၊ ကနေဒါ၊ သြစတြေလျ ၊ ဖင်လန်နဲ့နော်ဝေတို့ဟာ အစဉ်လိုက်ထိပ်မှာရှိနေကြတာ ဖြစ်ပီး အီတလီကို (ဝ.၃%) နဲ့ဘဲ သာနေတာနှိုင်းယှဉ်နိုင်တယ်” လို့ စာအုပ်ကဆိုထားတယ်။

ဟီလာရီကလင်တန်ရဲ့ ပြည်တွင်းစွမ်းရည်အပေါ် အယုံအကြည်နည်းနေတာကို မဲရရှိပုံကြည့်ပီးတွက်ဆနိုင်တယ်။ ပီးခဲ့တဲ့ သမ္မတရွေးကောက်ပွဲဟာ အမေရိကန်သမိုင်းမှာ ပြဿနာအရှုပ်အရှင်းအများဆုံးလို့လည်းဆိုကြတယ်။ ဒါပေမဲ့ မူဝါဒအရှုပ်တော်ပုံတွေ့တယ်၊ အဓိကကျသွားတာက ကျား/မ၊ လူမျိုး၊ ဘာသာကွဲပြားမှု လူဦးရေအခြေအ နေတွေပါ၊ အဖရိက-အမေရိကန်တွေ၊ စပိန်စကားပြောလက်တင် အမေရိကန်ဖွားတွေ၊ အရှနွယ်ဖွားတွေ၊ လူငယ် အမျိုးသမီး မဲဆန္ဒရှင်တွေရဲ့မဲကို သမတအိုဘားမားလက်ထက်ကလောက် မရရှိခဲ့ဘူး။ ဒါပေမဲ့ ဒီအုပ်စုတွေဟာ မဲပေးပိုင်ခွင့်ရှိသူရာခိုင်နှုန်းများများစားစားလည်းမရှိကြဘူး အိုဘားမားနဲကွာတာကလည်း သိပ်မများလှဘူး ဟီလာရီဟာအဓိကအုပ်စုကြီး ဖြစ်တဲ့မဲပေးပိုင်ခွင့်ရှိသူ (၇၀%) ကိုပိုင်ဆိုင်တဲ့ လူဖြူတွေရဲ့ မဲကို (၃၇%) ဘဲရခဲ့ တာဖြစ်တယ်။ လူမဲဖြစ်တဲ့ အိုဘားမားကတောင် တချိန်က (၃၉%) ရရှိခဲ့တယ်။ ဒါတွေကြောင့် အရှုံးကို ရင်ဆိုင် ရတာဖြစ်တယ်။

အမှန်တော့ ဟီလာရီဟာ အမေရိကန်နိုင်ငံရေး အသိုင်းအဝိုင်းရဲ့အတွင်းလူ စစ်စစ်ဖြစ်တယ်။ အိမ်ဖြူတော်အလုပ်သင် ဝန်းထမ်းဘဝ စတင်ချိန်မှာ အသက် (၂၆) နှစ်လောက်ဘဲရှိသေးတယ်။ သမ္မတကတော်ဖြစ်လာတော့လည်း ဝန်ထမ်း (၁၄၀) နီးပါးရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းကိုကြီးကြယ်ကွပ်ကဲပီး (၁၉၉၅) ခုနှစ် တရုပ်နိုင်ငံ ကမ္ဘာ့အမျိုးသမီးများညီလာခံကို အမေရိကန်ကိ်ုယ်စားလှယ်အဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ် တက်ရောက်ခဲ့သူဖြစ်တယ်။ နောက်ပိုင်းဒီမိုကရက်ပါတီတွင်း သမ္မတ လောင်း ဝင်ပြိုင်တဲ့အခါမှာ အိုဘားမားကို ကပ်ပီးရှုံးသွားသာဖြစ်တယ်။ နိုင်ငံခြားရေးဝန်ကြီးဘဝမှာ နိုင်ငံတကာ အလယ် အများချီးကျူးဂုဏ်ပြုလောက်အောင် အစွမ်းပြ နိုင်ခဲ့သူဖြစ်တယ်။ ဒါပေမဲ့ သူမရဲ့အရည်အချင်းနဲ့ လုပ်နိုင်စွမ်းကို ပြည်တွင်းက လုံလုံလောက်လောက် အသိအမှတ်မပြုလို့ သမ္မတမဖြစ်လိုက်တာပါ။ ဒါကလက်ရှိ ဒီမိုကရက်အစိုးရတွေရဲ့ လုပ်နိုင်စွမ်းရည်အာနည်းခဲ့မှုလောင်းရိပ်လည်း ဖြစ်နိုင်ပါတယ်။

သူမရဲ့ပြိုင်ဘက်ထရမ့်ကတော့ သူမနဲ့တခြားစီပါဘဲ၊ ခုဟာအမေရိကန်နိုင်ငံရေးတွေရဲ့ အပြင်လူဖြစ်တယ် ၊ သူ့ရဲ့ချမ်းသာကြွယ်ဝမှု၊ ရုပ်မြင်သံကြားအောင်မြင်မှုတွေကို အားပြုပီးဝင်ရောက်ခဲ့တာပါ။ တရားမဝင်အလုပ် သမားများခိုင်းစေမှု လုပ်ခပြဿနာမှုခင်းတွေရင်ဆိုင်ခဲ့ရသလို အခွန်ဘယ်လောက်ပေးဆောင်ခဲ့ရတယ် ဆိုတာ ထုတ်ပြန်ဘို့ မျက်နှာပြောင်တိုက်ငြင်းဆိုခဲ့သူဖြစ်တယ်။ ပရိဟိတအရေး အလှူဒါနပေးတယ်ဆိုတဲ့ သူ့ငွေဟာ အမှုအခင်းကာလမှာသုံးတဲ့ ငွေတွေဘဲဖြစ်တယ်။ သူဟာကမ္ဘာ့ကြီးကို ပြောင်းလဲဘို့ အမေရိကန် အမှတ်တဆိပ် ကို ထိန်းသိမ်းဘို့ဆိုတာထက် အမေရိကန်ကိုယ်ကျိုးစီးပွါးအတွက် နိုင်ငံပြင်ပလှုပ်ရှားမှုတွေကို ဖြတ်ချ၊ ရုပ်သိမ်း လုပ်မဲ့အတွင်းပိတ် (In-door) သမားသာ ဖြစ်တယ်။

အမေရိကန်မဲဆန္ဒရှင်တွေဟာ ဒါကိုမသိမဟုတ် သိပါတယ်။ ဒါပေမဲ့ သူတို့ဘဝမှာအမေရိကန်တန်ဘိုး၊ တံခါးပွင့် ပိတ်နဲ့မတူကွဲပြားမှုကြားက ညီညွတ်မှုဆိုတဲ့အပေါ်မှာ ငြီးငွေ့နေပြီး ပီးခဲ့တဲ့ ဒီမိုကရက်အစိုးရ သက်တမ်း (၂) ခုကြားမအောင်မြင်မှုတွေပေါ်မှာ စိတ်ပျက်လက်ပျက်နဲ့ အယုံအကြည့်မဲ့နေပြီ၊သူ့တို့လိုချင်တာက သူတိုဘဝ တိုးတက်ပီးအမေရိကန် စူပါပါဝါဖြစ်ဘို့ဘဲ ဖြစ်တယ်။ ဒါကြောင့်လဲ ထရမ့်ရဲ့ရွေးကောက်ပွဲကြွေးကြော်သံ (Make America Great again) ကိုအားပါးတရ ထောက်ခံတာဖြစ်တယ်။ သူတို့လိုချင်တာက အပြောင်းအလဲဘဲဖြစ် တယ်။ ဒီအပြောင်းအလဲမျှော်လင့်ချက်ကို ထရမ့်ကအကောင်အထည်ဖော်နိုင်လေမလား စွန့်စားကြည့်တာဖြစ် တယ်။

ထရမ့်ရဲ့အောင်ပွဲဟာ လက်ရှိကမ္ဘာ့ နိုင်ငံရေးတူရူချက် အပြောင်းအလဲနဲ့ တိုက်ရိုက်အချိုးကျတယ်။ ထရမ့်ရဲ့ ပေါ်လစီ တွေးခေါ်ပုံတွေဟာ ဥရောပ လက်ရှိခေတ်ပြိုင်ခေါင်းဆောင်တွေ အတိုင်းဖြစ်တယ်။ ဆရာကျော်ဝင်းက လက်ရှိကမ္ဘာ့ နိုင်ငံရေးဟာ လက်ဝဲလက်ယာ နိုင်ငံရေးမဟုတ်တော့ဘဲ အဖွင့်နဲအပိတ် ပြဿနာသာဖြစ်လာပြီ လို့ ဘာသာပြန်ဆောင်းပါးတွေမှာရေးခဲ့ပါတယ်။ အဖွင့်နဲ့အပိတ်ဆိုတာ ပြင်ပရွှေ့ပြောင်းလုပ်သား ဆန့်ကျင်ရေး အပိတ်နိုင်ငံရေးကလွှမ်းမိုးနေလို့ အစွန်းရောက်လကျာ်နိုင်ငံရေးပါတီတွေအားကောင်း လာနေတယ်။ ဒီနိုင်ငံရေး ကို အာဏာရှင်ဆန်တဲ့ အမျိုးသားရေးဝါဒနဲ့ပေါင်းစပ်ရောသမထားတဲ့ သာမန်လူကြိုက်ဝါဒ (Populism) လို့ခြုံငုံပြောနိုင်တယ်။

အစ္စလာမ် ဘာသာကို နိုင်ငံရေးအစ္စလာမ်လို့ သမုတ်သလို ယနေ့ခေတ် နာဇီဝါဒဆိုတာမျိုး၊ ဗြိတိသျှဖြစ်တာထက် အင်္ဂလိပ်ဖြစ်ဘို့ ပိုအရေးကြီးတယ်၊ ပြင်သစ်ဆိုတာ ဂေါလ်လူမျိုးသာဖြစ်တယ်ဆိုတာမျိုး ပြောပြောပီးမဲဆွယ်ကြတယ်။ ဒိန်းမတ်ပါလီမန်မှာ “အဖိုးတန်လက်ဝတ်လက်စား ဥပဒေ (Jewelery law) ပြဋ္ဌာန်းပြီးခိုလှုံခွင့်တောင်းခံသူတွေ ဆီက အဖိုးတန်ပစ္စည်းတွေ သိမ်းပိုက်ခွင့်ပြုတယ်။ ဂျာမဏီမဲဆွယ်ပွဲတွေမှာ ထရမ့်က မက္ကဆီရဲ့ နိုင်ငံနဲ့ အုတ်တံ တိုင်းကါမယ်လို့ ပြောသလိုမျိုး ဟန်ဂေရီကို အုတ်တံတိုင်းကာမယ် ဆိုတဲ့ကတိတွေပေးပြီး မဲဆွယ်ကြတယ်။

လက်ယာအစွန်းရောက် နိုင်ငံရေးဟာ ဆယ်စုတခုလောက်အရှိန်ယူတင်နေခဲ့တာဖြစ်ပီး ဇွန်လအတွင်း ဥရောပ မဂ္ဂဇင်ကနေဗြိတိန်နိုင်ငံပြန်ထွက်ရေး (Brexit) လှုပ်ရှားမှုလူထုဆန္ဒခံယူပွဲမှာမဲ (၅၅%) နဲ့အောင်ပွဲခံလိုက် အချိန်မှာလုံးဝ အရှိန်ကောင်းရလာခဲ့တယ်။ လက်ချိုးရေလို့ရနိုင်တဲ့ကမ္ဘာအင်အားကြီးနိုင်ငံစာရင်းမှာ ပါနေသေး တဲ့ အမေရိကန်လိုနိုင်ငံမျိုးမှာ ထရမ့်အောင်ပွဲရတဲ့ အခါထွတ်အထိပ်ရောက်လာပြီလို့ ပြောလို့ရပါတယ်။

လက်ရှိအနေအထားမှာ သြစကြီးယာနိုင်ငံဒုတိယအကြော့ သမ္မတရွေးကောက်ပွဲကို ဒီဇင်ဘာလမှာကျင်းပယင် လွတ်မြောက်ရေးပါတီက အနိုင်ရသေချာနေပြီး အနောက်ဥရောပရဲ့ နာဇီခေတ်နောက်ပိုင်းပထမဆုံးလက်ယာ အစွန်းရောက်နိုင်ငံခေါင်းဆောင်ရရှိလာမှာဖြစ်တယ်။ ဂျာမဏီနိုင်ငံမှာ (Altenation For Germany) ပါတီက ပြည်နယ် (၁၆) ပြည်နယ်ထဲက (၁၀) ပြည်နယ်ရဲ့ ပါလီမန်တွေကို စိုးမိုးသွားပြီဖြစ်လို့ အထင်ကရ ဥရောပခေါင်း ဆောင်အင်ဂျလာမာကယ် ရာဇပလ္လင်ဖင်လှုပ်နေပြီဖြစ်တယ်။ (၁၀) ပြည်နယ်ထဲမှာ ဘာလင်ပြည်နယ်လည်းပါ တယ် ပြင်သစ်နိုင်ငံမှာ မစ္စမာရီ လီပန်ရဲ့ ပြင်သစ် အမျိုးသားတပ်ဦးပါတီဟာ ဒေသဆိုင်ရာရွေးကောက်ပွဲတွေမှာ အောင်မြင်ခဲ့လို့ အကောင်ဆုံးအနေအထားကို ရောက်နေပါပြီ၊ အလားတူဘဲ ဆွီဒင်၊ ဒိန်းမတ်၊ ဟန်ဂေရီနဲ့ နယ်သာလန်နိုင်ငံတွေမှာ လက်ယာအစွန်းရောက်ပါတီတွေဟာ ဥပဒေပြုနိုင်ငံရေးရဲ့ အဓိကအခန်းကဏ္ဍဆီကို တက်လှမ်း လာကြပြီဖြစ်တယ်။

အနှစ်ချုပ်ပြောရမယ်ဆိုယင်တော ့ဒေါ်နယ်ထရမ့်ရဲ့သမ္မတဖြစ်လာမှုက “ပြောင်းလဲချိန်တန်ပြီ” ဆိုတဲ့ လူထုအ တွက်ထွက်ပေါက်ဖြစ်လာသလို တဖက်မှာလွှတ်တော် (၂) ရပ်လုံးကိုပါထိမ်းချုပ်ထားနိုင်တဲ့ အတွက် ရွေးကောက်ပွဲအဏာရှင်စနစ်ကိုလည်း ကူးပြောင်းသွားနိုင်ဘွယ်ရှိနေပါတယ်။ (၂၀၁၇) ခုနှစ်ကိုကူးပြောင်းတဲ့ အခါမှာ ဒေါ်နယ်ထရမ့်ဟာ ဖိလစ်ပိုင်ကဒူတာတေး၊ မြောက်ကိုးရီးယားက ကင်ဂျုံအန်၊ ရုရှားကပူတင်တို့နဲ့အတူ နိုင်ငံရေး အမွေဆိုးတွေ အကျဉ်းအကြပ်တွေကို ဘယ်လိုဘယ်သွားမလဲဆိုတာ ငွေရောင်ပိတ်ကာပေါ်မှာ ဆက်ပီးစောင့် ကြည့်ကြရအောင်။

About မွန်သတင်းအေဂျင်စီ

Check Also

ရေတိမ်မှာ နစ်ရတော့မလား ငြိမ်းချမ်းရေးညီလာခံ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်တဲ့ ဒုတိယအကြိမ် ပင်လုံညီလာခံကြီးနဲ့ ပတ်သတ်တဲ့ ရေးသားချက် တော်တော်များများကို ဖတ်ပြီးရေးသားသင့်တယ်ထင်လို့ ရေးဖြစ်ပါတယ်။ Related

Leave a Reply

%d bloggers like this: