spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းအကြမ်းဖက်အဖွဲ့အစည်းသတ်မှတ်ခြင်းသည် အစိုးရ၏ငြိမ်းချမ်းရေးဖြစ်စဉ်ကို ရည်ရွယ်ချက်ရှိရှိဖျက်ဆီးနေဟု UNFC ထုတ်ပြန်

    အကြမ်းဖက်အဖွဲ့အစည်းသတ်မှတ်ခြင်းသည် အစိုးရ၏ငြိမ်းချမ်းရေးဖြစ်စဉ်ကို ရည်ရွယ်ချက်ရှိရှိဖျက်ဆီးနေဟု UNFC ထုတ်ပြန်

    -

    NCA လက်မှတ်ရေးထိုးခြင်းမပြုသော EAO’s တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းအချို့အား ရှမ်းပြည်နယ်လွှတ်တော်တွင်း အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် အတင်းအဓမ္မ သတ်မှတ်လုပ်ဆောင်လာခြင်းသည် လက်ရှိ NLD အစိုးရ ကြိုးပမ်းနေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေသည်ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC က ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်နေ့စွဲဖြင့် ကြေညာချက်တွင် ရေးသားဖော်ပြသည်။

    UNFC ဒုဥက္ကဌ နိုင်ဟံသာက “ဒီလိုအကြမ်းဖက်အဖွဲ့ဆိုပြီး တံဆိပ်ရိုက်နှိပ်လိုက်တာဟာ လက်ရှိငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ အဲဒီအဖွဲ့အစည်းတွေကို ပါဝင်ခွင့်မပြုဖို့ဖြစ်နိုင်သလို အဲဒီဒေသတွေမှာ ပြင်းထန်တဲ့ထိုးစစ်တွေ ဆက်လက်ဆင်နွှဲဖို့လည်း ဖြစ်နိုင်တယ်” ဟု မွန်သတင်းအေဂျင်စီနှင့် ဆက်သွယ်မေးမြန်းချက်တွင် ပြောသည်။

    UNFC ထုတ်ပြန်ချက်(Copy)
    UNFC ထုတ်ပြန်ချက်(Copy)
    ပြီးခဲ့သည့် ဒီဇင်ဘာလ ၇ ရက်နေ့ကကျင်းပသည့် ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်က “ကချင် KIO , တအာင်း TNLA , ကိုးကန့် MNDAA နှင့် ရခိုင် AA တို့ အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ရေး” အရေးကြီးအဆိုတင်သွင်းပြီး လွှတ်တော်ကိုယ်စားလှယ်အများစု မဲခွဲအနိုင်ရရှိသဖြင့် အတည်ပြုသတ်မှတ်ခဲ့ခြင်း ဖြစ်သည် ။

    အလားတူ “ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ သိန္နှီ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊
    နမ္မတူနှင့် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တို့တွင် KIA, MNDAA နှင့် TNLA ပူးပေါင်းအဖွဲ့တို့မှ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်၊ မိုင်းထောင်မှု၊ ဖျက်ဆီးမှု၊ ဗုံးခွဲမှုများကြောင့် အပြစ်မဲ့ ပြည်သူများ သေကြေခြင်း၊ ဒဏ်ရာရခြင်းနှင့် အိုးအိမ်စွန့်ခွာစစ်ပြေးဒုက္ခသည် ဘဝရောက်ခြင်းနှင့် နိုင်ငံ၏ အချုပ်အခြာတည်မြဲမှု၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တို့အား ထိခိုက်စေခြင်း တို့ကို လွှတ်တော်မှ စိုးရိမ်ကြောင်း” အရေးကြီးအဆိုကို ဒီဇင်ဘာ ၂ ရက်နေ့က ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ကိုယ်စားလှယ် (၁၂)ဦး ဆွေးနွေးပြီး လွှတ်တော်ကိုယ်စားလှယ်အများစု မဲခွဲရှုံးနိမ့်သဖြင့် လွှတ်တော်မှတ်တမ်းအဖြစ်သာ ထားရှိခဲ့သည်ဟု သိရသည်။

    “တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေပူးပေါင်းပြီး အခုမှတစ်ကြိမ် ပြန်တိုက်တာ ဝေဖန်မှုတွေ အမျိုးမျိုး ထွက်လာတယ်၊ ကချင်ပြည်၊ ရှမ်းပြည်နယ်၊ ပလောင်ဒေသတွေမှာ မြန်မာ့တပ်မတော် ထိုးစစ်ဆင်တွေလို့ ဒေသခံတိုင်းရင်းသားတွေ စစ်ဘေးရှောင်၊ တစ်ခြားနိုင်ငံဘက်ထွက်ပြေး ဒီလိုနဲ့ နှစ်ကာလရှည်ဒုက္ခအမျိုးမျိုးကြုံတွေ့နေရတာကို မြို့ကြီးပေါ်ကလူတွေ မသိသလိုနေလိုက်တယ်၊ ဒါကိုဘယ်သူမှလည်း မဝေဖန်ဘူးဆိုတာက သဘာဝမကျပါဘူး၊ မျှမျှတတ ရှုမြင်တတ်ဖို့လိုတယ်” ဟု နိုင်ဟံသာက ဆက်ပြောသည်။

    ထို့အပြင် ၂၀၁၆ ခု၊ သြဂုတ်လမှစပြီး ကချင်ပြည်၊ ရှမ်းပြည်မြောက်ပိုင်းဒေသများတွင် မြန်မာ့တပ်မတော်၏ အရှိန်အဟုန်နှင့် ထိုးစစ်ဆင်နေမှုအား ဝင်ရောက်ဟန့်တားခြင်း အလျဉ်းမရှိခဲ့သလို အတိဒုက္ခရောက်နေသော ပြည်သူများကို ကူညီပံ့ပိုးရန်၊ နိုင်ငံတကာနှင့် ဒေသခံလူမှုအဖွဲ့များ၏ ကူညီမှုကိုလည်း မြန်မာ့တပ်မတော်မှ ဖြတ်လေးဖြတ် စစ်ဗျူဟာအရဟန့်တားပိတ်ပင်နေမှုကိုလည်း NLD အစိုးရအနေဖြင့် တခွန်းတပါဒမျှ ထုတ်ဖော်ပြောဆို ဆောင်ရွက်ခြင်းမရှိသည်မှာ အံ့ဖွယ်ဖြစ်သည်ဟု UNFC ထုတ်ပြန်ချက်တွင် တွေ့ရှိရသည်။

    ထို့အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ကလည်း မည်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းနှင့်ခေါင်းဆောင်ကိုမဆို အကြမ်းဖက်အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်အဖြစ် သတ်မှတ်ရန် ဆောင်ရွက်နေမှုများကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဒီဇင်ဘာ ၁၁ ရက်နေ့က သဘောထားထုတ်ပြန်ခဲ့သည်။

    အလားတူ ရှမ်းပြည်နယ် မြောက်ပိုင်း ပဋိပက္ခများနှင့် ပတ်သက်ပြီး ရှမ်းပြည်နယ်လွှတ်တော်တွင် မြောက်ပိုင်း မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သတ်မှတ်သည့် ကိစ္စရပ်ကို ပြန်လည် ပြင်ဆင်ပေးရန် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က တောင်းဆိုကြောင်း ဒီဇင်ဘာ ၁၂ ရက်နေ့စွဲဖြင့် ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

    သို့ရာတွင် ရှမ်းပြည်နယ်အရှေ့မြောက်ဒေသတွင် နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ KIA လက်နက်ကိုင်အဖွဲ့၊ TNLA လက်နက်ကိုင်အဖွဲ့နှင့် MNDAA လက်နက်ကိုင်အဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့က လုံခြုံရေးစခန်းများနှင့် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းများသို့ ဝင်ရောက် တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်များတွင် တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များသာမက အပြစ်မဲ့ အရပ်သားပြည်သူများပါ ထိခိုက်သေဆုံး ဒဏ်ရာ ရရှိခြင်းများ ကြုံတွေ့ခဲ့ရပါသဖြင့် များစွာစိတ်မကောင်းဖြစ်ရပြီး ထိခိုက်သေဆုံး ဒဏ်ရာရရှိသူများအတွက်လည်း အထူးပင် ဝမ်းနည်းကြေကွဲရပါသည်ဟု အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

    ထို့အတူ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသတွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများ အမြန်ဆုံး ချုပ်ငြိမ်းနိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမြန်ဆုံးပါဝင်နိုင်ရေး၊ NCA တွင် အမြန်ဆုံးလက်မှတ်ရေးထိုးပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး၊ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအတွင်း ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် တန်းတူရည်တူပါဝင်နိုင်ရေး စသည်တို့ကိုရှေးရှုလျက် ငြိမ်းချမ်းရေးခရီးကို အတူတကွလက်တွဲ၍ လျှောက်လှမ်း ကြပါရန် အလေးအနက်တိုက်တွန်းအပ်ပါကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

    လက်ရှိတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု သဘောတူစာချုပ် NCA ကို ကရင်အမျိုးသားအစည်းအရုံး KNU, ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA, ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA – PC, ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS, ချင်းအမျိုးသားတပ်ဦး CNF, ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP, ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO, မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF လက်နက်ကိုင် ၈ ဖွဲ့တို့က ယခင်သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်တွင် လက်မှတ်ရေးထိုးထားပြီး ဖြစ်သည်။

    ဆက်လက်၍ ကချင် KIO, မွန် NMSP, ကရင်နီ KNPP, ရှမ်းပြည်တိုးတက်ရေးပါတီ SSPP, ဝအမျိုးသားအဖွဲ့ချုပ် WNO, လားဟူ LDU, ရခိုင်အမျိုးသားကောင်စီ ANC, ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA, မိုင်းလား NDAA, နာဂ NSCN-K တို့ကို NCA လက်မှတ်ရေးထိုးရန် အစိုးရဘိတ်ခေါ်ထားဆဲဖြစ်သော်လည်း တအာင်း(ပလောင်) TNLA, ကိုးကန့် MNDAA နှင့် ရခိုင်တပ်မတော် AA တို့အား NCA လက်မှတ်ရေးထိုးရာတွင် ပါဝင်ခွင့်မပြုပေ။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts