spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းမြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုတန်ပြန်ထိုးစစ်ဆင်နေဟု နိုင်ဟံသာပြော

    မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုတန်ပြန်ထိုးစစ်ဆင်နေဟု နိုင်ဟံသာပြော

    -

    ရှမ်းပြည်နယ်မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသော လက်ရှိတိုက်ပွဲများသည် ကချင် KIA,ကိုးကန့် MNDAA, တအာင်း(ပလောင်)TNLAနှင့် ရခိုင် AA ပါဝင်သည့် မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုက တန်ပြန်ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း မွန်သတင်းအေဂျင်စီနှင့် ဆက်သွယ်မေးမြန်းချက်တရပ်တွင် UNFC ဒုဥက္ကဌ နိုင်ဟံသာက ပြောသည်။

    “ကချင်နဲ့ ပလောင်နယ်မြေမှာဆိုရင် အစိုးရတပ်မတော် ထိုးစစ်ဆင်နေတာကြာပြီ၊ အထူးသဖြင့် ၂၁ ရာစုပင်လုံညီလာခံအပြီးမှာ တိုက်ပွဲတွေခပ်စိပ်စိပ်ဖြစ်လာတယ်၊ တိုက်ပွဲ အရေအတွက်ပိုများလာတဲ့အတွက် ဒေသခံလူထုတွေလည်း တော်တော်ဒုက္ခရောက်ကြရတယ်၊ ခံစစ်အသွင်နဲ့ မရပ်တည်နိုင်တဲ့အဆုံးမှာ မဟာမိတ်တွေစုဖွဲ့ပြီး ထိုးစစ်အသွင်နဲ့ ပြန်လည်တိုက်ခိုက်တာဖြစ်တယ်” နိုင်ဟံသာက ပြောသည်။

    UNFC တိုးချဲ့အစည်းအဝေး၊ ချင်းမိုင်မြို့(MNA)
    UNFC တိုးချဲ့အစည်းအဝေး၊ ချင်းမိုင်မြို့(MNA)
    ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ မူဆယ် ၁၀၅ မိုင်ကုန်သယ်ရေးဂိတ်၊ မုံးကိုး၊ ပန်ဆိုင်း(ကြူကုတ်)၊ ကွတ်ခိုင်၊ နမ့်ခမ်း စသည့်နေရာ ၁၁ ခုတွင် ပြီးခဲ့သည့်နိုဝင်ဘာ ၂၀ ရက်နေ့နံနက်စောစောပိုင်းမှစတင်၍ လမ်း၊ တံတား၊ ရဲကင်း၊ တပ်မတော် အခြေစိုက်စခန်းများကို မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစု AA,TNLA, MNDAA, KIA တို့ တပြိုင်တည်းဝင်ရောက် တိုက်ခိုက်ခဲ့မှုကြောင့် ရဲတပ်ဖွဲ့ဝင်၊ တပ်မတော်သားအပါအဝင် ဒေသခံတွေ စုစုပေါင်း ၉ ဦးသေဆုံးခဲ့ပြီး ၂၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

    “ဒီလိုတိုက်ပွဲတွေဖြစ်လာလို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲလည်း တစ်ဆို့လာနိုင်သလို တဖက်မှာလည်း ငြိမ်းချမ်းရေးရလာဒ်အမြန်ဆုံးရှာဖွေကြဖို့ တွန်းအားတစ်ခုလိုလည်း ဖြစ်ပေါ်လာနိုင်တယ်၊ ကျနော်တို့ UNFC အနေနဲ့ ဆွေးနွေးပွဲတွေကို မရပ်တန့်စေချင်ဘူး” ဟု နိုင်ဟံသာက ဆက်ပြောသည်။

    ယခုနိုဝင်ဘာ ၂၈-၂၉ ရက်နေ့များတွင် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ပါဝင်သည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တိုးချဲ့အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ကျင်းပနေစဉ် နိုင်ငံရေးဆိုင်ရာညှိနှိုင်း ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ DPN က အစိုးရနှင့်ငြိမ်းချမ်းရေးဆွေးနွေးမှု အစီရင်ခံစာတင်ပြခဲ့ပြီး ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲအရှိန်ကြောင့် ဆွေးနွေးဆက်လက်ကျင်းပရန် လက်ရှိတွင် ရှေ့မတိုးနောက်မဆုတ်သာအနေအထားဖြစ်နေသည်ဟု သိရသည်။

    တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်ဦး PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တာဘုန်းကျော်က “အဓိက ကတော့ ကျွန်တော်တို့ တိုင်းရင်းသားဒေသတွေမှာ မြန်မာ့တပ်မတော်ရဲ့ ထိုးစစ် တွေ အရမ်းကိုပြင်းထန်နေတယ်၊ မြန်မာ့တပ်မတော်ဘက်က အရပ်သားတွေကို မူတည်ပြီးတော့ အရပ်သား တွေရှိတဲ့ဘက်ကို ဦးတည်ပြီးတော့ လက်နက်ကြီးတွေနဲ့ထုထုနေတယ်၊ ဒါကြောင့် ကျွန်တော်တို့ တိုင်းရင်းသားတပ်ဖွဲ့တွေအနေနဲ့ ကျွန်တော်တို့ TNLA ရော၊ ကချင် KIA ရော ပြန်လည် ထိုးစစ်ဆင်သွားမယ်ဆိုပြီးတော့ ဖြစ်လာရတယ်။ ဒါက အစိုးရကရော မြန်မာ့တပ်မတော်ကရော စစ်ရပ်စဲမယ့် အခြေအနေမရှိဘူး။ ထိုးစစ်တွေပဲ ပြင်းပြင်းလာတော့ ကျွန်တော်တို့အနေနဲ့ အဲကိစ္စကို ဖြေရှင်းဖို့အတွက် ကျွန်တော်တို့က အခုလို ပူးပေါင်းစစ်ရေး လှုပ်ရှားရတဲ့သဘောဖြစ်ပါတယ်” ဟု မွန်သတင်းအေဂျင်စီနှင့် ဆက်သွယ်မေးမြန်းချက်တွင် ပြောသည်။

    အဆိုပါ အစိုးရတပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်တပ်များကြား တိုက်ပွဲများနေစဉ်ဆက်လက်ဖြစ်ပွားနေပြီး အစိုးရတပ်မတော်က လက်နက်ကြီးများအပြင် လေကြောင်းကူပစ်ခြင်း၊ ရဟတ်ယာဉ်၊ ဂျက်တိုက်လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်နေကြောင်း သတင်းဌာနများက ဖော်ပြကြသည်။

    နိုဝင်ဘာ ၂၈ ညနေပိုင်း၌ မူဆယ်မြို့ ဟိုမွန်နှင့် ကောင်းမှုတုံရပ်ကွက်များတွင် KIA, TNLA လက်နက်ကိုင် အဖွဲ့မှ ပစ်ခတ်သည့် လက်နက်ကြီး ဗုံးသီးကျရောက်ပေါက်ကွဲခြင်း၊ မိုင်းများ ပေါက်ကွဲ ခြင်းနှင့် အလုပ်ရုံအချို့မှ ဆက်ကြေးကောက်ခံခြင်းများ ဆောင်ရွက်ခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ရုံး သတင်းထုတ်ပြန်ရေး ကော်မတီမှ သတင်းထုတ်ပြန်ထားသည်။

    ထို့အပြင် ရှမ်းပြည်နယ် အရှေ့မြောက်ဒေသတိုက်ပွဲများသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်မြဲမှု၊ တရားဥပဒေ စိုးမိုးမှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များထိခိုက်စေမည်ကို စိုးရိမ်မိကြောင်း အရေးကြီးအဆိုကို ဆက်လက်ဆွေးနွေးရန် နိုဝင်ဘာ ၂၉ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးက အတည်ပြုခဲ့သည်။

    “သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ နမ္မတူနှင့် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တို့တွင် KIA ၊ MNDAA ,TNLA ပူးပေါင်း အဖွဲ့များက ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မိုင်းထောင်ပြီး ဖျက်ဆီးနေသောကြောင့် ပြည်သူများအိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသလို အသက်သေဆုံးမှုတွေလည်း ရှိနေကြောင်း ထောက်ပြ၍ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ USDP ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက အဆိုပါအရေးကြီးအဆိုကို တင်သွင်းခဲ့ခြင်း ဖြစ်သည်။

    အဆိုပါမြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်များတွင် AA,TNLA, MNDAA, KIA ၄ ဖွဲ့ပါဝင်နေသည်ဟု ကာယကံရှင်အဖွဲ့အစည်းများက ကြေညာချက်ထုတ်ပြန်ထားသော်လည်း အစိုးရသတင်းဌာနများတွင် KIA ၊ MNDAA ,TNLA ၃ ဖွဲ့ကိုသာသတင်းဖော်ပြခဲ့ပြီး AA တပ်ဖွဲ့ပါဝင်နေကြောင်း သတင်းများရေးသားဖော်ပြခဲ့ခြင်းမရှိပေ။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts