spot_img
Friday, March 29, 2024
More
    spot_img
    Homeအမြင်နှင့်သုံးသပ်ချက်NCA အပေါ် သံသယဖြစ်မိခြင်း

    NCA အပေါ် သံသယဖြစ်မိခြင်း

    -

    အစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့် DPN အဖွဲ့တို့ တတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC တွင် နိုဝင်ဘာ ၁၀ ရက်နေ့က ကျင်းပခဲ့ပါသည်။ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်များနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအစိုးရတို့ကြား လက်မှတ်ရေးထိုးမည့် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA နောက်ဆက်တွဲ သဘောတူညီချက်များ အဆိုပြုမှုကို နိုင်ငံရေးဆိုင်ရာညှိနှိုင်း ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ DPN က တင်ပြခဲ့သည်။ UNFC အနေဖြင့် တင်ပြချက် ၈ ချက်ကို အစိုးရလက်ခံပါက NCA လက်မှတ်ရေးထိုးမည်ဟု ဆိုပါသည်။(ယင်း အဆိုပြုချက်ကို နောက်ဆက်တွဲသီးသန့်ဖော်ပြပါသည်)

    UNFC အထွေထွေအတွင်းရေးမှူး၊ KNPP အထွေထွေအတွင်းရေးမှူးနှင့် DPN ခေါင်းဆောင် ခူဦးရယ်က “NCA သဘောတူညီချက်ကို လက်မှတ်ရေးထိုးရင် ခိုင်မာတဲ့ သဘောတူညီချက် တစ်ခုဖြစ်ဖို့အတွက် ကျွန်တော်တို့ နည်းလမ်းရှာနေတာဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ဘက် အဆိုပြုချက် ရှစ်ချက်ကို ဆက်လက်ညှိနှိုင်း ဆွေးနွေးတာတွေ ရှိနေတာဖြစ်ပါတယ်။ အထူးသဖြင့် NCA သဘောတူညီချက်ရပြီးရင် ပဋိပက္ခဘက်ကို ပြန်ဦးမတည်ရလေအောင် စောင့်ကြည့်စိစစ်ဖို့ လိုပါတယ်။ အဲဒီတော့ စောင့်ကြည့်ရေး၊ စိစစ်ရေးနဲ့ပတ်သက်ပြီး ဘယ်လိုသွားကြမယ် ဆိုတဲ့ကိစ္စကို အကျေအလည်ညှိနှိုင်းဆွေးနွေးအဖြေရှာဖို့ လိုပါတယ်။ တကယ်လို့များ NCA ကို သဘောတူလက်မှတ် ရေးထိုးမယ်ဆိုရင် ခိုင်မာတဲ့သဘောတူညီချက်ဖြစ်ဖို့အတွက် ကျွန်တော်တို့ အဲဒါကိုလိုချင်တယ်” ဟု ဆိုသည်။

    UPDJC နှင့်အစည်းအဝေးတစ်ရပ် EAO’s တက်ရောက်နေစဉ် (Hla Maung Shwe Facebook)
    UPDJC နှင့်အစည်းအဝေးတစ်ရပ် EAO’s တက်ရောက်နေစဉ် (Hla Maung Shwe Facebook)
    UNFC အဆိုပြုချက် ၄ နှင့် ၈ တို့ကို အတိုချုပ်ရင် အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်လေ့လာရေး ကော်မတီမှာ အများယုံကြည်လေးစားရသူတွေအပါအဝင် နှစ်ဖက်သဘောတူသည့် နိုင်ငံတကာအစိုးရ ကိုယ်စားလှယ်တွေပါဝင်ဖို့၊ NCA ပါ စည်းကမ်းချက်နှင့်ပတ်သက်ပြီး မပြေလည်မှုတွေရှိလာပါက ပြည်တွင်းနှင့် နိုင်ငံတကာ ဥပဒေပညာရှင်တွေ၊ တရားသူကြီးတွေ ပါဝင်သော လွတ်လပ်သည့်ကော်မရှင်၏ အဆုံးအဖြတ်ကို ခံယူဖို့ ဆိုလိုခြင်းဖြစ်ပါသည်။ ထို့ကြောင့် အမေရိကန်၊ တရုတ်၊ နော် ဝေး၊ ဗြိတိန်၊ ဂျပန်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံက ဥပဒေပညာရှင်တွေပါဝင်ခွင့်ပြုဖို့ UNFC အဆိုပြုထားသည်။

    ယခင်ဆွေးနွေးပွဲအဆက်ဆက်တွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းဘက်မှ ယင်းကဲ့သို့ နိုင်ငံတကာအသိသက်သေ၊ ပြည်ပမှလွတ်လပ်သည့်ကော်မရှင် ကြားဝင်ဆောင်ရွက်ရေး ကိစ္စရပ်တို့ကိုတောင်းဆိုတိုင်း တောင်းဆိုတိုင်း အစိုးရဘက်ကလည်း လုံးဝလက်မခံပယ်ချခဲ့သည့်ဖြစ်စဉ်များရှိခဲ့သည်ကို လေ့လာသိရှိခဲ့ရပါသည်။ အကြောင်းပြချက်က မိမိတို့ပြည်တွင်းရေးကိစ္စရပ်သာဖြစ်သည့်အတွက် အခြားပြင်ပနိုင်ငံများမှ ဝင်ရောက်စွက်ဖက်ရန်မလိုဟု ဆိုလေ့ရှိသည်။

    လက်ရှိ UNFC ကို ပါဝင်ဦးဆောင်နေသည့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO, မွန်ပြည်သစ်ပါတီ NMSP, ကရင်နီတိုးတက်ရေးပါတီ KNPP နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA စသည့် အစဉ်အလာရှိ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေဟာ ယခင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့-နဝတစစ်အစိုးရ(ဝါ) တပ်မတော်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရယူခဲ့ဘူးပြီးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်ပါသည်။

    လွန်ခဲ့သည့်အနှစ် ၂၀ ကျော်ကာလက ယခင်နဝတစစ်အစိုးရနှင့် စာချုပ်၊ အသိသက်သေမပါဘဲ တစ်ဖွဲချင်းအလိုက် နှုတ်ကတိဖြင့်သာ အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ကြသည့် တိုင်းရင်းသား လက်နက်ကိုင် ၁၇ ဖွဲ့ဟာ (KIO တစ်ဖွဲ့တည်းသာ နဝတစစ်အစိုးရနှင့် စာချုပ်ခဲ့သည်-၁၉၉၄ ခုနှစ်) နောက်ပိုင်းတွင် မူလကမျှော်လင့်ရည်မှန်းကတိပေးပြောဆိုထားကြသည့်အတိုင်း ဖြစ်မလာတော့ဘဲ ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီကာလများတွင် လက်နက်ချ (ဝါ) BGF နယ်ခြားစောင့်တပ်အသွင်ပြောင်း(ဝါ) ပြည်သူ့စစ်အသွင်ပြောင်း၊၂၀ဝ၈ အခြေခံဥပဒေကိုလက်ခံပြီး နိုင်ငံရေးပါတီတည်ထောင်ရွေးကောက်ပွဲဝင် စသည့် စစ်အစိုးရ၏ အကြပ်ကိုင်မှုအမျိုးမျိုးနှင့် ရင်ဆိုင်ခဲ့ရပါသည်။

    ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆန္ဒခံယူအပြီး စစ်အစိုးရ၏နည်းအမျိုးမျိုးအကြပ်ကိုင်မှုများကြောင့် အဆိုပါ တိုင်းရင်းသားလက်နက်ကိုင် ၁၇ ဖွဲ့တွင် အကြွင်းမဲ့လက်နက်ချ၊ နယ်ခြားစောင့်တပ် BGF အသွင်ပြောင်း၊ ပြည်သူ့စစ်အသွင်ပြောင်းသည့် အဖွဲ့များရှိခဲ့သော်လည်း လက်ရှိ UNFC ကို ဦးဆောင်နေသည့် KIO, NMSP,KNPP,SSPP/SSA အဖွဲ့တို့က လက်မခံငြင်းပယ်လျက် တင်းခံနိုင်ခဲ့သည်။ ထိုသို့ စစ်အစိုးရ၏အစီအစဉ်ကို လက်မခံသည့် မြန်မာပြည်မြောက်ပိုင်းဒေသရှိ အပစ်ရပ်ထားကြသည့်အဖွဲ့များအား တပ်မတော်ထိုးစစ်ဆင်ခဲ့ရာတွင် ၂၀ဝ၉ ခုနှစ်၌ MNDAA (ကိုးကန့်) တပ်ဖွဲ့ ချေမှုန်းခံလိုက်ရပြီး UWSA, NDAA(မိုင်းလား) တို့နှင့် စစ်ရေးတင်းမာခဲ့သလို KIO/KIA ကို ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်ခဲ့သည်မှာလည်း ယနေ့ကာလတိုင် ဖြစ်ပါသည်။

    ထို့အတူ မြန်မာပြည်တောင်ပိုင်းဒေသတွင်လည်း ၁၉၉၄ ခုနှစ်ကတည်းက တပ်မတော်အစိုးရနှင့်လက်တွဲပြီး KNU ကိုတိုက်ခိုက်ချေမှုန်းခဲ့သည့် တိုးတက်သောကရင်ဗုဒ္ဓဘာသာတပ်မတော် DKBA အဖွဲ့ဟာ ၂၀၁၀ အပြောင်းအလဲနောက်ပိုင်းတွင် ကရင်နယ်ခြားစောင့်တပ် BGF အဖွဲ့၊ NCA လက်မှတ်ရေးထိုး DKBA အဖွဲ့နှင့် တပ်မတော်နှင့်တိုက်ပွဲဖြစ်ပွားနေဆဲ DKBA(ခွဲထွက်) အဖွဲ့စသည်ဖြင့် လက်ရှိတွင် ၃ ဖွဲ့အသီးသီးကွဲနေကြပါပြီ။

    လက်ရှိ NCA လက်မှတ်ရေးထိုးခဲ့ကြသည့် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့အနက် DKBA, ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC နှစ်ဖွဲ့မှလွဲပြီး ကရင်အမျိုးသားအစည်းအရုံး KNU နှင့် ရှမ်းပြည်ပြန်လည်ထူတောင်ရေးကောင်စီ RCSS, ချင်းအမျိုးသားတပ်ဦး CNF, ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်ဦး PNLO, ရခိုင်အမျိုးသားလွတ်မြောက်ရေးပါတီ ALP, ကျောင်းသား ABSDF အဖွဲ့အစည်းတွေဟာ နဝတ၊ နအဖစစ်အစိုးရလက်ထက်တွင် အပစ်ရပ်သဘောတူညီမှုများ ရယူခဲ့ခြင်းမရှိခဲ့သဖြင့် လက်ရှိ UNFC အဖွဲ့ဝင်များကဲ့သို့ ၂၀၁၀ သင်ခန်းစာများကို မကြုံတွေ့ခဲ့ရသေးဘူးဟု ဆိုရပါမည်။

    တဖန် သမ္မတဦးသိန်းစိန် အစိုးရတက်လာပြီးနောက် ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းခဲ့ပါသည်။ ထို့ကြောင့် ပြည်နယ်/ပြည်ထောင်စုအဆင့် အပစ်ရပ်စဲရေးစာချုပ်ကို ABSDF,ALP,CNF,DKBA,KNU,KNU/KNLA-PC,PNLO,RCSS,KNPP,NDAA,NMSP,SSPP,UWSA နှင့် နာဂ NSCN-K (ပြည်နယ်အဆင့်) စုစုပေါင်း ၁၄ ဖွဲ့ လက်မှတ်ရေးထိုးနိုင်ခဲ့သော်လည်း KIO,MNDAA,TNLA,AA ၄ ဖွဲ့သာ မထိုးဖြစ်ခဲ့ပေ။ လက်မှတ်ထိုးပြီးသော်လည်း ယင်းစာချုပ်ပါအချက်အလက်များကို ဆက်လက်အကောင်အထည်ဖော်မှုမရှိဘဲ နောက်ပိုင်းတွင် NCA စာချုပ်ဟူ၍ ခေါင်းစဉ်သစ်တစ်ခု ထပ်မံပေါ်ပေါက်လာပြန်သည်။ ထိုနောက် အစိုးရကိုယ်စားလှယ် UPWC နှင့် EAO’s ဘက်က NCCT တို့ NCA စာချုပ်မူကြမ်း ၁၇ လကြာအချိန်ယူရေးဆွဲခဲ့ကြပြီး EAO’s ကြားတွင် ၈ ဖွဲ့လက်မှတ်ထိုး၊ ကျန် ၁၃ ဖွဲ့ လက်မှတ်မထိုးဖြစ်သည့်အခြေအနေသို့ ဆိုက်ရာက်လာသည်။

    လက်ရှိ UNFC အဖွဲ့ဝင်တွေဟာ ယခင်ကာလသဘောတူညီချက်များလို လက်မှတ်အရင်ထိုး နောက်ပိုင်းညှိနှိုင်းပြီး လုပ်ဆောင်သွားကြမည်ဆိုသည့် အကောင်အထည်ဖော်မှုမရှိခဲ့တာကို နဖူးတွေ့ဒူးတွေ့ လက်တွေ့ကြုံတွေ့ ဖြတ်သန်းခံစားလာခဲ့ဘူးသူများ ဖြစ်နေကြသည့်အတွက် အတိတ်သင်ခန်းစာများနှင့်ယှဉ်ပြီး ခိုင်မာသည့် NCA စာချုပ်ဖြစ်လာအောင် နိုင်ငံတကာအသိသက်သေများ လိုအပ်နေသည်ဟု ယူဆပုံပေါ်သည်။

    “NCA ထိုးလိုက်ပါ။ ထိုးပြီးမှပဲ ကျန်တဲ့ကိစ္စက ပြေလည်မယ် ဆိုတာက ဒါယျေဘုယျသဘောကို ပြောတာပါ။ ရှင်းရှင်းပြောရရင် ဒီ NCA ထိုးနိုင်ဖို့အတွက် အခက်အခဲဖြစ်စေတဲ့ အကြောင်းအရာတွေ၊ မြေပြင်က အခြေအနေတွေက ပိုပြီးတော့ အခရာကျတယ်လို့ ကျွန်တော်ထင်တယ်။ ဒီကိစ္စရပ်တွေကို မကိုင်တွယ် မဖြေရှင်းဘဲနဲ့ကတော့ ကျွန်တော်တို့ တစ်ချက်တည်း NCA ထိုးလိုက်ရုံနဲ့ နောက်မှ ဖြေရှင်းမယ် ဆိုတဲ့ဟာက လက်တွေ့ကျ၊ မကျဒါကိုတော့ ကျွန်တော်တို့ သဘောပေါက်ဖို့ လိုမယ်လို့ နားလည်ပါတယ်” ဟု ခူဦးရယ်က ပြောသည်။

    ပြီးခဲ့သည့်အောက်တိုဘာလအတွင်း UNFC တောင်းဆိုချက် ၈ ချက်အနက် ၄ ချက်ကိုသဘောတူညီထားပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သော်လည်း သဘောတူညီမှု ရရှိသည့် အချက် ၄ ချက်ကို ၂ ဖက်စလုံးက အတိအကျမပြောသေးပေ။ နိုင်ငံရေး ဆွေးနွေးပွဲများ၌ ဆက်လက်အဖြေရှာရမည့် ကိစ္စများဖြစ်နေခြင်း၊ တချို့ကိစ္စများမှာ နိုင်ငံရေးနှင့် တိုက်ရိုက်မပတ်သက်သော်လည်း နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ မရောက်မီ ဆုံးဖြတ်ချက်ချထားရန် လိုအပ်သည့်အတွက် သဘောတူညီမှု အရင်ယူမည့် သဘောဖြစ်ကြောင်း ခူဦးရယ်က မီဒီယာများသို့ ပြောကြားမှုများရှိခဲ့သည်။

    “အပစ်အခတ် ရပ်စဲရေးစာချုပ်ကို လက်မှတ်မရေးထိုးရသေးတဲ့ အစုအဖွဲ့များ ပါဝင်လာအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းတွေကို ရှာရပါမယ်။ လက်မှတ် မရေးထိုးရသေးတဲ့ အစုအဖွဲ့တွေကလည်း ပါဝင်လာဖို့ စိတ်အားထက်သန်ဖို့ လိုပါတယ်။ ငြိမ်းချမ်းရေးလမ်းဆိုတာ တစ်လမ်းပဲ ရှိပါတယ်။ ပဋိပက္ခရပ်စဲရေး လမ်းပဲ” ဆိုပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ UPDJC ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တာကို အမှတ်ရပေလိမ့်မည်။

    သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့က တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ NCA လက်မှတ်ရေးထိုးရာတွင် “မလောကြရန်” ဆိုပြီး ဖိတ်ကြားခံရသူ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်ခဲ့့ပေ။ သို့သော် ၂၀၁၆ ခုနှစ် NLD အစိုးရသစ်တက်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်၍ NRPC ကိုဖွဲ့စည်းပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို NCA ထီးရိပ်အောက်တွင် သွားရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ငြိမ်းချမ်းရေးခရီးရှေ့ဆက်ရန် NCA လက်မှတ်ထိုးရန်လိုအပ်ကြောင်း အတိအလင်း တိုက်တွန်းပြောဆိုလာသည်။

    ချုပ်၍ဆိုရပါလျင် ပြီးခဲ့သည့်ရက်ပိုင်းက အစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့၏ တတိယအကြိမ် နောက်ဆုံးတွေ့ဆုံဆွေးနွေးပွဲကနေ ဖြစ်ပေါ်တိုးတက်မှုရလဒ်အဖြေမရရှိခဲ့ပါ။ တိုင်းရင်းသားဒေသ တပ်မတော်၏ထိုးစစ်များကိုရပ်တန့်ရန် အစိုးရကလည်းပြောဆိုသံများ မကြားရပေ။ EAO’s သူပုန်ဘက်က တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေး ကြေညာပေးဖို့ တောင်းဆိုနေသည်ကိုလစ်လျူပြုပြီး NCA လက်မှတ်ရေးထိုးဖို အစိုးရဘက်က အထူးအာရုံစိုက်တွန်းတွန်းတိုက်တိုက် ဘာကြောင့်ပြောဆိုနေရသည်ကို လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် သံသယဖြစ်စရာရှိလာသည်။ အဘက်ဘက်က ခြုံငုံသုံးသပ်ပါက NCA အပေါ် သံသယဖြစ်နေမိပါကြောင်း။

    နောက်ဆက်တွဲ

    ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်အဖွဲ့အစည်းများနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအစိုးရတို့ကြား လက်မှတ်ရေးထိုးသည့် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) နောက်ဆက်တွဲ သဘောတူညီချက်များ အဆိုပြုမှု

    နိဒါန်း

    တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) အား ၂၀၁၅ ခုနှစ် ၊ အောက်တိုဘာလ (၁၅) ရက်နေ့တွင် အတူတကွပါဝင်လက်မှတ်ရေးထိုးခြင်းမရှိသေးသည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် အဖွဲ့အစည်းများသည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံ တည်ထောင်ရန်၊ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာမူဘောင် ပြည်လည်သုံးသပ်ရာတွင် ပါဝင်နိုင်ရန်နှင့် ၂၁ – ရာစုပင်လုံညီလာခံသို့ ပါဝင်တက်ရောက် နိ်ုင်ရန်တို့အတွက် NCA နှင့်တကွ အောက်ပါသဘောတူညီချက်များကို (NCA) ၏ နောက်ဆက်တွဲအဖြစ် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံအစိုးရနှင့်အတူ ပူးတွဲလက်မှတ်ရေးထိုး ကြပါသည်။

    ၁။ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲကြောင်း ကြေညာခြင်းကို အစိုးရ၊ တပ်မတော်နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်အဖွဲ့အစည်းတို့မှ ၂၀၁၆ ခုနှစ် ၊ ………….. လ ( ) ရက်နေ့တွင် တရားဝင် ပူးတွဲထုတ်ပြန်သွားရန်။

    ၂။ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး၊ ပင်လုံညီစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီရေး အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ အခွင့်အရေးများ၊ အာမခံချက် အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထာင်စုနိုင်ငံကို (၂၁) ရာစုပင်လုံညီလာခံမှ ရရှိလာမည့် ရလဒ်နှင့်အညီ တည်ဆောက်သွားရန်။

    ၃။ နှစ်ဘက်လိုက်နာရမည့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ တပ်ပိုင်းဆိုင်ရာကျင့်ဝတ် (CoC) နှင့် စောင့်ကြည့်ရေးလုပ်ငန်းလမ်းညွန် (ToR)တို့ကို ကြိုတင်သဘောတူညီမှု ရယူရန်။

    ၄။ အစိုးရကိုယ်စားလှယ်များ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အများယုံကြည်လေးစားသော ပုဂ္ဂိုလ်များပါဝင်သော အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီတစ်ရပ်ကို နှစ်ဖက်သလောတူလက်ခံနိုင်သည့် နိုင်ငံတကာမှ အစိုးရကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသော ကြီးကြပ်စောင့်ကြည့်ရေးအဖွဲ့နှင့်အတူ ဖွဲ့စည်းသွားရန်။

    ၅။ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲအဆင့်ဆင့်တွင် အားလုံးပါဝင်ရေးမူကိုအခြေခံ၍ အစိုးရအဖွဲ့၊ လွှတ်တော်နှင့် တပ်မတော်တို့၏ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များနှင့် တရားဝင်နိုင်ငံရေးပါတီ ကိုယ်စားလှယ်များပါဝင်စေပြီး တိုင်းရင်းသားကိုယ်စားလှယ်များနှင့် အခြားပါဝင်သင့်ပါဝင်ထိုက်သော ကိုယ်စားလှယ်များကို ၄င်းတို့နှင့် စပ်ဆိုင်သော ကဏ္ဍများတွင်သာ ပါဝင်စေရန်။

    ၆။ ၂၁- ရာစုပင်လုံညီလာခံမှ ထွက်ပေါ်လာသော ဆုံးဖြတ်ချက်များအပေါ် အခြေခံ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် ဥပဒေများကို ရေးဆွဲပြဌာန်းရန်။

    ၇။ အပစ်ရပ်ဒေသအတွင်း ဒေသခံပြည်သူလူထုအပေါ် အကျိုးသက်ရောက်မှုကြီးမားသော စီမံကိန်းများကို ဖော်ဆောင်ရန်ရှိပါက သဘာဝသယံဇာတများ ပွင့်လင်းပြင်သာမှုဖော်ဆောင်ရေးအဖွဲ့ (Extractive Industries Transparency Initiative – EITI) ၏ လုပ်ထုံးလုပ်နည်းများအတိုင်း ဒေသခံပြည်သူလူထုနှင့် ညှိနှိုင်းဆောင်ရွက်သွားရန်နှင့် သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတို့နှင့် ညှိနှိုင်းသဘောတူညီချက် ရယူ၍ အကောင်အထည်ဖော် ဆောင်ရွက်ရန်အပြင် နိုင်ငံတကာလူသားချင်းစာနာမှု အကူအညီ်များကို ဤနောက်ဆက်တွဲသဘောတူညီချက်လက်မှတ်ရေးထိုးကြသော အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ ညှိနှိုင်းဆောင်ရွက်ရန်။

    ၈။ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီချက် (NCA) နှင့် ဤနောက်ဆက်တွဲသလောတူညီချက်ပါ လိုက်နာရမည့်တာဝန်များ၊ စည်းကမ်းချက်များနှင့် စပ်လျဉ်း၍ မပြေလည်မှုပေါ်ပေါက်လျှင် ပြည်တွင်းနှင့် နိုင်ငံတကာမှ နှစ်ဖက်သဘောတူညီသော ဥပဒေပညာရှင်များနှင့် တရားသူကြီးများဖြင့် လွတ်လပ်သည့် ပြဿနာ ဖြေရှင်းရေး တရားစီရင်ရေးခုံရုံးဖွဲ့စည်းပြီး ဆုံးဖြတ်မှု ခံယူရန်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts