spot_img
Friday, March 29, 2024
More
    spot_img
    Homeမေးမြန်းချက်UPDJC အတွင်းရေးမှူးအဖွဲ့ဝင် စိုင်းကျော်ညွန့် အင်တာဗျူး

    UPDJC အတွင်းရေးမှူးအဖွဲ့ဝင် စိုင်းကျော်ညွန့် အင်တာဗျူး

    -

    လက်ရှိ ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ထဲထဲဝင်ဝင် ပါဝင်ကာပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော် မတီ(UPDJC)အတွင်းရေးမှူးအဖွဲ့ဝင် အဖြစ် တာဝန်ယူ ဆောင်ရွက်နေသောရှမ်းတိုင်းရင်းသားများဒီမိုက ရေစီအဖွဲ့ချုပ် SNLD တွဲဖက်အတွင်းရေးမှူး(၁)စိုင်းကျော်ညွန့်အား မွန်သတင်းအေဂျင်စီ အလွတ်တန်းသတင်းထောက် ချစ်မင်းထွန်းတို့ မေးမြန်းဖြေကြားချက်များ ဖြစ်ပါသည်။

    MNA  ။       ။ မင်္ဂလာပါ ဆရာ။ အခု UPDJC က အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ် ခင်ဗျာ။ဘယ်ဒေသတွေမှာ အရင်ဆုံး ကျင်းပသွားဖို့ရှိပါသလဲ ဘယ်လိုပုံစံမျိုးတွေနဲ့ကျင်းပသွားမှာ ပါ သလဲ။

    S.K.N ။      ။  NCA လက်မှတ်ထိုးထားပြီးသည့်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများတည်ရှိရာ ဒေသ များ အနက်အဆင်သင့်ဖြစ်သည့် နေရာဒေသများတွင် ကျင်းပသွားရန်ဆိုတဲ့ UPDJCအစည်းအဝေး သဘော တူညီချက်ရှိပါတယ်။ ဒါပေမယ့် UPDJCအတွင်းရေးမှူးကတဆင့် ဒုဥက္ကဋ္ဌ (၃) ဦးရဲ့ အတည်ပြုချက် ကိုတော့ ယူရပါမယ်။အမျိးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို လူမျိုးအလိုက်၊ဒေသအလိုက် နဲ့ အကြောင်းအရာအလိုက် ဆိုပြီး ပုံစံ (၃) မျိုးနဲ့ ကျင်းပသွားဖို့ရှိပါတယ်။

    စိုင်းကျော်ညွန့် မိုင်ဂျာယန် EAO’s နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ခဲ့စဉ်(Sai Kyaw Nyunt FB)
    စိုင်းကျော်ညွန့် မိုင်ဂျာယန် EAO’s နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ခဲ့စဉ်(Sai Kyaw Nyunt FB)
    MNA  ။         ။ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေကို NCAလက်မှတ်မထိုးရသေးတဲ့ လက်နက်ကိုင် အဖွဲ့တွေ ဦးဆောင်ကျင်းပခွင့်မရှိဘူးဆိုတော့ သူတို့ နယ်မြေအတွင်းမှာ  ကျင်းပနိုင်ရေးအတွက်ဘယ်လို ပူးပေါင်း ဆောင် ရွက်သွားဖို့ ရှိပါသလဲ။

    S.K.N ။        ။ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေကို NCAလက်မှတ်မထိုးရသေးတဲ့ လက်နက်ကိုင် အဖွဲ့တွေ ဦးဆောင်ကျင်းပဖို့ကိစ္စကိုတော့ အစိုးရဘက်က သဘောမတူပါဘူး။အကြံပြုချင်တာက အစိုးရ အနေ နဲ့ UNFC အပါအဝင် NCAပြင်ပမှာရှိနေသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့သဘော တူညီ မှု ရရှိအောင် အမြန်ဆုံးညှိနှုိင်းစေချင်ပါတယ်။ ဒါဆိုရင်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေကို ဟိုနေရာ မကျင်းပရ၊ဒီနေရာမကျင်းပရဆိုတဲ့ မေးခွန်းရှိမှာမဟုတ်တော့ပါဘူး။

    MNA   ။        ။ NCA လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေရှိနေသေးတဲ့အတွက်ကြောင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပဖို့ နဲ့ NCAစာချုပ်ပါ သဘောတူညီချက်တွေ အကောင်အထည်ဖော်ဆောင်နိုင်ဖို့အတွက် အဆင်ပြေနိုင်ပါ့ မလား၊ ဘယ်လို အခက်အခဲတွေ ရှိနေတယ်လို့မြင်မိပါသလဲ။

    S.K.N  ။        ။ ပြည်စုံမှုမရှိပဲကျင်းပတဲ့ပွဲက ပြည့်စုံတဲ့ရလဒ် ရလာဖို့ဆိုတာအိပ်မက် ဆန်လွန်းပါတယ်။

    MNA    ။        ။ နိုင်ငံရေးဆွေးနွေးမှု မူဘောင်ထဲမှာ အမျိုးသမီး ရာခိုင်နှုန်း၃၀  နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်လာနိုင်ရေးကြိုးပမ်းဆောင်ရွက်သွားရန် ဆိုပြီးတော့ ပါဝင်တာ တွေ့ရပါတယ်။လက်တွေ့မှာ ပါဝင်မှု နည်းနေတယ် ဒီအတွက် UPDJC အနေနဲ့ ဘယ်လိုဆောင်ရွက်ပေးနေပါသလဲ။

    S.K.N ။        ။ ဆိုင်ရာဆိုင်ရာ အစုအဖွဲ့များက ပြည့်မှီအောင်ကြိုးစားကြဖို့အတတ်နိုင်ဆုံး အကြံပြုထား ပါတယ်။

    MNA   ။        ။  NCA စာချုပ်ထဲမှာ ပါတဲ့ သဘောတူညီချက်တွေကိုဖောက်ဖျက် ကျူးလွန်ရင် အရေးယူလို့ ရတဲ့ ပြစ်မှု နှင့် ပြစ်ဒဏ်ကိုထည့်သွင်းထားခြင်းမရှိတာ တွေ့ရပါတယ်။ဒါက ဘယ်လိုကြောင့်ပါဝင်လာခြင်းမရှိတာလဲ။ သဘော တူညီချက်တွေကို ဖောက်ဖျက်တဲ့ လူ၊အဖွဲ့အစည်းကို ဘယ်လို ပြစ်မှု ၊ ပြစ်ဒဏ်မျိုးဖြင့် အရေးယူသွားဖို့ စဉ်းစားထားလဲ ဆိုတာ သိချင်ပါတယ်။

    S.K.N  ။       ။ စစ်ရေးကိစ္စဆိုရင် ပြဿနာကို စုံစမ်းစစ်ဆေးဖို့ JMC မှာစီစစ်အတည်ပြုရေးအဖွဲ့များ (Verification Team)၊ တိုင်တန်းမှုယန္တရားနဲ့အသေးအဖွဲ ချိုးဖောက်မှုအဆင့် (Minor Violation)လား စိုးရိမ်ရသောချိုးဖောက်မှု အဆင့် (Major Violation)လားဆိုတဲ့ အငြင်းပွားမှုတွေကိုဖြေရှင်းခြင်းဖို့နဲ့ အရေးယူ ဆောင်ရွက်ဖို့ ဆိုတဲ့ ယန္တရားတွေရှိပေမယ့်ဘယ်လောက်အထိ ပါဝါရှိသလဲဆိုတာ ပြဿနာဖြစ်ပါတယ်။အင်အားကြီးသူကပဲ ဆုံးဖြတ်သလိုဖြစ်နေတယ်လေ။ ဒါကိုတည့်တည့်မတ်မတ် မှျမှျတတ ဖြေရှင်းပေးနိုင်မယ့် ပါဝါရှိတဲ့ ဘက်မလိုက်တဲ့တတိယ အဖွဲ့အစည်းလိုပါတယ်။

    MNA ။        ။ အခုဆိုရင် UNFC က အချက် ၈ ချက်ကို တင်ပြတောင်းဆိုနေတယ်။ဒါကို အစိုးရဘက်က လိုက်လျောပေးရင် NCA မှာလက်မှတ်ထိုးမယ်။ သို့သော် အစိုးရအတွက် တချို ့ အချက်တွေကအခက်အခဲတွေ ရှိနေတယ်လို့ သိရတယ်။ဒီအတွက် တခြားဘယ်လိုနည်းလမ်းဖြင့် အစိုးရဘက်က စေ့စပ် ညိှနှုိင်းမှုလုပ်နိုင်ရင် အဆင်ပြေလာနိုင်မယ်လို့ မြင်ပါသလဲ။

    S.K.N ။       ။ UNFC နဲ့ ညှိနှုိင်းနေမှုမှာ ရှိနေတဲ့အခက်အခဲကတပ်မတော်အပါအဝင် လက်နက်ကိုင်အဖွဲ့များ အားလုံးအပစ်အခတ်ရပ်စဲရေးကြေငြာဖို့ ဆိုတာပါတယ်။ NCA လက်မှတ်ထိုးပြီးမှတော့ အပစ်အခတ် ရပ်စဲရေး ကြေငြာတာဘာများအခက်အခဲရှိပါသလဲ။ ညှိနှုိင်းလိုက်ရင် အဆင်ပြေသင့်ပါတယ်။နောက်တစ်ချက်က ပြဿနာ ဖြေရှင်းရာမှာ ကြားနေ အဖွဲ့အစည်း(နိုင်ငံတကာ) ကိုပါဝင်ခွင့်ပေးတာ။ ဥပမာ JMC လို နေရာမျိုးမှာ။ဒီအချက်ကတော ကွဲလွဲနိုင်ပါတယ်။ နိုင်ငံတကာကို ပါဝင်ခွင့်ပေးတာကပိုကောင်းသလား။ ဆိုးသလား ဆိုတာ ကို အသေအချာ ဆွေးနွေးကြရမှာဖြစ်ပါတယ်။ အစိုးရနဲ့ UNFC နဲ့ များများတွေ့ပါ။ များများဆွေးနွေးညှိနှုိင်းပါ။ညှိနိှုင်းမှုနဲ့အတူ မြေပြင်မှာဖြစ်နေတဲ့ စစ်ပွဲတွေကိုလဲ ရပ်တန့်ဖို့လိုပါတယ်။ဒီလိုပဲ အကြံပြုချင်ပါတယ်။

    MNA ။          ။  NCA စာချုပ်ထဲမှာ ပါဝင်တဲ့ နိုင်ငံရေးလမ်းပြမြေပုံ နဲ့ပြီးခဲ့တဲ့လ NCA စာချုပ် လက်မှတ်ထိုးပွဲ နှစ်ပတ်လည် အခမ်းအနားမှာအစိုးရက ထုတ်ပြန်ခဲ့တဲ့ မူဝါဒ (၇) ချက် ကွဲလွဲမှု ရှိတယ်ပြောကြသလိုအတူတူ ဘဲလို ပြောသူများလည်း ရှိတယ်။ဒီအပေါ်မှာ ဘယ်လိုသဘောထားရှိပါသလဲ။

    S.K.N  ။       ။ NCA စာချုပ်ထဲမှာ ပါဝင်တဲ့ နိုင်ငံရေးလမ်းပြမြေပုံမှာပြည်ထောင်စုသဘောတူစာချုပ်ကို အကောင် အထည်ဖော်ခြင်းဆိုတဲ့ဖော်ပြချက်သာလှျင်ပါဝင်ပါတယ်။ NCA အခြေခံမူမှာကလည်းဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကိုနိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက် သွားရန်ဆိုပြီးတော့ပါပါတယ်။ NCA စာချုပ် လက်မှတ်ထိုးပွဲ နှစ်ပတ်လည်အခမ်းအနားမှာ အစိုးရက ထုတ်ပြန်ခဲ့တဲ့ မူဝါဒ (၇) ချက်အနက် နံပတ် ၅၊ ၆၊ရ ကတော့ ပြည်ထောင်စုသဘောတူစာချုပ်နဲ့အညီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မယ်။ အဲဒီဥပဒေအတိုင်းရွေကောက်ပွဲကျင်းပမယ်။ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကိုတည်ဆောက်မယ်ဆိုတဲ့ ရှင်းလင်းတိကျတဲ့ မူဝါဒကို ဖော်ပြထားတာပါပဲ။NCA မှာက ရှင်းရှင်းလင်းလင်း မပြောထားဘူး။ အစိုးရကတော့ရှင်းရှင်းလင်းလင်းပြောတယ်။ ဒါကကြီးမားတဲ့ ကွာခြားချက်ပါပဲ။

    MNA-ယခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျား။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts