spot_img
Tuesday, April 16, 2024
More
    spot_img
    Homeဆောင်းပါးဘာကြောင့် NCA မထိုးဖြစ်သနည်း

    ဘာကြောင့် NCA မထိုးဖြစ်သနည်း

    -

    ယခင်နိုင်ငံတော်သမ္မတဦးသိန်းစိန်က ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအား ပြည်တွင်းငြိမ်းချမ်းရေးကို အတူတကွကြိုးပမ်းတည်ဆောက်ကြရန် ဖိတ်ခေါ်ခဲ့သည့် နောက်ပိုင်း ထိုနှစ်အောက်တိုဘာအတွင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သောအစိုးရ ကိုယ်စားလှယ်အဖွဲ့တို့သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO’s အသီးသီးအား လိုက်လံ တွေ့ဆုံဆွေးနွေးခဲ့ပြီး အဖွဲ့အစည်းတော်တော်များနှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ရပ်လက်မှတ် သဘောတူညီမှုရေးထိုးခဲ့သည်ကို မှတ်မိကြပေလိမ့်မည်။

    နိုင်ငံတော်အစိုးရနှင့် သက်ဆိုင်ရာပြည်နယ်တိုင်းဒေသကြီးအစိုးရတို့က ၂၀၁၁ ခုနှစ် စက်တင်ဘာလမှစတင်၍ ဝ UWSA မှအစ မိုင်းလား NDAA,ကရင် DKBA,ရှမ်း RCSS,ချင်း CNF,ကရင် KNU,ရှမ်း SSPP,ကရင်နီ KNPP, မွန် NMSP,ပအိုဝ်း PNLO, ကျောင်းသားတပ်ဖွဲ့ ABSDF ၁၁ ဖွဲ့တို့နှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် သဘောတူညီမှု လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC, ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP, နာဂဆိုရှယ်လစ်ကောင်စီ NSCN-K တို့နှင့် ပြည်နယ်အဆင့်သဘောတူညီမှုရရှိခဲ့သော်လည်း ကချင် KIO, ရခိုင်တပ်မတော် AA, ပလောင် TNLA, ကိုးကန့် MNDAA တို့ကြား မည်သည့်သဘောတူညီချက်မျှ ရယူနိုင်ခြင်းမရှိဘဲ တပ်မတော်နှင့် တိုက်ပွဲများသာ ယခုတိုင် ဆက်လက်ဖြစ်ပွားနေတော့သည်။

    NCA မူကြမ်းလက်မှတ်ရေးထိုးပွဲ ၃၁-၃-၂၀၁၅(Internet)
    NCA မူကြမ်းလက်မှတ်ရေးထိုးပွဲ ၃၁-၃-၂၀၁၅(Internet)
    တဖက်တွင်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ငြိမ်းချမ်းရေးကိစ္စ တစုတစည်းတည်း တင်ပြနိုင်ရန် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၃၀ မှ နိုဝင်ဘာ ၂ ရက်နေ့အထိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ညီလာခံကို အစိုးရအကူအညီအပါအဝင် ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ကျင်းပခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် ရေးဆွဲရန် သဘောတူညီမှုရရှိခဲ့ပါသည်။ NCA လက်မှတ်ရေးထိုးနိုင်သည်အထိ အစိုးရ၏ ငြိမ်းချမ်းရေးဆွေးနွေးမည့်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးသွားရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကိုယ်စားပြု၍ တစ်နိုင်ငံလုံပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ Naitonwide Ceasefire Coordinnation Team-NCCT ဖွဲ့စည်းဆောင်ရွက်နိုင်ခဲ့သည်ကိုလည်း တွေ့ရှိခဲ့ရပါသည်။

    ထိုနောက် အစိုးရဘက်မှ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ Union Peace-making Work Committee-UPWC နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဘက်မှ စုပေါင်းဖွဲ့စည်းထားသည့် NCCT တို့ တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးသဘောတူ စာချုပ်တစ်ရပ်ချုပ်ဆိုနိုင်ရန် ၁၇ လကျော်ကြာ ညှိနှိုင်းကြိုးပမ်းခဲ့ကြပြီးနောက် ၂၀၁၅ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် NCA မူကြမ်းတစ်ရပ်ကို UPWC ဥက္ကဌ ဝန်ကြီး ဦးအောင်မင်းနှင့် NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာတို့ သမ္မတဦးသိန်းစိန် ရှေ့မှောက်တွင်သဘောတူညီလက်မှတ် ရေးထိုးနိုင်ခဲ့သည်။

    နိုင်ဟံသာက “အဲဒီက ရရှိလာတဲ့မူကြမ်းကို ဘယ်ဟာပြင်ဆင်ချင်သလဲ၊ ဘယ်ဟာကို ဖြည့်စွက်ချင်သလဲ ကျနော်တို့တိုင်းရင်းလက်နက်ကိုင်ထိပ်သီးခေါင်းဆောင်တွေကို တင်ပြပြီးရင် အစိုးရကိုယ်စားလှယ်နဲ့ ပြန်တွေ့ရဦးမယ်၊ အစိုးရဘက် UPWC ကလည်း UPCC ကိုပြန်လည်တင်ပြပြီးမှ ထပ်မံပြင်ဆင်ဖြည့်စွက် ချင်တာကိုုယူလာပြီး ပြန်လည်ညှိနှိုင်းကြဖို့၊ လောလောဆယ် ဒါကိုမူကြမ်းအနေနဲ့ပဲ သဘောတူထားတာပါ၊ KNU နယ်မြေ လော်ခီးလာမှာ ကျနော်တို့တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်တွေအစည်းအဝေးလုပ်ပြီးတဲ့အခါ ပြင်ဆင်ချင်တဲ့အချက်တချို့ကို အစိုးရကိုယ်စားလှယ်ထံ လာတင်ပြပါတယ်၊ ဒါပေမယ့် အဲဒီပြင်ဆင်ချက်တွေကို အစိုးရဘက်က လက်မခံတော့ဘူး၊ နှစ်ဖက်အစည်းအဝေးမှတ်တမ်းအနေနဲ့ပဲထားပါ၊ သမ္မတရှေ့မှာ လက်မှတ်ထိုးထားတဲ့ စာတမ်းဖြစ်လို့ ဒါကိုအပြင်မခံတော့ဘူး၊ ဒါကိုကျနော်တို့ဘက်က မကျေနပ်တာတစ်ချက်” ဟု ပြောသည်။

    သို့နှင့် NCCT အဖွဲ့ဝင် ၁၆ ဖွဲ့အနက် ALP,CNF,DKBA,KNU,KNU/KNLA-PC(KPC) ၆ ဖွဲ့နှင့် NCCT အဖွဲ့ဝင်မဟုတ်သော RCSS, ABSDF ပေါင်း ၈ ဖွဲ့တို့ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့တွင် NCA လက်မှတ်ရေးထိုးဖြစ်သော်လည်း ကျန် NCCT အဖွဲ့ဝင် ANC,AA,KIO,KNPP,LDU,MNDAA,NMSP,TNLA, SSPP,WNO ၁၀ ဖွဲ့အပြင် NCCT တွင်မပါဝင်သည့် UWSA, NDAA, NSCN-K ၃ ဖွဲ့ စုစုပေါင်း တိုင်းရင်းသား လက်နက်ကိုင် ၁၃ ဖွဲ့တို့ လက်မှတ်မရေးထိုးဖြစ်ခဲ့ပါ။

    စာရေးဆရာ ဦးလှဝင်း(လေသူရဲတစ်ဦး) က “ကျနော်အစည်းအဝေးတက်ရောက်ခွင့်ရခဲ့တဲ့ ၁ နှစ်ကျော်အချိန်အတွင်း ချုပ်လုချုပ်ခင် အခွင့်အရေးအချိန်အခါမျိုး ၂ ကြိမ်ရောက်ခဲ့ဖူးပါတယ်၊ ဒီ ၂ ကြိမ်လုံး လက်တွေ့ပြီးမြောက်အောင် မဆောင်ရွက်နိုင်ခဲ့တာဟာ တပ်မတော်ကြောင့် ဖြစ်ပါတယ်၊ မှတ်မိသလောက် တပ်ချုပ်ရဲ့ မိန့်ခွန်းများကြောင့် ဖြစ်ပါတယ်၊ ရည်ရွယ်ချက်နဲ့ပြောခဲ့သလား၊ ကံဆိုးသဖြင့် တိုက်ဆိုင်မှုဖြစ်ခဲ့သလား၊ သူရဲ့မိန့်ခွန်းရေးပေးသူကပဲ ညံ့သလား ဆိုတာတော့ ကျနော်မသိပါဘူး၊ တပ်တွင်းအစည်းအဝေးတွေ ကျောင်းဆင်းပွဲတွေမှာ ပြောတဲ့မိန့်ခွန်းတွေပဲ ဖြစ်ပါတယ်၊ ပြဿနာပေါ်ပြီ၊ ပျက်ပြီ၊ ဘယ်သူ့မှာ တာဝန်ရှိပါသလဲ၊ သမ္မတဦးသိန်းစိန် ပါဘဲ။ သူ ကာကွယ်ရေးဦးစီးချုပ်ကို မနိုင်ခဲ့ဘူး၊ ဗိုလ်ချုပ်မှူးကြီးနှုတ်က မထွက်သင့်တဲ့စကားကို မထွက်လာအောင် သူမပိတ်နိုင်ခဲ့ပါဘူး၊ သူ့ရဲ့ပြန်ကြားရေးဝန်ကြီးကလည်း ပြည်သူထံမရောက်အောင် ပါးနပ်စွာထိန်းပေးခဲ့ခြင်းမရှိဘူး၊ ဦးသိန်းစိန် လစဉ်တိုင်းပြည်ကို ပြောကြားခဲ့တဲ့မိန့်ခွန်းအားလုံးမှာ တကြိမ်မှ MPC က ညှိနှိုင်းနေတဲ့ ယေဘူယျသဘောရရှိထားတဲ့ သဘောတူညီချက်တွေကို ထိပါးစေခြင်း လုံးဝမရှိခဲ့ပါဘူး၊ သူရဲ့တာကို သူထိန်းနိုင်ခဲ့တယ်၊ သူ့ စစ်သူကြီးတာကိုတော့ မထိန်းပေးနိုင်ခဲ့ဘူး၊ ဒါပေမယ့် သမ္မတကြီးဟာ မပြေးသော် ကန်ရာရှိဖြစ်ခဲ့ပါတယ်” ဟု MPC ထုတ်ဝေသည့် “ငြိမ်းချမ်းရေးခရီး လေးနှစ်တာကာလကို ပြန်မျှော်ကြည့်ခြင်း” စာအုပ်တွင် သုံးသပ်ထားသည်ကို ဖတ်ရှုလိုက်ရသည်။

    ထို့အတူ ကျင်းပပြီးစီးခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ(ပထမအစည်းအဝေး) ဖွင့်ပွဲနေ့တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်၏ မူဝါဒ ၆ ချက်ကို အတိအလင်းထုတ်ဖော်ပြောကြားလိုက်ပြန်သဖြင့် ဦးလှဝင်း(လေသူရဲတစ်ဦး) ဆိုသလို ကံဆိုးသဖြင့် တိုက်ဆိုင်မှုဖြစ်ခဲ့သည်တော့ မဟုတ်တန်ရာ။ အမှန်တကယ် တပ်မတော်၏ ရပ်တည်ချက်ပင် ဖြစ်ကြောင်း သိသာထင်ရှားနေပါပြီ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဘက်ကလည်း အဆိုပါ တပ်မတော်ရပ်တည်ချက်ကို NCA လက်မှတ်ရေးထိုးအပြီး ဆက်လက်ကြုံတွေ့နိုင်သည့် နိုင်ငံရေးအချိုးအကွေ့များကို စဉ်းစားလာလာရပြန်သည်ဟု ဆိုပါသည်။

    ယခုအခါ ကျန်အဖွဲ့များ NCA ရေးထိုးမည့်ကိစ္စတွင် တစ်ပူပေါ်နှစ်ပူဆင့် ဖြစ်လာရသည်ကို မြင်တွေ့မိလိုက်သည်။ အစိုးရနှင့် လက်မှတ်ရေးထိုးပြီးတိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့တို့ပါဝင်သော UPDJC ရေးဆွဲထားသည့် နိုင်ငံရေးမူဘောင် Political Frame Work ပါ အချက်အလက်တချို့က နောက်ထပ်ပြဿနာများဟု ဆိုပါသည်။ နိုင်ငံရေး တွေ့ဆုံပွဲများကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွင် ပါဝင်မည့်ကိုယ်စားလှယ်အချိုးအစား ဖြစ်ပါသည်။ လက်ရှိ UPDJC ရေးဆွဲထားသည့် နိုင်ငံရေးမူဘောင်အရ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ၅ ပွင့်ဆိုင်ဖြစ်နေသည်ကို UNFC လက်မခံသည့်အတွက် NCCT နှင့် UPWC တို့ ယခင်သဘောတူညီခဲ့ကြသည့် အစိုးရ၊ နိုင်ငံရေးပါတီနှင့် တိုင်းရင်းသားလက်နက်ကိုင် ၃ ပွင့်ဆိုင်အနေအထားကို ပြန်လည်တောင်းဆိုနေရသည်ဟု နိုင်ဟံသာက ပြောသည်။

    လက်ရှိနိုင်ငံရေးမူဘောင်အချက်အလက်အချို့ပြန်လည်ပြင်ဆင်ဖို့ DPN က အချက် ၈ ချက်အဆိုပြုထားရာ ၄ ချက် သဘောတူညီမှုရရှိထားပြီဟု သတင်းများတွင် ဖော်ပြပါသည်။ DPN အဆိုပြုချက်တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို အစိုးရတပ်မတော်နှင့် UNFC အဖွဲ့ဝင်အားလုံး ကြေညာရန်၊ နိုင်ငံရေးမူဘောင်အပါအဝင် နှစ်ဖက်လိုက်နာရမည့် စစ်ဘက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်း၊ တပ်ပိုင်းဆိုင်ရာကျင့်ဝတ်၊ စောင့်ကြည့်ရေး လမ်းညွှန်တို့ကို ကြိုတင်သဘောတူညီမှုရရှိရန်၊ JMC တွင် နိုင်ငံတကာအစိုးရကိုယ်စားလှယ်များ ပါဝင်ခွင့်ပြုရန်၊ NCA သဘောတူညီချက်များ အကောင်အထည်ဖော်ရေး ပြည်တွင်းပြည်ပမှ ပညာရှင်၊ တရားသူကြီးများပါဝင်သော လွတ်လပ်သောကော်မရှင် တစ်ရပ်ဖွဲ့စည်းရန် စသည့်အချက်များပါဝင်သည်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများ အကဲခတ်ပြောဆိုနေကြသော်လည်း အစိုးရကိုယ်စားလှယ်ဘက်ကရော DPN ကပါ မီဒီယာများကို အတည်ပြုပြောကြားခဲ့ခြင်းမရှိပေ။

    တဖန် အကောင်းဘက်က ရှုမြင်ကြည့်ပါက ၂၁ ရာစုပင်လုံ(ပထမ) ညီလာခံအပြီးတွင် ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့တွေ့ဆုံဆွေးနွေးပွဲများ ဆက်တိုက်ဆက်တိုက် ပြုလုပ်နိုင်ခဲ့ပြီး UNFC အနေဖြင့် နိုင်ငံရေးမူဘောင် ပြန်လည်သုံးသပ်ရာတွင် နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ သဘောတူညီချက်အချို့ရရှိခဲ့သလို ကျန်နေသည့် အချက်များပြေလည်မှုရရှိရန် နိုဝင်ဘာတွင် ဆက်လက်တွေ့ဆုံညှိနှိုင်းဦးမည်ဟု ဆိုသည်။ တဖက်တွင်လည်း တအာင်း(ပလောင်)၊ ကိုးကန့်နှင့် ရခိုင်လက်နက်ကိုင် အဖွဲ့ AA တို့ NCA တွင် ပါဝင်လာရေး လတ်တလောတွင် ယင်းအဖွဲ့သုံးဖွဲ့နှင့် အစိုးရတို့အကြား ကြားခံအကျိုးဆောင်များမှတစ်ဆင့် ဆက်သွယ်ဆောင်ရွက်နေသည်ဟု သမ္မတရုံးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး အောက်တိုဘာ ၁၉ ရက်နေ့ ပြောကြားချက်အရ ဖေဖေါ်ဝါရီလ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမကျင်းပမီ UNFC အဖွဲ့ဝင်များ NCA လက်မှတ်ရေးထိုးနိုင်မည့် အလားအလာကောင်းများ တွေ့ရှိနေရသည်။

    သို့ရာတွင် အောက်တိုဘာ ၂၅ ရက်နေ့တွင်ကျရောက်သည့် (၅၆) နှစ်ပြည့် KIO အဖွဲ့နေ့တွင် ဥက္ကဋ္ဌ Lanyaw Zawng Hra မိန့်ခွန်းအရ “တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် အစိုးရကြား ပြည်တွင်းစစ်ပြဿနာကို ဖြေရှင်းနိုင်သော “နည်းလမ်းတံခါး ယခုထိမပွင့်သေးဘူး” ဟု ပြောနိုင်ကြောင်း၊ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အားလုံး ကြိုးပမ်းနေချိန်မှာဘဲ အစိုးရတပ်မတော်က KIO ဗဟိုဌာနချုပ်နယ်မြေအပါအဝင် KIA တပ်မဟာ ရှစ်ခုစလုံးမှာ ထိုးစစ်ဆင်တပ်အင်အားများ ပို့ဆောင်နေဆဲဖြစ်ကြောင်း” အဆိုပါမိန့်ခွန်းပြောကြားချက်ကို သုံးသပ်လျင် တပ်မတော်ထိုးစစ် တိုက်ပွဲအရှိန်မြင့်မားနေပါက KIO ဥက္ကဌအဖြစ်တာဝန်ယူထားသည့် UNFC အဖွဲ့ NCA လက်မှတ်ထိုးရေး ဝေးသထက်ဝေးနေဦးမည်ဟု ယူဆရပါသည်။

    ထို့အတူ မိုင်းလား NDAA အနေဖြင့်လည်း NCA လက်မှတ်ရေးထိုးမည့်အနေအထား နီးသထက်နီးလာနေချိန်တွင် ယခုအောက်တိုဘာလအတွင်း ဝတပ်ဖွဲ့ UWSA အင်အားတစ်ထောင်ခန့် မိုင်းလား NDAA နယ်မြေထဲ ဝင်ရောက်အခြေချသဖြင့် တပ်မတော်နှင့် UWSA ကြား စစ်ရေးတင်းမာလျက်ရှိနေသည်။ ထို့ကြောင့် ဝတပ်ဖွဲ့ UWSA အနေဖြင့် လတ်တလော NCA ရေးထိုးမည့်အလားအလာမတွေ့မိသလို အိန္ဒိယနယ်စပ်ရှိ နာဂ NSCN-K ကလည်း NCA အပေါ် စိတ်ဝင်စားသည့်လက္ခဏာမတွေ့ရပါ။

    ထိုသို့အခြေအနေများတွင် နေပြည်တော် သင်္ဂဟဟိုတယ်၌ အောက်တိုဘာ ၂၈ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ အစည်းအဝေးတွင် UPDJC ဥက္ကဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် NCA မှာ လက်မှတ်ရေးထိုးဖို့ ကျန်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အချိန်မဆွဲကြဖို့၊ လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့ အားလုံးက ဝိုင်းဝန်းလုပ်ဆောင်ကြဖို့နဲ့ အဲဒီလက်နက်ကိုင်အဖွဲ့တွေကလည်း လက်မှတ်ရေးထိုးဖို့ စိတ်အားထက်သန်ဖို့ လိုအပ်ကြောင်း” တိုက်တွန်းလိုက်သည်ကို ကြားသိလိုက်ပါသည်။

    ထို့ကြောင့် ကျန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဘာကြောင့် NCA မထိုးဖြစ်သနည်း ဆန်းစစ်ကြည့်ပါက “ရှေ့လာမည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် လူတစ်စုအာဏာ တည်မြဲရေးအတွက် ဖန်တီးထားခြင်းမဟုတ်ဟု ထင်ရှားလာလျင် ကျန်လက်မှတ်မထိုးသည့် အဖွဲ့များသည် ဖြစ်စဉ်တွင်ပါဝင်ရန် လွယ်ကူလျင်မြန်သွားနိုင်မည်” ဟု ငြိမ်းချမ်းရေးခရီး လေးနှစ်တာကာလကို ပြန်မျှော်ကြည့်ခြင်းစာအုပ်တွင် စာရေးဆရာမ မသီတာ(စမ်းချောင်း) မှတ်ချက်ပေးခဲ့သည်ကို ပြန်လည်အမှတ်ရ သုံးသပ်နေမိသည်။

    ကိုးကားချက်များ
    -NCA စာချုပ်
    -မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်စဉ်ကိုပုံဖော်ခြင်း လမ်းညွှန်အကိုးအကား ၂၀၁၅ -BNI
    – ငြိမ်းချမ်းရေးခရီး လေးနှစ်တာကာလကို ပြန်မျှော်ကြည့်ခြင်း-MPC
    -မွန်သတင်းအေဂျင်စီ သတင်း/အာတာဗျူးများ

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,300SubscribersSubscribe
    spot_img

    Latest posts