spot_img
Friday, March 29, 2024
More
    spot_img
    Homeဆောင်းပါးအမျိုးသားအဆင့်နိုင်ငံရေး ဘယ်လိုဆွေးနွေးကြမှာလဲ

    အမျိုးသားအဆင့်နိုင်ငံရေး ဘယ်လိုဆွေးနွေးကြမှာလဲ

    -

    အောက်တိုဘာ ၁၈ ရက်မှ ၂၁ ရက်နေ့အထိ ၄ ရက်တာ ကျင်းပသည့် စတုတ္ထအကြိမ် နိုင်ငံရေးဆွေးနွေးပွဲမူဘောင် Political Frame Work ပြန်လည်သုံးသပ်ခြင်းအစည်းအဝေးတွင် မူဘောင်တစ်ခုလုံး ပြန်လည်သုံးသပ်ခဲ့ကြပြီးဖြစ်သလို ယင်းဆောင်ရွက်ထားမှုများကို မကြာမီကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးတွင် ဆက်လက်အတည်ပြုသွားမည်ဖြစ်ကြောင်း သိရပါသည်။

    အဆိုပါမူဘောင်ပြန်လည်သုံးသပ်ခြင်းအစည်းအဝေးမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တရားဝင်နိုင်ငံရေးပါတီ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် NCA လက်မှတ်မရေးထိုးဖြစ်သေးသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ DPN အဖွဲ့တို့ပါဝင်ဆွေးနွေးခဲ့ပြီး လူထုအားအသိပေးလိုသော ရလာဒ်အချို့ကို သတင်းမီဒီယာတွေကတဆင့် အောက်တိုဘာ ၂၂ ရက်နေ့က သတင်းစာရှင်းပွဲတွင် အသိပေးခဲ့ပြီး ဖြစ်ပါသည်။

    Political Frame Work ပြန်လည်သုံးသပ်ခြင်းအစည်းအဝေး(NRPC)
    Political Frame Work ပြန်လည်သုံးသပ်ခြင်းအစည်းအဝေး(NRPC)
    UPDJC အတွင်းရေးမှူး ဦးလှမောင်ရွှေက “ဒီနေ့ ကျွန်တော်တို့ အချောသပ်နိုင်ခဲ့တဲ့ မူဘောင်သုံးသပ်မှုတွေနဲ့ လုပ်ငန်းလမ်းညွှန် ToR အားလုံးကို ဒီလ ၂၈ ရက်နေ့ နေပြည်တော်မှာလုပ်မယ့် UPDJC အစည်းအဝေးမှာ တင်ပြပြီးတော့ အတည်ပြုချက်ယူပါမယ်။ အဲဒီမှာ အတည်ပြုချက်ရရင်တော့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကို လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လုပ်ပါမယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က UPDJC ရဲ့ ဥက္ကဋ္ဌပါ”ဟု ပြောသည်။

    အဓိကစိတ်ဝင်စားမိသည်မှာ လာမည့်နိုဝင်ဘာအတွင်း အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကျင်းပမည့် အစီအစဉ်ပဲ ဖြစ်ပါသည်။ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေကို အကြောင်းအရာအလိုက်၊ လူမျိုးအလိုက်၊ ဒေသအလိုက်ဆိုပြီး ၇ ပြည်နယ် တိုင်းဒေသကြီး ၇ တိုင်းနှင့် နေပြည်တော်ကောင်စီလည်း ပါဝင်သဖြင့် ၁၅ နေရာ ကျင်းပသွားဖို့၊ ပဏာမအနေဖြင့် ပဋိပက္ခမရှိသည့် မွန်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့မှာ ကျင်းပဖို့ ရည်ရွယ်ထားကြောင်း သိရှိရပါသည်။

    ပြည်နယ်နှင့် တိုင်းဒေသကြီး တစ်ခုစီတွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကြီးကြပ်မှု ကော်မတီ ဖွဲ့စည်းသည့်နေရာမှာ အစိုးရ၊ လွှတ်တော်၊တပ်မတော်ကို ကိုယ်စားပြု ၃ ဦး၊ နိုင်ငံရေးပါတီ ၃ ဦးနှင့် တိုင်းရင်းသားလက်နက်ကိုင် ၃ ဦးစီ စုစုပေါင်း ၉ ဦး ကော်မတီပါဝင်မည်ဟုလည်း ဆိုပါသည်။

    UPDJC အဖွဲ့ဝင် မွန်အမျိုးသားပါတီမှ မင်းကျော်ဇေယျဦးက “အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲ ကျင်းပတဲ့နေရာမှာ ကျွန်တော်သတင်းစကားတစ်ခု ပါးချင်ပါတယ်။ ဒါကတော့ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေ အားလုံးက အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်ခွင့်၊ ဦးဆောင်ကျင်းပခွင့်ရှိတယ်ဆိုတာ ဆွေးနွေးပွဲ (မူဘောင်ပြန်လည်သုံးသပ်ခြင်းအစည်းအဝေး) က ဆုံးဖြတ်နိုင်ခဲ့တယ်။ UPDJC က အတည်ပြုဖို့ပဲ ကျန်တယ်” ဟု အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများတွင် နိုင်ငံရေး၊ ကာကွယ်ရေး၊ လုံခြုံရေး၊ လူမှုရေး၊ မြေယာနှင့်သယံဇာတ ခေါင်းစဉ်ကဏ္ဍငါးခုအောက်က ဆွေးနွေးမည့်အကြောင်းအရာ ၁၀ ခုပါဝင်သော်လည်း ခုနစ်ခုမျှသာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရပါသည်။

    နိုင်ငံရေးပါတီအစုအဖွဲ့၏ UPDJC အတွင်းရေးမှူး စိုင်းကျော်ညွန့်က “အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမှာ ကဏ္ဍ ၅ ခုရှိတယ်၊ ကဏ္ဍတစ်ခုစီမှာ အကြောင်းအရာ နှစ်ခုစီပါမယ်၊ လုံခြုံရေးကဏ္ဍအောက်မှာရှိတဲ့ ခေါင်းစဉ် ၂ ခုကိုတော့ အမျိုးသားအဆင့်မှာ မချတော့ဘူး၊ အဲဒါတွေကတော့ နိုင်ငံကာကွယ်ရေးဆိုင်ရာကိစ္စရပ်တွေနဲ့ လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းရေးကိစ္စတွေပါ၊ ဒီနှစ်ခုက လုံခြုံရေးဆိုင်ရာကို အမျိုးသားအဆင့်ထိ ဆွေးနွေးတယ်ဆိုတော့ ငြိမ်းချမ်းရေးကိုရှေးရှုတဲ့အချိန်မှာ ဒီထက်ပိုပြီးရှုပ်ထွေးလာနိုင်တဲ့အတွက် ဒါကိုတော့ အမျိုးသားအဆင့်မှာမဆွေးနွေးဘဲ ပြည်ထောင်စုအဆင့်မှာ ဆွေးနွေးမယ်ဆိုပြီး စဉ်းစားဆုံးဖြတ်ထားတာတော့ ရှိပါတယ်။ နောက်ကျန်တဲ့ ရှစ်ခုထဲမှာမှ စဉ်းစားနေတာက ကိုးကွယ်ယုံကြည်မှုနဲ့ဆိုင်တဲ့ကိစ္စပေါ့။ ဒီနိုင်ငံမှာက ကိုးကွယ်ယုံကြည်မှုလည်း များတယ်ဆိုတဲ့အခါကျတော့ အပေါ်မှာပဲဆွေးနွေးပြီးမှ အောက်ကိုချပေးမလား။ ဒါမှမဟုတ် အပေါ်မှာပဲ နိုင်ငံတော်သွားချင်တဲ့လျှို့ဝှက်မူ အနေနဲ့ပဲထားပြီး ဆွေးနွေးမလားပေါ့” ဟုပြောသည်။

    သို့ရာတွင် NCA စာချုပ်ပါ နိုင်ငံရေးတွေ့ဆုံဆွေးနွေးခြင်း အပိုဒ် ၂၁ နှင့် အားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ ကျင်းပခြင်း အပိုဒ် ၂၂ အရ လက်မှတ်ရေးထိုးခြင်းမရှိသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် “အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ” တွင်ပါဝင်ခွင့်မရှိပေ။

    NCA လက်မှတ်ရေးထိုးထားသည့် ချင်းအမျိုးသားတပ်ဦး CNF ဒုဥက္ကဌ ဒေါက်တာဆလိုင်းလျန်မှုန်း ဆာခေါင်က “NCA ကို အခြေခံပြီးတော့ ဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက် တကယ်လို့ သူတို့အနေနဲ့ လက်မှတ်မထိုးဖြစ်ဘူး ဆိုရင်တော့ ဒါကတော့ သူတို့အနေနဲ့ ပါလို့ရမှာ မဟုတ်ဘူး။ ထို့အတွက်ကြောင့်ပဲ သူတို့ပါနိုင်ရေးကိစ္စကို ကျွန်တော်တို့ ကြိုးစားပြီးတော့ ပြီးခဲ့တဲ့ ၂၁ ရာစုပင်လုံမှာ သူတို့ကို လက်မှတ်မထိုး သေးသော်လည်း ပါခိုင်းတယ်။ အခု Review လုပ်တဲ့နေရာမှာလည်း လက်မှတ်မထိုး သေးသော်လည်း ပါခိုင်းတယ်။ဘာဖြစ်လို့ ဒီအချိန်မှာ ပါခိုင်းသလဲဆိုတော့ ကျွန်တော်တို့ Review လုပ်နေတဲ့အခါ ပြင်ဆင်တဲ့နေရာမှာ အားလုံးသူတို့ ပါလို့ရှိရင် သူတို့လက်မှတ်ထိုးပြီးပြီးခြင်း အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲမှာ သူတို့ပါလို့ရမယ်။ ပါဝင်ပတ်သက်လို့ ရမယ်။ ဒါပေမဲ့ တကယ်စပြီးတော့ ပွဲလုပ်တဲ့ အချိန်ထိ သူတို့လက်မှတ် မထိုးသေးဘူး ဆိုရင်တော့ ကျွန်တော်တို့ ဝမ်းနည်းစွာနဲ့ပဲ သူတို့ကို ချန်ထားရမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

    တဖက်တွင်လည်း NCA လက်မှတ်ရေးထိုးမှ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို ဦးဆောင် ကျင်းပခွင့်ရမည်ဆိုခြင်းကြောင့် လက်မှတ်မထိုးရသေးသည့် အဖွဲ့များ၏ နယ်မြေတွင် မည်သူဦးဆောင်မည်နည်းဆိုသည့် အခက်အခဲများကြုံတွေ့နိုင်ကြောင်း DPN အဖွဲ့ခေါင်းဆောင် ခူဦးရယ်က သတင်းဌာနများသို့ အသိပေးပြောကြားခဲ့သည်။

    “ဒီနေရာမှာ ပြောရရင်တော့ အကုန်လုံး အခြေအနေနဲ့ ပတ်သက်လို့ ထဲထဲဝင်ဝင် ငြိမ်းချမ်းရေးဖြစ်စဉ်ကို တကယ်တမ်း ဦးဆောင်နေတာက ကျွန်တော်တို့လက်နက်ကိုင်အဖွဲ့အစည်းတွေက ခပ်များများ ဖြစ်နေတော့ တချို့ပြည်နယ်မှာ ရှိတဲ့ နိုင်ငံရေးပါတီတွေက ငြိမ်းချမ်းရေးကို သိပ်ထဲထဲဝင်ဝင် ပါဝင်ခဲ့တာမရှိဘူး၊ ဒီတော့ သူတို့ ဦးဆောင်မှုက နည်းနည်းလေး အခက်အခဲ တွေ့နိုင်ပါတယ်၊ နိုင်ငံရေးပါတီက ဦးဆောင်ခွင့်ရှိတယ်။ လူမှုအဖွဲ့အစည်းတွေက လူမျိုးစု အလိုက်တွေရှိတယ်၊ ဒါပေမယ့် NCA ကို လက်မှတ်မထိုးရသေးတဲ့ အဖွဲ့အစည်းတွေရှိတဲ့နေရာဒေသတွေမှာ ကျတော့ ဦးဆောင်ခွင့် မရဘူး။ ကျင်းပခွင့်မပြုဘူးဆိုရင်တော့ ကျွန်တော်ထင်တယ် ဒီဒေသမှာရှိတဲ့ လူမျိုးအလိုက်၊အကြောင်းအရာအလိုက်၊ ဆွေးနွေးမယ့်လူတွေအနေနဲ့ နည်းနည်းလေး အခက်အခဲများရှိလေမလားလို့”ဟု ခူဦးရယ်က ဆိုသည်။

    လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ EAO’s နှင့် မြန်မာအစိုးရ တပ်မတော်တို့၏ အနှစ် ၇၀ နီးပါးဖြစ်ပေါ်နေသော ပြည်တွင်းစစ်အဆုံးသတ်ရေးက အဓိကဖြစ်ကြောင်း၊ အဆိုပါပြည်တွင်းစစ်ပဋိပက္ခတွင် တရားဝင်နိုင်ငံရေးပါတီများနှင့် CSO,CBO တို့သည့် အဓိကဇာတ်ကောင်များမဟုတ်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မပါဝင်ဘဲ ငြိမ်းချမ်းရေးကို တဖက်သပ်တည်ဆောက်၍မရနိုင်ကြောင်း ထောက်ပြလိုပါသည်။

    မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ဟံသာကလည်း “အမျိုးသားအဆင့် နိုင်ငံရေးလုပ်သွားမယ့်ကိစ္စမှာ NCA မထိုးရင် ပါဝင်ခွင့်မပေးဘူးဆိုတာက လက်အောက်ခံ ပြဿနာပါ၊ အဓိက နိုင်ငံရေးဆွေးနွေးပွဲမူဘောင် Political Frame Work ပြန်ညှိဖို့လိုတယ်၊ NCCT နဲ့ UPWC ဆွေးနွေးလာတဲ့ကာလတလျှောက်လုံးမှာ အစိုးရ၊ တပ်မတော်၊ လွှတ်တော်က တစ်စု၊ တိုင်းရင်းသားလက်နက်ကိုင်တွေက တစ်စု၊ နိုင်ငံရေးပါတီတွေက တစ်စု လုပ်သွားမယ်လို့ သဘောတူထားကြတယ်၊ ကျန်တဲ့ CBO, CSO နဲ့ ပညာရှင်တွေကျတော့ သက်ဆိုင်တဲ့နယ်ပယ်အလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်သွားဖို့ပါ၊ နောက်ဆုံး ညီလာခံကြီးမှာတော့ ခုနက ၃ စုကပဲ အဆုံးအဖြတ်ပေးကြမယ်လို့ ဆိုခဲ့ကြတယ်၊ အဲဒီအချိန်မှာ NCA ကို ၈ ဖွဲ့နဲ့ပဲ လက်မှတ်ထိုးလိုက်ကြတယ်၊ အဲဒီ ၈ ဖွဲ့နဲ့ပဲ Political Frame Work ကိုရေးဆွဲလိုက်ကြတော့ အမြန်လိုနေတယ်ထင်တယ် ဒါမှမဟုတ် ၈ ဖွဲ့ပဲဆိုတော့ အားကသိ်မရှိတော့ သိပ်မဆွေးနွေးရဲတာလားတော့မသိဘူး ၅ ပွင့်လိုလို ၇ ပွင့်လိုလို ဒါလည်းမသေချာဘူး၊ အနည်းဆုံး ၅ ပွင့်ဖြစ်သွားပြီ၊ အစိုးရ၊ လွှတ်တော်၊ တပ်မတော် ၃ စုခွဲယူလိုက်တယ်၊ တစ်ခုခုဆုံးဖြတ်ရင် သူတို့ ၃ မဲ၊ တိုင်းရင်းသားလက်နက်ကိုင်တွေကတစ်မဲ၊ နိုင်ငံရေးပါတီတွေကတစ်မဲ ဆိုတော့ လုပ်နည်းလုပ်ဟန်မှာ အပေါ်စီးရအောင် ဖန်တီးယူလိုက်တဲ့သဘော၊ အဲဒီလို တရားမျှတမှုမရှိတဲ့နည်းလမ်းနဲ့ ကျနော်တို့ဝင်ရင် ကျနော်တို့နာမှာပဲလို့ မြင်တယ်” ဟု ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ(ပထမအစည်းအဝေး) နေပြည်တော်၌ ကျင်းပအပြီး သတင်းထောက်များနှင့်တွေ့ဆုံပွဲတရပ်တွင် ရှင်းလင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

    ထို့အတူ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေကို မိမိတို့မွန်အမျိုးသားများ သီးသန့်ကျင်းပလိုပါက လွတ်မြောက်နယ်မြေတွင်လည်းကျင်းပပြုလုပ်နိုင်ကြောင်း၊ သို့မဟုတ် NCA အရ ပါဝင်တက်ရောက်ခွင့်မရှိပါက မွန်တိုင်းရင်းသားများအနေဖြင့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကို သပိတ်မှောက်နိုင်ကြောင်း နိုင်ဟံသာက ဆိုသည်။

    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီမှုစာချုပ် NCA ကို ၂ဝ၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် အစိုးရ၊ တပ်မတော်၊ လွှတ်တော်ခေါင်းဆောင်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO’s ၈ ဖွဲ့သာ လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။ သို့ရာတွင် အကြောင်းကြောင့်ကြောင့် ကျန်တိုင်းရင်းသားလက်နက်ကိုင် ၁၃ ဖွဲ့တို့က NCA လက်မှတ်မရေးထိုးဖြစ်သေးပါ။

    NCA စာချုပ်ချုပ်ဆိုပြီးနောက်ပိုင်း ရက် ၉၀ အတွင်း နိုင်ငံရေးဆွေးနွေးပွဲများ စတင်ရမည်ဆိုသဖြင့် သမ္မတဦးသိန်းစိန် အာဏာသက်တမ်းမကုန်မီ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၂-၁၆ ရက်နေ့များတွင် နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာ(၂) MICC2 ၌ ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကျင်းပခဲ့သည်ကို မှတ်မိကြပါလိမ့်မည်။ ထို့အတူ သမ္မတဦးထင်ကျော် တက်လာပြီး မကြာသေးခင် စက်တင်ဘာလကုန်-အောက်တိုဘာလဆန်းပိုင်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ(ပထမအစည်းအဝေး) ကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာ(၂) MICC2 ၌ ထပ်မံကျင်းပပြန်ပါသည်။

    ဦးသိန်းစိန်၊ ဦးထင်ကျော် သမ္မတအဖြစ်ဦးဆောင်သော အစိုးရလက်ထက် ၂ ဆက်စလုံးတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ၂ ကြိမ်တိုင်တိုင် ကျင်းပခဲ့သော်လည်း စစ်မှန်သည့် နိုင်ငံရေးဆွေးနွေးပွဲများကို စတင်နိုင်ခြင်း အလျှဉ်းမရှိသေးကြောင်း လေ့လာတွေ့ရှိရပါသည်။

    မြန်မာနိုင်ငံရှိလူဦးရေ၏ ၄၀% ခန့် နေထိုင်လျက်ရှိသောဒေသများသည် ပဋိပက္ခဖြစ်ပွားရာဒေသများ(သို့မဟုတ်) ပဋိပက္ခသင့်ဒေသများနှင့် ဆက်စပ်လျက်ရှိသောနေရာများဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်အင်အား တစ်သိန်းကျော်ရှိပြီး လက်နက်ကိုင်ပဋိပက္ခများကြောင့် ပြည်တွင်းနေရပ်စွန့်ခွာ နေထိုင်ရသူများ ခြောက်သိန်းငါးသောင်းကျာ်(၆၅၀,ဝ၀ဝ+) ရှိကြောင်း မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူတောင်ရေးလုပ်ငန်းဗဟိုဌာန( Myanmar Peace Center) မှ ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ထုတ်ဝေသော ငြိမ်းချမ်းရေးနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် Peace & NCA စာအုပ်တွင်ဖော်ပြထားသည်။
    ကိုးကားချက်များ

    -အင်တာနက်သတင်းများ
    -မွန်သတင်းအေဂျင်စီ
    -ကြေးမုံသတင်းစာ(အောက်တိုဘာ ၂၁-၂၂)
    – ငြိမ်းချမ်းရေးနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် Peace & NCA
    -တွေ့ဆုံမေးမြန်းချက်

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts