spot_img
Thursday, March 28, 2024
More
    spot_img
    Homeဆောင်းပါးNCA နှင့်ငြိမ်းချမ်းရေးရှာပုံတော်

    NCA နှင့်ငြိမ်းချမ်းရေးရှာပုံတော်

    -

    နှစ်ပေါင်း ၇၀ နီးပါးဖြစ်ပေါ်လျက်ရှိသော မြန်မာနိုင်ငံပြည်တွင်းစစ်တွင် အဓိက တိုက်ရိုက်ပါဝင်ပတ်သက်နေကြသည့် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့အားလုံးတို့ နှစ်ဖက်လက်ခံနိုင်သည့် ခိုင်မာသော သဘောတူညီချက်ကတိကဝတ်များဖြင့် အပစ်အခတ်ရပ်စဲမှုပြုလုပ်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပလိုကြောင်း မကြာမီကကျင်းပပြီးစီးခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ(ပထမအစည်းအဝေး) သက်ဆိုင်ရာခေါင်းဆောင်အသီးသီးတို့၏ ပြောစကားနှင့် မိန့်ခွန်းများတွင် လေ့လာတွေ့ရှိနိုင်ပါသည်။

    လွှတ်တော်အသီးသီးတွင် ၂၅% ကိုယ်စားလှယ်အလိုလိုရယူထားသည့် တပ်မတော်သားကိုယ်စားလှယ်များ ထောက်ခံခြင်းမပြုလျင် လက်ရှိ ၂၀ဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်၍မရနိုင်သည်ကို အားလုံးအသိပင်ဖြစ်ပါသည်။ တဖက်တွင်လည်း သမ္မတဦးသိန်းစိန် လက်ထက်တွင် တပ်မတော်(အစိုးရအပါအဝင်) နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO’s ၁၆ ဖွဲ့တို့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် National Casefire Agreement-NCA ရေးဆွဲနိုင်ခဲ့ပြီး ဖြစ်ပါသည်။ NCA ၏ထူးခြားချက်မှာ လွှတ်တော်ပြင်ပမှ ၂၀ဝ၈ ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်ကြောင်း၊ ၂၀ဝ၈ ဖွဲ့စည်းပုံကို လွှမ်းမိုးနိုင်ကြောင်း NCA စာချုပ်ပါအချက်အလက်တွင် ဖော်ပြထားသည်။

    ၂၁ ရာစုပင်လုံ(ပထမအစည်းအဝေး) တွင် EAO's ခေါင်းဆောင်များတွေ့ရစဉ်(BNA)
    ၂၁ ရာစုပင်လုံ(ပထမအစည်းအဝေး) တွင် EAO’s ခေါင်းဆောင်များတွေ့ရစဉ်(BNA)
    “ကျနော်တို့ NCA စာချုပ်ဆွေးနွေးတုန်းက လွှတ်တော်ပြင်ပဆိုတဲ့စကားကို ကျနော်တို့အမြဲတမ်းသုံးတယ်၊ ဒီငြိမ်းချမ်းရေးဖြစ်စဉ်အားလုံး ဒီဆွေးနွေးပွဲဖြစ်စဉ်အားလုံးက လွှတ်တော်ပြင်ပက လုပ်တာဖြစ်တယ်၊ လွှတ်တော်ပြင်ပမှာလုပ်တယ်ဆိုကတည်းက ၂၀ဝ၈ ဖွဲ့စည်းပုံဥပဒေအပြင်မှာ လုပ်တာဖြစ်တယ်၊ ကျနော်တို့သည် ၂၀ဝ၈ ဖွဲ့စည်းပုံဥပဒေရဲ့လွှမ်းမိုးမှုအောက်မှာမရှိဘူး၊ ဒီငြိမ်းချမ်းရေးဖြစ်စဉ်တွေဟာ ၂၀ဝ၈ ဖွဲ့စည်းပုံအောက်မှာ ကျင်းပနေတာမဟုတ်ဘူး” ဟု ချင်းအမျိုးသားတပ်ဦး CNF ဒုဥက္ကဌ ဒေါက်တာဆလိုင်းလျန်မှုန်း ဆာခေါင်က ရှင်းပြခဲ့သည်။

    NCA စာချုပ် အပိုဒ် ၂၂ (ဃ) “ပြည်ထောင်စုညီလာခံမှထွက်ပေါ်လာသော ဆုံးဖြတ်ချက်များအပေါ်အခြေခံ၍ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဥပဒေများကိုလိုအပ်သလို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ပယ်ဖျက်ခြင်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီပြုလုပ်ရန် သဘောတူသည်” ဟု ဖော်ပြပါရှိသဖြင့် လက်ရှိ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း လွှတ်တော်ပြင်ပကနေပြီး လိုအပ်သလိုပြင်ဆင်ဖြည့်စွက်နိုင်ကြောင်း မှတ်ယူရမည် ဖြစ်ပါသည်။

    ထို့ကြောင့် ပြီးခဲ့သည့် သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံတော်အစိုးရနှင့် ကရင် KNU, DKBA, KNU/KNLA-PC, ရှမ်း RCSS/SS, ရခိုင် ALP, ချင်း CNF, ပအိုဝ်း PNLO, မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF စသည့်တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့တို့ NCA သဘောတူညီချက်လက်မှတ်ရေးထိုးထားပြီး ဖြစ်ပါသည်။

    သို့ရာတွင် UNFC အဖွဲ့ဝင်များဖြစ်သည့် ကချင် KIO, မွန် NMSP, ကရင်နီ KNPP, ရခိုင် ANC, ရှမ်း SSPP/SSA, လားဟူ LDU, ဝအမျိုးသားအဖွဲ့ချုပ် WNO, အဖွဲ့ဝင်အဖြစ်နုတ်ထွက်လွှာတင်ထားသည့် တအာင်း(ပလောင်) TNLA, ကိုးကန့် MNDAA, အဖွဲ့ဝင်အဖြစ်အဆိုပြုထားသည့် ရခိုင်တပ်မတော် AA အပြင် UNFC အဖွဲ့ဝင်မဟုတ်သော “ဝ”UWSP, မိုင်းလား NDA, နာဂ NSCN-K ၁၃ ဖွဲ့တို့က NCA လက်မှတ်မရေးထိုးရသေးပေ။

    UNFC ဒုဥက္ကဌနိုင်ဟံသာက “အစိုးရရဲ့ UPWC နဲ့ ကျနော်တို့ NCCT-SD တွေ ၁၇ လကြာ အချိန်ဆွေးနွေးပြီး စာချုပ်မူကြမ်းရေးဆွဲအတည်ပြုနိုင်ခဲ့တယ်၊ NCCT မှာ ပလောင်၊ ကိုးကန့်၊ ရခိုင် AA အဖွဲ့တွေလည်းပါဝင်ခဲ့တာပါ၊ NCA လက်မှတ်ရေးထိုးတော့မှ အစိုးရက ဒီ ၃ ဖွဲ့မပါဝင်ရဘူးဆိုတာကို ကျနော်တို့လက်မခံတာပါ၊ ဒီတစ်ချက်လည်းပါဝင်တယ်” ဟု ဆိုသည်။

    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဘက်မှ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး အလုပ်အဖွဲ့ကို NCCT ကို နိုင်ဟံသာ ခေါင်းဆောင်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၊ ကရင်အမျိုးသားအစည်းအရုံး KNU ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ၊ မွန်ပြည်သစ်ပါတီ NMSP ၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ၊ တအာင်း(ပလောင်)ပြည်နယ်လွတ်မြောက်ရေး တပ်ဦး TNLA၊ ‘ဝ’ အမျိုးသားအဖွဲ့ချုပ် WNO၊ ကိုးကန့် MNDAA ၊ ရက္ခိုင့်တပ်မတော် AA၊ ရခိုင်အမျိုးသား လွတ်မြောက်ရေးပါတီ ALP၊ ရခိုင်အမျိုးသားကောင်စီ ANC ၊ ချင်းအမျိုးသားတပ်ဦး CNF၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC၊ ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသားတပ်မတော် DKBA နှင့် လားဟူဒီမိုကရက်တစ် ယူနီယံ LDU ၁၆ ဖွဲ့တို့ NCA ကိုပါဝင်ရေးဆွဲခဲ့ခြင်း ဖြစ်သည်။

    အဓိကအရေးကြီးသော အချက်တစ်ချက်မှာ အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့တို့သဘောတူညီထားသည် လက်ရှိ “နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်” The Framework for Political Dialogue ထဲက အချက်အလက်အချို့ ပြန်လည်ပြင်ဆင်ရန် UNFC က လိုလားလျက်ရှိပြီး ညှိနှိုင်း၍အဆင်ပြေပါက NCA စာချုပ်ကိုလက်မှတ်ထိုးမည်ဟုလည်း နေပြည်တော်၌ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ(ပထမအစည်းအဝေး) ကျင်းပအပြီး နိုင်ဟံသာက သတင်းထောက်များနှင့်တွေ့ဆုံပွဲတစ်ခုတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

    နိုင်ဟံသာက “နိုင်ငံရေးမူဘောင် Framework မှာ အဓိကပြင်ဖို့က အဲဒီငါးပွင့်ဆိုင်လိုလို၊ ခုနစ်ပွင့်ဆိုင်လိုလိုဖြစ်နေတာကို ပယ်ဖျက်ပေးဖို့။ အဓိကကတော့အဲဒီကိစ္စပါဘဲ။ သုံးပွင့်ဆိုင်ကို လက်ခံရင် အဲဒီမူဘောင်ကို လက်ခံနိုင်တယ်။ NCA ထိုးဖို့ မထိုးဖို့ကိစ္စကအဲဒီ Framework ညှိနှိုင်းတဲ့အပေါ်မှာ မူတည်တယ်။ဒီကြားထဲမှာ Framework ညှိနှိုင်းမယ်။တကယ်လို့ Framework ညှိနှိုင်းလို့ သဘောကျပြီး လက်ခံနိုင်ပြီဆိုရင် အချိန်မရွေး NCA လက်မှတ်ရေးထိုးမယ်”ဟု ဆိုသည်။

    ဆိုလိုသည်မှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်ပါဝင်အစုအဖွဲ့တစ်စု၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးပါဝင်သော အစုအဖွဲ့တစ်စုနှင့် တရားဝင်နိုင်ငံရေးပါတီများအားလုံးပါဝင်သော အစုအဖွဲ့တစ်စုတို့မှ အရေအတွက်အချိုးအစားညီမျှစွာပါဝင်သော သုံးပွင့်ဆိုင်ဖြစ်ကြောင်း နိုင်ဟံသာက ဆက်လက်ရှင်းပြသည်။

    ပြီးခဲ့သည့်စက်တင်ဘာလ (၁၁) ရက်နေ့စွဲဖြင့် ထုတ်ပြန်သော UNFC ကျေညာချက်တွင် “နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သော ၂၁-ရာစုပင်လုံညီလာခံမှာ ပွင့်လင်းမြင်သာမှုရှိစွာဖြင့် လူထုသို့သက်သေထူ၍တင်ပြခဲ့သည့် သမိုင်းဝင် အစည်းအဝေး ကြီးတစ်ခုအဖြစ် မှတ်ယူပါကြောင်း၊ ဤသို့ကျင်းပနိုင်ရန် ကြိုးပမ်းလုပ်ဆောင်ခဲ့ကြသည့် သမ္မတဦးထင်ကျော်ဦးဆောင်သောအစိုးရနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့အား ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါကြောင်း ဖော်ပြပါရှိသည်။

    သို့ရာတွင် အစိုးရအနေဖြင့် အားလုံးပါဝင်ရေးကို ဆက်လက်ဖော်ဆောင်ရန်လိုအပ်နေသေးပြီး မြေပြင်တွင် ဖြစ်ရှိနေသည့် မြန်မာ့တပ်မတော်၏ထိုးစစ်ဆင်မှုများအားလုံး အမြန်ဆုံးရပ်တန့်ကာ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းဖြင့်အဖြေရှာရေး နိုင်ငံရေးယဉ်ကျေးမှုသစ်တစ်ရပ်ကို လက်တွေ့ ကျင့်သုံး၍ အဖြေရှာရန် လိုအပ်ပါကြောင်း၊ UNFC အနေဖြင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအပါအဝင် ပြည်တွင်းငြိမ်းချမ်းရေးနှင့် စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးတို့ကို ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သဘောထား ထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည်။

    ဒေါက်တာဆလိုင်းလျန်မှုန်း ဆာခေါင်က ငြိမ်းချမ်းရေးဖြစ်စဉ်တွင် NCA လက်မှတ်မထိုးရသေးသောအဖွဲ့များ ပါဝင်နိုင်ရေးအတွက် ကျင်းပပြီးစီးခဲ့သော ပြည်တောင်စုညီလာခံ- ၂၁ ရာစုပင်လုံညီလာခံ(ပထမအစည်းအဝေး)က တံခါးအကျယ်ကြီးဖွင့်ပေးခဲ့ကြောင်း၊ NCA လက်မှတ်ထိုးခြင်းမထိုးခြင်းအပေါ်အခြေမခံဘဲ အားလုံးပါဝင်လာရေးအတွက်လုပ်ဆောင်ခဲ့သဖြင့် UNFC အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အများစုပါဝင်လာခဲ့ကြောင်း၊ UNFC ဥက္ကဌအနေဖြင့်လည်း ညီလာခံဖွင့်ပွဲနေ့တွင်မိန့်ခွန်းပြောကြားခဲ့ကြောင်း၊ အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့၏ သဘောထားကျယ်ပြန့်မှုကို မြင်တွေ့နိုင်ကြောင်းဟု ဆိုသည်။

    “အခုဒီညီလာခံကျင်းပပြီး ဆက်သွားမယ့်အထဲမှာတော့ စည်းစံနစ်တကျဆောင်ရွက်ဖို့လိုတယ်၊ ဒီငြိမ်းချမ်းရေးဖြစ်စဉ် နိုင်ငံရေးဖြစ်စဉ်တွေကိုသွားတဲ့နေရာမှာ မူဘောင်တွေစံနစ်တကျသတ်မှတ်ဖို့လိုတယ်၊ အဲဒီလိုသွားနိုင်ဖို့ဆိုရင် NCA စာချုပ်က အခြေခံဖြစ်တယ်၊ ပစ်ရင်းတိုက်ရင်းခိုက်ရင်းနဲ့ ကျနော်တို့ ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်လို့မရဘူး၊ ပစ်ခတ်မှုတွေ တိုက်ခိုက်မှုတွေ တိုက်ပွဲတွေအရင်လျော့ချဖို့အတွက် အရင်ဟန့်တားဖို့အတွက် ပထမအဆင့်အနေနဲ့ NCA လက်မှတ်ထိုးဖို့ လိုအပ်တယ်”ဟု ဒေါက်တာဆလိုင်းလျန်မှုန်း ဆာခေါင်က ပြောသည်။

    မည်သို့ပင်ဆိုစေကာမူ NCA လက်မှတ်မထိုးပါက လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ခွင့်မရှိသလို ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC တွင်လည်းပါဝင်ခွင့်မရကြောင်း၊ ထို့အတူ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများမှတဆင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့ တက်လာမည့်ဆွေးနွေးပွဲများကိုလည်း ပါဝင်ခွင့်ရှိမည်မဟုတ်ကြောင်း၊ NCA စာချုပ်ဖြစ်မြောက်ရေး အားလုံးပါဝင်ဆွေးနွေးသဘောတူညီခဲ့ကြသည့်အဖွဲ့အစည်းများအနေဖြင့် လက်မှတ်ထိုးဖို့လိုအပ်ကြောင်း ဒေါက်တာဆလိုင်းလျန်မှုန်း ဆာခေါင်က တိုက်တွန်းလိုက်ပါသည်။

    သူက “ သုံးပွင့်ဆိုင်ကိစ္စကို ၁၉၉၄ ခုနှစ်ကတည်းက ကမ္ဘာကုလသမဂ္ဂအထွေထွေညီလာခံမှာ မူကျအောင်ကျနော်တို့ ကြိုးစားခဲ့တယ်၊ ကျနော်တိ်ု့အစကတည်းကပါဝင်ခဲ့လို့ ဒီကိစ္စကိုကျနော်သိတယ်၊ အဲဒီတုန်းက ကျနော်တို့ဆိုလိုတာက အုပ်စုသုံးစုအတူတူထိုင်မယ်ဆိုတာထက် နဂိုလ်မူလကျနော်တို့စဉ်းစားချက်က ဒီတိုင်းပြည်မှာရှိနေတဲ့ ပြဿနာသုံးရပ်ကိုဖြေရှင်းဖို့၊ ပြဿနာက ပိုအရေးကြီးတယ်” ဟု ပြောသည်။

    ထိုစဉ်ကာလ သုံးပွင့်ဆိုင်သည် ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ ပြည်တွင်းစစ်ချုပ်ငြိမ်းရေးနှင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းစေရေး စသည့် ပြဿနာသုံးရပ်ကို ရည်ညွှန်းခဲ့ခြင်း ဖြစ်ကြောင်း၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီ၊ ပြည်တွင်းစစ်ချုပ်ငြိမ်းစေရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းစေရေးအတွက် တပ်မတော်ပါဝင်ဖို့လိုအပ်ကြောင်း၊ စစ်အာဏာရှင်စနစ်ရှိနေသ၍ ဒီမိုကရေစီနိုင်ငံနှင့် ဖက်ဒရယ်စနစ်ထူထောင်မရနိုင်သလို ပြည်တွင်းငြိမ်းချမ်းရေးကိုလည်း တည်ဆောက်၍မရနိုင်ကြောင်း၊ တပ်မတော်ကိုယ်တိုင်ပါဝင်မှသာလျင် စစ်အာဏာရှင်စနစ်ဖြေရှင်းနိုင်မည်ဟု သူကဆိုပါသည်။

    လက်ရှိနိုင်ငံရေးမူဘောင်ကို သုံးသပ်လျင် NCA စာချုပ်ကိုအခြေခံပြီး လက်ရှိသွားနေသည့်လမ်းကြောင်းအားလုံးတွင် သုံးပွင့်ဆိုင်ဖြစ်မနေပေ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM သည် NCA စာချုပ်အရ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် နိုင်ငံရေးဆွေးနွေဖြစ်စဉ်များတွင် အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းဖြစ်ပြီး အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းသာပါဝင်သည့် “နှစ်ပွင့်ဆိုင်” ဖြစ်ပါသည်။ လက်ရှိ JICM တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော် ၈ ဦးနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ၈ ဦး စုစုပေါင်း ၁၆ ဦးသာပါဝင်လျက်ရှိသည်။

    နောက်တဆင့် အဓိကနိုင်ငံရေးဆွေးနွေးရမည့်ယန္တရားဖြစ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်ပါဝင်သောအစုအဖွဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများပါဝင်သော “သုံးပွင့်ဆိုင်” ဖြစ်နေသည်။ ၂၁ ရာစုပင်လုံညီလာခံကျင်းပရေးကို ပူးတွဲ ဦးစီးသည့် ကော်မတီဖြစ်ပါသည်။ အစိုးရ ၉ ဦး၊ လွှတ်တော် ၂ ဦး၊ တပ်မတော် ၅ ဦး- စုစုပေါင်း ၁၆ ဦး။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ၁၆ ဦး၊ တရားဝင်နိုင်ငံရေးပါတီများ ၁၆ ဦး စုစုပေါင်း ၄၈ ဦး အရေအတွက်အချိုးအစားညီမျှစွာပါဝင်လျက်ရှိသည်။

    အမြင့်ဆုံးအဆင့်ဖြစ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ UPC သည် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများနှင့် UPDJC အဆင့်ဆွေးနွေးချက်များကို အတည်ပြုမည့်နေရာဖြစ်သည်။ NCA စာချုပ် အပိုဒ် ၂၂ (က) နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲအဆင့်ဆင့်တွင် အားလုံးပါဝင်ရေးမူကိုအခြေခံ၍ အစိုးရအဖွဲ့၊ လွှတ်တော်နှင့် တပ်မတော်တို့၏ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတို့၏ ကိုယ်စားလှယ်များ၊ တရားဝင်နိုင်ငံရေးပါတီကိုယ်စားလှယ်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် အခြားပါဝင်သင့် ပါဝင်ထိုက်သောကိုယ်စားလှယ်များ ပါဝင်ကြမည်ဆိုသဖြင့် “ငါးပွင့်ဆိုင်” ဖြစ်နေပါသည်။ နိုင်ဟံသာ ထောက်ပြနေသည့် “ငါးပွင့်ဆိုင်” ဆိုသည်မှာ ဤအချက်ကို ရည်ညွှန်းသည်ဟု ယူဆရပါသည်။

    စစ်အစိုးရလက်ထက် လွန်ခဲ့သည့် အနှစ် ၂၀ ကျော်ကာလက တောင်းဆိုခဲ့ကြသော “သုံးပွင့်ဆိုင်” အနက် အဓိကတစ်ပွင့်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီသည် လက်ရှိနိုင်ငံတော်၏အစိုးရအဖွဲ့ကို ဦးဆောင်နေသလို လွှတ်တော်အသီးသီးတွင်အမတ်နေရာအများဆုံး ရရှိထားသောပါတီဖြစ်နေသဖြင့် ယနေ့မြန်မာ့နိုင်ငံရေးအခင်းအကျင်း ထူးခြားစွာပြောင်းလဲနေပြီ ဖြစ်ပါသည်။

    ထို့ကြောင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလက် ဒေါ်အောင်ဆန်းစုကြည် အဖွင့်မိန့်ခွန်းပါ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ရမည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး NCA လက်မှတ်ထိုးရမည်ဟု တိုက်တွန်းချက်ကို သတိပြုသင့်သည်၊ ဒေါ်အောင်ဆန်းစုကြည်က NCA သည် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးအတွက် အစဦးခြေလှမ်းဖြစ်သည်၊ နိုင်ငံရေးဆွေးနွေးပွဲများကို NCA ပေါ်အခြေခံပြီးလုပ်ရမည်၊ NCA မထိုးရသေးသော အဖွဲ့များ ပါလာအောင် အထူးအလေးထား လုပ်ဆောင်သွားမည်ဟု ဆိုခဲ့သည်၊ ဘုံသဘောတူညီချက်ဖြစ်သည့် NCA ထီးရိပ်အောက်တွင် အားလုံးရောက်ရှိအောင် ကြိုးပမ်းသွားမည်ဟု ဆိုပါသည်။

    “နေ့တိုင်းနေ့တိုင်းဟာ အခွင့်ကောင်းပါ။ အခွင့်အရေးအသစ်ပါ။ တနေ့ ပြန်ပြီးတော့ လင်းလာတာနဲ့ တခါ မိုးလင်းတာနဲ့ တခါ ကိုယ့်မှာ အခွင့်အရေး အသစ်တွေရလာတာပါ။ ဒီအခွင့်အရေးအသစ်တွေကို ကျွန်မတို့ ထိုက်ထိုက်တန်တန် သုံးကြပါလို့ ကျွန်မက တိုက်တွန်းချင်ပါတယ်။ ဒီအခွင့်အရေးသစ်တွေကို ထိုက်ထိုက်တန်တန် သုံးခြင်းအားဖြင့် ကျွန်မတို့လိုချင်တဲ့ ပန်းတိုင်ကို ရောက်မှာပါ” ဟု စက်တင်ဘာ ၃ ရက်နေ့ ၂၁ ရာစုပင်လုံညီလာခံ အပိတ်မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့သည်အချက်ကိုလည်း သတိမူသင့်သည်။

    သို့ရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ချမှတ်ထားသည့် “ငြိမ်းချမ်းရေး ရရှိရန် အမှန်တကယ် ဆန္ဒရှိရန်၊ သဘောတူစာချုပ်များကို ကတိတည်ရန်၊ ငြိမ်းချမ်းရေး သဘောတူညီချက်ကို အမြတ်မထုတ်ရန်၊ ဒေသခံ ပြည်သူများကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန်၊ နိုင်ငံတော်က ထုတ်ပြန်ထားသော တည်ဆဲဥပဒေများကို တိတိကျကျ လိုက်နာရန်၊ ဒို့တာဝန် အရေးသုံးပါးနှင့် ဒီမိုကရေစီ အနှစ်သာရကို လက်ခံပြီး ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ဒီမိုကရေစီ လျှောက်လှမ်းမှုကို လိုက်နာဆောင်ရွက်ရန်” ဆိုသည့် မူဝါ ၆ ရပ်ကိုလည်း ၂၁ ရာစုပင်လုံ(ပထမအစည်းအဝေး) မိန့်ခွန်းတွင် ထပ်မံညွှန်းဆိုပြောကြားပြန်သဖြင့် တပ်မတော်၏သဘောထား ပြောင်းလဲမှုမရှိသေးကြောင်း သိသာနေပါသည်။

    အချုပ်အားဖြင့်ဆိုရသော် အစိုးရ၏ငြိမ်းချမ်းရေးကော်မရှင် တာဝန်ရှိသူများနှင့် UNFC ဖွဲ့စည်းထားသော နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ DPN တို့ ယခုစက်တင်ဘာလကုန်ပိုင်းအတွင်း ထပ်မံတွေ့ဆုံဆွေးနွေးကြဦးမည်ဖြစ်သည်။ ပြီးခဲ့သည့် သြဂုတ်လလယ် ရန်ကုန်မြို့၌ အစိုးရ၏ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့ နိုင်ငံရေးမူဘောင် Framework ပြင်ဆင်ရေးဆွဲရေး တွေ့ဆုံဆွေးနွေခဲ့ကြရာတွင် “အစိုးရအနေဖြင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ကြေညာရန်” ဟူသည့် UNFC ၏ တောင်းဆိုချက်တရပ်ကို သဘောတူညီချက်မရရှိခဲ့ခြင်းက တစ်ဆို့မှုတစ်ခုထပ်မံဖြစ်ပေါ်နေပြီး ပါဝင်သင့်သူများ NCA လက်မှတ်ထိုးရေးကိစ္စသည်လည်း ငြိမ်းချမ်းရေးရှာပုံတော်ကြီးပင် ဖြစ်နေပါကြောင်း။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts