မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / အမြင်နှင့်သုံးသပ်ချက် / ကိုလံဘီယာ ငြိမ်းချမ်းရေးအဖြေနှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးမေးခွန်းများ

ကိုလံဘီယာ ငြိမ်းချမ်းရေးအဖြေနှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးမေးခွန်းများ

ရေးသားသူ:

သြဂုတ်လ (၂၅) ရက်နေ့မှာကိုလံဘီယာ နိုင်ငံအစိုးရနဲ့ လက်ဝဲဝါဒီကိုလံဘီယာတော်လှန်ရေး အင်အားစု (FARC) သူပုန်ကိုယ်စားလှယ်များဟာ ကျူးဘားနိုင်ငံမြို့တော် ဟာဗာနာ Havana မှာ ငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ပြီဖြစ်ပါတယ်။

(FARC) ဟာ ကိုလံဘီယာကွန်မြူနစ်ပါတီ (PCC) ရဲ့ လက်နက်ကိုင်အဖွဲ့အဖြစ်နဲ့ (၁၉၆၄) မှာ စတင်ထူထောင်ခဲ့ တာဖြစ်ပါတယ်။ နိုင်ငံအကြွေးကျေဘို့ ကြီးမားကျယ်ပြန့်တဲ့ လယ်ယာမြေတွေကို လက်တဆုပ်စာ လူချမ်းသာ တွေဆီ အစိုးရက ရောင်းချရာကနေ နိုင်ငံတွင်မညီမျှမှု ပိုမိုတိုးပွါးလာခြင်းဟာ တော်လှန်ရေးရဲ့ ဇစ်မြစ်ဖြစ်တယ်။ (FARC) အဖွဲ့ခေါင်းဆောင်တွေက မြေယာအခွင့်အရေးအတွက် အလယ်ပိုင်း တိုလီမာပြည်နယ်မှာ စိုက်ပျိုးရေး ဘုံမြေတွေ တည်ထောင်ခဲ့တယ်။ ဒါကို ဖျက်ဆီးခြေမှုန်းဘို့ ကိုလံဘီယာစစ်တပ်နဲ့ ရဲတို့ကို အမေရိကန်က ဒေါ်လာသန်းချီ အကူအညီပေးအပ်ခဲ့တယ်။ ဒါပေမဲ့ အောက်ခြေလူထု ထောက်ခံမှုကြီးမားတဲ့အတွက် (၂၀ဝ၂) ခုနှစ်မှာ အင်အား (၂၀ဝ၀ဝ) အထိရောက်ခဲ့သော်လည်း လက်ရှိအချိန်မှာတော့ အင်အား (၇၀ဝ၀) ခန့်သာ ကျန်တော့တယ်။

shake hands during a signing ceremony of a cease-fire and rebel disarmament deal, in Havana, Cuba. (AP Photo)
shake hands during a signing ceremony of a cease-fire and rebel disarmament deal, in Havana, Cuba. (AP Photo)
ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်းမှာ (FARC) ထိပ်တန်းခေါင်းဆောင်အများစု လုပ်ကြံသတ်ဖြတ်ခံရတဲ့အတွက် အင်အား ချိနဲ့လာတဲ့အပေါ်မှာ (၂၀၁၂) ခုနှစ်ငြိမ်းချမ်းရေး ဆွေးနွေးပွဲပေါ်ပေါက်လာခဲ့တယ်။ လေးနှစ်ကြာ တွေ့ဆုံဆွေးနွေး ညှိုနှိုင်းပြီးတဲ့ နောက်ရရှိလာတဲ့ (၂၀၁၆) ငြိမ်းချမ်းရေးသဘောတူညီချက်က အနောက် ကမ္ဘာခြမ်းရဲ့ သက်တမ်း အရှည်ကြာဆုံးလက်နက်ကိုင် တော်လှန်ရေးကို အဆုံးသတ်စေတော့မှာဖြစ်တယ်။

သဘောတူညီချက်ဟာ စာမျက်နှာပေါင်း (၂၉၇) မျက်နှာရှိပီး လက်နက်ဖြုတ်သိမ်းရေး၊ အဖွဲ့အစည်းဖျက်သိမ်း ရေး၊ ဥပဒေဘောင်အတွင်း နိုင်ငံရေးမှာပါဝင်ခွင့်နဲ့ နိုင်ငံတော်စိုက်ပျိုးရေးပေါ်လစီပြောင်းလဲရေးမှာ ပါဝင်ခွင့်တို့ ရရှိမှာဖြစ်တယ်။ သဘောတူညီချက်တွေကို အောက်တိုဘာလ (၂) ရက်နေ့မှာ လူထုဆန္ဒခံယူပွဲလုပ်ပီး အတည်ပြုရမှာဖြစ်တဲ့အတွက် လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကတော့ မဲပေးပါဝင်ခွင့်ရမှာမဟုတ်ပါဘူး။

ကိုလံဘီယာငြိမ်းချမ်းရေးအစီအစဉ် အောင်မြင်ရေးမှာ နှစ်ဖက်အပေးအယူလုပ်မှုတွေ များစွာတွေ့နိုင်တယ်။ လက်ကျန်သက်တမ်း (၂) နှစ်သာ ကျန်တော့တဲ့သမ္မတဆန်တို့စ် (Juan Manuel Santos) ဟာ သဘောတူညီချက်တွေ အကောင်အထည်ဖော်နိုင်ဘို့ အထူးဥပဒေပြုအာဏာ (၆) လတာရရှိပါလိမ့်မယ်။ (FARC) ကိုလည်း နိုင်ငံရေးပါတီအသွင်ပြောင်းပီး (၂၀၁၈) ခုနှစ်အရောက်မှာ ကိုလံဘီယာအထက်လွှတ်တော် (၅) နေရာနဲ့ အောက်လွှတ်တော် (၅) နေရာမှာ သက်တမ်း (၂) ခုစာ ရွေးကောက်ခံစရာ မလိုနေရာပေးထားမှာဖြစ်တယ်။ ငြိမ်းချမ်းရေးအတွက် ဒီမိုကရေစီကိုစတေးတဲ့ သဘောဖြစ်ပါတယ်။

သဘောတူညီချက်အရ (FARC) တိုက်ခိုက်ရေးသမားများအတွက် လက်နက်ဖြုတ်သိမ်းရေးစခန်းတွေနဲ့ စစ်မဲ့ဇုံ တွေ ထူထောင်ရပါတယ်။ ကျေးရွာအရွယ်အစားရှိမဲ့ ပုံမှန်ပြန်ရောက်ရေးစစ်မဲ့ဇုံ (၂၃) ခုနဲ့ (FARC) တပ်သားတွေ အတွက် စခန်း (၈) ခု ထူထောင်ဘို့ ကြေငြာထားတယ်။ လက်နက်ဖြုတ်သိမ်းရေးကို ရက်ပေါင်း (၁၈၀) အတွင်း အဆင့်လိုက်လက်နက်အပ်ကြရမှာဖြစ်ပီး လက်တင်အမေရိကနိုင်ငံတွေက ပါဝင်သူအများစုနဲ့ ဖွဲ့စည်းထားတဲ့ ကုလသမဂ္ဂမစ်ရှင်က ကြီးကြပ်မှာဖြစ်တယ်။ အဲဒီနေရာမှာ ကိုလံဘီယာတပ်မတော်နဲ့ ရဲတပ်ဖွဲ့အာဏာသက်ရောက်နိုင်မှာမဟုတ်ဘူး။

လက်နက်အပ်ပြောက်ကျားတွေရဲ့လုံခြုံရေးဆိုင်ရာ အာမခံချက်အဖြစ်နဲ့ “လုံခြုံရေးနှင့်ကာကွယ်ရေးတပ်ဖွဲ့” ဆိုပီး (FARC) လူဟောင်းတွေကို ဖွဲ့ခွင့်ပေးထားတယ်။ ကိုလံဘီယာရဲတွေနဲ့ ညှိုနှိုင်းအလုပ်လုပ်သွားရမှာဖြစ်တယ်။ ဒီ (လုံ/ကာ) တပ်ဖွဲ့ (Seculity and Protection Corps) ဟာ (FARC) တွေ အပ်လိုက်တဲ့လက်နက်တွေနဲ့ဘဲ ပြန် လည်တပ်ဆင်ထူထောင်မှာဖြစ်ပေမဲ့ ဒီအခါတော့ သူတို့ခေါင်းဆောင်တွေရဲ့ လုံခြုံရေးသက်တော်စောင့်တွေ အဖြစ်နဲ့ ပြောင်းလဲသွားပြီဖြစ်တယ်။

သဘောတူညီချက်တွေ ရရှိပြီးဖြစ်ပေမဲ့ စိန်ခေါ်မှုတွေ ခြိမ်းခြောက်မှုတွေ မရှင်းလင်းသေးတာတွေတော့ ရှိနေအုန်းမှာဖြစ်တယ်။ လက်နက်ဖြုတ်သိမ်းရေးစခန်းတွေနဲ့ စစ်မဲ့ဇုံတွေက နိုင်ငံလုံးပြန်နှံ့တည်ရှိနေမှာဖြစ်ပီး အချို့ကတော့ အစိုးရအာဏာလက်လှမ်းမမီတဲ့နေရာ (FARC) တို့ရဲ့ ပုံမှန်စစ်ဆင်ရေးလုပ်နေကျနေရာတွေ ဖြစ်တယ်။ လက်တွေ့မှာ ဒီဧရိယာ (၃၁) ခုကို ရေရှည်အကာအကွယ်ပေးဘို့၊ ထောက်ပံ့ဖို့နဲ့ စီမံကွပ်ကဲကြီးကြပ် ရေးလုပ်ငန်းတွေ လည်ပတ်ဘို့ဆိုတာကြီးမားတဲ့ တာဝန်ဖြစ်ပါတယ်။

လက်နက်ဖြုတ်သိမ်းရေးလုပ်ငန်းစဉ်မှာ ခြိမ်းခြောက်နေတဲ့ကဏ္ဍ (၂) ခုရှိတယ်၊ တစ်ခုက ပြောက်ကျားတပ်သား ဟောင်းတွေနဲ့ သူတို့စစ်ဆင်လှုပ်ရှားခဲ့တဲ့ ဒေသခံလူထုတွေကြားဆယ်စုချီပီး တည်ရှိခဲ့တဲ့ အနိုင်ကျင့်ဖိနှိပ်မှုတွေ ကြောင့် ပဋိပက္ခတွေ အကြမ်းဖက်မှုတွေဖြစ်နိုင်ချေရှိပါတယ်။ တင်းမာအကြမ်းဖက်မှုတွေက တဆင့်လယ်သမားတွေနေရာစွန့်ခွါထွက်ပြေးတာဖြစ်ပါတယ်။ ပြောက်ကျားဟောင်းတွေရဲ့လက်မှာလည်စင်းခံနေရသလိုလည်း ဖြစ်နိုင်တယ်။ နောက်ကဏ္ဍတခုက (FARC) ရဲ့စည်းလုံးညီညွတ်မှု နဲ့ ဆိုင်တယ်။ သဘောတူညီချက်ကိုလက်မခံဘဲဆက်လက် လက်နက်စွဲကိုင်လိုတဲ့ အုပ်စုကွဲတွေကို ပီပီပြင်ပြင်မထိမ်းချုပ်နိုင်ခဲ့ယင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေဟာ အလွဲလွဲအချော်ချော် ဖြစ်ကုန်ပါလိမ့်မယ်။

(FARC) အာလုံးဝလက်နက်ဖြုတ်သိမ်းခံပီး အပြည့်အဝ ဖျက်သိမ်းသွားမှာလား (ဒါမှမဟုတ်) ထင်သာမြင်သာ အစိတ်အပိုင်းတခုခု လက်နက်စွဲကိုင်ကျန်ခဲ့မှာလားဆိုတာ အဆုံးအဖြတ်ပေးဘို့ခက်ခဲပါတယ်။ နောက်တခုက (FARC) တွေရဲ့စွန်လွှတ်နယ်မြေတွေထိထိရောက်ရောက် ထိမ်းချုပ်ဘို့ ကိုလံဘီယာအစိုးရမှာ စွမ်းဆောင်ရည်ရှိ ပါ့မလားဆိုတဲ့သံသယဘဲဖြစ်တယ်။

အဖွဲ့အစည်းဖျက်သိမ်းရေးနဲ့ လူအဖွဲ့အစည်းတွင်းပြန်လည်ပေါင်းစည်းရေး လက်တွေ့လုပ်ငန်းတွေအကောင်အ ထည်ဖော်တဲ့ နေရာမှာ စိုးရိမ်စရာအချက်တွေရှိနေတယ်။ ခေါင်းဆောင်နဲ့ငယ်သားရိုးရိုးပြောက်ကျားတွေကို ဘယ်လိုခွဲခြားနေရာချမလဲ၊ တပ်ဖွဲ့ဝင်ဟောင်းတွေကိုလူ့အဖွဲ့အစည်းထဲ ဘယ်လိုပေါင်းစည်းသွတ်သွင်းမလဲဆို တဲ့အသေးစိတ် ကိစ္စတွေဟာအရေးပါတဲ့ အနေအထားမှာရှိပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်စဉ်ရဲ့ အောင်မြင်မှုဟာ ပြောက်ကျားဟောင်းတွေကို သူတို့ရဲ့တပ်ဖွဲ့စည်းပုံ နဲ့ အဆက်ပြတ်သွားအောင် လုပ်နိုင်စွမ်းနဲ့ သာမန်ပြည်သူ့ဘဝ နဲ့ ယဉ်ပါးအသားကျအောင်နေရာချထားနိုင်စွမ်းတို့အပေါ်မူတည်နေတယ်။

တကယ်တော့ကိုလံဘီယာလို တရားမဝင်လက်နက်ဘယ်အချိန်မှာမဆို လွယ်လွယ်ကူကူနဲ့ ရရှိနိုင်တဲ့ တိုင်းပြည်မျိုးမှာ တော်လှန်ရေးတခုရဲ့ နိဂုံးဟာလက်နက်အပ်နှံလွှဲပြောင်းပေး၊ အလွယ်တကူနေရာပြောင်းရွှေ့ရုံ နဲ့ အာမခံ ချက်မရနိုင်ပါဘူး။ (FARC) တွေဟာအဖွဲ့အစည်းကိုလုံးဝဥဿုံဖျက်သိမ်းခံမလိုနဲ့ တပ်ဖွဲ့တွေကိုသာမန်ပြည်ပြည် သူဘဝဆီတဦးချင်းပြန်လည်သွတ်သွင်း ခံပါမလား ဆိုတာကိုစိုးရိမ်မှုရှိခဲ့ပေမဲ့ ပြေလည်မှုရခဲ့တယ်။ (FARC) တွေက လက်နက်ကိုင် အဖွဲ့အစည်းဖြစ်လာရာကနေ နိုင်ငံရေးပါတီအဖြစ်တိုက်ရိုက်ကူးပြောင်းနိုင်ဘို့ တောင်းဆိုသလို မြေယာပြုပြင်ရေးမှာ ဆင်းရဲလယ်သမားတွေကို အစိုးရကထောက်ပံ့ကြေးပေးဘို့ကိုလည်း တောင်းဆိုကြတယ်။

စုပေါင်းစိုက်ပျိုးရေးစီမံကိန်းတွေမှာအောက်ခြေ အကြပ်တပ်သားတွေဟာ သူတိုရဲ့တပ်မှုးဟောင်းတွေအောက်မှာ ဆက်လက်နေထိုင်အလုပ်လုပ်သွားဘို့လိုလားကြတယ်။ ဒါဟာ (FARC) ရဲ့ပုံစံဟောင်းအမိန့်ပေးအမိန့်နာခံစနစ် ကိုပြန်လည်အသက်ဝင်လာစေမှာ ဖြစ်ပီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကနေ နောက်ပြန်လှည်တဲ့အခါလွယ်ကူဘို့ လမ်းဖွင့်သလိုဖြစ်နေမယ်။

ငြိမ်းချမ်းရေးစာချုပ်ကြောင့် မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှုလောကမှာ အပြောင်းအလဲရှိလာနိုင်ပေမဲ့ အစား ထိုးမဲ့ဂိုဏ်းပေါင်းစုံရှိနေတာကြောင့် တရားမဝင်မူးယစ်ဆေးဝါး ရောင်းဝယ်မူကျဆင်းသွားနိုင်စရာ အကြောင်းမရှိပါဘူး။

ကိုလံဘီယာငြိမ်းချမ်းရေးသဘောတူချက် အဖြေဟာလက်တွေ့အကောင်အထည် ဖော်မူမှာ အသေးစိတ်အောင် မြင်မှုတွေ ရပါမှ တကယ့်အဖြေဖြစ်လာမှာဖြစ်တယ်။ ရေရှည်တည်တံ့ပီးတည်ငြိမ်တဲ့ ငြိမ်းချမ်းရေးကို ဦးတည်မှာ လား (ဒါမှမဟုတ်) ပြဿနာအရှုပ်အထွေးတွေနဲ့ အကြမ်းဖက်မှုသံသရာဆီကို တပတ်ပြန်လည်သွားမှာလားဆိုတာက မေးခွန်းဖြစ်နေပါသေးတယ်။

အခြေအနေ အချိန်အခါအရ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစု ပင်လုံညီလာခံနဲ့ တိုက်ဆိုင်နေတာ ကြောင့်မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေး အဖြေနဲ့မေးခွန်းအလားအလာကိုလည်း ချိန်ထိုးဆန်စစ်ကြည့်နိုင်တယ်။

မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြသနာရဲ့ အခြေခံကမြေယာတော်လှန်ရေးလို လူတန်းစားပြသနာက အဓိကမဟုတ်ဘဲ လူမျိုးပေါင်းစုံတို့ရဲ့တန်းတူရေးကိုယ်ပိုင်ပြဌာန်ခွင့် ဖက်ဒရယ်ပြည်ထောင်စုပြဿနာဖြစ်တယ်။ ရှည်ကြာတဲ့နေရာ မှာကိုလံဘီယာက (၅၂) နှစ်ကြာပြီးအဖြေရခဲ့ပေမဲ့ မြန်မာနိုင်ငံမှာ (၆၈) နှစ်ကြာတဲ့တိုင်အောင် အဖြေမရသေးပါဘူး။

(၂၁)ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံ (ပထမအကြိမ်အစည်းအဝေး) ကိုသြဂုတ်လ (၃၁) ရက်နေ့ကနေ စက်တင်ဘာလ (၃) ရက်နေ့ထိ (၄) ရက်တာကျင်းပခဲ့တယ်။ အစိုးရ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားကိုယ်စားလှယ်များနဲ့ ပါဝင်သင့်ပါဝင်ထိုက်သူ များဆိုပီး အစုအဖွဲ့တွေ ခွဲထားပီညီလာခံကိုယ်စားလှယ် (၇၂) ဦးလာငြိမ်းချမ်းရေးပြဿနာနဲ့ ဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်ရေးပြဿနာတို့ကို ခေါင်းတည်ဆွေးနွေးခဲ့ကြတယ်။ ဒီညီလာခံကြီးကို တနိုင်ငံလုံးအပစ် အခက်ရပ်စဲရေး စာချုပ် (NCA) လက်မှတ်ရေးထိုးမထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ (EAO’s) တွေပါဝင် တက်ရောက်လာနိုင်တာက အောင်မြင်မှုဖြစ်ပါတယ်။

မအောင်မြင်မှုလို့ ဆိုနိုင်တာက တင်ပြဆွေးနွေးချက်အတမ်းတွေဖြစ်ပါတယ်။ ငြိမ်းချမ်းရေးညီလာခံလို့ နာမည် တပ်ပီး ဆွေးနွေးနေတဲ့ ကာလမှာလက်နက်ကိုင်တွေရဲ့တိုက်ပွဲတွေယမ်းငွေ့တွေဝေနေဆဲ ဖြစ်တယ်။ ညီလာခံ မတိုင်မီတရက်နှစ်ရက်အလိုထိ သေနတ်သံမစဲလို့ သတင်းတွေက ဆိုပါတယ်။ နောက်တခုက လက်နက်ဖြုတ် သိမ်းရေးအဖွဲ့အစည်းဖျက်သိမ်းရေးနဲ့ ပြန်လည်ပေါင်းစည်းရေးဆိုတဲ့ (DDR) လုပ်ငန်းစဉ်နဲ့ လုံခြုံရေးဆိုင်ရာ ပြု ပြင်ပြောင်းလဲရေး (SSR) တို့အပေါ်အမြင်ခြားနားမှု ဖြစ်နေတယ်။ တပ်မတော်က (DDR) အရင်လုပ်ပီးမှ (SSR) ကိုလုပ်ချင်တယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ (EAOs) တွေက (SSR) ဆိုတဲ့လုပ်ငန်းစဉ်အ ပေါ်မှာ ရှင်းလင်းတဲ့အာမခံချက်တွေရပီးမှ (NCA) ကိုလက်မှတ်ရေးထိုးချင်ကြတယ်။

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဆိုပီး တီထွင်သုံးနှုန်းထားတဲ့ ပြည်ထောင်စုဖွဲ့စည်းရေးဆိုင်ရာကိစ္စမှာလည်း ခြားနာချက်ကြီးမားပါတယ်။ ဒီနေရာမှာ (၂၀ဝ၈) ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကို အဓိကရပ်ခံကာကွယ်သွားတဲ့ အစုအဖွဲ့က တပ်မတော်ဖြစ်ပီး အစိုးရနဲ့ လွှတ်တော်အစုအဖွဲ့က အဖြစ်သဘောသာ ဆွေးနွေးသွားတာတွေ့ရ တယ်။ မြဝတီနေ့စဉ်သတင်းစာမှာ “ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈) ခုနှစ်တွင်ပါရှိသည့် ဖက်ဒရယ်စနစ်ဤ၏ ဝိ သေသလက္ခဏာများ” ဆိုတဲ့ဆောင်းပါးနဲ့ အတိအလင်းကာကွယ်ထားသလို ညီလာခံမှာလည်း ဖြန့်ဝေပါသေး တယ်။

ဒါပေမဲ့ပါတီအတော်များများက ဒါကိုလက်မခံပါ။ နိုင်ငံရေးပါတီအချို့က (၂၀ဝ၈) ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ချက်များများနဲ့ဖက်ဒရယ်အသက်သွင်း ချင်ကြပီး တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတော်တော် များများကအသစ်ပြန်ရေးချင်ကြပါတယ်။ (UNFC) ရဲ့မှုမှာအကြွင်းအကျန်အာဏာကိစ္စ၊ နိုင်ငံနာမည်ပြောင်းချင် တဲ့ကိစ္စ၊ ပြည်နယ်သစ်ကိစ္စတွေပါနေလို့ ခြားနားချက်တွေဟာ သုံးနဲ့လေးလို ဖြစ်နေတယ်။

ဒီနေရာမှာခံရအခက်ဆုံးအချက်တခုက “တပ်မတော်မူ (၆) ချက်” ထဲက “ထာဝရငြိမ်းချမ်းရေးယူရန် အမှန်တ ကယ်ဆန္ဒရှိရမည်” ဆိုတာပါဘဲ။ ငြိမ်းချမ်းရေးဒက်ရာဒက်ချက်တွေကို တကယ်ခံရသူလာ နှစ်ဖက်စလုံးရဲ့တိုက် ခိုက်ရေးသမားတွေဖြစ်ပီး၊ ဒေသနဲ့ ပြည်သူတွေအကြောင်းပြောယင်တိုင်းရင်းသားတွေ၊ တိုင်းရင်းသားဒေသတွေ မှာ ဖြစ်လို့ပိုပီးအထိနာပါတယ်။ တပ်မတော်ကအမှန်တကယ် ဆန္ဒရှိတပ်ဆိုယင် ကျန်တဲ့တိုင်းရင်းသားတွေ ဘက်မှာ အမှန်တကယ် ရဲ့ဟိုဘက်လွန်ပီးဆန္ဒရှိမှာ အသေအချာပါဘဲ။ စိတ္တဇနာမ်တွေကို လက်တွေ့နဲ့အဓိပ္ပါယ်ဖွင့်ရ မှာမို့ လက်တွေ့သာပြစမ်းပါ။

(၂၀ဝ၈) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြောင်းလဲချင်စိတ် အမှန်တကယ်ရှိပါသလား။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ စိုးရိမ်ပူပန်မှုတွေကို အမှန်တကယ် ဖြေလျော့ပေးနိုင်ပါသလား။ (NCA) ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး အမှန်တကယ် လက်မှတ်ထိုးစေချင်ပါသလား။ မေးခွန်းတွေမေးလိုက်ချင်ပါတယ်။

အချုပ်အားဖြင့်ပြောရယင် ကိုလံဘီယာနိုင်ငံမှာ ငြိမ်းချမ်းရေး အဖြေရသွားပြီဖြစ်ပေမယ့် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ပြဿနာ ပင်လုံငြိမ်းချမ်းရေးညီလာခံမှာ မေးခွန်းတွေသာ ပြန်လည်ပေးအပ်ခဲ့ရကြောင်း တင်ပြလိုက်ပါတယ်။

(Ref : Foreing Affairs ဆောင်းပါးများ)

About မွန်သတင်းအေဂျင်စီ

Check Also

UNFC အပေါ်ဂယက်ရိုက်ခတ်လာတဲ့ ပန်ဆန်းကြေညာချက်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP, မိုင်းလားအဖွဲ့ NDAA, ကချင်လွတ်လပ်ရေးအဖွဲ့KIO၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ၊ ကိုးကန့်အဖွဲ့၊ TNLA တအာင်းပလောင်အဖွဲ့၊ ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် …

Leave a Reply

%d bloggers like this: