spot_img
Wednesday, April 24, 2024
More
    spot_img
    Homeသတင်းရေဖြူမြို့နယ်အတွင်း မွန်ပြည်သစ်တပ်နှင့် ကေအဲန်ယူတပ် အဝေးမှလှမ်းပစ်ခတ်မှုဖြစ်ပွား

    ရေဖြူမြို့နယ်အတွင်း မွန်ပြည်သစ်တပ်နှင့် ကေအဲန်ယူတပ် အဝေးမှလှမ်းပစ်ခတ်မှုဖြစ်ပွား

    -

    တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း အခြေချကြသည့် မွန်ပြည်သစ်ပါတီနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့၏ တပ်ဖွဲ့ဝင်များအကြား နယ်မြေပြဿနာနှင့် ပတ်သက်၍ စက်တင်ဘာလ ၈ ရက်နေ့ မွန်းလွဲပိုင်းတွင် လက်နက်များဖြင့် အဝေးမှလှမ်း၍ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း နှစ်ဖက်တာဝန်ရှိသူများက ပြောသည်။

    ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့နယ်ခွဲ၊ အလယ်စခန်းကျေးရွာအုပ်စု၊ သဲချောင်းကျေးရွာအနီးတွင် မိနစ်ပိုင်းခန့် အောက်ခြေတပ်ဖွဲ့ကြား အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး၊ မိမိတို့ဖက်မှ ရည်ရွယ်ချက်ရှိရှိ စတင်ကျူးလွန်ပစ်ခတ်ကြခြင်း မဟုတ်ကြောင်းနှင့် ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း နှစ်ဖက်တာဝန်ရှိသူများက ပြောသည်။

    မွန်-ကရင် အဓိဌာန်ပြု ကျေညာစာတမ်း(Copy)
    မွန်-ကရင် အဓိဌာန်ပြု ကျေညာစာတမ်း(Copy)

    KNU ထားဝယ်ခရိုင် ဆက်ဆံရေးရုံး တာဝန်ခံ ပဒိုဝင်းခိုင်က “အဲဒီနယ်မြေထဲကို ကျော်သွားဖို့အတွက် ဆက်သားကို လွှတ်တယ်။ ညှိလို့ အဆင်မပြေတော့ တစ်ဖက်နဲ့တစ်ဖက် လှမ်းပစ်ကြတာ။ ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်ကြတာ မဟုတ်ဘူး” ဟု ပြောသည်။

    ယခုဖြစ်ပွားသည့် ပစ်ခတ်မှုသည် ၁၉၈၈ ခုနှစ် နယ်မြေအငြင်းပွားမှုကြောင့် ဘုရားသုံးဆူဒေသ၌ ဖြစ်ပွားသည့် လက်နက်ကိုင်ပဋိပက္ခနောက်ပိုင်း ပထမဆုံးသော လက်နက်ကိုင်ပဋိပက္ခ ဖြစ်သည်။

    မွန်ပြည်သစ်ပါတီ၏ ပြည်တွင်းရေးရာဌာနကြီး တာဝန်ခံ နိုင်ဝင်းလှ ကလည်း “ဒီဒေသမှာ နယ်မြေအုပ်ချုပ်ရေးကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အချင်းချင်းကြားမှာ ရှုပ်ထွေးနေဆဲပဲ။ အခုဟာကလည်း ရည်ရွယ်ချက်ရှိရှိနဲ့ ဖြစ်သွားတာ မဟုတ်ပါဘူး” ဟု ပြောသည်။

    နှစ်ဖက်ပစ်ခတ်မှုကြောင့် သဲချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးနေအိမ် အပါအဝင် အခြားအိမ်များ ထိခိုက်ပျက်စီးမှု ရှိသည်ဟု ဒေသခံများက ပြောသည်။

    ရေဖြူမြို့နယ်၊ အလယ်စခန်းကျေးရွာအုပ်စု အရှေ့ဘက်ခြမ်းသည် မွန်ပြည်သစ်ပါတီ (ထားဝယ်ခရိုင်) ၏ သြဇာသက်ရောက်သည့်နယ်မြေ ဖြစ်ပြီး၊ KNU (ဘိတ်ထားဝယ်ခရိုင်) ၏ လှုပ်ရှားရာနယ်မြေနှင့်လည်း ရောနှောထိစပ်လျက်ရှိသည့် ဒေသတစ်ခု ဖြစ်သည်။

    ထိုဒေသတွင် ပြန်လည်လှုပ်ရှားရန်အတွက် KNU ၏ ဘိတ်ထားဝယ်ခရိုင်၊ လယ်ဒိုစိုးမြို့နယ် (ရေဖြူမြို့နယ်) အတွင်းရေးမှူး စောဆီဆိက လက်မှတ်ရေးထိုးကာ ဒေသတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ သြဂုတ်လ ၂၄ ရက်နေ့ ရက်စွဲဖြင့် အသိပေးစာများ ပေးပို့ထားသည်။

    အကြောင်းကြားတွင် KNU အုပ်ချုပ်ရေးနယ်မြေ မူလအတိုင်း ပြန်လည်ရှိစေရန် ရည်ရွယ်သည်ဟု ပါရှိပြီး၊ ၎င်းတို့နှင့် အစိုးရကြား ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီ ဖြစ်သည့်အတွက် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ပြန်လည်လှုပ်ရှားသွားမည် ဖြစ်ကြောင်း၊ သို့သော်လည်း တိုက်ပွဲကို ရည်ညွှန်းသွားမည် မဟုတ်ကြောင်း၊ ရွာသားများ ကြောက်ရွံ့ထိန့်လန့်မှု မဖြစ်စေလိုကြောင်း ပါရှိသည်။

    ယခုဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ ၎င်းတို့ကြား ပြဿနာ မကြီးထွားစေရန်အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (UPDJC)၊ တနင်္သာရီတိုင်း နယ်လုံဝန်ကြီးနှင့် ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) တို့သို့ အသိပေး အကြောင်းကြားထားကြောင်း နိုင်ဝင်းလှ က ပြောသည်။

    အလားတူ ရေးချောင်းဖျားဒေသတွင် ယခုနှစ်၌ မွန်ပြည်သစ်ပါတီက သစ်ထုတ်လုပ်မှု ရပ်နားခဲ့ပြီး၊ KNU တပ်ဖွဲ့ဝင် အချို့၏ ရေးချောင်းဖျားဒေသတွင် ထုတ်ယူထားသည့် သစ်များကို မိမိဒေသသို့ ဖြတ်သန်း သယ်ဆောင်ခွင့် မပြုသည့်အတွက် သြဂုတ်လအတွင်း နှစ်ဖက်တပ်ဖွဲ့ကြား တင်းမာမှု ဖြစ်ပွားခဲ့ပြီး၊ မရမ်းချောင်းတံတားထိပ်တွင် KNU ဘက်မှလည်း ၎င်းတို့၏ ဂိတ်စခန်း လာရောက်ချထားလျက် ရှိသည်။

    ကရင်အမျိုးသား အစည်းအရုံး (KNU) သည် အစိုးရနဲ့ တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောညီချက် NCA စာကျုပ်ကို လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်ပြီး၊ မွန်ပြည်သစ်ပါတီအနေနှင့် အစိုးရနှင့် ပြည်နယ်အဆင့်၊ ပြည်တောင်စုအဆင့် အပစ်ရပ်လက်မှတ်ရေးထိုးပြီးသော်လည်း NCA ရေးထိုးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,600SubscribersSubscribe
    spot_img

    Latest posts