မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / အမြင်နှင့်သုံးသပ်ချက် / မိုင်ဂျာယန်ဟာ အိပ်မက်လား

မိုင်ဂျာယန်ဟာ အိပ်မက်လား

ရေးသားသူ:

ကချင်ပြည်နယ်က မိုင်ဂျာယန်ဆိုတဲ့မြို့ကလေးမှာ ဂျူလိုင်လကုန်ပိုင်းလောက်က ကျင်းပခဲ့တဲ့ “တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေး” ရဲ့ ဆုံးဖြတ်ချက်တွေ ကြေငြာချက် တွေ ထွက်လာပြီးကတည်းက နိုင်ငံရေးဂယက်တုန့်ပြန်ချက်တွေ အတောမသတ် ထွက်လာခဲ့တယ်။ ဒါတွေကို လက်လှမ်းမီသမျှ လေ့လာရာက ခံစားချက်တွေ ဝင်လာလို့ ဒီဆောင်းပါးလေး ရေးဖြစ်တာပါ။

မိုင်ဂျာယန် မျက်နှာစုံညီအစည်းအဝေးဟာ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အပါအဝင် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ EAO’s တွေ အတော်လေး စုံစုံလင်လင် တက်ရောက်တာမို့ နိုင်ငံရေးအရ အားကောင်းခိုင်မာတဲ့ ကိုယ်စားပြုမှုရှိတယ်လို့ အများက မြင်ကြတယ်။ ဒါပေမယ့်လို့ EAO’s တွေထဲမှာ အားအကောင်းဆုံးလို့ ဆိုနိုင်တဲ့ ‘ဝ’ တပ်ဖွဲ့ UWSA နဲ့ မိုင်းလားအဖွဲ့ NDAA ၊ ကိုးကန့် MNDAA မတက်နိုင်တာကတော့ ထူးခြာချက်တွေပါဘဲ။ သူတို့မတက်တာက နိုင်ငံရေးကွဲလွဲမှု အဓိကမဟုတ်ဘဲ တခြားဆိုင်ရာဆိုင်ရာ အဖွဲ့အစည်းအကြောင်းခံတွေကြောင့်လို့ မြင်ပါတယ်။ ဒါကြောင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ဆိုင်ရာ မိုင်ဂျာယန်မူတွေဟာ (EAOs) အများစုကြီးရဲ့မူလို့ ဆိုလိုပါတယ်။

မိုင်ဂျာယန် EAO’s စုပေါင်းဓါတ်ပုံ(Internet)
မိုင်ဂျာယန် EAO’s စုပေါင်းဓါတ်ပုံ(Internet)

ဒါပေမဲ့ မိုင်ဂျာယန်နိုင်ငံရေးဂယက်တွေကို လေ့လာအကဲခတ်ပီးမှ ဒီခရီးကြမ်းကြီးရဲ့ ခက်ခဲမှု အတိမ်အနက်ကို ခန့်မှန်းနိုင်မှာဖြစ်ပါတယ်။ သွားပီးတက်ရောက်သူတွေအထဲမှာ ပြည်တွင်းတိုင်းရင်းသားနိုင်ငံရေးပါတီတွေရဲ့ တပ် ပေါင်းစုတွေ NBF နဲ့ UNA ကိုယ်စားလှယ်တွေပါရှိပေမဲ့ သူတို့ရဲ့သီးခြားအမြင်တွေဖော်ထုတ်တာ မတွေ့ရပါ (လေ့လာသူရဲ့ အားနည်းချက်လည်းဖြစ်နိုင်ပါတယ်) ဒါကလည်း သဘောထားကွဲလွဲတယ်လို့ မမြင်ဘဲ ကြိတ်ပီး လက်ခုပ်တီးတဲ့ မိုင်ဂျာယန် လှိုင်းခိုစီးမှုတခုလို့ မြင်ပါတယ်။

အသံကျယ်ပီး အတိအလင်းဆန့်ကျင်အမြင်ဖော်ထုတ်သူတွေကတော့ မိမိကိုယ်မိမိ ဗမာတိုင်းရင်းသားလို့ မခံယူ နိုင်တဲ့ လူမျိုးကြီးဝါဒီတွေ ဖြစ်ကြပါတယ်။
“တိုင်းရင်းသားများ၏ ဖက်ဒရယ်ပြည်ထောင်စုအပေါ် ချဉ်းကပ်ပုံမှာ အဆင့်ကျော်နေကြောင်း လူဦးရေ (၇၀%) ခန့်ရှိသော ဗမာအများစုကြီး မပါဝင်လျှင် အသီးအပွင့်ဖြစ်ထွန်းစရာအကြောင်း မမြင်ကြောင်း၊ လူနည်းစုအခွင့် အရေးက လူများစုအခွင့်အရေးအပေါ် လွှမ်းမိုးခြိမ်းခြောက်မှုမျိုး မရှိသင့်ပါကြောင်း၊ ယ္ခုတာဝန်ယူ ညှိုနှိုင်းလုပ် ဆောင်နေသော အင်အားစုမှာ လက်နက်မဲ့ဖြစ်ပီး လက်နက်ကိုင်ထားသောအုပ်စုများနှင့် ငြိမ်းချမ်းရေးကိစ္စ ရင်ဆိုင်ညှိနှိုင်းနေခြင်းဖြစ်ပါကြောင်း” ရေးသားကြပါတယ်။

ထပ်ပြီးတော့ “လက်ရှိအစိုးရနှင့် လွှတ်တော်တို့သည် တပ်မတော်၏ သြဇာကို မလွန်ဆန်နိုင်ပါကြောင်း၊ ဖက်ဒ ရယ်တပ်မတော်ဟူသောကိစ္စမှာ ဆန္ဒစောလွန်နေကြောင်း၊ တပ်မတော်ဘက်မှ လတ်တလောမလိုက်လျော နိုင်
သော မဖြစ်နိုင်ဆုံးကိစ္စကို တိုးတောင်းလျှင် ပွဲပျက်မည်ဖြစ်ကြောင်း” သတိပေးလိုလို ရေးပါသေးတယ်။ “စစ်တပ်နဲ့ ရဲ (တနည်း) ကာကွယ်ရေးနဲ့ ပြည်ထဲရေး ဝန်ကြီးဌာနတွေကို အရပ်သားအစိုးရက သြဇာမညောင်းဖြစ်နေပါကြောင်း၊ (သူတို့ဟာ) အခြေခံဥပဒေ အကာအကွယ်ရရှိထားပါကြောင်း၊ ဒီချုပ်သည် တခြမ်းပဲ့အာဏာရ အစိုးရသာဖြစ်ကြောင်း” ကာကွယ်ရေးသားတာလည်း တွေ့ရပါတယ်။

ဗမာပြည်နယ် ‘ဝ’ ပြည်နယ်ကိစ္စကို ဂျာနယ်တော်တော်များများက အတိအလင်းမရေးရဲပေမဲ့ အချို့က ထင်ထင်ရှားရှား ထောက်ပြတာတမျိုးတော့ ကျေးဇူးတင်စရာကောင်းပါတယ်။ “ဝ လူမျိုးရဲ့ လူဦးရေဟာ (၅) သိန်းသာရှိပါကြောင်း၊ နိုင်ငံတွင်း လူဦးရေနဲ့ ချိန်ထိုးကြည့်ယင် (၁%) သာရှိပါကြောင်း၊ လူဦးရေ (၇၀%) ရှိ တဲ့ဗမာတွေက တစ်ပြည်နယ်ရသလို ဝ တွေကလည်း တစ်ပြည်နယ်ရမယ်ဆိုယင် နောက်ဆက်တွဲအများကြီးရှိပါကြောင်း၊ ရှမ်း ပြည်နယ် (၅၂) မြို့နယ်မှာ ဝ က (၄) မြို့နယ်သာ ပါဝင်ကြောင်း၊ ဝ ကို စဉ်းစားပေးယင် ပအို့ဝ်၊ လားဟူ၊ ပလောင်၊ ဓနုတို့ကိုလည်း စဉ်းစားရမှာဖြစ်ကြောင်း၊ စစ်အင်အားကိုထောက် ချင်ပီး ငြိမ်းချမ်းရေးလိုချင်တာတခုတည်နဲ့ ပြည်နယ်တွေလိုက်ပေးရမဲ့ကိစ္စဟာ မေးခွန်းတွေဖြစ်လာမှာဖြစ် ကြောင်း” ထောက်ပြကြပါတယ်။

အဲဒီမိုင်ဂျာယန်ကြောက် စာရေးသူအများစုရဲ့ သဘောညီအကြံပြုချက်ကတော့ (၂၀ဝ၈) ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ဘို့ အရင်ဦးစားပေးလုပ်ဆောင်ရန်ဖြစ်ပါတယ်။ (၂၁) ရာစုပင်လုံညီလာခံမှာ (၂၀ဝ၈) ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေမကျဘဲ ပွဲပြီးသွားယင် ဒုတိယညောင်နှစ်ပင် ဖြစ်သွားမယ်လို့ ရေးသူက ရေးပါတယ်။

အဲဒီလိုအမြင်အမျိုးမျိုးတွေထဲမှာ “တိုင်းပြည်က အဆိုးဆုံးအခြေအနေရောက်နေကြောင်း၊ စစ်တပ်မငြိုငြင်အောင် လူမျိုးရေး၊ ဘာသာရေးကိစ္စအမြင် မစောင်းအောင်၊ စီးပွားရေး နလံထူအောင်၊ ပညာရေး ပေမီဒေါက်မီဖြစ်အောင်၊ လတ်တလော ဆိုးဝါးနေတဲ့ တရားဥပဒေစိုးမိုးရေး အရင်ကောင်းလာအောင် လုပ်ဆောင်သင့်ကြောင်း၊ ပြည်နယ်မှာရှိနေတဲ့ လူမျိုးစုတွေကတော့ သူအိပ်မက်နဲ့သူ ရှိနေမှာဖြစ်ကြောင်း၊ သူတို့မှာရှိတဲ့အိပ်မက်- မက်ခွင့်ရှိလို့မက်ကြပါစေ” လို့ ရေးတာကို ဖတ်ရတော့ “အိပ်မက်” ဆိုတဲ့ အသုံးအနှုန်းဟာ တော်တော်လေး ရင်နာစရာဖြစ်လာပါတယ်။

သူတို့ဆောင်းပါးထဲ မဟာငြိမ်းချမ်းရေးကိစ္စဟာ နှစ်ပေါင်း (၆၀) ကျော်ကြာခဲ့ပြီလို့ ရေးထားပါတယ်။ နှစ်ပေါင်း (၆၀) ကျော် လက်နက်ကိုင်တိုက်လာခဲ့ပီးတာတောင်မှ “အိပ်မက်” အဆင့်က မကျော်နိုင်သေးပါလားလို့ စိတ်မကောင်းဖြစ်မိတာပါ။ ထားပါတော့၊ “အိပ်မက်” ဆိုယင်တောင်မှ “ရွှေအိပ်မက်” ဖြစ်ပါတယ်။ နှစ်ပေါင်း (၆၀) ကြာလာတော့ အိုမင်းတွင်းဆုံးဘဝရောက်ခါနီးပြီမို့ အကောင်အထည်ဖော်ရေးဟာ မဖြစ်မနေလုပ်ရမယ့် သမိုင်းအလှည့်အပြောင်းဖြစ်ပါတော့တယ်။

ဖက်ဒရယ်ပြည်ထောင်စုကို ပြည်နယ်ဘယ်နှစ်ခုနဲ့ ဖွဲ့စည်းမယ်ဆိုတာ ကြိုက်သလို ဆွေးနွေးနိုင်ပါတယ်။ ဒါပေမဲ့ ပင်လုံစိတ်ဓါတ်အခြေခံတဲ့ ညီလာခံကြီးမှာ အများစုဆုံးဖြတ်ချက်ကို အားလုံးက နာခံရမှာဖြစ်တယ်ဆိုပီး ရေး တာရှိသေးတယ်။ ပင်လုံစိတ်ဓါတ်၊ မူ၊ ကတိကဝတ်ဆိုတာဘာလဲ။ မိုင်ဂျာယန်ဆုံးဖြတ်ချက်ထဲမှာ “ပင်လုံလက် စွဲစာတမ်း” အတည်ပြုဘို့ပါပါတယ်၊ နားလည်မှု တူမှအကောင်အထည်ပေါ်မှာဖြစ်တယ်။ အခုလောလောဆယ် ညီလာခံမှာ အများစုဆုံးဖြတ်ချက်ဆိုတာမျိုးလုပ်ယင် အခြေအနေပိုဆိုးသွားနိုင်တယ်။ တိုင်း(၇) တိုင်း ပြည်နယ် (၇) ပြည်နယ်ဘဝက တိုင်းရင်းသားတွေ မထွက်နိုင်သရွေ့ အများစုဆိုတဲ့ စကားဟာ နားခါးစရာဖြစ်ပါတယ်။

အထက်မှာ တင်ပြထားတဲ့မိုင်ဂျာယန်ကြောက်/ မုန်းသူတွေရဲ့ ရေးသားချက်တွေထဲမှာ ဖွဲ့စည်း ပုံပြင်ဆင်ရေး အရင်လုပ်ဘို့အပြင် နောက်တချက်က လူမျိုးစုတွေအပေါ် အခြေခံတည်ဆောက်တဲ့ ပြည်နယ်များ ပြည်ထောင်စု ကိုမသွားဘဲ ပထဝီဒေသကို အခြေခံတဲ့ ပြည်နယ်များဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဘို့ဆိုတာ ပါရှိတယ်။

ဒါနဲ့ပတ်သက်ပီး မိုင်ဂျာယန် သဘောတူညီချက်တွေကို အဆင့်ကျော်စဉ်းစားတယ်လို့ သူတို့ကရေးသလို ဒီအကြံပြုချက်ကလည်း နှစ်ပေါင်း (၆၀) ကြာလာပြီးခါမှ အဆင့်လျှော့နောက်ပြန်စဉ်းစားတယ်လို့ သုံးနှုန်း ချင်ပါတယ်။ ဒါနဲ့ပတ်သက်ပီး “ရဲရင့်တေဇ” ဆိုသူရေးတဲ့ “ဖက်ဒရယ်ဆိုတာ ဘယ်အဆင့်ကိုသွားမှာလဲ” ဆိုတဲ့ ဆောင်းပါးမှာ ဖက်ဒရယ်ကို (၄) မျိုးခွဲလိုက်တယ်။ တပ်မတော်အကြိုက်၊ တိုင်းရင်းသားတွေအကြိုက်၊ လက်နက်ကိုင်တွေအကြိုက်၊ ဗမာနိုင်ငံရေးသမားတွေအကြိုက်ဆိုပီး ခွဲပြထားတာတွေ့ရတယ်။ အဆင့်လျှော့နောက်ပြန်အကြံ ပြုချက်ဟာ ဗမာနိုင်ငံရေးပါတီတွေ အကြိုက်မှာပါတယ်။ အဓိကလူမျိုး (၈) မျိုးကို (၁၃၅) မျိုးဖြစ်အောင် ခွဲပြီးခဲ့ကာမှ လူမျိုးကို အခြေခံမခံဘဲ ပထဝီအခြေခံ ပြည်ထောင်စုတည်ဆောက်တာ မဟာလူမျိုးကြီးဝါဒကို ကာကွယ်တဲ့ပုံစံတမျိုးပါဘဲ။

ပထဝီအခြေခံတဲ့ အမေရိကန်ဖက်ဒရယ်ပုံစံဟာ ရေခြားမြေခြားကနေလာကြပီး အကြောင်းအမျိုးမျိုးကြောင့် ပြည်ထောင်စုဖွဲ့ဖြစ်ခဲ့တဲ့ အနေအထားပါ။ လူမျိုးရေးဖိနှိပ်မှုဟာ အဓိကအရင်းခံမဖြစ်ခဲ့ပါဘူး။ လူမျိုးရေး ဖိနှိပ်မှု ဆိုတာ ဒီနိုင်ငံမှာရှိခဲ့တယ်။ ဖိနှိပ်တယ်ဆိုတာ နည်းနည်းပြင်းထန်တယ်လို့ ခံစားယင်း မဟာလူမျိုးကြီးဝါဒကျင့်သုံးမူရှိခဲ့ တယ်လို့ပြောယင်လည်း ရပါတယ်။ ဒီသမိုင်းကြောင်းနဲ့ ဒီမြေဒီရေကို မစွန့်ခွါဘဲ ဖက်တွယ်နေထိုင်လာခဲ့တဲ့ လူမျိုးစုတွေ အကြားမှာ မှန်ကန်တဲ့ အာဏာခွဲဝေရေးပါဝင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကသာ အဖြေဖြစ်ပါတယ်။

ဦးစွာ (၂၀ဝ၈) ခုနှစ် အခြေခံဥပဒေပြင်ဆင်ရေး လုပ်ရပါမယ်။ ဒါပေမဲ့ အဲဒီကြွေးကြော်သံနဲ့ အတိုက်အခံလုပ်ပီး အဲဒီကြွေးကြော်သံနဲ့ဘဲ အစိုးရဖြစ်လာခဲ့တဲ့ ဒီချုပ်ဟာ အစိုးရသက်တမ်းရက် (၁၀ဝ) ကျော်တဲ့တိုင်အောင် ဒီအကြောင်းရေရေရာရာ မပြောသေးပါဘူး။ တိုင်းရင်းသားမဲဆန္ဒရှင်တွေ သတိထားမိဘို့ပါ။
နောက်တဆင့်က ဖက်ဒရယ်ပြည်ထောင်စုသဘောသဘာဝနဲ့ အခြေခံမူတွေမှာ ရွေးချယ်နိုင်တဲ့ ပုံသဏ္ဍါန်တွေချပြဆွေးနွေးဘို့လိုပါတယ်။ လက်ရှိပုံစံ တိုင်း (၇) တိုင်း၊ ပြည်နယ် (၇) ပြည်နယ် အခြေခံထားပီး ဘယ်လိုပြင်ရင်ကောင်းမလဲဆိုတာ လက်ခံဘို့ လိုပါလိမ့်မယ်။ တိုင်းရင်းသားပြည်နယ်တွေမှာ တကယ့်ကိုယ်ပိုင် ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေရအောင် ညှိနှိုင်းသဘောတူညီချက်တွေ ယူကြရပါမယ်။ တပ်မတော်နဲ့ နိုင်ငံရေးပါဝင်မှုကိစ္စကိုလည်း အချိန်းဇယားတခုရအောင် ညှိ့နှိုင်းဘို့ တချိန်တည်းလုပ်ရပါတယ်။

အဲဒီလိုလုပ်တဲ့နေရာမှာ အင်အားစုအားလုံးဟာ အင်အားစုအားဟာ ရွေးချယ်စရာ Choices တွေ ထားဘို့လိုပါ တယ်။ ရေတိုရေရှည်ခွဲစဉ်းစားရပါမယ်၊ ဖက်ဒရယ်ဆိုတာ အနုပညာတရပ်လို့ခံယူယင် တဖြည်းဖြည်းရွေ့လျား ပြောင်းလဲသွားမဲ့ ဖက်ဒရယ်မျိုး စဉ်းစားသင့်ပါတယ်။ စစ်မှန်သောဆိုတဲ့ပေတံထက် အခြေအနေက ခွင့်ပြုသော၊ အနူးအညွတ် ညှိနှိုင်းသဘောတူညီချက်အရ ဖြစ်သောဖက်ဒရယ်ပြည်ထောင်စုကိုသာ ရရှိမှာဖြစ်ပါတယ်။

ဒီနေရာမှာ အလိုအပ်ဆုံးတခုက ငြိမ်းချမ်းရေးပါဘဲ ငြိမ်းချမ်းရေး မပျက်ပြားဘဲ NCA လက်နက်ကိုင်တိုင်းရင်း သားတပ်ဖွဲ့တွေ အများစုကြီးရဲ့ (NCA) ဖြစ်လာတဲ့ အချိန်မှာမှ ဒီဖက်ဒရယ်မျိုးဆွေးနွေးနိုင်မဲ့ ရေခံမြေခံရနိုင်မှာ ဖြစ်ပါတယ်။ သဘောထားမတူသည့်တိုင် စိတ်ရှည်နားထောင်ပေးပြီး အပြုသဘောဆောင် ဖြေရှင်းစဉ်းစား နိုင်လျှင် မဖြစ်နိုင်စရာမရှိပါ။

ယ္ခုအခါ ၂၁ ရာစုပင်လုံညီလာခံကြီးနှင့် ပတ်သက်၍ ရှင်းလင်းသလောက် ရှင်းလင်းလာပြီဖြစ်တယ်။ NCA လက်မှတ်မရေးထိုးထားသူများလည်း တက်ရောက်ခွင့်ရမှာဖြစ်သလို အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာ လည်း ပါနိုင်မဲ့အလားအလာ ပွင့်လာပြီဖြစ်ပါတယ်။ ညီလာခံမှာ သတ်မှတ်ထားတဲ့ ကဏ္ဍအလိုက် ဆွေးနွေးဦးမှာ မဟုတ်ဘဲ တက်ရောက်လာကြတဲ့ အဖွဲ့အစည်းအသီးသီးရဲ့ တင်ပြချက်တွေကိုဘဲ ဦးစွာကြားနာရမယ်လို့ သတင်းတွေ ထွက်နေပါတယ်။

နိဂုံးချုပ်အနေနဲ့ အမြင်အမျိုးမျိုး သဘောထားအထွေထွေ ထုတ်နိုင်ထွက်နိုင် ပြောနိုင်ကြပါတယ်။ ဒါပေမဲ့ ကျေးဇူးပြုပီး တိုင်းရင်းသားတွေရဲ့ ဖက်ဒရယ်ပြည်ထောင်စုအရေးကို “မက်ခွင့်ရှိတဲ့အိပ်မက်” လို့ သဘောမထားပါရန်နှင့် ဥပေက္ခာမပြုလိုက်ပါရန် အများစုလူထုကြီးကို တိုင်းရင်းသားများမှ အလေးအနက် အနူးအညွတ်ပန်ကြားပါရစေ။

About မွန်သတင်းအေဂျင်စီ

Check Also

ကျည်တစ်တောင့် ထမင်းတစ်နပ်

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် လွတ်လပ်ရေးရရှိခဲ့သည်။လွတ်လပ်ရေးရရှိသည်နှင့် တ ဆက်တည်း ပြည်တွင်းစစ် ကပ်ပါလာခဲ့သည်မှာ ယနေ့ အချိန်ထိဆိုလျှင် နှစ်ပေါင်း ၇၀ …

Leave a Reply

%d bloggers like this: