မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / အမြင်နှင့်သုံးသပ်ချက် / အငြင်းပွားစရာ ဘုရားသုံးဆူနယ်နိမိတ်ပြဿနာ

အငြင်းပွားစရာ ဘုရားသုံးဆူနယ်နိမိတ်ပြဿနာ

ရေးသားသူ:

ထိုင်းနှင့်မြန်မာ နယ်နိမိတ်ထိစပ်မှု မိုင်ပေါင်း ၁၃၁၀ တွင် နယ်နိမိတ်မှတ်တိုင်များ သတ်မှတ်စိုက်ထူထားခြင်းမရှိသဖြင့် နယ်မြေအငြင်းပွားစရာ ဖြစ်နေသည်။ ၁၉၉၃ ခုနှစ်တွင် ထိုင်းမြန်မာနယ်ခြားကော်မတီအဆင့်ဆင့် ဖွဲ့စည်းနိုင်ခဲ့သော်လည်း နယ်နိမိတ်ပြဿနာနှင့်ပတ်သက်သည့် ဖြေရှင်းရေးကိစ္စများ တိတ်ဆိတ်နေပါသည်။ ထိုသို့ အငြင်းပွားစရာနေရာဒေသများအနက် ဘုရားသုံးဆူ နယ်နိမိတ်အကြောင်း သုံးသပ်တင်ပြလိုက်ပါသည်။

ဘုရားသုံးဆူ နယ်နိမိတ်တွင် ထိုင်းတို့ကျူးကျော်ထားသည်ဟု မြန်မာအစိုးရဘက်က ပြောဆိုနေသည်။ ပြောဆိုစရာ အကြောင်းအရာတွေလည်း ရှိနေပါသည်။ ထို့ကြောင့် ၂၀ဝ၇ ခုနှစ်တွင် ထိုင်းနိုင်ငံနှင့် နယ်နိမိတ်အငြင်းပွားမှုကိုအကြောင်းပြုပြီး ဘုရားသုံးဆူနယ်ခြားဂိတ် တရားဝင်ဖြတ်ကျော်မှုကို မြန်မာအစိုးရဘက်က တဖက်သတ်ပိတ်လိုက်သည်မှာ ယခုတိုင်ဖြစ်ပါသည်။

Three Pagoda
Three Pagoda

၂၆ နှစ်သမီး ဘုရားသုံးဆူမြို့
နဝတစစ်အစိုးရလက်ထက် ၁၉၉၀ ခုနှစ်တွင် ဘုရားသုံးဆူကို မြို့အဖြစ်သတ်မှတ်အကွက်ချပြီး စတင်တည်ဆောက်ခဲ့ရာ ဆေးရုံ၊ အထက်တန်းကျောင်း၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအပါအဝင် စည်ပင်သာယာရေး၊ ဆောက်လုပ်ရေး၊ သစ်တော၊ လဝက၊ အကောက်ခွန်၊ ရဲတပ်ဖွဲ့၊ တပ်မတော်တပ်ရင်းရုံး၊ စစ်ဘက်ရေးရာလုံခြံရေးတပ်ဖွဲ့(စရဖ)၊ ရဲအထူးသတင်းတပ်ဖွဲ့ SB၊ မီးသတ်၊ ယာဉ်ထိန်းရဲမှအစ အစိုးရဌာနပေါင်းစုံ ရုံးဖွင့်လှစ်ထားရှိနိုင်ခဲ့ပြီး ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် လက်အောက်ခံမြို့နယ်ခွဲအဆင့် သတ်မှတ်ခဲ့ပါသည်။

မြို့ပေါ်တွင် တပ်မတော်တပ်ရင်းတစ်ရင်း၊ ရဲစခန်းတစ်ခုအပြင် မြို့ဧရိယာပြင်ပပတ်လည်တွင်လည်း အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များဖြစ်သည့် KNU, မွန်ပြည်သစ်ပါတီ NMSP, DKBA, KNU/KNLA-PC ကရင်ငြိမ်းချမ်းရေးကောင်စီ၊ ABSDF, ကရင်နယ်ခြားစောင့်တပ် BGF နှင့် လက်နက်ချအဖွဲ့အစည်းအချို့နှင့်အတူ သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့တို့၏ အကောက်ဂိတ်များ၊ လုံခြုံရေးဂိတ်များနှင့် အခြေစိုက်စခန်းများလည်း သူ့နေရာနှင့်သူရှိနေသောကြောင့် လက်နက်ကိုင်တပ်ပေါင်းစု အခြေစိုက်ရာမြို့တစ်မြို့ကဲ့သို့ပင် ဆိုနိုင်ပါသည်။ စင်စစ် ဘုရားသုံးဆူမြို့သည် အစိုးရအုပ်ချုပ်မှုအောက် ရောက်ရှိခဲ့သည်မှာ ၂၆ နှစ်မျှသာရှိခဲ့ပါသေးသည်။

၁၉၉၀ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းတွင် တပ်မတော်မှ ဘုရားသုံးဆူဒေသရှိ မွန်ပြည်သစ်ပါတီ NMSP ဗဟိုဌာနချုပ်ကို ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။ ထို့ကြောင့် တပ်မတော်အစိုးရက နယ်မြေစိုးမိုးထိန်းချုပ်နိုင်ခဲ့ရာ ၈-၂-၁၉၉၀ ရက်နေ့တွင် မြို့အဖြစ်သတ်မှတ်တည်ထောင်နိုင်ခြင်း ဖြစ်သည်။ သို့သော်လည်း လက်ရှိကာလတွင် ဘုရားသုံးဆူမြို့ဧရိယာပေါ်တစ်ခုတည်း၌သာ အစိုးရအုပ်ချုပ်ရေးအာဏာသက်ရောက်မှုရှိနေသည်ကို တွေ့ရှိနေရပြီး မြို့၏မြောက်ဘက်တွင် NKU နှင့် တောင်ဘက်တွင် မွန်ပြည်သစ်ပါတီ NMSP တို့၏ ထိန်းချုပ်နယ်မြေ (နဝတ-မွန်ပြည်သစ်ပါတီ ၁၉၉၅ အပစ်ရပ်သဘောတူညီချက်) ဖြစ်နေသည်။

၁၉၈၈ ကျောင်းသားအရေးခင်းအပြီး မြန်မာနိုင်ငံလုံးဆိုင်ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ကျောင်းသားတပ်ဖွဲ့ဝင်များ ဘုရားသုံးဆူဒေသသို့ရောက်ရှိ အခြေစိုက်သည့်ကာလအထိ ဘုရားသုံးဆူသည် အိမ်ခြေအနည်းငယ်သာရှိသည့် ရွာငယ်လေးတစ်ရွာမျှသာ ဖြစ်နေခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင် မွန်ပြည်သစ်ပါတီ NMSP ဗဟိုဌာနချုပ်နှင့် KNU တပ်မဟာ ၆ အခြေစိုက်ရာဒေသဖြစ်သဖြင့် မွန်ကရင် NMSP-KNU ပူးတွဲအုပ်ချုပ်ရေးဒေသဖြစ်ခဲ့ပါသည်။

၁၉၈၀ ခုနှစ်ကျော်ကာလများမှစတင်၍ ထိုင်းနိုင်ငံနှင့် တရားမဝင် မှောင်ခိုပစ္စည်းအမျိုးမျိုး အပြန်အလှန်အရောင်းအဝယ်ပြုလုပ်ကြရာတွင် နှစ်နိုင်ငံကုန်သည်များ ဆုံရပ်နေရာဖြစ်သောကြောင့်လည်း ဘုရားသုံးဆူကို ပို၍ထင်ရှား လူသိများစေခဲ့သည်။

ထို့ကြောင့် ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးစတင်ရရှိသည့်ကာလမှ ၁၉၉၀ ခုနှစ်ဆန်းပိုင်းအထိ ဘုရားသုံးဆူဒေသသည် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်နယ်မြေဖြစ်သောကြောင့် မြန်မာအစိုးရအုပ်ချုပ်ရေး အာဏာသက်ရောက်မှုမရှိခဲ့သဖြင့် နိုင်ငံနယ်နိမိတ်နေရာများကိုလည်း သတ်မှတ်နိုင်စရာမရှိဟု ယူဆရမည်ဖြစ်သည်။

လွတ်လပ်ရေးမရမီကာလ ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၂ ခုနှစ် နိုဝင်ဘာလမှ စတင်၍ ဂျပန်တပ်မတော်က ယိုးဒယား-မြန်မာ မီးရထားလမ်းကြီးဖောက်လုပ်ရာတွင် မြန်မာတိုင်းရင်းသား ၈၀ဝဝဝ ကျော်၊ မဟာမိတ် တပ်သား ၁၀ဝဝဝ ကျော်အသက်ဆုံးရှုံးခဲ့ရသဖြင့် သေမင်းတမန်မီးရထားလမ်း Death Railway ဟု နာမည်တွင်ခဲ့သည်။ မြန်မာပြည်ဘက်ခြမ်းတွင် သံဖြူဇရပ်မြို့မှ စတင်၍ ဘုရားသုံးဆူတောင်ကြားကိုဖြတ်လျက် ယိုးဒယားနိုင်ငံ ဘန်ပေါင် (Ban Pong) မြို့သို့ မိုင် ၂၅၀ ရှည်လျားသည်။ ထို့ကြောင့် ဘုရားသုံးဆူသည် သမိုင်းအစဉ်အလာကြီးမားသော ဒေသတစ်ခုဖြစ်ခဲ့ပါသည်။

ယိုးဒယား-မြန်မာနယ်နိမိတ်သဘောတူစာချုပ်
ဘုရားသုံးဆူဒေသသည် ရှေးယခင်က မွန်တို့၏ရာမညတိုင်းတွင် ပါဝင်နေသည်၊ မွန်တို့၏ ဟံသာဝတီ နေပြည်တော်(ပဲခူး)အပါအဝင် ရာမညတိုင်းကို ခရစ်သက္ကရာဇ် ၁၇၅၇ ခုနှစ်တွင် ဗမာဘုရင် ဦးအောင်ဇေယျ သိမ်းပိုက်နိုင်ခဲ့သဖြင့် စစ်ရှုံးမွန်တို့ ထိုင်းနိုင်ငံသို့ အလုံးအရင်းဖြင့် ဝင်ရောက်ရွှေ့ပြောင်းခဲ့ရသည်။

ထိုနောက် ၁၈၂၄ အင်္ဂလိပ် -ဗမာ ပထမစစ်ပွဲတွင် ဗမာတို့ စစ်ရှုံးသဖြင့် ၁၈၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၄ တွင်ချုပ်ဆိုသော ရန္တပိုစာချုပ်အရ ရခိုင်နှင့် မွန်တနင်္သာရီဒေသတို့ကို အင်္ဂလိပ်တို့အား ပေးအပ်လိုက်ရသည်။ ယခင် အင်္ဂလိပ်လက်ထက် တနင်္သာရီတိုင်းသည် တောင်ငူခရိုင်မှစပြီး တနင်္သာရီတိုင်း ကော့သောင်း မြို့နယ်တွင် အဆုံးသတ်သည်ဟု သမိုင်းမှတ်တမ်းတွင် ဖော်ပြထားသည်။ သို့နှင့် ဘုရားသုံးဆူဒေသသည် အင်္ဂလိပ်အုပ်ချုပ်မှုအောက်သို့ ရောက်ရှိလာရသည်။

ထိုနောက် ၁၈၅၂-၅၄ ခုနှစ် အင်္ဂလိပ်-ဗမာဒုတိယစစ်ပွဲတွင် ဗမာတို့ထပ်မံစစ်ရှုံးသည့်အတွက် အောက်မြန်မာပြည်တစ်ခုလုံးကို အင်္ဂလိ်ပ်သိမ်းပိုက်ခဲ့စဉ်အထိ ယိုးဒယားနိုင်ငံနှင့် နယ်နိမိတ်ပိုင်းခြား သတ်မှတ်ခဲ့ခြင်းမရှိသေးပါ။ အင်္ဂလိပ်-ယိုးဒယား နှစ်နိုင်ငံအစိုးရ နယ်နိမတ်အငြင်းပွားမှုများရှိလာသောကြာင့် ၁၈၆၄ ခုနှစ်တွင် အင်္ဂလိပ်အစိုးရ အိန္ဒိယဘုရင်ခံလက်အောက်ခံ တနင်္သာရီအရေးပိုင် O’Riley ဦးဆောင်သောအဖွဲ့နှင့် ယိုးဒယားဘုရင့်နိုင်ငံတော် (The Kindom of Siam) ကိုယ်စားလှယ်ဖွဲ့တို့ ပူးပေါင်း၍ နယ်နိမိတ်တိုင်းတာ သတ်မှတ်ခဲ့ကြသည်။

မြောက်ဘက် သောင်းရင်းမြစ်နှင့်သံလွင်မြစ်ဆုံမှ တောင်ဘက် ပါချန်မြစ်ဝ(ကော့သောင်း)အထိ တိုင်းတာမှုပြုလုပ်ခဲ့ကြပြီး ၁၈၆၈ ခုနှစ် ဖေဖေါ်ဝါရီလ ၈ ရက်နေ့၊ ဘန်ကောက်မြို့၌ “Convention regarding the Boundaries on the Mainland between the Kingdom of Siam and the British Province of Tenasserim, 1868” စာချုပ် ချုပ်ဆိုခဲ့ရာတွင် ဘုရားသုံးဆူ နယ်နိမိတ်ပိုင်းခြားမှုလည်း ပါဝင်သည်။ ထို့နောက် ကျိုက်ခမီခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ဆက်စပ်နေသောနယ်နိမိတ်များကို ၁၈၉၅-၉၆ ခုနှစ်တွင် အင်္ဂလိပ်-ယိုးဒယား နှစ်ဘက်ကိုယ်စားလှယ်များ ပြန်လည်တိုင်းတာခဲ့ကြသည်ဟု ဆိုသည်။

ထိုနောက် ၁၉၄၈ ခုနှစ် အင်္ဂလိပ်ထံမှ မြန်မာနိုင်ငံလွတ်လပ်ရေးရသည်အထိ ယိုးဒယားနိုင်ငံနှင့် နယ်နိမိတ်ပိုင်းခြားမှုကိစ္စများကို ထပ်မံအတည်ပြုခဲ့သည့်မှတ်တမ်းများ မတွေ့ရှိရပါ။ ထိုင်းနှင့် မြန်မာ မိုင်ပေါင်း ၁၃၁ဝ နယ်နိမိချင်းထိစပ်နေပြီး လွတ်လပ်ရေးရပြီးချိန်မှ လက်ရှိအချိန်ထိ ၃၆ မိုင်သာ တိုင်းထွာပြီးစီးသေးသည်ဟု မကြာသေးမီသတင်းစာရှင်းလင်းပွဲတရပ်တွင် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ထိုင်းပညာရှင်တစ်ဦးရေးသားသော ဘုရားသုံးဆူနယ်နိမိတ်ပြဿနာ

ထိုင်းနိုင်ငံ ဓမ္မာဆက်တက္ကသိုလ်မှ အရှေ့တောင်အာရှရေးရာလေ့လာသူ လက်ထောက်ပါမောက္ခ Dulyapak Preecharush က ထိုင်း၊ မြန်မာ၊ အင်္ဂလိပ်ဘာသာ စာအုပ် ၄၆ အုပ်ကိုမှီငြမ်းပြုစု၍ ထိုင်းဘာသာဖြင့်ရေးသားတင်ပြခဲ့သော Boundaries of Burma; History and Political Geograuphy စာတမ်းတွင် ဘုရားသုံးဆူဒေသနှင့်ပတ်သက်၍ အောက်ပါအတိုင်း ရေးသားဖော်ပြခဲ့သည်။

ဘုရားသုံးဆူနယ်စပ်သည် ရှေးဗမာဘုရင်များ အထူးသဖြင့် တပင်ရွှေထီးနှင့် ဘိုးတော်ဘုရားလက်ထက်တွင် ယိုးဒယားနိုင်ငံသို့ စစ်ချီရာလမ်းကြောင်းတစ်ခုဖြစ်ခဲ့သည်။ ယခင်ကျောက်တုံးငယ်ဖြင့်တည်ခဲ့သော မွန်လက်ရာ ဘုရားသုံးဆူစေတီဟောင်းကို စံခလပူရီမြို့(ဘုရားသုံးဆူဒေသ-ထိုင်းနိုင်ငံ) အကြီးအကဲ ဖရဇ႘စုဝါန်က ခရေတ်သက္ကရာဇ် ၁၉၂၉ ခုနှစ်တွင် ထပ်မံပြင်ဆင်တည်ဆောက်ခဲ့သဖြင့် လက်ရှိပစ္စုပ္ပန်တွင် ပကတိအတိုင်း ၆ မီတာအမြင့် ၅-၆ မီတာခန့်စီအကွာရှိသည့် စေတီ ၃ ဆူကို တွေ့မြင်နေရခြင်းပင် ဖြစ်သည်။

ဘုရားသုံးဆူနယ်နိမိတ်နှင့်ပတ်သက်သည့် ဝိဝါဒကွဲပြားမှုတွင် ယိုးဒယားဘုရင့်နိုင်ငံတော်နှင့် အင်္ဂလိပ်အစိုးရ အိန္ဒိယဘုရင်ခံတို့ သဘောတူညီခဲ့ကြသည့် ၁၈၆၈ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၈ ရက်နေ့၌ ချုပ်ဆိုခဲ့သောစာချုပ်အရ ဘုရားသုံးဆူနယ်နိမိတ်မျဉ်းသည် တောင်ထိပ်ရေဝေကြော ဖရာဇူဇူ(လှိုင်ပဒေါ-Hlaingpadaw Toung) တောင်ကို ဖြတ်သန်း၍ စေတီ ၃ ဆူအထိ၄င်း၊ စေတီမှ ကဝီဝေါတောင်ထိပ် တောင်တန်းရေဝေကြောအထိ ဖြစ်သည်။

ထိုနောက် ၁၈၉၃ ခုနှစ်တွင် ယိုးဒယားနှင့် အင်္ဂလိပ်နှစ်ဖက်ကိုယ်စားလှယ်များ ဘုရားသုံးဆူ နယ်စပ်ကို ပြန်လည်စစ်ဆေးရာ၌ စေတီ ၃ ဆူသည် ရေဝေကြောတောင်ကုန်းထိပ်ပေါ်၌ တည်ရှိမနေခြင်း၊ စာချုပ်ပူးတွဲပါအချက်အလက်နှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်များကို ပြန်လည်သုံးသပ်ခဲ့ကြပြီး အင်္ဂလိပ်တို့ မြေပုံသစ်တစ်ခု ပြန်လည်ရေးဆွဲကာ ယိုးဒယားအရာရှိတို့ထံ ထပ်မံတင်ပြခဲ့ပါသည်။

အင်္ဂလိပ်တို့ပြန်လည်ရေးဆွဲသည့် အဆိုပါမြေပုံသစ်တွင် ဖရာဇူဇူ (လှိုင်ပဒေါ) တောင်ထိပ်မှ ဘုရားသုံးဆူအလယ်စေတီသို့၄င်း၊ အလယ်စေတီမှ ဖရာဇူဇူ (လှိုင်ပဒေါ) တောင်ထိပ်တစ်နေရာသို့၄င်း ထိုမှတဆင့် တောင်တန်းရေဝေကြောများကို နယ်နိမိတ်ဟူ၍ သတ်မှတ်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ အင်္ဂလိပ်တို့အသစ်ပြန်လည်ရေးဆွဲသည့်မြေပုံတွင် မူလသဘောတူညီချက်ပါစာချုပ်အတိုင်း အလယ်စေတီမှ ကဝီဝေါတောင်ထိပ်သို့ နယ်နိမိတ်မျဉ်း ရေးဆွဲခဲ့ခြင်းမရှိပေ။

အလယ်စေတီမှ ဖရာဇူဇူ (လှိုင်ပဒေါ) တောင်ထိပ်တစ်နေရာသို့ ရေးဆွဲခဲ့ရသည်မှာ ကဝီဝေါတောင်ကို အင်္ဂလိပ်တို့ရှာဖွေမတွေ့ခဲ့ခြင်း ဖြစ်ဟန်တူသည်ဟု ယူဆစရာဖြစ်နေသည်။ နောက်တစ်ချက်တွင် အဆိုပါအင်္ဂလိပ်တို့ရေးဆွဲသည့်မြေပုံသစ်ကို ယိုးဒယားဘက်က သဘောတူလက်ခံခဲ့သည်ဆိုသော အထောက်အထားများကိုလည်း မတွေ့ရှိခဲ့ရပေ။

ထိုအချိန်ကာလမှစ၍ နောက်ပိုင်းတွင် ယိုးဒယားနှင့် အင်္ဂလိပ်တို့ ဘုရားသုံးဆူနယ်နိမိတ်ကိစ္စအရေး ပြန်လည်ဆွေးနွေးခြင်း အလျဉ်းမရှိခဲ့ပါ၊ အရေးကြီးသည့်ဘုရားသုံးဆူနယ်စပ်မျဉ်းကြောင်းကိစ္စကို လက်ရှိပစ္စုပ္ပန်ကာလ၌ ထိုင်းနှင့်မြန်မာတို့ မြေပုံတစ်ရွက်စီကိုင်ထားကြပြီး နယ်စပ်အရေးဆွေးနွေးခဲ့ကြရာတွင် အဓိပ္ပါယ်ဖွင့်ဆိုချက် ကွဲလွဲမှုများရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့်လည်း ရာနှင့်ချီရှိသောမြေဧက နယ်နိမိတ်ဧရိယာများ ထပ်နေကြဆဲပင် ဖြစ်သည်။

အင်္ဂလိပ်တို့အသစ်ပြန်လည်ရေးဆွဲသည့် ဖရာဇူဇူ (လှိုင်ပဒေါ) တောင်ထိပ်မှ ဘုရားသုံးဆူအလယ်စေတီ၊ အလယ်စေတီမှ ဖရာဇူဇူတောင် ထိပ်တစ်နေရာသို့ တြိဂံပုံသဏ္ဍာန်(ကျီးကန်းနှုတ်သီး) U 741 စကေး 1:63360 မြေပုံကို မြန်မာဘက်က အသုံးပြုနေသည်။

မြန်မာ မြေပုံ
မြန်မာ မြေပုံ

ထိုင်းဘက်မှလည်း ထိုင်းစစ်တပ်ရေးဆွဲထားသော L 7018 စကေး 1:50,000 မြေပုံတွင် ဖရာဇူဇူ(ယခုအခေါ် ခရွန်ဒေါ)တောင်မှ ဘုရားသုံးဆူရွာနယ်နိမိတ်အတိုင်း စေတီ ၃ ဆူကိုပတ်၍ ဖရာဇူဇူတောင်သို့ဦးတည်သည့် လက်ညိုးသဏ္ဍာန်မြေပုံကို အသုံးပြုလျက်ရှိသည်။

ထိုင်း မြေပုံ
ထိုင်း မြေပုံ

နယ်နိမိတ်အသိအမှတ်ပြုမှုမတူညီခြင်းကြောင့် နယ်စပ်မြေဧရိယာထပ်နေကြသည့်အတွက် ထိုင်းတို့မြေပုံအတိုင်းဆိုပါက စေတီ ၃ ဆူသည် ထိုင်းအပိုင်နယ်မြေအတွင်း ကျရောက်နေမည် ဖြစ်သည်။ မြန်မာမြေပုံအတိုင်း အတည်ပြုပါက အလယ်စေတီတစ်ဆူသာ ထိုင်းအပိုင်ဖြစ်ပြီး ဘေးစေတီနှစ်ဆူနှင့် မြေနေရာများသည် မြန်မာအပိုင်ဧရိယာဖြစ်မည်ဟု ရေးသားထားပါသည်။

သုံးသပ်ချက်
၂၀ဝ၇ ခုနှစ် မတ်လတွင် နယ်စပ်အငြင်းပွားနေမှုကိုအကြောင်းပြု၍ ဘုရားသုံးဆူနယ်စပ်ဖြတ်ကျော်ဂိတ်ကို မြန်မာအစိုးရ တဖက်သတ်ပိတ်ခဲ့သဖြင့် နိုင်ငံတော်ဘဏ္ဍာငွေများစွာနစ်နာဆုံးရှုံးခဲ့ရခြင်း၊ နယ်စပ်ကုန်ပစ္စည်းအပြန်အလှန်ရောင်းဝယ်ရေး မှောင်ခိုဖြစ်သွားခြင်း၊ နယ်နိမိတ်ဘေးမလွယ်ပေါက်များမှ ကုန်စည်များသွားလာနေမှုအပေါ် တရားမဝင်ငွေကောက်ခံလာခြင်း၊ ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးသွားရခြင်း စသည့်အကျိုးဆက်များသာ ရရှိခဲ့ပါသည်။

ဘုရားသုံးဆူနယ်နိမိတ်တွင် အလွယ်တကူမြင်တွေ့သိရှိနိုင်မည့် မြစ်ချောင်းအတားအဆီးများမရှိဘဲ နှစ်နိုင်ငံမြေသားချင်းတဆက်စပ်တည်း ရှိနေသောကြောင့် သာမန်ပြည်သူများအနေဖြင့် နိုင်ငံနယ်နိမိတ်ဧရိယာကိုလည်း မသိရှိနိုင်ပါ၊ နှစ်နိုင်ငံနယ်နိမိတ်မျဉ်းဟု ယူဆရသည့်နေရာများပေါ်တွင် အချို့နေအိမ်အဆောက်အဦများနှင့် ခြံဝင်းများ နှစ်ဖက်ခွဆောက်လုပ်ထားရှိသည်ကိုလည်း တွေ့မြင်နေရသည်။

လွန်ခဲ့သော အနှစ် ၃၀ ဝန်းကျင်နီးပါးခန့်က အဆိုပါစေတီ ၃ ဆူ(ဘုရားသုံးဆူ)အနီးတဝိုက်ပတ်ဝန်းကျင်တွင် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA တပ်ဖွဲ့ဝင်များ သွားလာလှုပ်ရှားခဲ့ပုံ(ဓါတ်ပုံ-getty image ကိုကြည့်ပါ) နှင့် လက်ရှိအနေအထားကိုယှဉ်ကြည့်လျင် အဆိုပါနေရာတွင် လက်ရှိထိုင်းပိုင်နက်အဖြစ် မြင်တွေ့နေရပြီ ဖြစ်သည်။

မွန်တပ်ဖွဲ့ဝင်များ
မွန်တပ်ဖွဲ့ဝင်များ

၁၉၈၈-၁၉၉၀ ခုနှစ်တွင်လည်း ဘုရားသုံးဆူအခြေစိုက် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ကျောင်းသားတပ်မတော်က အမှတ်တရရိုက်ထားကြသည့် အလားတူမှတ်တမ်းဓါတ်ပုံများလည်း ကျန်ရှိကောင်းရှိပါလိမ့်မည်။ ထိုစဉ်ကာလအထိ စေတီအနီးတဝိုက်တွင် ထိုင်းဘက်မှဝင်ရောက်အခြေမစိုက်ရသေးဟု ဆိုရမည်ဖြစ်သည်။

ဘုရားသုံးဆူနယ်နိမိတ်ကိစ္စသည် မြန်မာပြည် အင်္ဂလိပ်လက်အောက်ကျရောက်နေစဉ် လွန်ခဲ့သည့် နှစ်ပေါင်း ၁၂၀ ကျော်ကတည်းက အငြင်းပွာစရာဖြစ်ခဲ့ပါသည်။ ယခုအချိန်တွင်လည်း အငြင်းပွားစရာဖြစ်နေဆဲပင် ဖြစ်သည်။ နယ်နိမတ်မျဉ်းကြောင်း အတည်မပြုသေးမီကာလများတွင် နယ်မြေကျူးကျော်မှုများ ဆက်လက်ဖြစ်ပေါ်လာနိုင်သည်။ အကယ်၍ မိမိတို့နယ်နိမိတ်ကို တဖက်နိုင်ငံအမှန်တကယ်ကျူးကျော်ထားသည်ဆိုပါက နှစ်ဖက်ဆွေးနွေးညှိနှိုင်းမှုများ မည်သို့ပင်အဆင်ပြေချောမွေ့စေကာမူ ပကတိအဖြစ်ရှိနေသည့်အရာဝတ္တုများကို ပြန်လည်သိမ်းဆည်းရန် အလွန်ပင်ခက်ခဲပါလိမ့်မည်။ နောင်အနာဂတ်တွင် ပို၍ပင်ခက်ခဲပါလိမ့်မည်။ ထို့အပြင် အတည်မပြုရသေးသည့် နယ်နိမိတ်ဆိုသည်မှာလည်း အငြင်းပွားတိုက်ခိုက်မှုများ အချိန်မရွေးဖြစ်ပေါ်လာနိုင်သည်။

ထို့ကြောင့် နယ်နိမိတ်ပြဿနာကို ယခင်အစိုးရများအဆက်ဆက်မဖြေရှင်းခဲ့ကြသကဲ့သို့ လက်ရှိအစိုးရလက်ထက်တွင်လည်း မဖြေရှင်းပါက မိမိတို့ဘက်က နစ်နာဆုံးရှုံးမှုများဖြင့်သာ ဆက်လက်ကြုံတွေ့နေရပေလိမ့်ဦးမည်ဟု သုံးသပ်မိပါကြောင်း။

ကိုးကားချက်များ
-အမြဲသတိထားရမည့် အိမ်နီးချင်း-ကျော်ထင်နေရထာ။
– Boundaries of Burma; History and Political Geograuphy(ထိုင်းဘာသာ)- Dulyapak Preecharush.

About မွန်သတင်းအေဂျင်စီ

Check Also

စိတ်အခံပြောင်းနိုင်မှ အရိပ်သဏ္ဍာန်ကောင်း ရမည်

“မောင်ခိုင်မွန်” ရေးသော “၂၀၁၇” ကဗျာမှ အောက်ပါစာသားပါဒများကို ကြိုက်နှစ်သက်သည်။ “၂- ဖက်တီးမှ မြည်မယ်ဆိုယင်လည်း ဒီနေ့ပဲ တီးစေချင်ကြ အစာတောင်း ငှက်ကလေးတွေလို လက်ခုပ်သံကို ဆာလောင်” …

Leave a Reply

%d bloggers like this: