spot_img
Tuesday, April 16, 2024
More
    spot_img
    Homeသတင်းရေးမြို့နယ်၏ ပထမဆုံးသော အစုအဖွဲ့ပိုင်ဒီရေတော ဖာလိန်ဒေသတွင် စိုက်ပျိုး

    ရေးမြို့နယ်၏ ပထမဆုံးသော အစုအဖွဲ့ပိုင်ဒီရေတော ဖာလိန်ဒေသတွင် စိုက်ပျိုး

    -

    သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန်နှင့် သဘာဝဘေးဒဏ် ကာကွယ်ရန် ရည်ရွယ်၍ သြဂုတ်လ ၈ ရက်နေ့တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၏ ပထမဆုံးသော အစုအဖွဲ့ပိုင်ဒီရေတောကို ဖာလိန်ဒေသ ပင်လယ်ကမ်းစပ်တစ်လျှောက်၌ စိုက်ပျိုးခဲ့ကြသည်။

    သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန လက်အောက်ရှိ ရေးမြို့နယ် သစ်တောဦးစီးဌာန၏ အကူအညီဖြင့် ပြုလုပ်သည့် “ဒီရေတော ပြန်လည်ပြုစုစိုက်ပျိုးခြင်းပွဲတော်” သို့ ရေးမြို့နယ် သစ်တောဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး ဦးစီးဌာန မိသားစု စသည့်တို့ အပါအဝင် ဒေသခံအင်အား ၄၀ဝ ကျော် တက်ရောက်ခဲ့ကြပြီး၊ မြေ ၂ ဧကကျော်တွင် လမု၊ လမဲ့၊ ဓနိ အပင်ပေါင်း ၂၆၀ဝ ကျော်ကို စိုက်ပျိုးခဲ့ကြသည်ဟု သစ်တောဦးစီးဌာနက ပြောသည်။

     ဒီရေတောစိုက်ပျိုးနေစဉ်(MNA)
    ဒီရေတောစိုက်ပျိုးနေစဉ်(MNA)

     ဒီရေတောစိုက်ပျိုးနေစဉ်(MNA)
    ဒီရေတောစိုက်ပျိုးနေစဉ်(MNA)
    ရေးမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းအေး က “ဒီရေတောသစ်ပင် စိုက်ပျိုးတဲ့ပွဲက အင်မတန်မှ အားရစရာ ကောင်းပါတယ်။ ကျွန်တော်တို့ မျှော်မှန်းထားတာက အပင် (၁၅၅၀) လောက်ပဲ စိုက်နိုင်မယ်လို့ ထင်တာ။ သို့သော် ဒေသခံတွေက ပျိုးပင်ကို သူတို့ ရအောင် ရှာတယ်။ ရှာပြီးတော့မှ လွတ်တဲ့နေရာကို ထပ်စိုက်တဲ့အတွက်ကြောင့် အပင်ပေါင်း (၂၆၅၀) ကျော်ထိ စိုက်ပျိုးနိုင်ခဲ့တယ်” ဟု ပြောသည်။

    ဖာလိန်ဒေသတွင် ဒီရေကြောင့် တာတမံများ ကျိုးပေါက်ပြီး နှစ်ပေါင်းများစွာ စပါးမစိုက်ပျိုးနိုင်သည့်အတွက် ဒီရေကို အကာအကွယ်ပေးနိုင်မည့် ဒီရေတောကို အစုအဖွဲ့ပိုင်သစ်တောအဖြစ် စိုက်ပျိုးခွင့် ရရန် ဒေသခံ ဦးဆောင်သူများက ၂၀၁၅ ခုနှစ် သြဂုတ်လတွင် ရေးမြို့နယ် သစ်တောဦးစီးဌာနသို့ တင်ပြလျှောက်ထားခဲ့သည်။

    သစ်တောဦးစီးဌာန၏ ကွင်းဆင်းတိုင်းတာမှုအရ အစုအဖွဲ့ပိုင်ဒီရေတောအဖြစ် စိုက်ပျိုးခွင့် ရရန် လျှောက်ထားသည့် မြေမှာ ဧက ၁၉၀ ကျော် ရှိပြီး ပိုင်ရှင်မဲ့မြေများသာ ဖြစ်သည်ဟု ရေးမြို့နယ် သစ်တောဦးစီးဌာနက ပြောသည်။

    ဖာလိန်ဒေသ အံဒင်ကျေးရွာအုပ်စုတွင် လွန်ခဲ့သည့် အနှစ် ၂၀ ဝန်းကျင်က တာတမံ ကျိုးပျက်ခြင်းကြောင့် လယ်မြေဧက ၇၀ဝ ကျော် ပျက်စီးခဲ့သည်။ လွန်ခဲ့သည့် ၁၀ နှစ် ဝန်းကျင်တွင် တာတမံသစ် ထပ်မံဆောက်လုပ်ခဲ့သော်လည်း ရာသီဥတုဒဏ်နှင့် ဒီရေဒဏ်ကို မခံနိုင်သည့်အတွက် မကြာခဏ ကျိုးပျက်လျက် ရှိသည်ဟုလည်း ဒေသခံများက ပြောသည်။

    ဒီရေတောသည် လေဘေးဒဏ်နှင့် ဒီရေရိုက်ခတ်မှုဒဏ် စသည်တို့ကို ကာကွယ်ပေးနိုင်သည့်အတွက် တာတမံ ကျိုးပေါက်ခြင်းကို လျှော့နည်းစေနိုင်သည့်အပြင်၊ ဆန်စပါး ပြန်လည်စိုက်ပျိုးနိုင်ခြင်းနှင့် ရေသတ္တဝါများ ခိုအောင်းနိုင်ခြင်း စသည့်အကျိုးကျေးဇူးများစွာ ရရှိနိုင်သည်ဟု သဘာဝပတ်ဝန်းကျင် လေ့လာသူများက ပြောသည်။

    ဒီရေတောသည် ငါး၊ ပုဇွန်ပေါကြွယ်ဝမှုနှင့် တိုက်ရိုက်ဆပ်စပ်လျက် ရှိပြီး၊ လမုတော ဧရိယာများ ပျက်စီးမှု မဖြစ်စေရန် ဒေသခံများ ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ထားရန် အထူးလိုအပ်ကြောင်းကို အဏ္ဏဝါဗေဒ ပညာရှင်များက ၂၀၁၅ ခုနှစ်၊ သြဂုတ်လအတွင်း ရေးမြို့၌ ကျင်းပခဲ့သည့် ရေးမြို့ဟောင်းသမိုင်း သုတေသန စာတမ်းဖတ်ပွဲတွင် ပြောကြားခဲ့ကြသည်။

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဖာလိန်ဒေသ၊ အံဒင်ကျေးရွာအုပ်စုသည် တိုယိုထိုင်းကုမ္ပဏီ (Toyo-Thai Corporation Public Company Limited – TTCL) ၏ ကျောက်မီးသွေးသုံးစွမ်းအင် လျှပ်စစ်ဓါတ်အားပေးစက်ရုံစီမံကိန်းနှင့် ရင်ဆိုင်နေရသည့် ဒေသတစ်ခု ဖြစ်သည်။

    ယင်းစီမံကိန်းသည် သဘာဝပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင် ထိခိုက်မှုနှင့် ကြုံတွေ့နိုင်မှုကြောင့် ဒေသခံများက အစဉ်တစိုက် ကန့်ကွက်ခဲ့ကြသည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုအဖြစ် ပြုလုပ်သည့် ယခုဒီရေတော စိုက်ပျိုးမှုသည်လည်း ဒေသခံတို့၏ ဆန္ဒကို ဖော်ပြသည့် စီမံကိန်းကို အလိုမရှိကြောင်း ကန့်ကွက်မှုတစ်ခု ဖြစ်သည်။

    ယခုစိုက်ပျိုးသည့် အံဒင်ကျေးရွာအုပ်စု ဒီရေတောသည် ရေးမြို့နယ်တွင် ပထမဦးဆုံးသော အစုအဖွဲ့ပိုင်ဒီရေတော ဖြစ်ပြီး၊ ဒုတိယမြောက် အစုအဖွဲ့ပိုင်သစ်တော ဖြစ်သည်။ ပထမဆုံးသော အစုအဖွဲ့ပိုင်သစ်တောမှာ မာန်အောင်သစ်တောကြိုးဝိုင်း အကွက်အမှတ် ၂၉ အတွင်းတွင် တည်ရှိပြီး ဧက ၄၃၀ ကျော် ရှိသည်။

    ရေးမြို့နယ်အတွင်းတွင် ဒီရေတော ၂၉၉ ဧက ထိန်းသိမ်းထားလျက် ရှိပြီး၊ ဆက်လက်ပြုစုထိန်းသိမ်းထားနိုင်ရေး အစီအစဉ်များ ရှိကြောင်းလည်း ရေမြို့နယ် သစ်တောဦးစီးဌာနက ပြောသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,300SubscribersSubscribe
    spot_img

    Latest posts