မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / မေးမြန်းချက် / ဖက်ဒရယ်ဥပဒေအကယ်ဒမီကျောင်းအုပ် ဆရာဦးအောင်ထူးနှင့် တွေ့ဆုံမေးမြန်းချက်

ဖက်ဒရယ်ဥပဒေအကယ်ဒမီကျောင်းအုပ် ဆရာဦးအောင်ထူးနှင့် တွေ့ဆုံမေးမြန်းချက်

ရေးသားသူ:

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO/KIA ထိန်းချုပ်နယ်မြေ ကချင်ပြည်နယ်၊ မိုင်ဂျာယန်မြို့တွင် ဖွင့်လှစ်ထား သော ဖက်ဒရယ်ဥပဒေအကယ်ဒမီကျောင်း၊ ကျောင်းအုပ် ဆရာကြီး ဦးအောင်ထူးအား မွန်သတင်းအေဂျင်စီ အလွတ်တန်းသတင်းထောက် တွေ့ဆုံမေးမြန်းချက် ဖြစ်သည်။

မေး ။ ။ မိုင်ဂျာယန်မှာ ကျင်းပတဲ့ မျက်နှာစုံညီ အစည်းအဝေးက ၂၁ ပင်လုံ အပေါ်မှာ ဘယ်လောက် အထောက်အကူ ပြုနိုင်မယ့်လို့ ဆရာအနေနဲ့ မျှော်လင့်မိပါသလား။

ဖြေ ။ ။ အဲ့ဒါက ၂၁ ရာစု ပင်လုံ ညီလာခံ နဲ့ဘယ်လို ဆက်စပ်သွားလဲဆိုရင် ဘာပဲဖြစ်ဖြစ် အခုလိုမျိုး လက်မှတ်ထိုးတဲ့ အဖွဲ့တွေကော မထိုးတဲ့ အဖွဲ့တွေကော ဆွေးနွေးခွင့်ရတာ ကောင်းတယ်လေ။ဒါ ဘယ်အချိန်မဆို ဘယ်နေရာမှာမဆို တိုင်းရငး်သားတော်လှန်ရေးအဖွဲ့အစည်းတွေ စုစညး်ခွင့်ရတယ်။ တွေ့ဆုံ ဆွေးနွေးခွင့်ရတယ်ဆိုတာ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဒါအလာအလားကောင်းလိမ့် မယ်။

ဖက်ဒရယ်ဥပဒေအကယ်ဒမီကျောင်းအုပ်ကြီး ဦးအောင်ထူး(MNA)
ဖက်ဒရယ်ဥပဒေအကယ်ဒမီကျောင်းအုပ်ကြီး ဦးအောင်ထူး(MNA)
ဒါတော့ ကျွန်တော်အသိအမှတ်ပြုရမယ်။ဒါပေမဲ့ ဘယ်လောက်အထိအောင် ပင်လုံ ညီလာခံနဲ့ဆက်စပ်သွား နိုင်လဲဆိုတာကျတော့ ပင်လုံ ညီလာခံ နဲ့ ဆက်စပ်မှ မိုင်ဂျာယန် ညီလာခံက အကျိုးရှိမယ်လို့ သွားတွက်လို့ မရပြန်ဘူး။ဒါကြောင့် ကျွန်တော်တို့ အမြင်ကိုယ်တိုင်ကိုက ၂၁ ရာစု ပင်လုံ ညီလာခံက အခွန်ဘဲရှိတယ်။ အနစ်သာရမရှိဘူးဖြစ်နေတယ်။နာမည်လှတာဘဲ ရှိတယ်။ဘာအချက်အလတ်မှ ခိုင်လုံတာ မရှိဘူး ကဲ ဒီ ညီလာခံတင် ဆွေးနွေးလို့ ရလာတဲ့ ရလာဒ်တွေနဲ့အညီ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တစ်ခု ရေးလို့ရလား ဆိုတာလည်း ဘာမှ အခိုင်အလုံပေးထားတာမရှိဘူး။ကဲ ဒီညီလာခံပေါ်တင်လို့ ရလာဒ်တွေဟာ မူလ ပင်လုံ စာချုပ် ဟောင်းကို ကျော်သွားမလာဆိုတာလည်း ဘာမှ မရှိဘူး။ မူလ စာချုပ်ဟောင်းမှာ ပါလာတဲ့ ပြဌာန်းချက် စာချုပ် နဲ့ အခု နောက်ပေါ်လာမယ့် ပြဌာန်းချက် စာချုပ်နဲ့ ဆန့်ကျင်ဘက် ဖြစ်လာရင် ဘာလုပ် ကျမလဲ ဆိုတာလဲ ဘာမှလည်း မသိဘူး။ ကဲ ဒီညီလာခံ တက်နေတဲ့ တချိန်တည်းမှာမှ ပြည်နယ်တွေ ပြည်ထောင်တွေရဲ ့ အကျုးိစီးပွားကို ဆန့်ကျင်တဲ့ ဥပဒေက အပြင်မှာ လည်ပတ်သွားလာနေတယ်။

ဥပမာ ၂၀၁၄ ခုနှစ်၊ မြန်မာ စီးပွားရေးဇုန် စီမံကိန်း ဥပဒေ၊ ကြိုက်တဲ့နေရာမှာ နေပြည်တော်က အစိုးရက လိုင်စင်ကျပေးလို့ရတယ်။ အထူးစီးပွားရေးဇုန် သတ်မှတ်လို့ရတယ်။ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုဥပဒေ၊ အကုန် ခေါ်လို့ရတယ်။ သယံဇာတကို အကုန် ရောင်းစားနေလို့ရတယ်။ ၂၀၁၂ ခုနှစ် မြေယာ ဥပဒေ၊ နိုင်ငံတော်က လေထု၊ မြေထု၊ ရေထုကို ပိုင်တယ်ဆိုပြီးတော့ ပြည်နယ်အခွင့်အရေးကို အကုန်ရုပ်သိမ်းလို့ရတယ်။ ပြည်နယ် ဘာအခွင့်အရေးမှ မရှိဘူး ဒီဥပဒေ စနစ်က အကုန်လည်ပတ်နေတာ၊ လည်ပတ်နေပြီးတော့ စစ်အာဏာရှင် စနစ်က တည်တံ့ခိုင်မြဲနေတဲ့အချိန်မှာ ဘာတစ်ခုမှ ဆုံးဖြတ်ချက် ချလို့မရတဲ့ ချလည်းဘဲ ဘယ်လိုလုပ်သွား ပြီးတော့ အကျုးိသက်ရောက်မှုမယ်ဆိုတာကို တိကျသေချာအောင်မရှိတဲ့ ၂၁ ရာစု ပင်လုံ ညီလာခံက အချိန် ကုန်မယ့် သဘောဘဲ ဖြစ်တယ်။

ဒါကြောင့်မလို့ ဒီမိုင်ဂျာယန် ဆွေးနွေးပွဲကို ၂၁ ရာစု ပင်လုံ နဲ့ ဆက်စပ် စဉ်းစားကြည့်ရင်တော့ လက်တွေ့ အကျုးိမရှိနိုင်ဘူး ထင်တယ်။

မေး ။ ။ ဆရာ အခုပြောသွားတဲ့ အထဲမှာပေါ့နော် ၂၁ ရာစု ပင်လုံက အကျိုးသိပ်မရှိနိုင်ဘူးဆိုတော့ အကျိုးရှိအောင် ဘယ်လိုမျိုး အကြောင်းအရာတွေ ဆွေးနွေးပြီးတော့မှ ဒီတိုင်းရင်းသားတွေဘက်ကကော တင်ပြဖို့ လိုမယ်လို့ ဆရာအနေနဲ့ မြင်ပါသလဲ

ဖြေ ။ ။ အကျိုးရှိအောင်ကတော့ မြန်မာနိုင်ငံပြည်တွင်းစစ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ပြဿနာကို ညီလာခံ ပုံစံနဲ့ ချဉ်းကပ်လို့မရဘူး။ တကမ္ဘာလုံးမှာလည်း ညီလာခံလုပ်ခဲ့တာရှိတယ်။ ပြည်တွင်းစစ်ဖြစ်တဲ့ တိုင်းပြည်မှာ ဘက်နှစ်ဘက် ပဋိပက္ခဖြစ်တဲ့အခါ နိုင်ငံရေး စကားဝိုင်းမှာ တွေ့ဆုံ ဆွေးနွေးကြရတာ ဖြစ်တယ်။ နိုင်ငံရေးဆွေးနွေးပွဲလုပ်ကြရတာ နိုင်ငံရေးဆွေးနွေးပွဲဆိုတာ ဘက်နှစ်ဘက်ဗျာ သူက အစိုးရ ဘက် နဲ့ တော်လှန်ရေး အင်အားစု ဒီဘက်နှစ်ဘက် ဆွေးနွေးကြရမှာ။ လူဦးရေက အဓိကမဟုတ်ဘူး ဘက်နှစ်ဘက်မှာ လူဦးရေ ဘယ်လောက်တက်တာ အဓိကမဟုတ်ဘူး ကဲ တစ်ဖက်က ၅၀ တက်မယ်၊ တစ်ဘက်က ၁၀ ယောက်တတ်မယ် ပြဿနာမရှိဘူး ဘာကြောင့်လဲဆိုတော့ သူက ဘက်အနေနဲ့ ဆုံးဖြတ် တာ ၅၀ လည်း တစ်သံဘဲ ဒီဖက်က ၁၀ ယောက်လည်း တစ်သံဘဲ။ ဘက်နှစ်ဘက် သွားရမှာ။

ဒါကြောင့် ကျွန်တော်တို့ မြန်မာပြည် လက်တွေ့ အခြေအနေက သုံးဘက် ဆွေးနွေးအုံးတော့ ကောင်းသေး တယ်။ NLD အစိုးရနဲ့ နိုင်ငံရေးပါတီတွေက တစ်ဖက်၊ မြန်မာစစ်တပ် ခေါင်းဆောင်တွေက ဘက်တစ်ဘက်၊ နောက် တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေက ဘက်တစ်ဘက် သုံးဘက်လောက်ဆိုရင် တော်သေးတယ်။သုံးသံပေါ့ဗျာ ရပ်တည်ချက် သုံးရပ် ညှိကြမယ် ဆိုရင် အဖြေထွက်တယ်။ လူ ၇၀ဝ တက်တဲ့ ညီလာခံကြီး ပါးစပ်ပေါက်က ၇၀ဝ နဲ့ တစ်ယောက် တစ်ပေါက် ပြောခွင့်ပေးမယ်။

ပြီးခဲ့တဲ့ ငြိမ်းချမ်းရေးညီလာခံ ပြန်ကြည့် အုပ်စု တစ်စုကို ၅၀ – ၆၀ ၊တစ်ယောက်ကို ၁၀ မိနစ်ပေးပြော တယ်။ မိနစ် ၅၀ဝ ကုန်သွားတယ်။ပြီးတော့ မှတ်တမ်းတင်လိုက်တယ် ပြီးပါပြီတဲ့ ဘယ်လိုသွား ဆုံးဖြတ် ချက် ချမလဲ။ ဒါကြောင့် ၂၁ ရာစု ပင်လုံညီလာခံ ပုံစံနဲ့က ငြိမ်းချမ်းရေး ပြဿနာကို ရှင်းလို့ကို မရဘူး။ တကယ်တော့ သွားသင့်တာက ဘက်နှစ်ဘက် ဆွေးနွေးပွဲ လွန်ရော ကျွန်ရော ဘက် သုံး ဘက် ဆွေးနွေးပွဲ ဒီအပေါ်မှာ အခြေခံပြီးတော့ မိုင်ဂျာယန်အစည်းအဝေးက ဘယ်လောက်ထိအောင် ဆွေးနွေးမယ် ကျွန်တော်မသိဘူး၊ ကျွန်တော်မြင်တာကတော့ဖြင့် ဒီ ၂၁ ရာစု ပင်လုံ ညီလာခံ လမ်းကြောင်းအတိုင်းသွားရင် တော့ဖြင့် ဒုတိယ အကြိမ် အမျိုးသားညီလာခံမျိုးဘဲ ဖြစ်မှာပဲ။ နောက်ထပ် ၁၀ နှစ် ၊ ၁၅ နှစ်ကြာသွားမယ်။ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံ အားကောင်း ခိုင်မာသွားမယ် တည်တံ့သွားလိမ့်မယ်။ဒီသဘောပဲ ကျွန်တော်ပြောချင်တယ်။

မေး ။ ။ ငြိမ်းချမ်းရေးရအောင် ဘက်သုံးဘက် လောက်ပဲ ဆွေးနွေးသင့်တယ်။ အခု ဘက်ပေါင်းစုံ နေတယ်ဆိုတော့ ဒီအပေါ်မှာ တိုင်းရင်းသားတွေဘက်က အဆိုပြု တင်ပြမယ်ဆိုရင် အဆင်ပြေမယ်လို့ ဆရာအနေနဲ့ကော မြင်ပါသလား။

ဖြေ ။ ။ အဲ့ဒါကတော့ ပထမအချက်က သူတို့မှာ ရှင်းလင်းတဲ့ Idea က ရှိလား မရှိဘူးလား သိပ်မ သေချာသေးဘူး။ဒါသူတို့ဘာသာ သူတို့ ရပ်တည် ဆုံးဖြတ်ကြတာကို ဒါတစ်ပိုင်းပေါ့။နောက်တစ်ခါ သူတို့ တင်ပြတာတွေကိုလည်းဘဲ NLD အစိုးရက ဘယ်လောက်ထိအောင် လိုက်နာနိုင်မလဲဆိုတာက ပြဿနာ ရှိတယ်။

ဘာကြောင့်လဲဆိုရင် သူတို့ကလည်း စစ်တပ်က မီးစိမ်းပြမှ လုပ်ရဲတာကိုး၊ အဲ့ဒါဆိုတော့ စစ်တပ်က အခု NCA (တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်) လမ်းကြောင်းအတိုင်းသွားနေရင်တော့ စစ်တပ်က မီးစိမ်းပြ နေမှာဘဲ။ တကယ်တော့ ကျွန်တော်ပြောတဲ့ ဟာမျိုးဆိုရင်တော့ ဘက်နှစ်ဘက်ဆွေးနွေးပွဲ သုံးဘက် ဆွေးနွေးပွဲဆိုရင် NCA လမ်းကြောင်းကို လုံးဝ ဆက်လို့မရဘူး။ အဲလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရက သတ္တိရှိရှိ လုပ်ရဲမယ်ဆိုရင် အင်မတန် အလာအလားကောင်းပါတယ်။ ယနေ့ အချိန်အထိတော့ အဲဒီ အခြေအနေက မတွေ့သေးဘူးလို့ ကျွန်တော်မြင်ပါတယ်။

မေး ။ ။ ဟုတ်ကဲ့ ဒီ လက်နက်ကိုင် ပဋိပက္ခတွေ ငြိမ်းချမ်းသွားဖို့ဆိုရင် ဘယ်လို အကြောင်းအရာ တွေကို အဓိက ဆွေးနွေးသွားသင့်တယ်လို့ ဆရာ အနေနဲ့ ယူဆပါသလဲ?

ဖြေ ။ ။ ခဏက ပထမအချက်ကပြောတဲ့ အချုပ်အခြာအာဏာ၊ ဒုတိယအချက်ကတော့ ပြည်ထောင်စုကို ဘယ်လို ဖွဲ့စည်းမလဲပေါ့ဗျာ။ တတိယအချက်ကတော့ ကျွန်တော်တို့ ဒီလုပ်ပိုင်ခွင့် အချက်တွေကို ဘယ်လို ပြန်ညှိကြမလဲပေါ့။ ပြည်နယ်တွေကိုပေါ့။ ဥပမာ အခု ကျွန်တော်တို့ တင်နေတာ ဘာလဲဆိုတော့ တကယ့် ဖယ်ဒရယ်ပြည်ထောင်စု အစစ်ကို သွားမယ်ဆိုရင် ကျွန်တော်တို့ စံနမူနာ ယူသင့် တာကတော့ နှစ်ခု ရှိတယ်။ တစ်ခုက အမေရိကန် ပြည်ထောင်စုက ကျင့်သုံးခဲ့တဲ့ နှစ်ပေါင်း တစ်ရာ ကျော် အောင်မြင်စွာ ကျင့်သုံးခဲ့တဲ့ (ဂျူရယ်ဖယ်ဒရယ်လစ်စင်)ဆိုတာရှိတယ်။ဒါ နှစ်သွယ် ဖယ်ဒရယ် စနစ်လို့ ခေါ်တယ်။အဲ့ဒါ ဘာလဲဆိုတော့ အစိုးရ နှစ်ရပ်က ယှဉ်ပြိုင်သွားတာ ဖယ်ဒရယ်အစိုးရရှိတယ်။ ပြည်နယ် တွေမှာလည်း အစိုးရရှိတယ်။ နှစ်ခုက ဆက်စပ်မှုရှိသွားပြီး။ သူလုပ်ပိုင်ခွင့်ပေးထားတယ်။

သို့သော် ပြည်နယ်တွေက အဓိက အချုပ်အခြာအာဏာ ကျင့်သုံးသွားတတ်တယ်။ ဒီစနစ်က ဘာကြောင့် ကျဆုံးသွားလဲဆိုတော့ ပြည်နယ်တွေကြားထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ်ဖြစ်သွား နိုင်တယ်။ ဥပမာ အမေရိကန်သမိုင်းကို ပြန်ကြည့် ပြည်တွင်းစစ်ဖြစ်ရတာ ဘာကြောင့်လဲ တောင်ပိုင်းပြည် နယ်တွေမှာ ကျေးကျွန်စနစ်ကျင့်သုံးသွားတယ်။ တောင်ပိုင်းပြည်နယ် စစ်ရှုံးသွားတယ်။ အဲနှစ်သွယ် ဖယ်ဒရယ် စနစ်က ကျရှုံးသွားတယ်။

အဲတော့ ကနေ့ ဒီဖယ်ဒရယ်စနစ်ကျင့်သုံးတဲ့အခါကျတော့ ဒီပြည်ထောင်စုမှာ ပါဝင်တဲ့ ပြည်နယ်တွေက လူ့အခွင့်အရေး ချိုးဖောက်မှုကို အကြီးအကျယ်ကာကွယ်ရမယ်။ ဒါ ပထမအချက် ၊ ဒုတိယအချက်က ဘာလဲ ဆိုတော့ ဒီပြည်ထောင်စုရဲ ့အနေအထားပေါ့ဗျာ။ အချုပ်အခြာအာဏာကို ကျင့်သုံးတာက သတ်မှတ်ပေး လိုက်တဲ့ အခွင့်အာဏာကိုပဲ ဖယ်ဒရယ်ပြည်ထောင်စုကိုပေးလိုက်ပြီးတော့ ကျန်တဲ့ အာဏာတွေအကုန်လုံးက ပြည်နယ်တွေ ပြည်ထောင်တွေမှာ ရှိဖို့လိုပါတယ်။ အဲလို သွားတဲ့အခါကျတော့ ဥပမာ ဥပဒေပြု တယ်ဆိုကျပါတော့ ဥပဒေပြုတဲ့ အခွင့်အာဏာက ဖယ်ဒရယ်ပြည်ထောင်စု လွတ်တော်က မူသဘော ဆောင်တဲ့ ဥပဒေများလောက်ပဲ ပြုသွားပေးတာ။ တကယ့်လက်တွေ့ ဥပဒေပြုခွင့် အာဏာတွေက ပြည်ထောင်(ပြည်နယ်)တွေမှာ ရှိဖို့လိုအပ်လာတယ်။

ဘာကြောင့်လဲ သူတို့ကျင့်သုံးခဲ့ပြီးပဲ (ဝေးကျစ်ဆင်နယ်လိုက်ဇေးရှင်း)လေဗျာ။ ၆၂ ခုနှစ်က တင်းကြပ်တဲ့ ဗဟိုချုပ်ကိုင်မှုနဲ့ မအောင်မြင်ဘူးလေ။ဒါ နှစ်ပေါင်း ၅၀ သက်သေပြတာ တပြည်လုံးမှာ ပြာကျနေပြီးဗျာ။ မွဲနေပြီး လူငယ်တွေအကုန်လုံးက ထိုင်း၊မလေးရှားမှာ ရုပ်ပျက် ဆင်းပျက်တွေ အလုပ်လုပ်နေကြရတာ ပြန်ပြောင်းရမယ် ဒါ။ အဲတော့ ပြန်ပြောင်းတဲ့ တချိန်တည်းမှာ ပြည်နယ်တွေကို အခွင့်အာဏာတွေ တိုးပေး ကြရမယ်။ အဲတော့ တိုင်းရင်းသားပြည်နယ်တွေမှာရှိတဲ့ တိုင်းရင်းသားလူထုတွေက ကမ္ဘာတဝန်း ဆက်သွယ် ဆောင်ရွက်တဲ့ နည်းကို တိုးဝင်နိုင်ရေးအတွက်ကို ပြည်နယ်တွေက ကိုယ့်ဟာကို အားကိုးနိုင်ဖို့အတွက်ကို ဖယ်ဒရယ်ပြည်ထောင်စု အုတ်မြစ်ချပေးရတော့မယ်။

အဲထဲမှာ ကျွန်တော်တို့က (အေဆယ်မတ်တစ်ဖယ်ဒရယ်လစ်ဇင်း) ကျွန်တော်တို့က တက်နိုင်မယ်။ အဲ့ တော့ (အေဆယ်မတ်တစ်ဖယ်ဒရယ်လစ်ဇင်း)က ဘာအဓိပ္ပာယ်လဲဆိုတော့ ပြည်ထောင်စုမှာ ဖွဲ့စည်းရန် ပါတဲ့ ယူနစ်တွေကြားထဲမှာ (အဲ့ဆယ်လူးအီးကွယ်တူ)မဖြစ်နိုင်ဘူး။ (အီးကွယ်တူ)တော့ရှိမယ်။ (အဲ့ဆယ်လူး အီးကွယ်တူ)တော့မဖြစ်နိုင်ဘူး။ တန်းတူရေးတော့ရှိမယ် ဥပမာဆိုကြပါဆိုဗျာ တစ်ဖက်က လူဦးရေကို အခြေခံတဲ့ လွှတ်တော်ရှိမယ်။ ပြည်နယ်တွေကို အခြေခံတဲ့ လွှတ်တော်ရှိမယ်။ ပြည်နယ်တွေကို အခြေခံတဲ့ အမျိုးသားလွှတ်တော်ရှိတယ်။ အမျိုးသားလွှတ်တော်မှာ ပြည်နယ်အားလုံးက တန်းတူ ကိုယ်စားလှယ်ရှိ မယ်။ ။ဒါက (အီးကွယ်တူ)ရှိနိုင်တယ်။ ဒီတစ်ခုတည်းမရဘူး ကျွန်တော်တို့ တင်ပြတာက (အေဆယ်မတ်တစ် ဖယ်ဒရယ်လစ်ဇင်း)က ဖယ်ဒရယ်ရဲ ့အခြေခံကို (Unity&Diversity) –( Diversity)ဆိုတဲ့ မတူ ကွဲပြားမှုတွေကို သူက သုတေသန ပြုရမှာ ဝီဒေသတွေလိုက်ရှာရမှာ မတူကွဲပြားမှုတွေကို အသိအမှတ်ပြုတဲ့ အခြေခံကနေ (Unity) ကိုရှာရတာ အဲတော့ စည်းလုံး ညီညွတ်မှုကိုရှာရတာ စည်းလုံးညီညွတ်မှုကို ရှာရေးအတွက်ကို မတူကွဲပြားမှုတွေကို ဖျောက်ဖျက်ပစ်ဖို့မဟုတ်ဘူး။ အခုက ဒီလိုဖြစ်နေတယ်။ နှစ်ပေါင်း ၅၀ ကလိုဖြစ်နေတယ်။ စည်းလုံးညီညွတ်မှုကို အကြောင်းပြပြီးတော့ မတူကွဲပြားမှုတွေကို ဖျောက်ဖျက်ပြစ်တယ်။ အဲတော့ မတူကွဲပြားမှုကို အသိအမှတ်ပြုရမယ်။ ဥပမာ ပြောပြမယ်။ ကရင်နီပြည်က ထွက်တဲ့ ရေအား လျှပ်စစ်ကို သိလား။ ဆယ်စုနှစ်ပေါင်းများစွာ ပြည်ထောင်စုရဲ ့ နေရာအနှံ့အပြားအသုံးချခဲ့ကြတယ်။ကရင်နီပြည်နယ် သွားကြည့်ပါ ကျေးရွာကြီးတွေမှာ ဘယ်သူက မတရားဘူး ထောက်ပြလဲ။

တကယ့် ဖက်ဒရယ်လစ်ဇင်းက စဉ်းစားကြည့် ကချင်ပြည်နယ်က ထွက်တဲ့ ကျောက်စိမ်း ဒါကချင်ပြည်နယ်သားတွေ ပိုင်တာဘဲ နှစ်ပေါင်းများစွာ အကြီးအကျယ် အခုဆို ရစရာမရှိ၊ ကုမ္ပဏီ ၃၀ဝ ကျော်ရှိတယ်။ ကချင်အမျိုးသားပိုင်တဲ့ ကုမ္ပဏီက လက်ချိုးရေလို့ ရတယ်။ ကျန်တာ နေပြည်တော်က ချပေးတာတွေဘဲ။ ဒါတွေကို စဉ်းစားဖို့လိုတယ်။ နောက် ရခိုင်ကို ကြည့် ရခိုင်က သမိုင်းမှာ လွတ်လပ်စွာနေထိုင်ခဲ့တယ်။ သူက ထွက်တဲ့ သဘာဝ ဓါတ်ငွေ့တွေက သူပြည်နယ်သား တွေ အသုံးချခွင့်ရရင် သူဌေးတွေလိုနေလို့ရတယ်။ သဘာဝမှ မကျတာ ဒါကို ကျွန်တော်တို့က တင်တာ အကုန် (အီးကွယ်တူ) စဉ်းစားလို့မရဘူး။

(အေဆယ်မတ်တစ်ဖယ်ဒရယ်လစ်ဇင်း)ဆိုတာ ဒီလိုမျိုးကို ပြောတာ၊ ကချင်ပြည်နယ်လို၊ ကရင်နီပြည် နယ်လို၊ ရခိုင်ပြည်နယ်လိုဟာမျိုးကို သတ်သတ် စဉ်းစားပေးရမယ်။အဲ့တော့ သဘောဝ သယံဇာတနဲ့ ပတ်သက်လာရင် ဗဟိုချုပ်ကိုင်မှုကို ပယ်ထားရမယ်။ (ဖော်လစ်ဇင်း)ပဲပေါ့ ဥပမာ ၁၀ % ကို ဖယ်ဒရယ် အစိုးရကပေးသုံး ကျန်တဲ့ ၉၀ % ထဲက ၆၀ %ကို အဲ့ဒီ ပြည်နယ်ရသင့်တာပေါ့။ ဒါသူ့ ကာယကံရှင်တွေလေ ကျန်တဲ့ ၃၀ % ကို မျှဝေသုံး ကျန်တဲ့ ဆင်းရဲတဲ့ ပြည်နယ်ရှိမယ် မျှဝေသုံးလိုက်ပါ။ အဲ့တော့ (ဖော်လစ်ဇင်း ရွတ်စ်လေးရှင်းရှစ်) တည်ဆောက်ရမယ်။ ပြည်နယ် တစ်ခု နဲ့ တစ်ခုကြားထဲမှာ ဆက်ဆံရေးတွေ အားကောင်းလာရမယ်။ အဲ့တော့ ရတဲ့ဝင်ငွေတွေထဲက ၁၀ % ပဲ ဖက်ဒရယ်အစိုးရကိုသွားမယ် ကျန်တဲ့ ၃၀ % က အချင်းချင်းကြားထဲမှာ မျှဝေသုံးစွဲမယ့် ကော်မတီတစ်ရပ်ဖွဲ့ထား အခုကျတော့ အဲ့လိုလည်း မရှိတဲ့ အခါ ကျတော့ သတ်ဆိုင်ရာ ထွက်တဲ့ ပြည်နယ်ကလည်း မခံစားရ၊ ကျန်တဲ့ ပြည်နယ်ကလည်း မခံစားရ၊ ဗဟို နေပြည်တော် ရောက်တော့ နေပြည်တော်က ရွှေပြည်တော်ကြီး ဖြစ်အောင်လုပ်တယ်။ တပြည်လုံးက ပြည်နယ်တွေက ငတ်ပြတ်ဆင်းရဲကုန်ကျတယ်။ ဒါ ဖက်ဒရယ်မှ မဟုတ်ဘဲ ဒီသဘောအခြေခံပဲ ဖက်ဒရယ် အခြေခံ မူက။

မေး ။ ။ နောက်ဆုံး သိချင်ပါတယ် ဆရာ။ ဗမာမဟုတ်သော တိုင်းရင်းသားလူမျိုးတွေက တပ်မတော် ကို မြန်မာ(ဗမာ)လူမျိုးကြီးဝါဒကျင့်သုံးနေတယ်လို့ မြင်ထားကျတာရှိတယ်ပေါ့နော်၊ အဲဒီအပေါ်မှာ ဆရာ အနေနဲ့ ဘယ်လို သဘောထား မှတ်ချက် ပြုချင်ပါလဲ။

ဖြေ ။ ။ သိပ်မှန်တာပေါ့ မြန်မာ(ဗမာ)လူမျိုးကြီးဝါဒကျင့်သုံးတယ်မလား ကျွန်တော်လည်း လက်ခံ တယ်။ ကျွန်တော်က မြန်မာ(ဗမာ)အစစ် တစ်ယောက်ပဲ သူ့တို့ ပြောတာမှန်တယ်။အခု လက်ရှိ တပ်မတော် မှာ ဒုတိယဗိုလ်မှူးကြီးအဆင့် အထက်က တိုင်းရင်းသားတွေရှိမှ မရှိတာ၊ ဒါ ဆယ်စုနှစ် တစ်စု အစီအစဉ် တကျ လုပ်ခဲ့တာ။ စစ်ရေးပြကွင်းမှာသွားကြည့်လေ စစ်ရေးပြကွင်းဘေးမှာ စိုက်ထူထားတဲ့ အရုပ်ကြီး တွေရှိတယ်။ တိုင်းရင်းသားတွေ သင်္ကေတရှိမှ မရှိတာ အနော်ရထာ၊ဘုရင့်နောင်၊ အလောင်းဘုရား၊ ဒါတွေ ဘဲရှိတာ။ ဆွတ်ဇာလန်သွားကြည့်ပါ ၂၆ ပြည်နယ်နဲ့ ဖွဲ့စည်းထားတယ်။ ၂၆ ပြည်နယ်ရဲ ့ အမှတ်အသားကို တံဆိပ်အမှတ်အသား တင်ထားတာ၊ Idea က အောက်နေတာ။

နောက်ပြီးတော့ ဆိုးဝါးတဲ့ ပြင်းထန်တဲ့ နိုင်ငံတကာအဆင့်ရှိတဲ့ စစ်ရာဇဝတ်မှုတွေ အကုန်လုံးက တိုင်းရင်းသား ပြည်နယ်တွေမှာဖြစ်တာ မြန်မာ(ဗမာ)မဟုတ်တဲ့ တိုင်းရင်းသား ပြည်နယ်တွေမှာ ဖြစ်တာ မြန်မာပြည်နယ်၊ ပြည်မမှာ ဖြစ်မှ မဖြစ်တာ ဒါစိတ်မကောင်းစရာဘဲ ဒါအမှန်အတိုင်းပဲ ကျွန်တော်ပြောတာ။

မေး ။ ။ ဟုတ် နောက်တစ်ခု ထပ်သိပါရစေ ဆရာ၊ ဒီလိုမျိုး အမြင်တွေရှိနေတာကို အမြင်တွေ ရှင်းလင်းသွားအောင်ဆိုရင် ဘယ်လိုမျိုး ရှင်းလင်းသင့်တယ်လို့ ဆရာအနေနဲ့ မြင်ပါသလဲ။

ဖြေ ။ ။ အခု ကျွန်တော်တို့ ဆွေးနွေးချက်တွေကို တကယ် ဒီမိုကရေစီနိုင်ငံ၊ ဒီမိုကရေစီနိုင်ငံလို့ ဒေါ်အောင်ဆန်းစုကြည် ကြေညာတယ်နော်။ တကယ် ဒီမိုကရေစီ စနစ်ဖြစ်ရင် (Freedom )ကို (အိတ်စပယ် ရှင်) အပြည့် အကုန်ပေးလိုက်စမ်းပါ။ ကျွန်တော်ဒီမှာမလို့ ခင်ဗျားကို ပြောလို့ရတာ၊ ရန်ကုန်မှာ ကျွန်တော် ရှင်းလင်းပွဲလုပ်ကြည့် နောက်နေ့ ကျွန်တော်တို့ ပုဒ်မ တစ်ခု နဲ့ တက်လာမှာပဲ။တကယ် ဒီမိုကရေစီမှ မဟုတ် ဘဲ ဒီမိုကရေစီအတုအယောင်ကြီးပဲ စဉ်းစားကြည့်စမ်း။ ဒီမိုကရေစီကို တကယ်ပေးစမ်းပါ ခင်ဗျာ။ တိုင်းရင်း သားတွေမှာ သူ့ ပြဿနာ သူဖြေရှင်းနိုင်တဲ့ အခြေအနေရှိတယ်။

အဲ့တော့ ဖက်ဒရယ်ဆိုတာဟာ ပြည်နယ်တွေ အခြေခံက စဉ်းစားမယ်ဆိုတဲ့ Idea ရှိတယ်။ပြည်နယ်တွေရဲ ့ အသီးသီး အခွင့်အရေးတွေမှာ ဒီမိုကရေစီအပြည့်ပေးစမ်းပါ။ ဘာဖြစ်လို့ လက်မှတ်ထိုးတဲ့ အဖွဲ့တွေကို မတရား အဖြစ်ကနေ ပယ်ဖျက်လိုက်ပြီးတော့မှ လက်မှတ်မထိုးတဲ့ အဖွဲ့တွေကို မတရားအသင်း ဆက်ထား လဲ။ ဒါ ဥပဒေမှ မဟုတ်ပဲ ၁၉၀၈ မတရားအသင်းဥပဒေရဲ ့ သဘော သဘာဝအရ မတရားအသင်းကို လက်မှတ်ထိုးခြင်း မထိုးခြင်းနဲ့ မဆိုင်ဘူးလေဗျာ၊ ဒါ ဥပဒေကို လုံးဝမတရား အသုံးချတာဘဲ အဲ့အခါကျတော့ မတရားအသင်းဥပဒေ ကြေညာခံထားရတဲ့ အသင်းအဖွဲ့တွေက လူထုနဲ့ အခက်အခဲရှိတာပေါ့။

သူတို့ အတွက်(အဖွဲ့အစည်း) မခက်ဘူး တွေ့တဲ့ လူထုအတွက်က အခက်အခဲရှိတာ၊ ဘယ်လိုလုပ်ပြီး ဒီမိုကရေစီ ကျင့်သုံးလို့ရမလဲ လွတ်လပ်စွာ ဆွေးနွေးခွင့် ဘယ်ရှိမလဲ။ ခင်ဗျားတို့တောင် ဒီလာရဲတာ စဉ်းစားကြည့် ဒါကို မြန်မာစစ်တပ်က မီးစိမ်းပြလိုက်လို့ မီဒီယာအများစု ဒီရောက်လာတာ မဟုတ်ရင် ဘယ်မီဒီယာမဆို ဒီလာဖို့က အခက်အခဲရှိတယ်။

ဒါကြောင့် ကျွန်တော်ပြောတာ နံပါတ်တစ် အချက်က ဒီမိုကရေစီကို တကယ်ပေးလိုက်စမ်းပါ။ လွတ်လပ်စွာ စည်းရုံးခွင့် အသင်းအဖွဲ့ ဖွဲ့စည်းခွင့်၊ ထုတ်ဖော် ပြောဆိုခွင့်၊ တကယ်ပေးကြည့်စမ်းပါ။ ရေးသားခွင့်တွေ အပြည့် ပေးကြည့်လိုက်စမ်းပါ၊ စုဝေးခွင့်တွေ အပြည့်ပေးကြည့်လိုက်စမ်းပါ၊ Funding ရှာခွင့်တွေ အပြည့်ပေးကြည့်လိုက် စမ်းပါ နိုင်ငံတကာ Funding တွေ လူထုလက်ထဲကို ရောက်ဖို့ အခုက အကုန်ထိန်းချုပ်ထားတာလေ။ လူထုက မွဲနေပြီး နိုင်ငံတကာ Funding တွေကို မရဘူး။ အသင်းအဖွဲ့ မှတ်ပုံတင်မှ ဘဏ်စာရင်းငွေ ဘယ်လောက် ကျော်ရင် ဘယ်လောက်လုပ်မှ၊ လူထုက ဘယ်လို သွားလုပ်မလဲ၊ ဒါဒီမိုကရေစီမှ မဟုတ်ပဲ အဲ့ဒါပါဘဲ ဒီမိုကရေစီကို အပြည့်အဝပေးကြည့်စမ်းပါ လူထုက သူဘာသာ သူဆုံးဖြတ်သွားလိမ့်မယ်။ အခု လူထုက စောင့်ကြည့်နေပြီး ဘာကြောင့်လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က ချိန်းဆိုပြီးတော့ ကတိပေးသွားတယ်။ တိုင်းရင်းသားတွေကို အပြောင်းအလဲဖြစ်စေရမယ်ဆိုပြီးတော့ မဲတွေပုံပေးလိုက်ကြတယ်။ အဲကနေ့အချိန် အထိ ဘာအပြောင်းအလဲမှ မဖြစ်ဘူး။လူတော့ ပြောင်းသွားတာပေါ့ဗျာ ဦးအောင်မင်း နေရာမှာ ဒေါ်အောင်ဆန်းစုကြည် ရောက်လာတာပေါ့ ဒါဘဲရှိတယ်။ ကျန်တဲ့ဟာ ဘာမှ မပြောင်းလဲသေးဘူး။ စီးပွားရေးပေါ်လစီ ထွက်လာအောင်တောင် မလုပ်နိုင်သေးဘူး။ ပြည်တွင်းစစ်ပြဿနာ မရှင်းနိုင်သေးဘူး။ ဖယ်ဒရယ်နဲ့ပတ်သက်တဲ့ ရှင်းလင်းတဲ့ ပေါ်လစီ မရှိဘူး (ကွန်စီကျူရှင်း)လည်း (ချိန်း) မဖြစ်ဘူး (ကွန်စီကျူရှင်း) ချိန်းမပြောနဲ့ ပြင်တာတောင်မှ နောက်မှ ပြင်မယ် ဖြစ်သွားတယ်။ (လီကယ်ချိန်း)မဖြစ်ဘူး (အင်စတီးကျူရှင်းချိန်း)ဝေးရော့ (အင်စတီးကျူရှင်း)လည်း (ချိန်း) ဖြစ်မှာရမယ်။ဒီတိုင်းပြည် အဆောက်အ အုံ ကြီးပြောင်းမှ ရမယ်။

မေး- ကျေးဇူးတင်ပါတယ် ဆရာ။

About မွန်သတင်းအေဂျင်စီ

Check Also

ရက္ခိုင့်တပ်မတော် ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဒေါက်တာညိုထွန်းအောင်နှင့် ဆက်သွယ်မေးမြန်းချက်

“အခက်အခဲရှိရင် သူတို့အနေနဲ့ ကူညီပေးဖို့ အဆင်သင့်ရှိကြောင်း ပြောကြားထားတာတွေရှိတဲ့အတွက် တရုတ်ကို ကျနော်တို့နဲ့တွေ့ဆုံတဲ့ အချိန်တိုင်း ပါဝင်ဖို့ တောင်းဆိုရခြင်းဖြစ်တယ်” ရက္ခိုင့်တပ်မတော် (AA)သည် တအာင်း(ပလောင်)လွတ်မြောက်ရေးတပ်ဖွဲ့ TNLA၊ ကိုးကန့် …

Leave a Reply

%d bloggers like this: