မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / သံလွင်တံတားထိပ်မှ ဆွမ်းအုပ်ရုပ်တုကို ဖယ်ရှားပြီ

သံလွင်တံတားထိပ်မှ ဆွမ်းအုပ်ရုပ်တုကို ဖယ်ရှားပြီ

ရေးသားသူ:

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အထင်ကရအထိမ်းအမှတ်သင်္ကေတတစ်ခုဖြစ်သည့် သံလွင်တံတားထိပ်အဝိုင်းပေါ် ဆွမ်းအုပ်ပုံတုကို သြဂုတ်လ ၂ ရက်နေ့ နံနက်ပိုင်းတွင် ဖယ်ရှားလိုက်ပြီ ဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများ ပြောပြချက်အရ သိရသည်။

အဆိုပါ ဆွမ်းအုပ်ပုံတုနေရာတွင် ရွှေဟင်္သာရုပ်တုဖြင့် ပြန်လည်အစားထိုး တပ်ဆင်ရန်အတွက် ယခုကဲ့သို့ ဖယ်ရှားလိုက်ခြင်း ဖြစ်သည်။

ဆွမ်းအုပ်ရုပ်တုကို ဖယ်ရှားနေစဉ်(Facebook)
ဆွမ်းအုပ်ရုပ်တုကို ဖယ်ရှားနေစဉ်(Facebook)

မော်လမြိုင်မြို့ခံ နိုင်အောင်ချမ်း က “မနက် ၁၀ နာရီလောက်မှာ ကရိန်းတွေနဲ့ ဖြုတ်ချပြီး သယ်သွားပြီ။ အရင်က ရွှေဟင်္သာရုပ်တုကို သိမ်းထားတဲ့နေရာမှာပဲ ပြန်လှောင်ထားမယ်လို့ ကြားတယ်” ဟု ပြောသည်။

ယခင်စစ်အစိုးရလက်ထက် သံလွင်မြစ်ကူးတံတား (မုတ္တမ-မော်လမြိုင်) ဖွင့်လှစ်စဉ် ၂၀ဝ၅ ခုနှစ်တွင် မွန်လူမျိုးတို့၏သင်္ကေတ ရွှေဟင်္သာရုပ်တုကို တည်ဆောက်တပ်ဆင်ခဲ့ပြီးနောက် ပြည်သူကို အသိပေးခြင်း မပြုဘဲ ၂၀ဝ၇ ခုနှစ် မိုးရာသီ၏ ညသန်းခေါင်ယံအချိန်တွင် လျှပ်တစ်ပြက် ဖယ်ရှားကာ ၎င်းနေရာတွင် ဆွမ်းအုပ်ပုံတုဖြင့် အစားထိုးခဲ့ခြင်း ဖြစ်သည်။

လက်ရှိမွန်ပြည်နယ်အစိုးရက ဆွမ်းအုပ်နေရာတွင် ရွှေဟင်္သာရုပ်တုဖြင့် ပြန်လည်အစားထိုး တပ်ဆင်ရန်အတွက် ယခင်ရွှေဟင်္သာရုပ်တုဟောင်းကို ပြန်လည်စုံစမ်းရှာဖွေရာမှ ၉ နှစ်ခန့် ပိတ်လှောင်ခံထားသည့် ၎င်းရုပ်တုကို ယခုနှစ် ဇွန်လ ၁၈ ရက်နေ့တွင် မော်လမြိုင်မြို့၊ ရွှေတောင်ရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာရေး ပစ္စည်းသိုလှောင်ရုံအတွင်း၌ ပြန်လည်တွေ့ရှိခဲ့သည်။

ရွှေဟင်္သာရုပ်တု ပြန်လည်တပ်ဆင်ရာတွင် မွန်တိုင်းရင်းသားတို့၏ သဘောဆန္ဒအတိုင်း ဆောင်ရွက်ခွင့်ပြုနိုင်ရန်အတွက် မွန်လူထု တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို ဇွန်လ ၂၄ ရက်နေ့တွင် ကျင်းပခဲ့ပြီး၊ ၉ ဦးပါ ညှိနှိုင်းဆောင်ရွက်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းကာ၊ ဇူလိုင်လ ၁ ရက်နေ့တွင် ပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံ ညှိနှိင်းဆောင်ရွက်ခွင့် ရယူခဲ့သည်။

ရုပ်တုသစ် ထုလုပ်ခြင်းနှင့် တပ်ဆင်ခြင်းအတွက် စုစုပေါင်း ငွေကျပ် သိန်း ၄၀ ဝန်းကျင် ကုန်ကျမည်ဟု ကော်မတီက ခန့်မှန်းတွက်ချက်ထားပြီး၊ ပြည်နယ်အစိုးရအနေနှင့် ၎င်းအတွက် ဘတ်ဂျက် လျာထားခြင်း မရှိသည့်အတွက် လက်ရှိတွင် စေတနာရှင်များ၏ အလှူငွေဖြင့် ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့မှ စတင်ထုလုပ်လျက် ရှိသည်။

ယခုပြန်လည်တပ်ဆင်မည့် ရွှေဟင်္သာရုပ်တုသည် ယခင်ခြေစုံရပ် ရွှေင်္ဟသာ မဟုတ်ဘဲ၊ မွန်အမျိုးသားအလံတော်ပါ ပတ္တမြားသွေးရောင်မျက်လုံးရှိ ခြေတစ်ဖက်လှမ်းရွှေဟင်္သာ ဖြစ်ပြီး၊ သြဂုတ်လကုန်ပိုင်းနှင့် စက်တင်ဘာလဆန်းပိုင်းအကြားတွင် ပြန်လည်တပ်ဆင်နိုင်လိမ့်မည်ဟု အထက်ပါကော်မတီမှ နိုင်မင်းမင်းနွယ်က ပြောသည်။

သူက “ဟင်္သာက ပြီးသလောက် ရှိပြီ။ မကြာခင်မှာ ကျွန်တော်တို့ ပြန်တပ်ဆင်နိုင်တော့မယ်” ဟု ပြောသည်။

ယခုရွှေဟင်္သာရုပ်တုကို ယခင်ဟင်္သာအဝိုင်းနှင့် ဆွမ်းအုပ်အဝိုင်း ဆောက်လုပ်ခဲ့သည့် အင်ဂျင်နီယာဟောင်း နိုင်စိုးသိန်း က ဦးဆောင်ကာ ထုလုပ်လျက် ရှိသည်။

ရွှေဟင်္သာသည် မွန်တိုင်းရင်းသားတို့၏ အထွတ်အမြတ်ထားသည့် သင်္ကေတတစ်ခုဖြစ်၍ မွန်လူမျိုးများ နေထိုင်ရာဒေသ၏ ကျေးရွာအဝင်တွင်လည်းကောင်း၊ ရွာထိပ် လမ်းထိပ်များနှင့် အထင်ကရနေရာများတွင်လည်းကောင်း အမှတ်တရတည်ထားလေ့ ရှိကြသည်။

About မွန်သတင်းအေဂျင်စီ

Check Also

ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းတွင် တံတား ၂ စင်း ရေစီးထဲမျော၍ လမ်းပိတ်ထား

မိုးသည်းထန်စွာရွာပြီး တောင်ကျရေတိုက်စားမှုကြောင့် ကရင်ပြည်နယ်၊ကြားအင်း ဆိပ်ကြီး-ဘုရားသုံးဆူလမ်းရှိ တံတား(၂)စင်း ရေစီးထဲ မျောပါသွားပြီး လမ်းခရီးသွားလာမှု ခေတ္တပြတ်တောက်နေကြောင်း ကြာအင်းဆိပ်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှ သတင်းရရှိသည်။ Related

Leave a Reply

%d bloggers like this: