spot_img
Friday, April 19, 2024
More
    spot_img
    Homeသတင်းရေးမြို့နယ် ရေလုပ်ငန်းရှင်နှင့် ရေလုပ်သားအလုပ်ရုံဆွေးနွေးပွဲ ရေလုပ်သားများမပါရှိ

    ရေးမြို့နယ် ရေလုပ်ငန်းရှင်နှင့် ရေလုပ်သားအလုပ်ရုံဆွေးနွေးပွဲ ရေလုပ်သားများမပါရှိ

    -

    မွန်ပြည်နယ် ရေးမြို့နယ်အတွင်း ရေလုပ်ငန်းရှင်နှင့် ပင်လယ်ရေပြင် ရေလုပ်သားများအကြား ဖြစ်ပျက်နေသည့် ပြဿနာများကို ညှိနှိုင်းဖြေရှင်းနိုင်ရန်အတွက် ဇူလိုင်လ ၂၃ ရက်နေ့တွင် အလုပ်ရုံဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့သော်လည်း ရေလုပ်သားများ တက်ရောက်ဆွေးနွေးခွင့်မရခဲ့သဖြင့် မပါရှိကြောင်း တက်ရောက်သူများထံမှ သိရသည်။

    ရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့ကိုယ်စား တက်ရောက်ဆွေးနွေးသူတစ်ဦး ဖြစ်သည့် ဦးအောင်နိုင်ဝင်း က “ခေါင်းစဉ်ကိုက အလုပ်ရှင် အလုပ်သမား ပြဿနာများကို ဖြေရှင်းရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ လုပ်တာပဲလေ။ သူတို့ (ရေလုပ်သားများ) မပါတော့ တချို့နေရာတွေမှာ အဖြေထုတ်ရတဲ့အချိန်မှာ အများကြီး အခက်အခဲရှိတယ်” ပြောသည်။

    ရေးမြို့နယ် ရေလုပ်ငန်းရှင်နှင့် ရေလုပ်သားအလုပ်ရုံဆွေးနွေးပွဲ(MNA)
    ရေးမြို့နယ် ရေလုပ်ငန်းရှင်နှင့် ရေလုပ်သားအလုပ်ရုံဆွေးနွေးပွဲ(MNA)

    ရေးမြို့နယ်ရေလုပ်သားအရေး အခြေအနေအရပ်ရပ်နှင့် အကြံပြုချက်များ ရေးသားတင်သွင်းသူတစ်ဦး ဖြစ်သည့် လူ့အခွင့်အရေးနှင့် တရားမျှတရေး စွမ်းဆောင်သူများအဖွဲ့မှ ဒါရိုက်တာ ကိုဂျင်မီ နှင့် ရေလုပ်သားပြဿနာများကို လိုက်ပါကူညီဆောင်ရွက်ပေးနေသူ ဦးအောင်နိုင်ဝင်း တို့အနေနှင့် ဆွေးနွေးပွဲသို့ တက်ရောက်တင်ပြဆွေးနွေးခွင့် ရခဲ့ကြသော်လည်း မိမိတို့သည် ရေလုပ်သားများ၏ ကိုယ်စားလှယ်အဖြစ် သတ်မှတ်ခံထားရသူများ မဟုတ်ကြောင်း ပြောသည်။

    ဦးအောင်နိုင်ဝင်း က “ကျွန်တော်တို့ဟာ အလုပ်သမားတွေရဲ့ ပြဿနာတွေကို တစ်ချိန်လုံး ထိတွေ့ဆက်ဆံပြီးတော့ ကူညီဖြေရှင်း၊ သူတို့တွေရဲ့ ရင်ဖွင့်သံတွေကို နားထောင်ထားတဲ့သူတွေတော့ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ကို ကိုယ်စားပြုပါတယ်လို့တော့ ဘယ်သူမှ ပြောမထားဘူး” ဟု ပြောသည်။

    အလုပ်ရုံဆွေးနွေးပွဲကို မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးနှင့် မော်လမြိုင်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးများ၏ ညွှန်ကြားချက်ဖြင့် ရေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ဦးဆောင်ကာ ရေးမြို့နယ် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

    အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မွန်ပြည်နယ် မော်လမြိုင်ခရိုင်အဆင့် အရာရှိများ၊ ဌာနဆိုင်ရာများ၊ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး တပ်ဖွဲ့စု (၉)၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ မီဒီယာများ၊ ရပ်မိရပ်ဖများနှင့် ရေလုပ်ငန်းရှင်များ စုစုပေါင်း ၈၀ ဝန်းကျင် တက်ရောက်ကြပြီး၊ စားပွဲဝိုင်း ၁၀ ခု ခွဲကာ၊ ခေါင်းစဉ် ၁၀ ခုကို ဆွေးနွေးခဲ့ကြသည်။

    ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းဦးကလည်း ရေးမြို့နယ် ပင်လယ်ပြင် ရေလုပ်ငန်းများအတွင်း လူသတ်မှုများ နှစ်စဉ်ဖြစ်နေကြောင်း၊ အလုပ်ရှင်နှင့် အလုပ်သမားများကြား ပြဿနာများ မဖြစ်ပွားအောင် မည်ကဲ့သို့ ဖြေရှင်းရမည်ကို ဆွေးနွေးသည့် ဆွေးနွေးပွဲ ဖြစ်သည့်အတွက် ရေလုပ်ငန်းရှင်များအပြင် ရေလုပ်သားများကိုလည်း ဆွေးနွေးတွင် ပါဝင်စေလိုကြောင်း ပြောသည်။

    ရေးမြို့နယ် ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းတွင် ဒေသခံရေလုပ်သား နည်းပါးပြီး၊ ရေလုပ်သားများ ရရှိရန်အတွက် ရေလုပ်ငန်းရှင်များအနေနှင့် ပွဲစားများကိုသာ အားထားနေရသည့်အတွက် ဆွေးနွေးပွဲတွင် ရေလုပ်သား ရရှိရေးအတွက် ခိုင်မာသည့် အကျိုးဆောင်အဖွဲ့တစ်ခု ပေါ်ပေါက်ရန် အဓိကထား ဆွေးနွေးခဲ့ကြသည်။

    ချောင်းတောင်ကျေးမှ ရေလုပ်ငန်းရှင် ဦးဇော်မိုးက “တစ်မြို့နယ်လုံး ခြုံပြီး ပြောရရင်တော့ လိုအပ်တဲ့ အလုပ်သမားအရေအတွက် ရဖို့ဆိုရင် ခိုင်မာတဲ့အကျိုးဆောင်အဖွဲ့ကို လိုလားတယ်။ ဒီပွဲမှာ အလုပ်ရှင်တွေရဲ့ အခက်အခဲတွေကိုလည်း ပြောပြခွင့်ရခဲ့တယ်။ လှေရှင်ပဲ အကုန်လုံး မှန်တယ်လို့ မပြောလိုပါဘူး။ အလုပ်သမားတိုင်းလည်း မကောင်းပါဘူး” ဟု ပြောသည်။

    ရေးမြို့နယ် ရေလုပ်ငန်းများသို့ လာရောက်လုပ်ကိုင်သူများတွင် ဧရာဝတီတိုင်းဒေသကြီးမှ ရေလုပ်သားများ ဖြစ်ကြပြီး၊ အလုပ်ရှင်နှင့် ပွဲစားကြား ရေလုပ်သားများ လုပ်အားခ အပြည့်အဝ မရရှိခြင်း၊ ပင်လယ်ပြင်တွင်း လူသတ်မှုများအပါအဝင် ဒုစရိုက်မှုများ ဖြစ်ပွားခြင်းများ မကြာခဏ ဖြစ်ပွားလျက် ရှိသည်။

    မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) ၏ ရွှေ့ပြောင်းအလုပ်သမားဌာနမှ တာဝန်ရှိသူများ၏ ကယ်ဆယ်မှုကြောင့် လွတ်မြောက်လာသည့် ရေးမြိုနယ်အတွင်း လူကုန်ကူးခံ ရေလုပ်သား ၁၁ ယောက်က လွန်ခဲ့သည့် ရက်ပိုင်းတွင် မြို့နယ်ရဲစခန်း၌ အမှုဖွင့် တိုင်ကြားခဲ့ပြီး၊ ပင်လယ်ပြင်တွင်း ၎င်းတို့ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်များကို ဇူလိုင်လ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Summit Parkview Hotel တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

    အလားတူ လူ့အခွင့်အရေးနှင့် တရားမျှတရေး စွမ်းဆောင်သူများအဖွဲ့နှင့် ရေးမြို့နယ်ရှိ လူမှုအသင်းအဖွဲ့မှ တက်ကြွလှုပ်ရှားသူအချို့၏ ကူညီမှုကြောင့် ရေးမြို့နယ်အတွင်း ရေလုပ်သားအဖြစ် လူကုန်ကူးခံရသည့် ပြည်မြို့နယ်မှ ဒေသခံ ၄၀ ကျော်ကိုလည်း လွန်ခဲ့သည့်လပိုင်းတွင် ရေးမြို့နယ် ရဲတပ်ဖွဲ့က မိသားစုများထံ ပြန်လည်အပ်နှံနိုင်ခဲ့သည်။

    ရေးမြို့နယ်အတွင်းရှိ ကမ်းဝေးငါးဖမ်းလုပ်ငန်းတွင် လုပ်ငန်းရှင် ၂၀ဝ ဦးနှင့် ကမ်းနီးငါးဖမ်းလုပ်ငန်းတွင် လုပ်ငန်းရှင် ၃၆၀ ဦး လုပ်ကိုင်လျက် ရှိပြီး၊ ရေးမြို့နယ်သည် မွန်ပြည်နယ်အတွင်း ငါးပုဇွန်ထုတ်လုပ်မှု အမြင့်ဆုံးမြို့နယ်တစ်ခုဖြစ်ကာ နှစ်စဉ် ရေလုပ်သား ၃၀ဝ၀ ခန့် လိုအပ်လျက် ရှိကြောင်း ရေလုပ်ငန်းရှင်များက ပြောသည်။

    အထက်ပါအလုပ်ရုံဆွေးနွေးပွဲ၌ ဆွေးနွေးခဲ့သည့် ခေါင်းစဉ် ၁၀ ခုမှာ ၁။ အလုပ်သမား မှန်ကန်မှု ရရှိရန် မည်သို့စည်းရုံးရှာဖွေမလဲ ၂။ ယုံကြည်ရသော ပွဲစားကို ဘယ်လိုစိစစ်မွေးမလဲ ၃။ အလုပ်သမားဦးစီးဌာနမှ ရေလုပ်သားပြဿနာကို ဘယ်လိုဖြေရှင်းပေးမလဲ ၄။ ငါးလုပ်ငန်းဦးစီးဌာနမှ လုပ်ငန်းရှင်တွေကို ဘယ်လိုစိစစ်ပေးမလဲ ၅။ ရေတက်ရေကျ ချိန်၍ အလုပ်လုပ်ရသဖြင့် အလုပ်ချိန်နှင့် အိပ်ချိန် ဘယ်လိုသတ်မှတ်ပေးမလဲ ၆။ ဖောင် ၁ ဖောင်လျှင် အလုပ်သမားဘယ်နှစ်ဦး ထားမလဲ ၇။ အလုပ်သမားများအား အလှည့်ကျစနစ်ဖြင့် ကုန်းပေါ်လုပ်ငန်းတစ်လှည့် ပင်လယ်ပြင်လုပ်ငန်းတစ်လှည့် စီစဉ်ပေးနိုင်လျှင် အဆင်ပြေမလား ၈။ ရေလုပ်သားများ၏ လုပ်အားခနှင့်ပတ်သက်၍ မည်ကဲ့သို့စီစဉ်ပေးနိုင်လျှင် အဆင်ပြေမလဲ ၉။ ကျန်းမာရေးနှင့် ပတ်သက်၍ မည်ကဲ့သို့ဆောင်ရွက်ပေးနိုင်လျှင် အဆင်ပြေမလဲ ၁၀။ ဖောင်တွင်နေထိုင်စဉ် ကျန်ရှိသောမိသားစုအတွက် မည်ကဲ့သို့ဆောင်ရွက်ပေးနိုင်မည် တို့ ဖြစ်သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts