မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / ဆောင်းပါး / လက်နက်နှင့်ဒီမိုကရေစီလဲလှယ်ခဲ့သော မွန်တော်လှန်ရေးခရီး

လက်နက်နှင့်ဒီမိုကရေစီလဲလှယ်ခဲ့သော မွန်တော်လှန်ရေးခရီး

ရေးသားသူ:

လက်နက်နှင့်ဒီမိုကရေစီလဲလှယ်ခြင်းအခမ်းအနား

၁၉၅၈ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်နေ့ “မွန်ပြည်သူ့တပ်ဦး၏ လက်နက်ကိုင်တိုက်ပွဲအသွင်မှ ဥပဒေဘောင်အတွင်းသို့ ပြောင်းလဲခြင်းအခမ်းအနား” မော်လမြိုင်မြို့ မိုင်ဒါကွင်းမှာ ကျင်းပရာခဲ့တာ အခု ၂၀၁၆ ခုနှစ်ဆိုရင် ၅၈ နှစ်တင်းတင်းပြည့်ခဲ့ပါပြီ၊ မွန်ပြည်သူ့တပ်ဦး Mon People’s Front လက်အောက်ခံ မွန်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ Mon National Defence Organization-MNDO အပါအဝင် လက်နက်ကိုင်အင်အား ၁၁၁၁ ဦးတို့က ဦးနုအစိုးရထံ အကြွင်းမဲ့လက်နက်အပ်ခဲ့တဲ့နေ့တစ်နေ့အဖြစ် မွန်အမျိုးသားသမိုင်းမှာ တွင်ရစ်ကျန်ရှိနေဆဲပါ။

ထောင်နဲ့ချီတဲ့ လူထုပုရိသတ်ကြီးတွေ တက်ရောက်ခဲ့သလို သိပ်ကိုစည်ကားတဲ့ကြိုဆိုပွဲဖြစ်တယ်လို့လည်း သက်ရှိထင်ရှားကျန်ရှိသူတွေကိုယ်တိုင် ပြောပြခဲ့တာရော မွန်တော်လှန်ရေးသမိုင်းစာအုပ်စာတမ်းတွေ ဖတ်ရှုခဲ့မိတာကိုပါ စုစည်းပြီး ပြန်လည်တင်ပြခြင်းဖြစ်ပါတယ်၊ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး မွန်ပြည်သူ့တပ်ဦးခေါင်းဆောင်ပိုင်းတွေက လက်နက်ချ၊ လက်နက်စွန့်တဲ့ အသုံးအနှုန်းကို လက်မခံကြပါ၊ လက်နက်နဲ့ဒီမိုကရေစီလက်လှယ်ခြင်းလို့ပဲ သုံးနှုန်းပြောဆိုလေ့ရှိပါတယ်၊ သို့သော် စာရေးသူရဲ့ပုဂ္ဂလိကအမြင် ပွင့်ပွင့်လင်းလင်းပြောမယ်ဆိုရင် လက်နက်ချတာလို့ပဲ သုံးစွဲပြောဆိုလိုက်ပါတယ်။

ထင်ရှားသောမွန်ခေါင်းဆောင်များ(66th MRD-KL)
ထင်ရှားသောမွန်ခေါင်းဆောင်များ(66th MRD-KL)

နိုင်ပန်းသာ ရေးသားတဲ့ မွန်နိုင်ငံရေးလှုပ်ရှားမှုသမိုင်း စာအုပ်တွင်“လက်နက်ချအခမ်းအနားကို မော်လမြိုင်မြို့၊ မိုင်ဒါကွင်းတွင် ဇူလိုင်လ (၂၄) ရက်နေ့ နံနက် ၈းဝ၀ နာရီအချိန် စတင်၍ပြုလုပ်သည်၊ ဗဟိုကာကွယ်ရေးတပ်မှ တပ်သားအချို့က လက်နက်ချရေးအခမ်းအနားတွင် ဝင်ရောက်တန်းစီကြပြီး လက်နက်များကို တရားဟောစင်မြင့်အနီး စနစ်တကျ စုပုံထားသည်၊ လက်နက်ပေါင်းမှာ (၄၀ဝ) ကျော်ရှိပါသည်၊ အခမ်းအနားကို ဗိုလ်မှူးချုပ်သန်းဖေ(တပ်မတော်) ကဖွင့်လှစ်ပြီး မွန်ပြည်သူ့တပ်ဦးဗဟိုစစ်ဦးစီးရုံးအုပ်က စတိသဘောဖြင့် ကာဘိုင်တစ်လက်ကို ဗိုလ်မှူးချုပ်သန်းဖေ လက်သို့ အပ်ပေးလိုက်သည်။ ဒုတိယအစီအစဉ်အရ ဥက္ကဌ နိုင်အောင်ထွန်းက တက်ရောက်ဟောပြောရာတွင် မွန်ပြည်သူ့တပ်ဦးအလံကို တင်ခွင့်ပြုသည်” ဟု ဖော်ပြထားပါတယ်။

မွန်ပြည်သူ့တပ်ဦး ဥက္ကဌ နိုင်အောင်ထွန်းက မိန့်ခွန်း(အခမ်းအနားမှတ်တမ်းပုံနှိပ်ထုတ်ဝေ စာအုပ်ဖော်ပြပါအတိုင်း) “(၁) ဆယ်နှစ်ဆယ်မိုးကျော်ခန့် ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်၏ ဘေးဒါဏ်ကြောင့် မွန်အမျိုးသားအပါအဝင် ပြည်သူ့လူထုကြီးတရပ်လုံးမှာ သားသေလင်ကွဲ ပစ္စည်းဥစ္စာ အိမ်ရာအဆောက်အဦ ကုဋေကုဋာ ပျက်စီးဆုံးပါးပြီး ဒုက္ခပင်လယ် ဝေနေတာကို ခံစားနေကြရတဲ့အတွက် စစ်မလိုလားတဲ့ ပြည်သူတရပ်လုံးဟာ ပြည်တွင်းငြိမ်းချမ်းရေးတိုက်ပွဲကို မနားမနေ တိုက်ပွဲဆင်နွှဲခဲ့ခြင်းသည် မွန်ပြည်သူ့တပ်ဦး၏ ပြည်တွင်းငြိမ်းချမ်းရေးလမ်းစဉ်နှင့် ကိုက်ညီသည့်အတွက် ပြည်သူ့ဆန္ဒအရ ပြည်တွင်းငြိမ်းချမ်းရေးကို ပြန်လည် တည်ဆောက်လိုခြင်းကြောင့် တကြောင်း။
ယနေ့ ကမ္ဘာ့အခြေအနေနှင့် ပြည်ထောင်စု၏ လက်ရှိ အခြေအနေများကို သုံးသပ်ပါက ပြည်ပနယ်ချဲ့အန္တရာယ်ဟာ ဒီပြည်ထောင်စုအတွက် အလွန်ပင် စိုးရိမ်ဘွယ်ရာကောင်းကြောင်းကို ဝန်ကြီးချုပ် ဦးနုကိုယ်တိုင်လည်း မိန့်ကြားခဲ့ပြီး ဖြစ်ပါတယ်၊ ဒီစိုးရိမ်ဘွယ်ရာကောင်းတဲ့ ပြည်ပနယ်ချဲ့ အန္တရာယ်ကို ကာကွယ်ဖို့ရန်မှာ ပြည်ထောင်စုအတွင်းရှိ လူမျိုးတိုင်းတို့၏ မဟာတာဝန်ကြီးတရပ်ဟု ယူဆပါတယ်။
အဲဒီကြောက်မက်ဘွယ်ကောင်းတဲ့ အန္တရာယ်ကြီးကို ကာကွယ်ဘို့အတွက် ယနေ့အချိန်တွင် အလွန်ရေးကြီးတဲ့ ပြည်တွင်းငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ရေးကို မရမနေ ကြိုးပမ်းဆောင်ရွက်ပြီး တရားမျှတခြင်းဖြင့် ကျေနပ်မှုပေါ်တွင် အခြေခံတဲ့ တိုင်းရင်းသားပေါင်းစုံ သွေးစည်းညီညွတ်မှုဖြင့် ခုခံကာကွယ်ကြပါမှ ရနိုင်ပါမယ်လို့ ကျွန်တော်တို့ ယုံကြည်ကာကွယ်ကြပါမှ ရနိုင်ပါမယ်လို့ ကျွန်တော်တို့ ယုံကြည်တာလည်းတကြောင်း။

(၃) ဖ-ဆ-ပ-လ ပြိုကွဲပြီးတဲ့နောက် သန့်ရှင်း ဖ-ဆ-ပ-လ နဲ့ နိုင်ငံတော်အစိုးရရဲ့ သဘောထားလည်းဖြစ်တဲ့ သန့်ရှင်း ဖ-ဆ-ပ-လ ဥက္ကဌကြီး (ဝါ) နိုင်ငံတော်ဝန်ကြီးချုပ်ဦးနု၏ ဇွန်လ (၂၄) ရက်နေ့တွင် မိန့်ကြားသော မိန့်ခွန်းအရ သင်ပုန်းချေ လွတ်ငြိမ်းချမ်းသာခွင့်နှင့် တရားဝင်တည်ရှိခွင့်တို့ကို ဥပဒေပြု ပြဌာန်းပေးမည်ဟု ဆိုထားခြင်း၊ ဒီမိုကရေစီ အပြည့်အဝ ရစေရမည်ဆိုခြင်းနှင့် မွန်အမျိုးသားများအထွက် ပြည်နယ်လိုလားကြောင်း ဆန္ဒပြပါရင် မွန်ပြည်နယ်ကို ဖေါ်ထုတ်ပေးပါမည်ဟု ဂတိပေးထားချက်ကြောင့် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် သန့်ရှင်း ဖ-ဆ-ပ-လ ၏ ဂုဏ်သိက္ခာကို ယုံကြည်တာလဲတကြောင်း။

(၄) လွန်ခဲ့သည့် ဇွန်လ (၂၃) ရက်နေ့ ရန်ကုန်တွင် ကျင်းပသော တပ်မှူးများညီလာခံတွင် မိန့်ကြားသော ဗိုလ်မှူးချုပ်နေဝင်း၏ မိန့်ခွန်းအရ ဗမာ့တပ်မတော်၏ သဘောထားကို သိရှိရတဲ့အတွက် ဗမာ့တပ်မတော်၏ ဂုဏ်သိက္ခာကို ယုံကြည်ကိုးစားမိတာလည်းတကြောင်း။
(၅) ပြည်တွင်းငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ရန်အတွက် တိုးတက်သည့်ပြည်သူ့ အဖွဲ့အစည်းများ၏ ဖိတ်ခေါ် ချက်များကို လေးစားသောအားဖြင့်တကြောင်း။
(၆) နိုင်ငံတော်အစိုးရနှင့် ဗမာ့တပ်မတော်၏ သဘောထားအရ ယနေ့အချိန်တွင် ဥပဒေ ဘောင်အတွင်းမှ ပါလီမန် ဒီမိုကရေစီနည်းအရ ကျွန်တော်တို့၏ နိုင်ငံရေးယုံကြည်ချက်ကို ဖိနှိပ်မှုကင်းရှင်းစွာဖြင့် လက်ကိုင်ပြုနိုင်မည်ဟု ယုံကြည်တာလည်းတကြောင်း။

(၇) မွန်အမျိုးသားများ၏ ရသင့်ရထိုက်သည့် အခွင့်အရေးမှန်သမျှကို ပါလီမန်ဒီမိုကရေစီနည်းအရ ဥပဒေဘောင် အတွင်း၌ လုပ်ကိုင်ဆောင်ရွက်ခွင့်ရပါက မည်သည့်အခါမှ လက်နက်ကိုင် တော်လှန်ရေးကို လုပ်မည်မဟုတ်ဟု မွန်ပြည်သူ့တပ်ဦးမှ ဆုံးဖြတ်ချိန်တွင် ကျွန်တော်တို့ဟာ လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကို လုံးဝ စွန့်လွှတ်လိုက်ခြင်းဖြစ်ပါကြောင်း”လို့ ပြောကြားခဲ့ပြီး အခမ်းအနားပြီးဆုံးသွားပါတယ်။
လက်နက်ချ မွန်ပြည်သူ့တပ်ဦး တပ်ဖွဲ့ဝင်များကို လုံခြည် ၂ ထည်စီ၊ အင်္ကျီ ၂ ထည်စီနှင့် ငွေသား ၂၀ဝ ကျပ်စီ အစိုးရထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် လူစုခွဲကာ မိမိတို့နေရပ်ဌာနေအသီးသီးတို့ ပြန်သွားခြင်းအားဖြင့် အဆုံးသတ်လိုက်ကြပါတယ်။

မွန်တော်လှန်ရေးနိဒါန်းအစ
လွတ်လပ်ရေးမရခင်ကပင် နိုင်ငံရေးနိုးကြားမှုရှိသော မွန်အမျိုးသားများ အသင်းအဖွဲ့များဖွဲ့စည်း၍ မွန်ပြည်နယ်ဖော်ထုတ်ရေးကို ဆောင်ရွက်ခဲ့ကြပါတယ်။ ဥပဒေအတွင်းတွင်ရှိနေခဲ့ကြသော မွန် အမျိုးသားအသင်း ၉ သင်းမှာ အောက်ပါအတိုင်းဖြစ်ပါတယ်-( သောင်းကျန်းသူများ အစုလိုက်အပြုံလိုက် လက်နက်ချခြင်းနှင့် ရှမ်းသောင်းကျန်းသူများပေါ်ပေါက်လာခြင်း (၁၉၅၈ ခုနှစ်)-သောင်းကျန်းသူသမိုင်းကြောင်း- http://www.myanmarpolitical.com)

(၁) ရာမညတိုင်းလုံးဆိုင်ရာမွန်အသင်း။
(၂) မွန်တိုင်းရင်းသားအစည်းအရုံး။
(၃) မွန်အဖွဲ့ပေါင်းချုပ်။
(၄) မွန်အမျိုးသားအဖွဲ့။
(၅) မွန်လူမျိုးရေးရာအဖွဲ့။
(၆) မွန်ဆိုရှယ်အသင်း။
(၇) ပြည်ထောင်စုမွန်အသင်း။
(၈) မွန်လွတ်လပ်ရေးအဖွဲ့။
(၉) ပြည်ထောင်စုမွန်အဖွဲ့ချုပ်။

ပင်လုံစာချုပ်ကိုအခြေခံတဲ့ ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် မွန်၊ ကရင်၊ ရခိုင်တိုင်းရင်းသားတွေအတွက် ပြည်နယ်သတ်မှတ်ပေးခြင်း မရှိခဲ့ပါ။ လက်ရှိ မွန်ပြည်နယ်ကို တနင်္သာရီတိုင်း(၁) လို့ သတ်မှတ်ခေါ်ဆိုခဲ့ပါတယ်။ တစ်ချိန်က သမိုင်းအစဉ်အလာရှိခဲ့တဲ့မွန်လူမျိုးတွေကို အသိအမှတ်မပြု၊ ပြည်နယ်မသတ်မှတ်ပေးတာ ယူဆကြတဲ့အတွက် မွန်ပြည်နယ်ရရှိရေးဟာ အဓိကကြွေးကျော်သံဖြစ်ခဲ့ပါတယ်၊ အာဏာရ ဗမာဖဆပလအစိုးရနဲ့ ဥပဒေဘောင်အတွင်း ညှိနှိုင်းတောင်းဆိုမရတဲ့အတွက် လက်နက်ကိုင်လမ်းစဉ်ကို မွန်လူငယ်တို့ရွေးချယ်ခဲ့ရပါတယ်။ သို့သော် မွန်လူငယ်များမှာ စစ်ရေးအတွေ့အကြုံရှိသူနှင့် လက်နက်လုံးဝမရှိခဲ့ပေ။

၁၉၄၈ ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက် နှစ်ဝက်ခန့်အကြာ သြဂုတ်လထဲမှာပဲ မွန်လူငယ်တွေ ဇာသပြင်ရဲစခန်းကို လက်နက်ဝင်လုရာက မွန်လက်နက်ကိုင်တော်လှန်ရေး စတင်ခဲ့ပါတယ်၊ ၁၉၄၈ ခုနှစ် ဇူလိုင် ၂၈ ရက်နေ့မှာ ဇာသပြင်ရဲစခန်းကို မွန်လူငယ်တစု လက်နက်လုယူသိမ်းပိုက်ပြီး မွန်တော်လှန်ရေးစတင်ခဲ့စဉ် တဆက်တည်းမှာပဲ KNU နဲ့အတူ မော်လမြိုင်ခရိုင်တစ်ခုလုံးကို သိမ်းပိုက်ခဲ့ပါတယ်၊(တိုက်ပွဲဖြစ်စဉ်များ အကျယ်မချဲ့လိုတော့ပါ) မွန်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ MNDO- Mon National Defence Organization ကိုဖွဲ့စည်းပြီး ကရင်တပ်ဖွဲ့ KNDO နဲ့အတူ မော်လမြိုင်မြို့ကို လပိုင်းအနည်းငယ်မျှသာ သိမ်းပိုက်နိုင်ခဲ့ပြီး အောက်တိုဘာမှာ မြို့ပေါ်တွေကနေ ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်၊ နောက်ပိုင်းမှာ အထူးသဖြင့် မော်လမြိုင်ခရိုင်၊ သထုံခရိုင်၊ ကော့ကရိတ်ခရိုင်ရှိ မွန်ကျေးရွာတွေမှာအခြပြုကြပြီး ဆက်လက်လှုပ်ရှားနေတော့တယ်။

မွန်တော်လှန်ရေးအစပိုင်းတွေမှာ မတူညီကွဲပြားတဲ့ အုပ်စု တွေရှိခဲ့သော်လည်း နိုင်အောင်ထွန်း(မွန်တိုင်းရင်းသားအစည်းအရုံး)၊ နိုင်ရွှေကျင်(မွန်လွတ်လပ်ရေးအဖွဲ့) နှင့် နိုင်ထွန်းမောင်(ကော့ဒွတ်) တို့ ဦးဆောင်တဲ့ လက်နက်ကိုင်အင်အားစုတွေကပဲ အဓိကဖြစ်ရှိခဲ့တာကို လေ့လာသိရှိရပါတယ်၊ နိုင်ငံရေး၊ စစ်ရေးကို ဦးဆောင်ဖို့အတွက် ၁၉၅၄ ခုနှစ် ဇူလိုင်လအတွင်း အဆိုပါ မွန်လက်နက်ကိုင်အင်အားစုအားလုံးပူးပေါင်းပြီး မွန်ပြည်သူ့တပ်ဦးကိုဖွဲ့စည်းရာမှာ ဥက္ကဌ နိုင်အောင်ထွန်း အပါအဝင် ဗဟိုအလုပ်အမှုဆောင် ၉ ဦးကို ရွေးချယ်တင်မြောက်လိုက်ပါတယ်။ သံဖြူဇရပ်မြို့ တောင်ဘက် ဝဲခမိကျေးရွာမှာ မွန်ပြည်သူ့တပ်ဦး ဗဟိုဌာချုပ် အခြေစိုက်ပါတယ်။

သို့နှင့် ၁၉၅၈ ခုနှစ် ဇွန်လ ၂၈ ရက်နေ့မှာ အစိုးရကိုဆန့်ကျင်နေကြတဲ့လက်နက်ကိုင်အဖွဲ့တွေကို သန့်ရှင်းဖဆပလဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်ဦးနု ရေဒီယိုကနေ ငြိမ်းချမ်းရေးဖိတ်ခေါ်ခဲ့ရာတွင် “မွန်ပြည်သူ့တပ်ဦးအနေဖြင့် သင်ပုန်းချေ လွတ်ငြိမ်းချမ်းသာခွင့်နှင့် တရားဝင်တည်ရှိခွင့်ပြုခြင်း၊ ဒီမိုကရေစီ အပြည့်အဝရစေရမည်ဆိုခြင်းနှင့် မွန်အမျိုးသားများအတွက် ပြည်နယ်လိုလားကြောင်း ဆန္ဒပြပါရင် မွန်ပြည်နယ်ကို ဖေါ်ထုတ်ပေးပါမည်” လို ဆိုခဲ့ပါတယ်။

မကြာမီရက်ပိုင်းအတွင်းမှာပဲ သံဖြူဇရပ်အခြေစိုက် ခလရ ၂၈ တပ်ရင်းမှူး လူလွှတ်ပြီး ဖဆပလအစိုးရနဲ့ ညှိနှိုင်းဆွေးနွေးဖို့ မွန်ပြည်သူ့တပ်ဦး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ဖိတ်ခေါ်ပါတယ်၊ မွန်ပြည်သူ့တပ်ဦးအထွေထွေအတွင်းရေးမှူး နိုင်ချမ်းမွန်၊ ဗဟိုအလုပ်အမှုဆောင် နိုင်ဆိတ်နို့(နိုင်နလ္လာ)နဲ့ နိုင်ငွေသိမ်း(လက်ရှိ မွန်အမျိုးသားပါတီ ဥက္ကဌ) ဦးဆောင်တဲ့မွန်ပြည်သူ့တပ်ဦး ကိုယ်စားလှယ်တွေဟာ တပ်မတော်နဲ့ ၂ ကြိမ်သွားရောက်ဆွေးနွေးခဲ့ပြီး သဘောတူညီမှုရရှိခဲ့တာပါ။

နိုင်ငွေသိမ်းက“အစိုးရကိုယ်စားလှယ်တွေဆိုပေမယ့် အားလုံးက စစ်တပ်အရာရှိတွေပါပဲ၊ ကျနော်တို့ ပထမတောင်းဆိုချက်မှာ မွန်ပြည်သူ့တပ်ဦး ဗဟိုကော်မတီအများစုက လက်နက်စွန့်မယ်လို့ကြေညာရင် ဥပဒေဘောင်အတွင်း တရားဝင်ရပ်တည်ခွင့်ပြုပါ၊ ကျန်တဲ့အချက်တွေကတော့ ရုံးဖွင့်ခွင့်တို့၊ ထောက်ပံ့ရေးတို့တောင်းခံတာလည်းရှိတယ်၊ အဓိကတောင်းဆိုတာ မွန်ပြည်သူ့တပ်ဦး တရားဝင်ပါတီဖြစ်ဖို့ပါပဲ”

မွန်ပြည်သူ့တပ်ဦး ဗဟိုအလုပ်အမှုဆောင်ကော်မတီ CEC ၉ ဦးအနက် ဥက္ကဌနိုင်အောင်ထွန်း၊ အတွင်းရေးမှူး နိုင်ချမ်းမွန်၊ နိုင်ငွေသိမ်း၊ နိုင်ဆိတ်နို့(နိုင်နွန်လာ)၊ နိုင်သိမ်းမောင်၊ နိုင်ဖိုးစိန်၊ နိုင်အောင်တင့် တို့ ၇ ဦးတို့ CEC အရေးပေါ်အစည်းအဝေးကျင်းပခဲ့ပြီး အစိုးရထံလက်နက်နဲ့ ဒီမိုကရေစီလဲလှယ်မယ့်ကိစ္စကို သဘောတူဆုံးဖြတ်ခဲ့ပါတယ်၊ အဝေးရောက် ကျန်ဗဟိုအလုပ်အမှုဆောင်ကော်မတီ ၂ ဦးဖြစ်တဲ့ မဟာမိတ်ဆက်ဆံရေးတာဝန်ခံ နိုင်ရွှေကျင်(နောက်ပိုင်း ဥက္ကဌ မွန်ပြည်သစ်ပါတီ) ဗမာပြည်ကွန်မျူနစ်ပါတီ ဗဟိုဌာနချုပ် ပဲခူးရိုးမကိုရောက်ရှိနေပြီး နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ နိုင်ထွန်းသိန်း(နောက်ပိုင်း ဥက္ကဌ-MNDF-ဂုဏ်ထူးဆောင်နာယက MDP) ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ရောက်ရှိနေတဲ့အတွက် အစည်းအဝေးမတက်ရောက်နိုင်ခဲ့ပါ။

၁၉၅၈ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့ သံဖြူဇရပ်မြို့၊ ခလရ ၂၈ တပ်ရင်းတွင် အစိုးရဘက်မှ ဗိုလ်မှူးကြီး စင်လဲရား(ဗမကစိန်လင်း)၊ ဗိုလ်မှူး ထွန်းလင်း၊ မွန်ပြည်သူ့တပ်ဦးဘက်မှ နိုင်ချမ်းမွန်၊ နိုင်ဆိတ်နို့တို့ အောက်ပါအတိုင်း သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အစိုးရ(တပ်မတော်)နှင့် မွန်ပြည်သူ့တပ်ဦးတို့ အရေးကြီးသော သဘောတူညီချက်များမှာ-
၁-မွန်ပြည်သူ့တပ်ဦးဌာနချုပ် အမှုဆောင်အဖွဲ့မှ အများစုက လက်နက်စွန့်သည်ဟု ကြေညာသည်နှင့်တပြိုင်နက် မွန်ပြည်သူ့တပ်ဦးကို တရားအသင်းအဖြစ် အစိုးရက အသိအမှတ်ပြုရန်။
၂-သင်ပုန်းချေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ထုတ်ပေးရန် အစိုးရက သဘောတူသည်။
၃-မွန်ပြည်နယ်ရရှိရေး လုပ်ဆောင်ရာတွင် ဒီမိုကရေစီအခွင့်အရေးပေးရန် အစိုးရက သဘောတူသည်။
၄-ဥပဒေဘောင်အတွင်းရောက်ရှိလာသော မွန်တပ်သား၊ တပ်မှူးများအား သင့်တော်သလိုပြန်လည်ထူထောင်ရေးအတွက် အတတ်နိုင်ဆုံး အစိုးရက တာဝန်ယူရမည်။

နိုင်ထွန်းသိန်းက “ဗမာအစိုးရရဲ့ မဟာအကြံအစည်အတိုင်း မွန်တွေအလိမ်မခံမိစေဖို့ ထိုင်းမွန်တွေက ကျနော်တို့ကို အတန်တန်သတိပေးပါတယ်၊ အဲဒီအချိန်က အာဏာရပါတီ ထိုင်းအစိုးရတွေမှာ မွန်တွေအများကြီး ပါရှိနေတယ်၊ ကျနော်တို့ဗဟိုအလုပ်အမှုဆောင် CEC အများစု သဘောတူထားတာကို အကျိုးအကြောင်းရှင်းပြပြီး ဘန်ကောက်ကနေ မြဝတီလမ်းကတဆင့် မော်လမြိုင်ကို ပြန်လာပါတယ်” လို့ သူမကွယ်လွန်မီ စာရေးသူနဲ့အင်တာဗျူးတခုမှာ ပြောကြားခဲ့ပါတယ်။

သို့ရာတွင် နိုင်ရွှေကျင် တစ်ဦးတည်းသာ လက်နက်စွန့်ပြီး တရားဥပဒေဘောင်ဝင်ရောက်တဲ့ လမ်းစဉ်ကို လက်မခံခဲ့ပါ။ မွန်ပြည်သူ့တပ်ဦးလက်နက်ချပြီးနောက် ခေါင်းဆောင်ပိုင်းအချို့နဲ့ နိုင်ရွှေကျင်တို့ ပေါင်မြို့နယ်တွင် လှို့ဝှက်တွေ့ဆုံပြီး မွန်ပြည်သူ့တပ်ဦးနဲ့အတူလိုက်ပါရန် ပြောဆိုသော်လည်း လုံးဝလက်မခံပါ။ မပြီးဆုံးသေးသော မွန်လက်နက်ကိုင်တော်လှန်ရေးဆက်လက်ဆင်နွှဲဖို့ တောတဲမှာတစ်ဦးတည်းကျန်ရစ်သူ နိုင်ရွှေကျင်က မွန်ပြည်သစ်ပါတီ ဖွဲ့စည်းလိုက်ပါတယ်။ အစိုးရနဲ့ မွန်ပြည်သူ့တပ်ဦး လက်နက်နဲ့ဒီမိုကရေစီလဲလှယ်ရေး သဘောတူညီ လက်မှတ်ရေးထိုးခဲ့တဲ့ ဇူလိုင် ၁၉ ရက်အပြီး နောက်တစ်နေ့ ဇူလိုင် ၂၀ ရက်(၁၉၅၈ ခု) ကို မွန်ပြည်သစ်ပါတီ စတင်ဖွဲ့စည်းတဲ့နေ့ရက်အဖြစ် သတ်မှတ်ခဲ့ပြီး ပြန့်ကြဲနေတဲ့ မွန်တော်လှန်ရေးအင်အားစုတွေ ပြန်လည်စည်းရုံးနိုင်ခဲ့တာပါ။

နိဂုံး
မွန်ပြည်သူ့တပ်ဦးလက်နက်နဲ့ ငြိမ်းချမ်းရေးလဲလှယ်တာ(ဝါ) အကြွင်းမဲ့လက်နက်ချပြီးတဲ့နောက်ပိုင်းမှာ စာချုပ်သဘောတူညီချက်ပါအတိုင်း ဖြစ်မလာတော့ပါ၊ သဘောတူညီချက်တွေကို အစိုးရမလိုက်နာတဲ့အတွက် စာချုပ်ဟာစက္ကူစုတ်ဖြစ်သွားပါတယ်၊ ဦးနုလက်ထက်မှာ မွန်ပြည်နယ်လည်း မရခဲ့ပါ၊ ၄ နှစ်ခန့်အကြာတွင် နိုင်ထင်(မွန်ပြည်သစ်ပါတီ တတိယမြောက်ဥက္ကဌ) မှလွဲ၍ မွန်ပြည်သူ့တပ်ဦးခေါင်းဆောင်အားလုံး နိုင်ငံရေးပုဒ်မနဲ့ ထောင်ချခံလိုက်ရသလို မွန်ပြည်သူ့တပ်ဦးလည်း တရားဝင်ပါတီအဖြစ်မှ ရုတ်သိမ်းခံလိုက်ရတယ်။ မွန်ပြည်သူ့တပ်ဦးလက်နက်ချအပြီး လပိုင်းအတွင်း ဥက္ကဌနိုင်ရွှေကျင်ထံ နိုင်ထင် ဝင်ရောက်လာတဲ့အတွက် တော်လှန်ရေးကောင်စီ စစ်အစိုးရ ချမှတ်တဲ့ထောင်ဒဏ်ဘေးကနေ လွတ်မြောက်ခဲ့တဲ့အကြောင်း စာရေးသူကို ပြောပြခဲ့ဘူးပါတယ်။

ဒီမိုကရေစီလမ်းစဉ်အရ အများဆုံးဖြတ်ချက်ကို လက်ခံရမယ်လို့ ဆိုပါတယ်၊ သို့သော် မွန်ပြည်သူ့တပ်ဦးခေါင်းဆောင် အများဆုံးဖြတ်ချက်ကို နိုင်ရွှေကျင် လက်မခံခဲ့ပါ၊ နိုင်ရွှေကျင် မိန့်ခွန်းတစ်ခုမှာ “အများလို့ဆိုလိုက်တိုင်း ဒီမိုကရေစီမဟုတ်ဘူး၊ အဲဒီအများစုဟာ အဲဒီကိစ္စအပေါ် ဘယ်လောက်သိနားလည်ပြီး ဆုံးဖြတ်တာလဲ၊ လူအများနောက် သံယောင်လိုက်ပြီး လက်ခုတ်လိုက်တီးတာဟာ ဒီမိုကရေစီမဟုတ်ဘူး” လို့ ၁၉၉၄ ခုနှစ် မွန်ပြည်သစ်ပါတီဗဟိုကော်မတီအရေးပေါ်အစည်းအဝေးတခုမှာ ပြောဆိုခဲ့တာကို အဲဒီအချိန်ကာလတွေမှာ စာရေးသူနားမလည်ခဲ့ပါ၊ သို့သော် အများနဲ့တစ်ဦးဆိုသော်လည်း မှန်ကန်တဲ့ ယုံကြည်ချက်၊ ရပ်တည်ချက်အပေါ် အကောင်အထည်ဖော်နိုင်ခဲ့တာကြောင့် မွန်တို့ရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦးအဖြစ် လူတိုင်းလူတိုင်းအသိအမှတ်ပြုနေကြတာ မဟုတ်ပါလား။ ထို့အတူ မွန်ပြည်သစ်ပါတီသက်တမ်းဟာလည်း ခုဆိုရင် ၅၈ နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။
ဝန်ခံချက်- စာရေးသူအနေဖြင့် မွန်တော်လှန်ရေးအားလုံးကို ကြည်ညိုလေးစားပါသည်၊ ခေါင်းဆောင်များ၏ ဆောင်ရွက်ချက်များကို အမှားရှိခဲ့သည်ဟုလုံးဝလက်မခံပါ၊ မွန်တော်လှန်ရေးလှုပ်ရှားမှုသမိုင်းအမျိုးမျိုး ရေးသားကြရာတွင် အချက်အလက်မတူ၊ လွဲမှားမှုများ ရှိကြစမြဲသာဖြစ်ပါသည်။ ထိုသို့လွဲမှားမှုများကို မိမိတို့ရရှိထားသော အချက်အလက်မှန်ဖြင့် အစားထိုးစေလိုသည်။

ကိုးကားချက်များ
-နိုင်ထွန်းသိန်း ဘဝမှတ်တမ်း-Oral History
-နိုင်ငွေသိမ်း ဘဝမှတ်တမ်း-Oral History
-မွန်နိုင်ငံရေးလှုပ်ရှားမှု သမိုင်းအတွေ့အကြုံ-နိုင်ပန်းသာ
– မွန်ပြည်သူ့တပ်ဦး ဥပဒေဘောင်အတွင်းသို့ ပြောင်းလဲခြင်းအခမ်းအနားမှတ်တမ်းစာအုပ်(၁၉၅၈)။
-ဇာတိမြေမှယနေ့တိုင်-တော်လှန်ရေးနှင့် နိုင်ငံရေးခရီး-နိုင်ငွေသိမ်း
– သောင်းကျန်းသူများ အစုလိုက်အပြုံလိုက် လက်နက်ချခြင်းနှင့် ရှမ်းသောင်းကျန်းသူများပေါ်ပေါက်လာခြင်း (၁၉၅၈ ခုနှစ်)-သောင်းကျန်းသူသမိုင်းကြောင်း- http://www.myanmarpolitical.com)

About မွန်သတင်းအေဂျင်စီ

Check Also

NCA ကို ပြန်လည်သုံးသပ်ဖို့လိုပြီ

တိုင်းရင်းသားလက်နက်ကိုင်များအနေနှင့် ကနဦးကာလ၌ လက်နက်စွန့်ရန်မလိုဘဲ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် Nationwide Ceasefire Agreement- NCA ချုပ်ဆိုခြင်းနှင့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲရလဒ်များကို အခြေခံပြီး လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ကိစ္စရပ်များ အဆင့်ဆင့်ပြုလုပ်သွားခြင်းဖြင့် …

Leave a Reply

%d bloggers like this: