spot_img
Friday, March 29, 2024
More
    spot_img
    Homeအမြင်နှင့်သုံးသပ်ချက်နှင်းမှုန်ပြာဝေ မြူခြေဆိုင်းဆိုင်း

    နှင်းမှုန်ပြာဝေ မြူခြေဆိုင်းဆိုင်း

    -

    ယနေ့မြန်မာ့နိုင်ငံရေးအခြေအနေကို မြန်မာနှင်းခဲပျော်ချိန်ဟု တင်စာရေးဖွဲ့ကြသည်။ အစိုးရသစ်၏ ရက်ပေါင်း (၁၀ဝ) လှုပ်ရှားမှုအတွင်း ရှားရှားပါးပါး အောင်မှတ်ရသည်များတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပါဝင်သည်။ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစုပင်လုံညီလာခံကိစ္စ အသံကျယ်လောင်နေသည်။

    အစိုးရသစ်က နိုင်ငံလုံးဆိုင်ရာအပစ်အခပ်ရပ်စဲရေးစာချုပ် (NCA) ကို အခြေခံပြီး နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မှုဘောင်ကို ပြောင်းလွယ်ပြင်လွယ် လုပ်ဆောင်သွားမည်ဟု ဆိုသည်။ (NCA) စာချုပ်တွင် အဆင့် (၇) ဆင့်ပါ လမ်းပြမြေပုံရှိသည်။ ၎င်းတို့မှာ အောက်ပါအတိုင်းဖြစ်သည်။

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် UNFC ခေါင်းဆောင်များပထမအကြိမ်တွေ့ဆုံခဲ့စဉ်(Internet)
    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် UNFC ခေါင်းဆောင်များပထမအကြိမ်တွေ့ဆုံခဲ့စဉ်(Internet)

    (၁) (NCA) လက်မှတ်ထိုးရန်
    (၂) နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ သဘောတူညီချက်ယူရန်
    (၃) အမျိုးသားနိုင်ငံရေး ဆွေးနွေးပွဲပြုလုပ်ရန်
    (၄) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပရန်
    (၅) ပြည်ထောင်စုသဘောတူစာချုပ် ချုပ်ဆိုရန်
    (၆) ၎င်းကိုပြည်ထောင်စုလွှတ်တော် တင်သွင်းပြီး အတည်ပြုချက်ရယူရန်
    (၇) စာချုပ်ပါအတိုင်း ဆက်လက်အကောင်အထည်ဖော်ရန်
    လက်တွေ့တွင် (NCA) ကို အဖွဲ့ (၈) ဖွဲ့သာ လက်မှတ်ရေးထိုးထားပြီး ဦးသိန်းစိန်အစိုးရ မဆင်းခင်လေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကသုတ်ကယက် လုပ်ပေးသွားသည်။

    အစိုးရသစ် တက်လာသောအခါတွင် လုပ်ငန်းစဉ်ဟောင်းကို ဆက်လုပ်ဆောင်သည်ဆိုသော်လည်း ထူးခြား လာသည်မှာ ဆွေးနွေးမှုကို (၂) ပိုင်းခွဲခြင်းဖြစ်သည်။ နိုင်ငံရေး၊ ကာကွယ်ရေးနှင့်လုံခြုံရေးကိစ္စများကိုသာ ညီလာခံတွင် ဆွေးနွေးပြီး ကျန်ကိစ္စများကို အရပ်ဘက်လူမှုအဖွဲ့အစည်းများ တွေ့ဆုံပွဲ (CSO Forum) တွင် သွားဆွေးနွေးရမည်ဟု ဆိုသည်။

    ယ္ခုကာလမှာ ဖွဲ့စည်းမှုကာလဖြစ်သည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဋ္ဌာန ပေါ်လာသည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဋ္ဌာန (NRPC) ပေါ်လာသည်။ ၎င်း၏အောက်တွင် (NCA) လက်မှတ်ရေးထိုးပြီးသူများနှင့် ဆွေးနွေးရန် ကော်မတီတစ်ခုနှင့် လက်မှတ်မရေးထိုးရသေးသည့် အဖွဲ့များနှင့် အလုပ်လုပ်ရန် ကော်မတီတစ်ခုဖွဲ့ထားသည်။ ထို့ပြင် ငြိမ်းချမ်းရေးကော်မရှင်ဆိုသည်လည်း ရှိသေးသည်။

    (၂၁) ရာစုပင်လုံညီလာခံ ကြိုတင်ပြင်ဆင်ရေးကော်မတီ (UPDJC) လည်း ဖွဲ့ပြီးဖြစ်သည်။ အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်များ အစုအဖွဲ့နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့တို့၏ ကိုယ်စားလှယ်တို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ထူးခြားချက်မှာ နိုင်ငံရေးပါတီများအစုအဖွဲ့ကိုယ်စားလှယ် ရွေးရာတွင် ယခင်ကကဲ့သို့ မှတ်ပုံတင်ထားပြီး ပါတီများအားလုံးမှ ကိုယ်စားလှယ်များက လျှိုဝှက်မဲပေး ရွေးချယ်ခြင်းမျိုးမဟုတ်တော့ခြင်းဖြစ်သည်။

    ဤစုဖွဲ့လှုပ်ရှားမှုကာလတွင် တပ်မတော်၏ သဘောထားကို မေလ (၁၃) ရက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ သတင်းစာရှင်းလင်းပွဲ၌ သိရှိနိုင်သည်။ ဗိုလ်ချုပ်မှုးကြီးမင်အောင်လှိုင်၏ သဘောထားကို အကျဉ်းချုပ်လျှင် ဖွဲ့စည်းပုံအခြေခံဥပဒေကို သစ္စာခံမည်။ သမ္မတ၏ ဦးဆောင်အခန်းကဏ္ဍကိုလက်ခံမည်။ (၂၁) ရာစုပင်လုံ ညီလာခံကို ပံ့ပိုးကူညီမည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို (NCA) အခြေခံနှင့် သွားရမည်။ ပါဝင်မည့်လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့များသည် (NCA) ကို ဦးစွာ လက်မှတ်ရေးထိုးရန် လိုအပ်သည်။ ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့ (MNDAA) ၊ တအာင်းပလောင်အဖွဲ့ (PSLF) နှင့် ရခိုင်တပ်မတော်တို့သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်နိုင်ရန် ဦးစွာလက်နက်ချရမည်ဟူ၍ ဖြစ်သည်။

    ယ္ခုအခါ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သည် (NCA) လက်မှတ်ရေးထိုးပြီးအဖွဲ့များနှင့် တွေ့ပြီးဖြစ်သလို မထိုးရသေးသည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကိုယ်စားလှယ်များနှင့်လည်း တွေ့ရှိပြီးဖြစ်သဖြင့် လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့များ၏ ထိပ်သီးညီလာခံကို ဇူလိုင်လ (၂၆) မှ (၂၉) ရက်အတွင်း ကချင်ပြည်နယ် မိုင်ဂျာယန်၌ ကျင်းပရန် ပြင်ဆင်ထားပြီးလည်း ဖြစ်သည်။

    အထက်ပါ ဖြစ်ပေါ်တိုးတက်မှုများသည် မြန်မာနိုင်ငံရေးနှင့် ခဲပျော်ချိန်အတွက် အောင်မှတ်ပေးနိုင်မည်လား။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ပိုပြီးအောင်မြင် ပြည်စုံလာလေမလား။ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံ ဥပဒေ ပေါ်ပေါက်ရေးအတွက် မီးစိမ်းပြနေပြီလား။ အထက်ပါ အခြေအနေများ ရောက်မရောက်သိရှိရန် အောက်ပါမေးခွန်းများကို ဦးစွာဖြေဆိုနိုင်ရမည်ဖြစ်သည်။

    ပထမမေးခွန်းမှာ (NCA) စာချုပ်နှင့်ပတ်သတ်သည့် (UNFC) မှ လက်ကျန်အဖွဲ့များသည် အစိုးရသစ်အပေါ် မျှော်လင့်ချက်ကြီးကြီးထားရှိသည်။ သူတို့တွင်လည်း ပြသနာကြီးကြီးရှိသည်။ “အားလုံးပါဝင်မှ လက်မှတ် ရေးထိုးရေးဖြစ်သည်။ ယ္ခုအခါ အစိုးရသစ်၏ ခေါင်းဆောင်က ပါဝင်သင့် ပါဝင်ထိုက်သူများအားလုံး ပါဝင်သော” ဟူသော အသုံးအနှုန်းကို သုံးပါသည်။ ပြသနာ၏ အကြောင်းရင်းခံမှာ (MNDAA) (PSLF) နှင့် (AA) တို့ဖြစ်သည်။ ၎င်းပြင် ကချင် (KIA)၊ ရှမ်း (SSPP/SSA) စသည့် အဖွဲ့များနှင့်လည်း အကြောင်းက ဆက်ပါသည်။ သေနတ်သံတိုက်ပွဲခေါ်သံများကြားမှ ငြိမ်းချမ်းရေးပန်းသည် လွယ်လင့်တကူ ပွင့်လန်းရန် အကြောင်းမရှိပါ။ ပုဂ္ဂိုလ်ရေးကြည်ညိုလေးစားမှု သက်သက် ဖြင့် သေနတ်သံစဲသွားဖွယ် အကြောင်းမရှိဟုမြင်သည်။ အဘယ်ကြောင့် ဆိုသော် စစ်ပွဲဖြစ်ရခြင်းတွင် အကြောင်းရင်းခံတစ်ခုထက်မက ရှိနေခြင်းကြောင်းဖြစ်သည်။

    ဤကြားတွင် မျက်ပြူဆိုက်လေ ဆရာကြိုက်လေဆိုသော လက်နက်ကိုင်တပ်ဖွဲ့ တစ်ခုရှိသည်။ ၎င်းမှာ “ဝ” လက်နက်ကိုင်တပ်ဖွဲ့ (UWSA) ဖြစ်သည်။ အုပ်ချုပ်ရေးနှင့် မိမိဖာသာ လွပ်လပ်စွာ နေထိုင်လှုပ်ရှားခွင့်ရထားသော “ဝ” တပ်ဖွဲ့၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ရေး အစိုးရအဖွဲ့သည် (NCA) အား လက်မှတ်ထိုးစရာမလိုဘဲ ငြိမ်းချမ်းရေးညီလာခံသို့ ပါဝင်တက်ရောက်နိုင်ရန် လေသံပစ်လျက်ရှိသည်။ “ဝ” နယ်တွင် တိုက်ပွဲမရှိ၊ စီးပွါးရေးသာ ရှိသည်။ (NCA) ကြာလေ တည်ဆောက်ရေး အတွက် ပိုအချိန်ရလေဖြစ်သည်။ ထို့ပြင် “ဝပြည်နယ်” ဟူသော နိုင်ငံရေး ပြဿနာကိုလည်း ဗန်းတင်လျှက် မဟာမိတ်အင်အား စုစည်းနေသည်။

    ဤတွင် ဒုတိယမေးခွန်ဝင်လာသည်။ အစိုးရသစ်က တိုင်းရင်းသားများအား “မိမိက တိုင်ပြည်အတွက် ဘာပေးနိုင်မလဲ” စဉ်းစားကြဘို့ ပြောသောအခါ တိုင်းရင်းသားများဘက်မှ “ပေးထားတာ ကုန်နေပြီ၊ အခုထိ အသိအမှတ်ပြု မခံရသေးဘူး” ဟု တုန့်ပြန်သည်။ ယ္ခုထိ မရှင်းလင်းသည်မှာ အာဏာရပါတီ (NLD) ၏ ဖက်ဒရယ်အခြေခံသော ပြည်ထောင်စုဆိုသည်မှာ မည်သို့ဆိုသည်ပင်ဖြစ်စေ မျက်မမြင်ပုဏ္ဏား (၆) ယောက်က ဆင်ကိုစမ်းပြီး ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ခန့်မှန်းပြောကြသလို တိုင်းရင်းသားများဘက်မှ ချိန်ဆ မှန်းမျှော်နေရသည်။ ဂျာနယ်ဆောင်းပါး တစ်ပုဒ်တွင် ဖတ်လိုက်ရသော “နာရီတာလမ်းခွဲ” ဟူသော အသုံးအနှုန်းကို အမှတ်တရ ဖြစ်သွားသည်။ ဟန်းနီးမွန်ဆိုသော လက်ထပ်ပြီးခါစ ဇနီးမောင်နှံတို့၏ ပျားရည်ဆမ်းခရီး (ယခုဒေါ်အောင်ဆန်စုကြည်နှင့် (UNFC) ခေါင်းဆောင်များတွေဆုံမှုမျိုး) သည် အားသစ်အင်သစ် စိတ်ဓါတ်အသစ်ဖြင့် အပြီးသတ်လေ့ရှိသည်။ သို့ရာတွင် တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်းသိပြီး ခါးခါးသီးသီး ဖြစ်သွားကြသော ထိုဂျပန်ဇနီးမောင်နှံသည် ဂျပန်နိုင်ငံအဝင် နာရီတာလေဆိပ် (Narita) အရောက်တွင်ပင် ရှေ့နေခေါ်ပြီး ကွာရှင်းပြတ်စဲလိုက်ကြသည်။ ထိုအခါ နာရီ တာလမ်းခွဲ (Narita Divorce ) ဟူသော အသုံးအနှုန်းပေါ်လာသည်။ ယ္ခုလည်း (၁၈/၇/၁၆) ရက်နေ့ တွေ့ဆုံပွဲသည် နာရီတာလမ်းခွဲမဖြစ်ဘို့ ဆုတောင်းမိသည်။

    လာမည့်ညီလာခံ အခင်းအကျင်းသစ်မှာလည်း အတိအကျမသိရသေးတိုင် တတိယမေးခွန်းဖြစ်နေသည်။ နိုင်ငံရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စများကိုသာ ငြိမ်းချမ်းရေးညီလာခံတွင် ဆွေးနွေးမည်ဟုဆိုသည်မှာ အနှစ်သာရ (၂) ခုရှိသည်။ တစ်ခုမှာ ရွေးကောက်ပွဲမနိုင်သော ပါတီများအား ထို (CSO Forum ) သို့ တွန်း ပို့ခြင်းနှင့် နိုင်ငံရေးကို တခြားအရေးများနှင့် အဆက်ဖြတ်လိုခြင်းဖြစ်သည်။ အချို့လူမှုရေး ပြဿနာများသည် နိုင်ငံရေးနီးပါး အရေးကြီးသည်။ မြေယာပြဿနာနှင့် စစ်ဘေးဒုက္ခသည်စခန်း ပြဿနာမျိုးဖြစ်သည်။

    နောက်ဆုံးမေးခွန်းမှာ တပ်မတော်၏ အစိုးရသစ်နှင့် လက်တွဲနိုင်စွမ်းပင်ဖြစ်သည်။ (၂၁) ရာစုပင်လုံညီလာခံ ကြိုတင်ပြင်ဆင်ရေးကော်မတီဝင် ဆလိုင်းလျန်မှုန်းက (NCA) ၏ လမ်းပြမြေပုံအဆင့်ဆင့်အတွက် ပြည်ထောင်စုသဘောတူစာချုပ်ရရှိလာသည့်အခါ ပြုပြင်ပြောင်းလဲသွားမည်ဟု တပ်မတော်နှင့် သဘောတူညီချက် ရထားကြောင်းဆိုပါသည်။

    ယ္ခုအနေအထားမှာ လမ်းပြမြေပုံအဆင့် (၁) နှင့် (၂) အကြား လည်နေခြင်းဖြစ်ပြီး အဆင့် (၃) သို့ တက်ရန် ရုန်းနေသော ကာလဖြစ်သည်။ ဤကာလအတွင်း၌ပင် ပါလီမန်တွင်း၌ ဒီမိုကရေစီအာဏာရှင် စနစ် ပေါ်လာမလားကို တပ်မတော်ကိုယ်တိုင်က ပြန်စိုးကြောက်နေရသည့် အနေအထားဖြစ်လာသည်။ ထို့ကြောင့် လည်း အချို့နိုင်ငံရေးအကဲခတ်သူများက အာဏာရပါတီတွင်းအနေအထားကို ၎င်းတပ်မတော်၏ ဒီမိုကရေစီ လှိုင်းဒဏ် မည်မျှခံယူနိုင်စွမ်းရှိမည်ကို ၎င်းစိုးရိမ်ကြောင့်ကျနေရသည်။

    ဤနေရာတွင် မဇ္ဇိမအပတ်စဉ်ဂျာနယ် (အင်္ဂလိပ်ဘာသာ) ဆောင်ပါးရှင် စိုင်းဝန်ဆိုင်း ဆိုသူ၏ သုံးသပ်ချက်ကို တင်ပြလိုသည်။

    (NLD) သည် မိမိ၏ သံသယပွါးဖွယ်အားလုံးပါဝင်နိုင်ရေး ပေါ်လစီနှင့်တပ်မတော်၏ မပါဝင်ရေး ရပ်တည်ချက် စင်ပြိုင်တွဲလျှက် ရှိနေခြင်းကို ပြတ်ပြတ်သားသား ရှင်းလင်းချက်ပေးရန် အချိန်တန်ပြီဖြစ်သည်။ တိုင်းပြည်အတွက် ကပ်ဘေးဖြစ်သော လူမျိုးစုပြဿနာ ဖြေရှင်းရာတွင် နိုင်ငံရေးဆန္ဒမပါသော (NCA) အစစ်အမှန်ရရှိရေး ပထမလုပ်ငန်းစဉ်၌ ကျွံနစ်နေသည်ထက် ရဲရင့်သော ဖောက်ထွက် ချဉ်းကပ်မှုများ လိုအပ်ပါသည်။တပ်မတော်၏ အချုပ်အချာအာဏာ တည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဂါထာမန္တန်သည် အလုပ်မဖြစ်သည့်အပြင် အထောက်အကူလည်း မရပါ။ အထူးသဖြင့် အစစ်အမှန် နိုင်ငံရေး ဆွေးနွေးရန်ထက် “အဖြူရောင်ဒေသ” တိုးချဲ့ရေးကို ဦးတည်ချက်ရှိရှိ တွဲစပ်လုပ်ကိုင်သည့်အခါမျိုးတွင် ဖြစ်သည်။ လက်တွေ့ဘဝတွင် စစ်မှန်သော ဖက်ဒရယ်စနစ်အတွက် နိုင်ငံရေးဆွေးနွေးမှုရလဒ်ရရှိကာ ပြည်ထောင်စုသဘောတူညီချက်ပေါ်လာသည်နှင့် နိုင်ငံရေးပြဿနာအားလုံး ပြေလည်ဖြေရှင်းသွားလိမ့်မည်ဟု စဉ်းစားပုံ စဉ်းစားနည်းသည် အဓိပ္ပါယ်မရှိပါ။

    အချုပ်အားဖြင့် (NLD) သည် မိမိ၏ ငြိမ်းချမ်းရေး ရှေးဦးအစပျိုးခြေလှမ်းများကို ပုလင်းအသစ်ထဲက ဝိုင်အဟောင်းဟု မမြင်စေလိုလျှင် ရွေးစရာလမ်း တစ်လမ်းသာရှိသည်။ ၎င်းမှာ အစိုးရဘက်မှ တဖက်သတ် အပစ်အခတ်ရပ်စဲကြောင်း ကြေငြာပေးလိုက်ခြင်းဖြစ်သည်။ ဤလုပ်ငန်းမှာ မြန်မာတပ်မတော်၏ စိတ်ရင်းစေတနာကောင်းဖြင့် လုပ်ဆောင်ပေးမှသာ ဖြစ်နိုင်ဘွယ်ရှိသော်လည်း (၂၁) ရာစုပင်လုံညီလာခံကြီးကို ပြည်သူလူထုမှ အနှစ်သာရရှိရှိ ရှုမြင်လက်ခံလာရေးအတွက် ရှောင်လွှဲမရသည့် နည်းလမ်းဖြစ်သည်။ ဤနည်းအားလုံး ပါဝင်ကစားနိုင်မည့် နိုင်ငံရေးကွင်း တစ်ခုဖန်တီးပေးလိုက်ခြင်းလည်း ဖြစ်သည်။

    အထက်ပါ သုံးသပ်ချက်က မြန်မာနိုင်ငံရေးနှင့် ခဲပျော်ချိန်ကို လက်ခံအသိအမှတ်ပြုသည်။ သို့သော် နွေးဦးသို့ တန်းမသွားဘဲ နှင်းမှုန်ပြာဝေ မြူခြေဆိုင်းဆိုအဆင့်၌ တစ်ဆို့ကြာနေဦးမည်ကို စိုးရိမ်စိတ်ရှိနေကြောင်း ဆဝါးမှန်းဆကြည့်နိုင်ပါသည်။
    (ရည်ညွှန်း- Mizzima Weekly June 2;2016)
    Attachments area

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts