မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / မွန်ပြည်နယ်အတွင်းရှိ မြို့အဝင်ဆိုင်းဘုတ်များ ၃ ဘာသာရေးထိုးနိုင်မည်ဟု ပြော

မွန်ပြည်နယ်အတွင်းရှိ မြို့အဝင်ဆိုင်းဘုတ်များ ၃ ဘာသာရေးထိုးနိုင်မည်ဟု ပြော

ရေးသားသူ: >

မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် မွန်အမျိုးသား ဆန္ဒဖော်ဆောင်ရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့တို့ တွေ့ဆုံညှိနှိုင်းချက်အရ ပြည်နယ်အတွင်းရှိ မြို့အဝင်ဆိုင်းဘုတ်များကို မွန်၊ ဗမာ၊ အင်္ဂလိပ် ၃ ဘာသာဖြင့်ရေးထိုးနိုင်မည်ဖြစ်ကြောင်း အလွတ်သဘောခွင့်ပြုချက်ရရှိခဲ့သည်ဟု နိုင်တလညီက ပြောသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် မွန်အမျိုးသား ဆန္ဒဖော်ဆောင်ရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့တို့ တွေ့ဆုံညှိနှိုင်းစဉ်(Minmin Nwe FB)
မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် မွန်အမျိုးသား ဆန္ဒဖော်ဆောင်ရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့တို့ တွေ့ဆုံညှိနှိုင်းစဉ်(Minmin Nwe FB)

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး ဦးဆောင်သော အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် မွန်အမျိုးသား ဆန္ဒဖော်ဆောင်ရေး ညှိနှိုင်းဆောင်ရွက်ရေး ၉ ဦးပါအဖွဲ့တို့သည် ဇူလိုင်လ(၁)ရက်နေ့တွင် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

မွန်အမျိုးသား ဆန္ဒဖော်ဆောင်ရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ဝင် နိုင်တလညီက “လမ်းတွေ မွန်ပြည်နယ်အတွင်းမှာရှိတဲ့ မြို့အဝင်-အထွက်ဆိုင်းဘုတ်တွေကို မွန်ဘာသာနဲ့ပါရေးထိုးဖို့ ပြည်နယ်ဝန်ကြီးချုပ်ကို တင်ပြတဲ့အခါ ဝန်ကြီးချုပ်က စည်ပင်ဌာနကို ဆောင်ရွက်ပေးဖို့ ပြောဆိုထားတယ်လို့ပြောတယ်၊ ပြည်နယ်အစိုးရအဖွဲ့နဲ့ စည်ပင်ဌာနတို့ ညှိနှိုင်းတဲ့အနေအထားရောက်နေပြီး ဝန်ကြီးချုပ်ကတော့ မွန်၊မြန်မာ၊အင်္ဂလိပ်သုံးမျိုးနဲ့ရေးဖို့တော့ အလွတ်သဘောခွင့်ပြုထားတယ်” ဟု ဆိုသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်အနေဖြင့် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ကို ပူးတွဲတာဝန်ယူထားသည်ဟု သိရသည်။”

ထို့အပြင် မော်လမြိုင်-မုတ္တမသံလွင်တံထားထိပ်ရှိ ယခုဆွမ်းအုပ်အဝိုင်းနေရာတွင် မွန်အမျိုးသားတို့၏ ဟင်္သာအလံပုံကို ထုလုပ်တည်ထားရန်၊ မွန်ပြည်နယ်အတွင်းရှိ အစိုးရစာသင်ကျောင်းများတွင် မွန်စာပေသင်ကြားခွင့် ပိုမိုရရှိရန်၊ အများနှင့်သက်ဆိုင်သော နေရာများတွင် ဆိုင်းဘုတ်များ၊ လမ်းညွှန်ဆိုင်းဘုတ်များ၌ မွန်ဘာသာထည့်သွင်းပေးရန်နှစ်ဖက် သဘောတူညီမှုရရှိခဲ့ကြောင်း မွန်အမျိုးသား ဆန္ဒဖော်ဆောင်ရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ဝင် ကိုမင်းမင်းနွယ်က ပြောသည်။

သူက “ ဟင်္သာအဝိုင်းရုပ်တုကို ဒီအပတ်​အတွင်​းစတင်​ထုဆစ်​မှာဖြစ်​ပြီး ၂ လအတွင်​းတပ်​ဆင်​သွားမယ်လို့ ဆုံးဖြတ်​ထားတယ်” ဟု ဆိုသည်။

အစိုးရစာသင်ကျောင်းများတွင် မွန်စာပေသင်ကြားနိုင်ရေးအတွက် မွန်အမျိုးသား ဆန္ဒဖော်ဆောင်ရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့နှင့် အစိုးရဘက်​မှပုဂ္ဂိုလ်​​များပူး​ပေါင်​း၍ သင်​ကြားမှုအ​ထောက်​အကူပြု​ကော်​မတီ တစ်ရပ်ဖွဲ့စည်​းပြီး ဆက်​လက်​​ဆောင်​ရွက်​သွားမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့နှင့် သဘောတူညီချက်ရရှိထားသည်ဟု သူက ဆက်ပြောသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်နိုင်ရန် မွန်အဖွဲ့အစည်းအသီးသီးမှကိုယ်စားလှယ် (၉)ဦး ပါဝင်သည့် မွန်အမျိုးသား ဆန္ဒဖော်ဆောင်ရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ကို ပြီးခဲ့သည့်ဇွန် ၂၄ ရက်နေ့တွင် မော်လမြိုင်မြို့၊ မွန်ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည့် မွန်လူထုတွေ့ဆုံဆွေးနွေးပွဲ၌ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

အလားတူ ရှမ်းပြည်နယ်အတွင်းရှိ သက်ဆိုင်ရာမြို့နယ်/မြို့များ၏ ဒေသခံအများစုဆန္ဒအလျောက် မြို့ဝင်ဆိုင်းဘုတ်တစ်ခု၏ အရွယ်အစားနှင့်ကိုက်ညီနိုင်မည့် မြန်မာစာနှင့် တိုင်းရင်းသားစာ အရေအတွက်ကိုဆုံးဖြတ်ကာ ထည့်သွင်းထွင်းထုနိုင်ကြောင်း ရှမ်းပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား စည်ပင်သာယာရေးဌာနဝန်ကြီးက ဇွန် ၃၀ ရက်စွဲဖြင့် လက်မှတ်ရေးထိုးအသိပေးခဲ့ကြောင်း မိတ္တူစာအရ သိရသည်။

About မွန်သတင်းအေဂျင်စီ

Check Also

ကမာကေး-တော်ပကောက် လမ်းပြုပြင်မည့်ဘတ်ဂျက်ငွေမလုံလောက်

မွန်ပြည်နယ်၊ ဘီလူးကျွန်းရှိ ကမာကေး-တော်ပကောက်လမ်းအမြန်ဆုံးပြုပြင်နိုင်ရန် ၂၀၁၇-၁၈ ခုနှစ် ကျေးလက်ဦးစီးဌာနများ၏ ဘတ်ဂျက်ငွေများ လျှော့ချလိုက်သည့်အတွက် ဘတ်ဂျက်ငွေ မလုံလောက်ဖြစ်နေကြောင်း ချောင်းဆုံမြို့နယ်၊ စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။ Related

Leave a Reply

%d bloggers like this: