spot_img
Wednesday, April 24, 2024
More
    spot_img
    Homeသတင်းရွှေ့ပြောင်းအိမ်ထောင်စုစာရင်းထုတ်ပေးသည့်ကိစ္စ စောင့်ကြည့်ရန်လိုသေးဟုဆို

    ရွှေ့ပြောင်းအိမ်ထောင်စုစာရင်းထုတ်ပေးသည့်ကိစ္စ စောင့်ကြည့်ရန်လိုသေးဟုဆို

    -

    ယာယီရွှေ့ပြောင်း အလုပ်သမားများကို အိမ်ထောင်စုစာရင်းထုတ်ပေးသည့်ကိစ္စအား ရပ်ဆိုင်းပေးရန် တိုက်တွန်းကြောင်းအဆိုကို မွန်ပြည်နယ်လွှတ်တော်က မှတ်တမ်းတင်အဖြစ်ထားရှိပြီးနောက် ယင်းကိစ္စအား စောင့်ကြည့်ရန် လိုအပ်သေးသည်ဟု အဆိုတင်သွင်းသူ ချောင်းဆုံမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။

    ဒေါက်တာအောင်နိုင်ဦး(မွန်လွှတ်တော်)
    ဒေါက်တာအောင်နိုင်ဦး(မွန်လွှတ်တော်)

    အဆိုပါတိုက်တွန်းကြောင်းအဆိုကို ဇွန်လ ၂၉ ရက်နေ့တွင် ကျင်းပသည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်၊ ဒုတိယပုံမှန်အစည်းအဝေး၌ လွှတ်တော်ကိုယ်စားလှယ်များမှ ပါဝင်ဆွေးနွေးပြီး မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။

    မွန်ပြည်နယ် လွှတ်တော်ဒုဥက္ကဌလည်းဖြစ်သူ ဒေါက်တာအောင်နိုင်ဦးက “အောက်ခြေမှာ ဘယ်လိုလုပ်ဆောင်နေတာရှိလဲဆိုတာကို ကြည့်ရဦးမယ်။ ဒေသခံပြည်သူတွေကြားမှာ အဲဒီလို ဆက်လုပ်နေတာမျိုးရှိရင် လွှတ်တော်မှာ ဆက်လက်တင်ပြသွားပါ့မယ်၊ ဝန်ကြီးကလည်း တာဝန်ယူ ဖြေရှင်းပေးရမယ် ” ဟု ပြောသည်။

    ယခုလက်ရှိတွင် မြို့နယ်တချို့၌ ရွှေ့ပြောင်းလုပ်သားများစာရင်း ကောက်ခံလျှက်ရှိကြောင်း၊ အိမ်ထောင်စုစာရင်း ထုတ်ပေးခြင်း ရှိ/မရှိနှင့်ပတ်သက်၍ အချက်အလက်များ စုဆောင်းလျှက်ရှိကြောင်းနှင့် အစိုးရဖက်အနေဖြင့် အမှန်တကယ် သာမန်ရွှေ့ပြောင်းနေထိုင်မည့် ရွှေ့ပြောင်းအလုပ်သမားများကိုသာ အိမ်ထောင်စုစာရင်း ထုတ်ပေးမည်ဟု ပြောဆိုထားမှုရှိကြောင်း ဒေါတ်တာအောင်နိုင်ဦးက ဆက်ပြောသည်။

    ပြီးခဲ့သည့် မေ ၃၁ ရက်က မွန်ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အစိုးရ၏ ရက် ၁၀ဝ စီမံချက်နှင့်ပတ်သက်ပြီး မီဒီယာများနှင့် ရှင်းလင်းခဲ့ရာ အိမ်ထောင်စုစာရင်း ထုတ်ပေးသည့်ကိစ္စကို သာမန်ရွှေ့ပြောင်းသူနှင့် ယာယီရွှေ့ပြောင်းသူဟူ၍ ပါရှိသည်။

    လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော် က “ရွှေ့ပြောင်းအလုပ်သမားရယ်၊ ယာယီရယ်၊ သာမန်ရယ် အဲဒီစကားလုံး သုံးလုံးက မကွဲတာ။ ရွှေ့ပြောင်းမှာတော့ ၂ ပိုင်းခွဲထားတယ်။ သာမန်နဲ့ ယာယီ အဲ့ဒီမှာက ကျနော်တို့ သာမန်ကိုပဲထုတ်ပေးပါတယ်။ ယာယီကိုတော့ မှတ်တမ်းအဖြစ်သာ ယူပြီးတော့ အိမ်ထောင်စုစာရင်းကို မလုပ်ပေးပါဘူး” ဟု ဆိုသည်။

    ယာယီနေထိုင်သူများအား အိမ်ထောင်စုစာရင်းထုတ်ပေးရန် အစီစဉ်မရှိသလို နောင်တွင်လည်း ထုတ်ပေးရန် အစီစဉ်မရှိဟု ယူဆရကြောင်း၊ ပြည်နယ်အစိုးရဖြစ်သည့်အတွက် တစ်နိုင်ငံလုံးကို လွှမ်းခြုံပြီးဖြေကြားရန်အတွက် အခက်ခဲရှိကြောင်း၊ မိမိအနေဖြင့် ရွှေ့ပြောင်းလုပ်သားများ ဝင်ရောက်လာပြီး လက်ရှိနေထိုင်နေသည့် ဒေသခံပြည်သူများက ခံစားခွင့်လျှော့နည်းသွားမည်ကို စိုးရိမ်နေသည်ဟု သုံးသပ်မိပါကြောင်း ဦးဝဏ္ဏကျော်က ဆက်ပြောသည်။

    ‘ရွှေ့ပြောင်းနေထိုင်သူများ၏ ယာယီအိမ်ထောင်စုစာရင်း ထုတ်ပေးသည့်ကိစ္စအား ရပ်ဆိုင်းပေးရန် အဆို’ ကို မွန်လွှတ်တော်တွင် မှတ်တမ်းအဖြစ်ထားရှိပြီး ယာယီရွှေ့ပြောင်းနေထိုင်သူများအား အိမ်ထောင်စုစာရင်းထုတ်ပေးမှုမရှိဟု ဝန်ကြီး၏ ပြောဆိုချက်နှင့် အဆိုပါ ယာယီနေထိုင်သူများအား အိမ်ထောင်စုစာရင်း ထုတ်ပေးရန်ရှိပါက ဝန်ကြီးအနေဖြင့် လွှတ်တော်တွင် တင်ပြပေးရမည်ဟု အတည်ပြုမှတ်တမ်းတင်ခဲ့ခြင်းဖြစ်သည်။

    ၎င်းအဆိုအား အမျိုးသားဒီမိုကရေစီပါတီ ကျိုက်ထိုမဲဆန္ဒနယ်အမှတ် ၁ မှ ဒေါ်ခိုင်ခိုင်လဲ့၊ ရေးမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ ဦးချစ်တင်၊ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကျိုက်မရောမဲဆန္ဒနယ် အမှတ် ၂ မှ မင်းအောင်မွန်၊ မွန်အမျိုးသားပါတီ ရေးမြို့နယ် အမှတ် ၁ မှ ဒေါတ်တာမင်းစိုးလင်း တို့က ရပ်ဆိုင်းပေးရန် ထောက်ခံဆွေးနွေးခဲ့သည်။

    ရွှေ့ပြောင်းအလုပ်သမား ယာယီအိမ်ထောင်စုစာရင်း ထုတ်ပေးသည့်ကိစ္စကို မွန်ပြည်နယ်ရှိ မွန်အမျိုးသား ပါတီနှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီအပါအဝင် မွန်လူမှုအဖွဲ့အစည်း ၁၆ ဖွဲ့က အစိုးရထံ ကန့်ကွက်စာများ ပေးပို့ထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,600SubscribersSubscribe
    spot_img

    Latest posts