spot_img
Saturday, April 20, 2024
More
    spot_img
    Homeသတင်းပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ မွန်ပြည်နယ်တွင် ဖွဲ့စည်းပြီ

    ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ မွန်ပြည်နယ်တွင် ဖွဲ့စည်းပြီ

    -

    မွန်ပြည်နယ်တွင် ငြိမ်းချမ်းရေးလက်မှတ်ထိုးထားသည့် လက်နက်ကိုင်အဖွဲ့များအား စောင့်ကြည့်ရန်အတွက် ဇွန်လ ၃၀ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်မြိုင်မြို့၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ အောင်ဆန်းခန်းမ၌ အပစ်ခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S ဖွဲ့စည်းခဲ့ပြီဖြစ်ကြောင်း သိရသည်။

    မွန်ပြည်နယ် JMC-S ဖွဲ့စည်းခြင်းအခမ်းအနား(MNA)
    မွန်ပြည်နယ် JMC-S ဖွဲ့စည်းခြင်းအခမ်းအနား(MNA)

    အဆိုပါ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ် ၅ ဦးစီဖြင့် ပါဝင်ပြီး နှစ်ဘက်မှ အဆိုပြုသော အများယုံကြည်လေစားသည့် အရပ်သား ကိုယ်စားလှယ် ၂ ဦးစီပါဝင်၍ စုစုပေါင်း ၁၄ ဦးဖြင့်ဖွဲ့စည်းထားပြီး ဥက္ကဌအဖြစ် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် မျိုးဝင်း၊ ဒုဥက္ကဌ (၁) အဖြစ် KNLA ဗိုလ်မှူးကြီး စောပလေ့ (KNU)၊ ဒုဥက္ကဌ (၂) အဖြစ် ပြည်နယ်ဝန်ကြီးဟောင်း ဒေါက်တာမင်းနွယ်စိုးတို့ ပါဝင်သည်ကို တွေ့ရသည်။

    မွန်ပြည်နယ် JMC-S ဒုဥက္ကဌ (၂) ဒေါက်တာ မင်းနွယ်စိုးက “အဓိက ကတော့ NCA မှာလက်မှတ်ထိုးထားတဲ့ အဖွဲ့တွေကို စောင့်ကြည့်ရမှာပါ။ NCA စာချုပ် မှာ ပါတဲ့အတိုင်းလုပ်ဆောင်ရမယ်။ အပစ်ခတ်ရပ်စဲထားတဲ့ လုပ်ငန်းတွေ ဘယ်လိုရှိလဲ၊ နှစ်ဖက်တပ် ဘယ်လိုလှုပ်ရှားမှုတွေရှိလဲ၊ စာချုပ်ပါအတိုင်းလိုက်နာမှုရှိ/မရှိ ဒါတွေကို စောင့်ကြည့်ရမယ်” ဟု ဆိုသည်။

    ပြဿနာတစုံတရာပေါ်ပေါက်လာပါက နှစ်ဖက်တပ်မှူးများကို ခေါ်ယူဆွေးနွေးရမည်ဖြစ်ကြောင်း၊ ယင်းသို့ ခေါ်ယူဆွေး နွေးရာတွင် အမိန့်ပေးခြင်း/ အဓမ္မခေါ်ယူခြင်း မရှိစေရန်နှင့် ညှိနှိုင်ဖြေရှင်းသည့် ပုံစံသာ ပြုလုပ်ရမည်ဖြစ်ကြောင်း ဒေါက်တာမင်းနွယ်စိုးက ဆက်ပြောသည်။

    “ကျွန်တော်တို့နိ်ုင်ငံမှာ တိုက်ပွဲတွေဟာ နေရာတိုင်မှာရှိနေပါတယ်။ ကျွန်တော်တို့ နိုင်ငံယဉ်ကျေးမှုသစ် တရပ်အနေနဲ့ နိုင်ငံရေးပြသနာတွေကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းမယ်။ လက်နက်ကိုင်နည်းနဲ့ မဖြေရှင်းချင်ဘူး” ဟု ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U ဒုဥက္ကဌ (၁) ဗိုလ်ချုပ် စောအိုင်းဇက်ဖိုး က ဆိုသည်။

    နိုင်ငံရေးဆွေးနွေးပွဲတွေမှာ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးပါဝင်လာနိုင်အာင်ဆွေးနွေးသွားမှာ ဖြစ်သလို နိုင်ငံရေးလိုအပ်ချက်ကို နိုင်ငံရေးစာပွဲဝိုင်းပေါ်တွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ JMC ၏ အဓိက တာဝန်ဖြစ်သည့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခြင်းများ၊ ပူတွဲစောင့်ကြည့်သည့်အခါ တိုက်ပွဲမဖြစ်ပွားအောင် ထိန်သိမ်းလုပ်ဆောင်သွားမည်ဖြစ်ပြီ ပစ်ခတ်ရပ်စဲရေးကို ခိုင်မာအောင် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒုဥက္ကဌ (၁) ဗိုလ်ချုပ် စောအိုင်းဇက်ဖိုး က ဆက်ပြောသည်။

    အစိုးရအဖွဲ့မှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်ကိုင်အဖွဲ့မှ ကိုယ်စားလှယ်များနှင့် အရပ်သားကိုယ်စား လှယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ သုံးပွင့်ဆိုင် ဖွဲ့စည့်ထား သည်ဟု ကော်မတီဝင်များမှ သိရသည်။

    ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ ဖွဲ့စည်းရာတွင် အစိုးရနှင့် တိုင်ရင်းသားလက်နက်ကိုင်များဘက်မှ ကိုယ်စားလှယ် ၁၀ ဦးစီဖြင့်လည်းကောင်း၊ နှစ်ဖက်မှ အဆိုပြုသော အများယုံကြည်လေးစားသည့် အရပ်သားကိုယ်စားလှယ် ၃ ဦးစီဖြင့် လည်းကောင်း စုစုပေါင်း ၂၆ ဦးဖြင့် ဖွဲ့စည်းထားသည်။

    ပြည်ထောင်စု ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U ဒုတိယဥက္ကဌ (၂) ဦးကိုကိုကြီးက “လက်မှတ်ရေးထိုးပြီးနောက်ပိုင်းမှာ ပစ်ခတ်တိုက်ခိုက်မှု သဘောတူညီချက် ခိုင်မာအောင် ပြုလုပ်ဖို့အတွက် စောင့်ကြည့်တဲ့လုပ်ငန်းစဉ် ကျွန်တော်တို့လိုအပ်လာတယ်။ အဲဒီတော့ ပြည်ထောင်စုအဆင့်မှာ ဖွဲ့သလို တိုင်းဒေသကြီး/ပြည်နယ်အဆင့် နောက်တခါ ဒေသဆိုင်ရာအဆင့်ထိ သုံးဆင့် ဖွဲ့ပါတယ်” ဟု ဆိုသည်။

    တိုင်းဒေသကြီး/ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီကို ဇန်နဝါရီ ၉ ရက်က ရှမ်းပြည်နယ်၌ ဖွင့်လှစ်ခဲ့ပြီ ဖေဖော်ဝါရီ ၂၅ ရက်တွင် တနင်္သာရီတိုင်းနှင့် ဇွန် ၂၉ ရက်နေ့တွင် ကရင်ပြည်နယ်တို့တွင် ဖွဲ့စည်းခဲ့ပြီးကြောင်း သိရသည်။

    မွန်ပြည်နယ် JMC-S အဖွဲ့ဝင်များအဖြစ် ဗိုလ်မှူးကြီးဝင်းနိုင်ဦး(အစိုးရကိုယ်စားလှယ်)၊ ဦးဇော်လင်းထွန်း(အစိုးရကိုယ်စားလှယ်)၊ ရဲမှူးကြီးဘိုဘိုဦး(အစိုးရကိုယ်စားလှယ်)၊ ဗဒိုစောစိုးမြင့် (KNU တပ်မဟာ ၁)၊ ဗိုလ်မှူးကြီး စောဂျိုးစွာ(KNU တပ်မဟာ ၆)၊ ဗိုလ်မှူး စောဆဲနေထူး(KNU တပ်မဟာ ၆)၊ စောဟိုရှေး(အရပ်သားကိုယ်စားလှယ်)၊ နော်ဆာထူး(အရပ်သားကိုယ်စားလှယ်)၊ ၊ ဒေါက်တာမိယဉ်ချမ်း(အရပ်သားကိုယ်စားလှယ်)၊ အတွင်းရေးမှူး(၁) အဖြစ် ဗိုလ်ကြီးစောကျော်မြင့် (KNU တပ်မဟာ ၁)၊ အတွင်းရေးမှူး(၂) အဖြစ် ဒုတိယဗိုလ်မှူးကြီးရဲထွဋ် (အစိုးရကိုယ်စားလှယ်) တို့ပါဝင်သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts